← Chapters

ခင်ဗျား ပြဿနာရှာနေပြန်ပြီ!

Vol. 6 Ch. 75

ခင်ဗျား ပြဿနာရှာနေပြန်ပြီ!

Vol. 6 Ch. 75

အမှားအမှန်ခွဲခြားသိမြင်နိုင်သော ဧည့်သည်အများအပြား ထိုမြင်ကွင်းကိုမြင်လိုက်ရသော် သနားစာနာစိတ်များတဖွားဖွားပေါ်ပေါက်လာပြီး ရွှယ်ထျန်းယိ၏ အရှက်မရှိသော လုပ်ရပ်များကို ရွံရှာစက်ဆုပ်မိသွားကြ၏။

သို့ပေမဲ့ ရွှယ်မိသားစု၏အင်အားကို ယှဥ်မရနိုင်မှန်း သိကြသောကြောင့် ပညာရှိနည်းဖြင့်သာ လျစ်လျူရှုပေးလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဟုန်ချန်ယဲ့၏ မျက်နှာထားမှာ တစ်စထက်တစ်စ အေးစက်လို့လာကာ လူသတ်လိုစိတ်များ နှလုံးအိမ်နှင့်အပြည့် ပေါက်ဖွားလာတော့သည်။

သူသည် ဓားသမားလီဝူကျယ်နှင့် မည်သည့် ပက်သက်ရင်းနှီးမှုမှ မရှိသလို သူ့ညီမ သေဆုံးခြင်းအတွက်လည်း ဘာမှ မခံစားရပါ။ အကြောင်းမှာ ကျင့်ကြံခြင်းလောကဟူသည် နဂိုကတည်းက ထိုသို့ရက်စက်ကြမ်းတမ်းလှပြီး အားကြီးသူများက အားနည်းသူများကို နင်းချေဖျက်ဆီးတတ်လေ့ရှိကြကာ လူ့အခွင့်အရေးဆိုသည်ကို နကန်းတစ်လုံးပင်နားမလည်ကြသော ‌လောကမျိုးသာဖြစ်၏။

ထို့အပြင် အလယ်ပိုင်းစီရင်စုတွင် သူရုန်းကန်တိုက်ခိုက်ခဲ့ရစဉ်က မရေမတွက်နိုင်သော မကောင်းမှုများ ဖောက်လွဲဖောက်ပြန် အပြုအမူများကို မြင်ဖူးခဲ့ပြီးသားဖြစ်သောကြောင့် သူသည် ဤသို့ဇာတ်လမ်းများဖြင့် အသားကျလို့နေလေပြီ။

ဟုန်ချန်ယဲ့တစ်ယောက် လူသတ်လိုစိတ်ပေါက်လာသော အကြောင်းရင်းမှာ ရွှယ်ထျန်းယိကဲ့သို့ လူများကို အလိုလို ရွံရှာစိတ်ဝင်မိသောကြောင့်ပင်။

သို့သော် ရွှယ် မိသားစု၏ ဘိုးဘေးကို လှမ်းကြည့်လိုက်ရင်းရင်း ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်ကာ ထိုလူသတ်ချင်စိတ်ကို ထိန်းချုပ်ဖိနှိပ်ထားလိုက်သည်။

မသေမျိုးအရိပ် ကျင့်ကြံသူဆိုတာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်နဲ့ လုံးလုံးလျားလျားကြီးကို ကွာခြားနေသေးတာဖြစ်ပြီး သူဆိုတာကလည်း အထွဋ်အထိပ်သို့တက်ရောက်ခြင်းကိုပင် လွတ်လွတ်ကျွတ်ကျွတ် ချိုးဖျက်နိုင်သေးတာမဟုတ်။ လမ်းခုလတ်သာ ရှိနေသေးသည်လေ။

"ဟမ့် နတ်ဆိုးဓားသမား လီဝူကျယ်၊ မင်းကများ ငါတို့ရွှယ်မိသားစုထဲလာပြီး ဘာတွေလာဟောင်နေတာလဲ?!"

