သွေးအရိပ်
Vol. 6 Ch. 74
"မင်း ညီမ?"
ရွှယ်ထျန်းယိ အံ့အားသင့်သွားရသည်။
"ငါ့ညီမနာမည်က လီရှောင်ဖေး၊ ငယ်ငယ်ကတည်းက ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကိုးတကြီးနဲ့ နေထိုင်ခဲ့ကြရတယ်၊ နောက်ပိုင်းမှာလည်း မောင်နှမနှစ်ယောက်အတူ ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းခဲ့ကြတယ်၊ အရှေ့ပိုင်းစီရင်စုတလွှားကို အတူတူလှည့်လည်စူးစမ်းခဲ့ကြတာပေါ့၊ အဲ့ဒီနှစ်မှာ ငါ့ညီမက ရွှေအမြုတေအဆင့်ကို တိုးတက်သွားပြီး လင်ကျိုးပြည်နယ်ကို ခရီးသွားဖို့ စီစဉ်ခဲ့တယ်လေ၊ အရှေ့ပိုင်းစီရင်စုရဲ့ အလှဆုံး ပန်းပင်လယ်ကို မြင်ချင်လို့ပါတဲ့၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ငါက အခွင့်အလမ်းကောင်းတစ်ခုရထားပြီး ဓားလေ့ကျင့်ရေးတွေကြားမှာပဲ နစ်မြောနေခဲ့တာကြောင့် သူနဲ့အတူမလိုက်နိုင်ခဲ့ဘူး၊ ဒီလိုနဲ့ လအနည်းငယ်ကြာတော့ သူငါ့ဆီထားခဲ့တဲ့ ဝိညာဥ်ကျောက်စိမ်းပြားလေး ကွဲအက်သွားခဲ့တာကြောင့် လင်ကျိုးပြည်နယ်မှာ သူ တစ်ခုခု ဖြစ်သွားခဲ့ပြီမှန်း ငါ သိလိုက်ရတယ်။"
သွေးရောင်လွှမ်းနေသော မျက်လုံးနီနီများဖြင့် နောင်တတရားကို ရင်ဝယ်အပြည့်ပိုက်ထားလျက် လီဝူကျယ် ဆက်ပြောသည်။
"ငါ ချက်ချင်းပဲ လင်ကျိုးပြည်နယ်ကို လိုက်သွားခဲ့တယ်၊ ရရာနည်းလမ်းအမျိုးမျိုးနဲ့ စုံစမ်းခဲ့တယ်၊ ငါ့မိသားစုရဲ့ ပစ္စည်းဥစ္စာတွေတောင် ကုန်လုနီးပါး ဖြစ်သွားမှ ငါ့ညီမက အန်းယန်မြို့က ဇွီရှန်းလို့မှာ မင်းနဲ့ စကားများခဲ့ပြီး ရွှယ် မိသားစုရဲ့ အစောင့်အရှောက်တွေဆီကနေ ဖမ်းဆီးခံလိုက်ရတယ်၊ နောက်တော့ လုံးဝ ပြန်ပေါ်မလာခဲ့တော့ဘူးဆိုတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို ငါရခဲ့တယ်"
"အန်းယန်မြို့မှာ မင်း၊ ရွှယ် မိသားစုရဲ့ သခင်လေး ရွှယ်ထျန်းယိဟာ မိန်းမတွေကို အလွန်တပ်မက်တယ်ဆိုတာ လူတိုင်းသိတယ်! မင်းက ယင်ဓာတ်ကို ပျိုးထောင်ပြီး ယန်ဓာတ်ကို ဖြည့်တင်းတဲ့ မကောင်းတဲ့ အတတ်ပညာကို လျှို့ဝှက်ကျင့်ကြံနေတယ်လို့တောင် ကောလာဟလတွေ ထွက်နေပြီး အပြစ်မဲ့တဲ့ အမျိုးသမီး ကျင့်ကြံသူအများအပြား မင်းရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတယ်၊ ငါ့ညီမက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်၊ အဲ့ဒီအချိန်တုန်းက မင်းလက်ထဲ ရောက်သွားမှာ သေချာတယ်!"
