နတ်ဆိုးဓားသမား လီဝူကျယ်
Vol. 6 Ch. 73
ရွှယ်မိသားစုခေါင်းဆောင်မှာ သားဖြစ်သူ၏ သွေးစက်လက်နှင့်လက်ပြတ်ကို ဝမ်းနည်းစွာကြည့်ရင်း နှစ်သိမ့်လိုက်သည်။ "မင်း အသက်ရှင်နေတာပဲ တော်ပါသေးတယ်။ မင်းလက်ကို ရှာတွေ့တာနဲ့ ပြန်ဆက်လို့ရတယ်လေ!"
"မင်းတို့ သခင်လေးရဲ့ လက်တစ်ဖက် ဘယ်မှာလဲ? ဖြေကြစမ်း!" ရွှယ် မိသားစုခေါင်းဆောင်က အနောက်လှည့်ပြီး ငယ်သားများအားမေးလိုက်သည်။
"မိသားစုခေါင်းဆောင်ကို တင်ပြပါတယ်၊ သခင်လေးရဲ့ လက် ရေကန်ထဲ ကျသွားပုံရပါတယ်! ငယ်သားတစ်ဦးက အသံတုန်တုန်ဖြင့် ဖြေလာသည်။
"ဘာရပ်လုပ်နေကြတာလဲ? အခုချက်ချင်း သွားရှာကြစမ်း!!"
"ဟုတ်ကဲ့!"
ရွှယ် မိသားစုခေါင်းဆောင်က မည်းမှောင်နေသောမျက်နှာဖြင့် အော်ဟစ်အမိန့်ပေးလိုက်ပြီးနောက် သွေးအိုင်ကြားတွင် အသက်ရှင်ဖို့ ကြိုးစားရုန်းကန်နေရသော ဝါးဦးထုပ်နှင့်လုပ်ကြံသူထံသို့ အကြည့်ရောက်သွားသည်။
နာကျည်းမှုများဖြင့် ပြည့်နှက်နေသော တစ်ဖက်လူ၏အကြည့်ကြောင့် သူတောင်ရင်နည်းနည်းတုန်သွားရသည်ပင်။
ဝှစ်!
ရွှယ် မိသားစု၏ ဘိုးဘေးက လက်နှစ်ဖက်ကို အနောက်ပစ်လျက် သူ့ဘေးကို ရောက်လာကာ အေးစက်စက်ပြောလိုက်သည်။ "ငါသာ မပါဝင်ခဲ့ရင် မင်းရဲ့ အသုံးမကျတဲ့သား သေသွားတာကြာရောပေ့ါ"
"ဘိုးဘေးကို နှုတ်ခွန်းဆက်သပါတယ်"
ရွှယ် မိသားစုခေါင်းဆောင်က ရိုသေစွာ လက်သီးဆုပ်ဦးညွှတ်လိုက်သည်။
"ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်၊ ဒီကျေးဇူးကို ထျန်းယိ ဘယ်တော့မှ မမေ့ပါဘူး!" ရွှယ်ထျန်းယိက စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်လိုက်သည်။
"ရပါတယ်ကွာ၊ ငါတို့အားလုံးက မိသားစုတွေပဲ"
ရွှယ်ဘိုဘေးက လက်ကို ဝှေ့ယမ်းလျက် ပြန်ဖြေလိုက်ပြီးနောက် အေးစက်စက်အကြည့်တစ်စုံဟာ ဝါးဦးထုပ်နှင့်လူကိုသာ တည့်တည့်မတ်မတ် စိုက်ကြည့်လို့နေပြီး ပြန်လှန်မေးခွန်းမထုတ်ရဲလောက်နိုင်သော အထက်စီးသံဖြင့် မေးလိုက်သည်။
"ပြောစမ်း၊ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ? ငါ့ပွဲတော်တောင် ပြဿနာလာရှာရဲမှတော့ ငါ့ကိုလုံးဝ မျက်လုံးထဲမထည့်ဘူးပေါ့လေ!"
မသေမျိုးအရိပ် အဆင့်သို့ တိုးတက်သွားကြောင်း တစ်လောကလုံးအား ကြေညာအသိပေးခဲ့သော်လည်း သူ၏ဆက်ခံသူမြေးတော်ကို အိမ်တိုင်ရာရောက် လုပ်ကြံရဲသူက ရှိနေသေးတယ်တဲ့လား?