ရွှယ် မိသားစုခေါင်းဆောင်က သားဖြစ်သူဘက်မှကာကွယ်ပေးဖို့ ထရပ်လိုက်ပြီး လွန်စွာသမာသမတ်ကျလှဟန်လေသံဖြင့်ပြောလာသည်။ "ငါ့အမြင်မှာတော့ မင်းကနတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ၊ မင်းညီမ ငါ့သားထျန်းအာဆီမှာဒီလိုအသုံးချခံလိုက်ရတာကို ဒီဘဝအတွက် အပြစ်ကြွေးဆပ်ရတယ်လို့ပဲ သတ်မှတ်နိုင်တယ်"

"နောက်ပြီး မင်းညီမရဲ့ အသက်က ဘာများအဖိုးတန်နေလို့လဲ မိန်းမတစ်‌ယောက်အတွက်နဲ့ ငါတို့အိမ်ကချီလင်ကိုများ သတ်ဖို့ကြိုးစားရဲသေးတယ် အဲ့တစ်ချက်နဲ့တင် မင်းလီဝူကျယ် သေသင့်နေပြီ!"

(ချီလင်ဆိုတာ တရုတ်ဒဏ္ဍာရီလာ ခြေလေးချောင်းနဲ့ ချိုပါတဲ့သတ္တဝါမျိုးပါ၊ ယူနီကွန်းနဲ့ပုံစံဆင်ပြီး ကောင်းခြင်းမင်္ဂလာတွေကို ဆောင်ကျဥ်းပေးတယ်လို့ ယုံကြည်ယူဆတတ်ကြပါတယ်)

ထိုစကားများကိုကြားသော် လီဝူကျယ်ဟာ ခံစားချက်များကိုဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲတော့သည်။ "ထွက်သွားစမ်း! ငါ့ညီမကို ဒီလိုလူယုတ်မာကောင်နဲ့ နှိုင်းယှဉ်ပြီးပြောစရာကိုမရှိဘူး! ပြောဖို့မထိုက်တန်ဘူး! မင်းလည်း အိုမင်းရှုံ့တွနေတဲ့ လူယုတ်မာကောင်ပဲ! ခွေးမသားကြီး!"

ရွှယ်ထျန်းယိက ဒေါသတကြီးဖြင့် ဝင်အော်လာသည်။ "တိတ်စမ်း! ငါ့အဖေကိုတောင် စော်ကားရဲရတယ်လို့! မင်းညီမ ငါ့လက်ချက်နဲ့သေသွားတာက ဂုဏ်ယူစရာမဟုတ်လို့ဘာလဲ? မင်းလို လူတကာသေစေချင်နေတဲ့ နတ်ဆိုးဓားသမားတစ်ယောက်က ဒီမှာလာပြီးအော်ဟစ်နေဖို့မတန်ဘူး"

ပြောရင်း တစ်ဖက်သို့ သူမျက်ရိပ်ပြလိုက်သည်။

ငယ်သားများကလည်း အရိပ်အကဲကိုနားလည်လိုက်ကြကာ တစ်ယောက်တစ်ပေါက် ထအော်ကြတော့၏။

"လီဝူကျယ်၊ မင်းညီမ သခင်လေးဆီက မျက်နှာသာပေးခံရမှတော့ သေသွားလည်းတန်ပါတယ်၊ မင်းတို့ဘက်ကတောင် အမြတ်ရနေသေးတာကို ဘာတွေလာပြီး မခံချင်ဖြစ်ပြနေတာလဲ?!"

"သခင်လေးကို ထောက်ခံပါတယ်! သခင်လေးရဲ့ အဆင့်အတန်း ဘယ်လောက်တောင်မှ မြင့်မြတ်လိုက်လဲ၊ မင်းလို ညစ်ပတ်စုတ်ပြတ်နေတဲ့ နတ်ဆိုးဓားသမားတစ်ယောက်စွပ်စွဲတာနဲ့ ဘာမှဖြစ်သွားမှာမဟုတ်ဘူး!"

"မင်းက ညီမ တစ်ယောက်ပဲ ဆုံးရှုံးလိုက်တာ၊ ဒါပေမဲ့ ငါတို့သခင်လေးကတော့ လက်တစ်ဖက်လုံး ဆုံးရှုံးသွားရတာကွ!"