"ငါ့ညီမ မသေဆုံးခင်မှာ ဘယ်လို ရက်စက်တဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရလဲဆိုတာ ငါတွေးတောင်မတွေးဝံ့ဘူး! အဲ့ဒါအားလုံး မင်းကြောင့်! ရွှယ်ထျန်းယိ! အဲ့ဒီအချိန်ကစပြီး ငါအရိုးကျေကျေ အရေခမ်းခမ်း သူ့အတွက် မဖြစ်မနေလက်စားချေပေးဖို့ ကျိန်ဆိုခဲ့တယ်!"
"နောက်ပိုင်းမှာ ငါ ပိုကြိုးစားပြီး ကျင့်ကြံခဲ့တယ်၊ တိုက်ရည်ခိုက်ရည်တိုးတက်အောင် ခံနိုင်ရည်တက်အောင် နေရာတိုင်းမှာ လူတွေကိုရှာပြီး တိုက်ခိုက်ခဲ့တယ်၊ နောက်ဆုံးတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်မှာ ငါခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့တယ်လေ၊ ပြီးတော့ ငါ လက်စားချေဖို့ အခွင့်အရေးရအောင် စစ်စစ်ပေါက်ပေါက် လိုက်ရှာခဲ့တယ်၊ ဒါပေမဲ့ မင်း ခရီးသွားတိုင်း အင်အားကြီးတဲ့ အစောင့်အရှောက်အုပ်စုတစ်စု နောက်ကအမြဲလိုက်ပါလာတာကိုး၊ ငါ အလောတကြီး လုပ်ဆောင်ရင် သေချာပေါက် ကျရှုံးမှာမို့ ဒီအချိန်ထိ ပုန်းလျှိုးကွယ်လျှိုးနဲ့ အခွင့်အရေးတွေကို အမြဲ ရှာဖွေနေခဲ့ရတာ၊ ဒီတစ်ခါ ရွှယ်မိသားစုရဲ့ ဂုဏ်ပြုပွဲကြီးက မင်းကို လုပ်ကြံဖို့ ငါ့အတွက် အကောင်းဆုံး အခွင့်အရေးပဲ!"
"ဆိုရိုးစကားရှိတယ်လေ၊ အန္တရာယ်အရှိဆုံးနေရာဟာ အလုံခြုံဆုံးနေရာပဲတဲ့၊ မင်းတို့ ရွှယ် မိသားစုရဲ့ နယ်မြေမှာ မင်းစိတ်ပြေလက်ပျောက်နဲ့ သတိကြီးကြီးမထားလောက်တဲ့နေရာမှာ ငါမင်းကိုသတ်ပစ်လို့ရနိုင်မယ်ထင်ခဲ့တာ၊ ဒါပေမဲ့ မျှော်လင့်မထားဘဲနဲ့…"
ထိုအကြောင်းသို့ရောက်သော် လီဝူကျယ်၏အခဲမကျေစိတ်များ ပေါက်ကွဲထွက်လာပြီး ထအော်လိုက်သည်။ "မင်းလို လူယုတ်မာများတော့ တကယ်ကို သက်ဆိုးရှည်နေလိုက်တာ! မင်းကို သတ်ဖို့ကလည်း တကယ်ကို ခက်ခဲနေလိုက်တာ! ငါ နည်းနည်းလေးပဲ လွဲသွားတာကွ! နည်းနည်းလေးပဲ!!"