ဒါသူ့ကို တမင်သက်သက် စိန်ခေါ်တာပဲ!
နောက်ကွယ်မှာ ဘယ်လိုအင်အားစုပဲ ရှိနေပါစေ၊ သူကတော့ မိုးကြိုးပစ်ချသလို မဆိုင်းမတွ လက်တုံ့ပြန်ရမည်သာပင်။
"ဘယ်သူက ငါ့ကို လွှတ်လိုက်တာလဲ? ဟားဟားဟား…" ဝါးဦးထုပ်ဖြင့်လူက လှောင်ပြောင်သံအပြည့်ဖြင့် အရူးတစ်ယောက်လို အော်ဟစ်ရယ်မောလေတော့၏။
ထိုရယ်သံထဲတွင် ပါဝင်နေသော ဝမ်းနည်းမှုအရိပ်အယောင်လေးကိုတော့ သူမဖုံးကွယ်နိုင်ခဲ့ပါပေ။
"ဒီခွေးကောင်လုပ်ခဲ့တဲ့ ဆိုးယုတ်မှုတွေအားလုံးကို ကောင်းကင်ဘုံက လုံးဝခွင့်လွှတ်ပေးနိုင်စရာအကြောင်းမရှိဘူး၊ ဒါပေမဲ့ မင်းဝင်ပါခဲ့တာ ဝမ်းနည်းစရာပဲ၊ မဟုတ်ရင် ငါသူ့ကို သေချာပေါက် သတ်နိုင်ခဲ့မှာ!" ဝါးဦးထုပ်ဖြင့်လူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ခံစားချက်များလွှမ်းမိုးနေသော စကားသံကိုကြည့်ခြင်းအားဖြင့် သိသိသာသာကို ကိုယ်ရေးကိုယ်တာအငြှိုးအတေးပါပေ။
ရွှယ်ဘိုးဘေး မျက်မှောင်ကြုတ်သွားပြီး "ထျန်းယိ၊ မင်း သူ့ကို သိလား?" ဟု မေးလိုက်သည်။
ရွှယ်ထျန်းယိက ဒေါသတကြီးဖြင့် ပြန်ဖြေလေသည်။ "ဘိုးဘေး၊ သူက ရူးနေတာပါဆို၊ ကျွန်တော် သူ့ကို လုံးဝ မသိဘူး! သူ့ဦးနှောက်ကိုက မူမမှန်တာ၊ သိတောင်မသိတဲ့လူကို လာပြီးခုတ်သတ်ချင်နေတာ!"
ရွှယ်ထျန်းယိ၏ အမြင်မှာတော့ သူနှင့်လုံးဝမသက်ဆိုင်ဘဲ ပြဿနာရှာခံရပါသည်ပေါ့!
"ဟမ့် ကြားလား၊ ငါ့သားကမင်းကို သိတောင်မသိဘူးတဲ့၊ မင်းတကယ်ပဲ ဘယ်သူလဲ?" ရွှယ်မိသားစုခေါင်းဆောင်က ဒေါသတကြီး ထပ်မေးလိုက်သည်။
ဝါးဦးထုပ်ဖြင့်လူက သွေးရောင်တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး ကြမ်းတမ်းသောအသံဖြင့်ဆိုသည်။ "သေချာနားထောင်ကြ! မင်းတို့အဘိုးက လုပ်ပြီဆိုရင် ဘာနာမည်တုမှခံမနေဘူး၊ တစ်သက်လုံးခံယူလာတဲ့ မျိုးရိုးက လီ! ငါလီဝူကျယ်ကွ!"
"ဘာ? မင်းက လီဝူကျယ်လား?!"
ပတ်ဝန်းကျင်က လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ကျလာသည်။
ဧည့်သည်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။"သူ သူက နတ်ဆိုးဓားသမား လီဝူကျယ်တဲ့လား!"