…

အော်ဟစ်ကြိမ်းမောင်းသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

လူအုပ်ထဲမှ ရွှယ်မိသားစုကို မျက်နှာချိုသွေးချင်သည့် ဧည့်သည်အချို့ကတောင် ရွှယ်ထျန်းယိဘက်က ရပ်တည်ပြီး လီဝူကျယ်အား ရက်စက်ကြမ်းကြုတ်သောလူသတ်သမားတစ်ဦးအဖြစ် ဝိုင်းဝန်းရှုံ့ချခဲ့ကြလေသည်။

"ကြည့်စမ်း၊ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာ ရှင်းနေပြီပဲ!" ရွှယ်သားအဖကတော့ ကျေနပ်စွာပြုံးရွှင်လျက်ရှိကြ၏။

ရွှယ် မိသားစု၏ ဘိုးဘေးကတော့ ဘာခံစားချက်ကိုမှမဖော်ပြဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်နေလျက်ပင်။

"မင်း မင်း!" လီဝူကျယ် ဒေါသတကြီးဖြင့် မျက်လုံးများကျွတ်ထွက်တော့မတတ်ပြူးကျယ်လာကာ အနိုင်နိုင်ထရပ်ဖို့ကြိုးစားသော်လည်း သွေးတပွက်ပွက်နှင့်အတူ ကိုယ်တွင်းကလီစာအစအနများကိုပါ ရောနှောအန်ချလာပြီး ပြန်လည်ထိုင်ချလိုက်ရတော့သည်။

သူ့ကိုယ်သူ မုန်းတယ်! အားနည်းလွန်းတာကို မုန်းတယ်!

ဝေဟင်ထက်တွင် လက်နှစ်ဖက်ကိုအနောက်သို့ပစ်ကာ ပွဲကြည့်နေသော ယဲ့ကျွင်းလင်က ပြုံးလျက်တွေးလိုက်သည်။ "ညီမအတွက် လက်စားချေချင်တဲ့ လူတစ်ယောက်က စည်းမရှိကမ်းမရှိ ဇွတ်တရွတ်လူသတ်တတ်လို့ နတ်ဆိုးကျင့်ကြံသူလို့ ခေါင်းစဥ်တပ်ခံရတယ်၊ ပြီးတော့ နာမည်ကြီး မိသားစုက သခင်လေးတစ်ယောက်က နောက်ကွယ်မှာ ဆိုးယုတ်တဲ့လုပ်ရပ်တွေ ဘယ်လောက်ပဲလုပ်ထားပါစေ ဖြောင့်မတ်မှန်ကန်ပြီး အပြစ်ကင်းစင်တဲ့ဘုန်းကြီးတစ်ပါးလို ခေါင်းမော့ရင်ကော့ထားနိုင်သေးတယ် လောကကြီးက ရယ်စရာကောင်းချက်!"

【တင်၊ တာဝန်ရွေးချယ်မှုကို စတင်လိုက်ပါပြီ!】

【ရွေးချယ်မှု ၁: ပိုင်ရှင်ဟာ လီဝူကျယ်ရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကာကွယ်ပြီး သူ့ကို တပည့်အဖြစ် လက်ခံကာ ရွှယ်မိသားစုရဲ့ဘိုးဘေး သူ့မြေး ရွှယ်ထျန်းယိကို ဆန္ဒအလျောက် ကိုယ်တိုင်သတ်ဖြတ်ပစ်ရလောက်တဲ့အထိ ဂွင်ဖန်ပေးရပါမယ်။ လုပ်စရာရှိတာလုပ်ပြီးရင် ရွှယ်မိသားစုဘိုးဘေးက ပိုင်ရှင်ကို ကျေးဇူးတောင်တင်နေဦးမှာပါ။ တာဝန်အောင်မြင်ရင် အဆင့်မြင့်ဆုံး လက်ဝှေ့ကျင့်စဥ်ဖြစ်တဲ့ တိုက်ခိုက်ရေးသူတော်စင်လက်သီးကို ဆုချပါမယ်!】

【ရွေးချယ်မှု ၂: ပိုင်ရှင်ဟာ မတရားမှုကို မျက်ကွယ်ပြုပြီး ဆိတ်ဆိတ်နေရန်ပင်။ ရွေးချယ်လိုက်ပါက အဆင့်နိမ့် ဝိညာဉ်ကျောက်ဆယ်လုံးကို ဆုချပါမည်!】

စနစ်၏ အချက်ပေးသံကိုကြားလိုက်သော် ယဲ့ကျွင်းလင် အံ့အားသင့်သွားပြီး "ဘာရယ်?" ဟု လွှတ်ခနဲ မေးလိုက်မိသည်။

ရုတ်တရတ်ကြီး တာဝန်ရွေးချယ်မှုစတင်လိုက်လို့လည်း အံ့သြရတယ်ဆိုပေမယ့် အကြောင်းအရာကြောင့် ပိုပြီးအံ့အားသင့်ရတာပင်။

ဆိတ်ဆိတ်နေရင် အဆင့်နိမ့် ဝိညာဉ်ကျောက်ဆယ်လုံး ရမယ်တဲ့လား?