အကြောင်းစုံကို ကြားလိုက်ရတော့ ဧည့်သည်အများအပြား၏ မျက်နှာများထက်မှာ ရုတ်တရက် သဘောပေါက်နားလည်သွားဟန် အမူအရာတွေ ပေါ်လွင်လာပြီး လီဝူကျယ်ကို လေးစားစွာ ကြောက်ရွံ့စွာဖြင့် ငေးကြည့်မိနေကြတော့၏။
ရွှယ် မိသားစု၏ ထိုသခင်လေးဟာ အပြင်လောကမှာ နာမည်ဆိုးဖြင့်ကျော်ကြားပြီး လင်ကျိုးပြည်နယ်၏ နံပါတ်တစ် လူပေါ်ကြော့အဖြစ် လူသိများလေသည်။ ယင်ကို စုဆောင်းပြီး ယန်ကို ဖြည့်တင်းခြင်း ဟူသော ကျင့်ကြံသူမိန်းကလေးများအား မတရားသဖြင့်ပြုကျင့်ကာ ကျင့်ကြံဆင့်တက်အောင် စွမ်းအင်စုဆောင်းသော တရားမဝင် အောက်လမ်းကျင့်ကြံနည်းများကို အသုံးပြုနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်မှာ အတော်လေးကြာမြင့်လှပြီဖြစ်သော်လည်း တောင့်တင်းခိုင်မာသော နောက်ခံအင်အားကြောင့် လင်ကျိုးပြည်နယ်တွင် ထင်ပေါ်စွာပင် သွားသွားလာလာလုပ်နေနိုင်ပြီး မည်သူမှ သူ့အားစိန်မခေါ်ရဲကြပေ။
လီဝူကျယ်ဟာလည်း ကြောက်ရွံ့ဖွယ်ကောင်းတဲ့ နတ်ဆိုးဓားသမားဖြစ်ပေမဲ့ သူ့ရဲ့ ဂုဏ်သတင်းက ရွှယ်ထျန်းယိထက်တော့ အများကြီး ပိုသာသေးတယ်လေ!
ဒီနာမည်ကြီး နတ်ဆိုးဓားသမားကြီးက ရွှယ်မိသားစုရဲ့အိမ်တော်မှာ ဒီလိုသေဆုံးရတော့မှာက အတော်လေးတော့ နှမြောစရာပါပဲ။
"ဇွီရှန်းလို့...လီရှောင်ဖေး…"
ရွှယ်ထျန်းယိ ငြိမ်သက်သွားပြီး မျက်မှောင်ကြုတ်ကာ အတိတ်ကို ပြန်လည်အောက်မေ့နေရင်း လီဝူကျယ်၏ ဒဏ်ရာအပြည့်ဖြင့်သွင်ပြင်ကိုကြည့်ကာ ရုတ်တရတ် ပျော်ရွှင်စွာပြုံးရယ်လာသည်။ "ဪ အဲ့တစ်ယောက်ကိုး၊ ငါ မှတ်မိပြီ၊ အဲ့ဒီ ပူစပ်စပ်ငရုတ်သီးလေးက မင်းညီမဖြစ်မယ်!"
မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများကို ဒုက္ခပေးအနိုင်ကျင့်ခြင်းမှာ သူ၏ နိစ္စဒူဝ နေ့စဥ်လုပ်ငန်းသာဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အတိအကျမမှတ်မိနိုင်တော့ပေ။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးတာတောင် မမေ့နိုင်လောက်သည့် စွဲမက်စရာ အဖိုးတန်အမျိုးသမီးကျင့်ကြံသူအချို့ကတော့ အမြဲ ရှိတတ်ခဲ့သည်သာ။
ဥပမာအားဖြင့် လီဝူကျယ်ရဲ့ ညီမက အဲ့ဒီလို မမေ့ချင်စရာ အဖိုးတန်လေးတွေထဲက တစ်ယောက်ပါပဲ!
"ကိုယ်လုံးလေးက တကယ်ကို ဆွဲဆောင်မှုရှိတာ ငါ မှတ်မိသေးတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကောင်မလေးရဲ့စိတ်ထားကတော့ မီးရှူးမီးပန်းလိုပဲ၊ နည်းနည်းလေး ထိလိုက်တာနဲ့ ပေါက်ကွဲတော့တာပဲလေ၊ ဒါပေမဲ့ ဒီလိုမာဆတ်ဆတ်ကောင်မလေးမျိုးကို ပိုပြီး ယဉ်ပါးအောင် လေ့ကျင့်ပေးလေလေ ပိုပြီးအရသာရှိလေလေပဲကွ!"