နတ်ဆိုးဓားသမား လီဝူကျယ်ဟာ အရှေ့ပိုင်းစီရင်စု၏ နယ်မြေတစ်လွှားတွင် နာမည်ကျော်ကြားဆဲပင်။ ထိုသူ့၏ ဓားနည်းက မြန်ဆန်ပြီး တိကျသလို စည်းမျဥ်းစည်းကမ်းဆိုတာလည်း သတ်သတ်မှတ်မှတ်မရှိသော ဓားသမားမျိုးဖြစ်ပေသည်။ တစ်ယောက်ယောက်ကို မကျေနပ်တာနဲ့ ချက်ချင်း ဓားကို ဆွဲထုတ်ပြီး နောက်ခံအဆင့်အတန်းဆိုတာမျိုးကို တစ်စက်မှဂရုမစိုက်ဘဲ နေရာတင်သတ်ပစ်တတ်တဲ့ နတ်ဆိုးဓားသမား လီဝူကျယ်ပေါ့!
ဓားစွမ်းရည်ကို အင်မတန်မှ ရူးသွပ်မြတ်နိုးကာ ယွင်ကျိုးနယ်တစ်လွှား လှည့်လည်ခရီးဆက်ရင်း ဓားကျွမ်းကျင်သူမှန်သမျှကို စိန်ခေါ်ယှဥ်ပြိုင်ကာ လက်ရည်တက်အောင် တစ်ချိန်လုံးလေ့ကျင့်နေခဲ့သည်။ ပစ်မှတ်ထားခံရသူ ဓားသမားများမှာလည်း ကံဆိုးမိုးမှောင်ကျကာ အရှက်တကွဲအကျိုးနည်းဖြင့် ဘဝကိုအဆုံးသတ်ခဲ့ရသည်ချည်းသာ။
လီဝူကျယ်ထံမှ ပစ်မှတ်ထားခံရမည်ကို ယွင်ကျိုးနယ်ရှိ ကျင့်ကြံသူအားလုံး ကြောက်လန့်စိုးထိတ်နေကြရသောကြောင့် နတ်ဆိုးဓားသမားဟူသောနာမည်ကို ရလာခဲ့ခြင်းပင်။
ထင်မှတ်မထားစွာဘဲ ထိုဓားသခင်ဟာ ရွှယ်မိသားစု၏သခင်လေးကို လုပ်ကြံသတ်ဖြတ်ဖို့ ဝင်ရောက်လာခဲ့လေသည်။
ဒီသတင်းသာပျံ့သွားလို့ကတော့ လူတိုင်းရဲ့ပါးစပ်ဖျားကို လွှမ်းမိုးနေတော့မှာ အသေအချာပါပဲ။
"ချီးတဲ့မှ ငါတို့ ရွှယ် မိသားစုရဲ့ ဖိတ်ကြားလွှာက ဒီလို နတ်ဆိုးကျင့်ကြံသူရဲ့ လက်ထဲ ဘယ်လို ရောက်သွားတာလဲဟေ့?"
ရွှယ် မိသားစုခေါင်းဆောင်က မျက်နှာဆိုးဖြင့် ငယ်သားအုပ်စုထံလှည့်ကာ အော်ဟစ်ကြိမ်းမောင်းပြန်လေသည်။
"သူတို့ကို အော်မနေနဲ့၊ ငါ လုလာခဲ့တာ" လီဝူကျယ်က ခပ်ထေ့ထေ့ပြုံးလျက်ဖြေသည်။
ရွှယ် မိသားစုခေါင်းဆောင် ဆွံ့အသွားလျက်။
နတ်ဆိုးဓားသမား လီဝူကျယ်?"
ရွှယ်ထျန်းယိက ဒေါသတကြီးဖြင့် ထပြောလာသည်။ "မင်းအကြောင်း ငါ ကြားဖူးတယ်၊ ဒါပေမဲ့ မင်းကို တစ်ခါမှ မတွေ့ဖူးဘူး! ငါနဲ့မင်းနဲ့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး၊ ဘာအကြောင်းကြောင့် မင်း အသက်ကို စတေးပြီး ငါ့ကို လုပ်ကြံရတာလဲ!"
"ရန်ငြိုး မရှိဘူး?"
လီဝူကျယ်ဟာ ထိန်းချုပ်မှုလွတ်သွားသလို ဒေါသတကြီးထအော်လာသည်။ "ငါ့ညီမလေးက မင်းလက်ချက်နဲ့ သေသွားတာကွ!!"