"အဲ့ဒီအချိန်တုန်းက ငါ ဇွီရှန်းလို့မှာ သူ့ကိုတွေ့ခဲ့တာပေါ့၊ အစကတော့ စကားစမြည်လေးပြောဖို့သွားတာပါပဲ၊ ဒါပေမယ့် မိန်းကလေးက ဒီသခင်လေးရဲ့တန်ဖိုးကိုမသိတော့ ငါ့ငယ်သားတွေသုံးပြီး သူ့ကိုပြန်ပေးဆွဲခိုင်း၊ အိပ်ရာပေါ်ကြိုးချည်တင်ထားခိုင်းလိုက်တော့တာပေါ့၊ အစကတော့ ကောင်မလေးက ဒေါသတွေထွက်ပြီး ဆူပူအော်ဟစ်နေသေးတာ၊ ဒါပေမယ့်နောက်ပိုင်းလည်းရောက်ရော ငိုယိုတောင်းပန်ရတော့တာပါပဲကွာ…"
ရွှယ်ထျန်းယိက အတိတ်ကို ပြန်ပြောင်းသတိရနေဟန်ဖြင့် နှုတ်ခမ်းကို လျှာနှင့်တစ်ချက်သပ်လိုက်သည်။
"ထပ် မပြောနဲ့တော့! ထပ် မပြောနဲ့တော့!" လီဝူကျယ်က နာကျင်ခံစားနေရသောမျက်နှာဖြင့် မျက်ရည်များကျလျက် အသည်းအသန်အော်ဟစ်လေ၏။
တစ်ဖက်လူက ဒီလိုဖြစ်လေလေ ရွှယ်ထျန်းယိ ပိုပြီး စိတ်လှုပ်ရှားလေလေပင်။ "ငါ သူ့ကို သုံးရက် သုံးညတိတိ ညှဉ်းပန်းခဲ့တယ်၊ ပြီးလည်းပြီးရော သူ့ကျင့်ကြံဆင့်တွေ အားလုံး ဆုံးရှုံးသွားပြီး သတိလစ်နေပြီ၊ ငါလည်း ငြီးငွေ့လာတာနဲ့ ရိုးရိုးရှင်းရှင်းပဲ လည်ပင်းကိုညှစ်သတ်ပြီး သနားစရာကောင်းတဲ့ဘဝလေးကို အဆုံးသတ်ပေးခဲ့လိုက်တာပေါ့ကွာ"
"လီဝူကျယ်၊ ငါ မင်းညီမကို ဒီလောက်တောင်ကောင်းကောင်း ဆက်ဆံပေးခဲ့တာပဲလေ၊ မင်း ငါ့ကို သတ်ချင်နေသေးတာလား? ကျေးဇူးတောင်တင်သင့်တယ် မဟုတ်ဘူးလား? ဟားဟားဟား…"
ဘုန်း!
သုံးလောကကြောက်ရွံ့လေးစားရပါသော နတ်ဆိုးဓားသမားကြီးမှာ မြေပြင်ထက်ပြိုလဲကျသွားခဲ့ပြီး မျက်ရည်သွင်သွင်ဖြင့် ငိုယိုဟစ်ကြွေးလိုက်လေသည်။ "မင်းလို လူယုတ်မာကောင်! ကျိန်စာသင့်နေတဲ့ ခွေးကောင်! မင်းလိုလူတွေက ဘာလို့ မသေနိုင်ရတာလဲ! ဘာလို့ မင်း အခုထိ အသက်ရှင်နေရသေးတာလဲ?! ငါ မင်းကို သတ်မယ်၊ သတ်မယ်၊ အား အား အား အား!"