‌ကောင်းပါ့ကွာ၊ များလိုက်တဲ့ပိုက်ဆံတွေ! ငါ အကုန် မသုံးနိုင်ဘူးလေ၊ သုံးလို့ဘယ်ကုန်ပါ့မလဲ?

စနစ်၊ မင်းရဲ့ မိသားစုတစ်ခုလုံးကို ငါလက်ခလယ်ထောင်ပြနေတယ် မြင်လား? ငါ့ကိုသူတောင်းစားဖြစ်အောင် အရောက်ပို့နေတာလား!

ယဲ့ကျွင်းလင်က ပိုက်ဆံသိပ်မက်နေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ခုယှဥ်လာရင်တော့ သေချာပေါက် ပထမတစ်ခုကိုပဲရွေးရတော့မှာပေါ့။

သူ့ကို ရှေ့ထွက်ပြီး လီဝူကျယ်ကို ကာကွယ်ခိုင်းရုံမက တပည့်အဖြစ်လည်း လက်ခံခိုင်းတယ်။ တာဝန်အစပိုင်းကတော့ ပုံမှန်လိုပါပဲ။

ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း ရယ်စရာကောင်းလာပြီး ရွှယ်မိသားစုရဲ့ ဘိုးဘေးက ရွှယ်ထျန်းယိကို ဆန္ဒအလျောက် သတ်တဲ့အထိရောက်အောင် သူ့ကိုတွန်းပို့ခိုင်းတယ်? နောက်ပြီး သူ့ကို ကျေးဇူးတောင်တင်ခိုင်းနေတာက ဘယ်လိုတောင်ထူးဆန်းတဲ့ တာဝန်ကြီးလဲကွာ?!

ထိုအချိန်တွင်...

ရွှယ်ထျန်းယိကတော့ ကစားပွဲကိုအဆုံးသတ်ဖို့အချိန်တန်ပြီဟူသောအတွေးဖြင့် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "အားလုံးပြီးဆုံးသွားပြီ လီဝူကျယ်၊ နောင်ဘဝအတွက် သင်ခန်းစာယူသွားဖို့ မမေ့နဲ့ဦး"

ထို့နောက် အစောင့်အရှောက်၏ လက်ထဲမှ ဓားရှည်ကို ဆွဲယူကာ လီဝူကျယ်ထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုသူ၏ခြေလက်များကို တစ်စစီဖြတ်တောက်ကာ အသားစင်းကောဖြစ်အောင်နုတ်နုတ်စင်းပြီး နောက်လူများမကြံစည်ရဲအောင် သတိပေးရမည်။

"ဟူး…"

ရောက်ရှိနေတဲ့ ဧည့်သည်အများအပြား ခေါင်းခါယမ်းပြီး သက်ပြင်းချရုံသာ တတ်နိုင်ကြတော့၏။

ဘယ်တတ်နိုင်မလဲလေ၊ အနေအထားက လက်မောင်းနဲ့ပေါင်လုံးလောက် ကွာခြားနေတာကိုး!

နတ်ဆိုးဓားသမား လီဝူကျယ်၏ မျက်နှာထက်မှာ ဝမ်းနည်းနာကျင်သောအပြုံးလေးတစ်ခုပေါ်လာပြီး ခပ်တိုးတိုးစကားဆိုသည်။ "ညီမလေး၊ ဒီအစ်ကိုကြီးက အသုံးမကျလို့ပါ၊ အစ်ကိုကြီး အခု ညီမလေးနောက်ကိုလိုက်လာတော့မယ်..."

သွေးဆာနေသောမျက်နှာဖြင့် ရွှယ်ထျန်းယိတစ်ယောက် ဓားရှည်ကိုခုတ်လွှဲလိုက်တော့မည့်အချိန်တွင် အနက်ရောင်ဝတ်ရုံဖြင့်လူတစ်ယောက် သူ့ရှေ့တွင်လှစ်ခနဲပေါ်လာပြီး လက်ကို မြှောက်ကာ လက်ညှိုးကို တစ်ချက်မျှခါယမ်းလိုက်သော် ပြင်းထန်သောစွမ်းအင်လှိုင်းတစ်ခု ဝုန်းခနဲပေါက်ကွဲထွက်လာလေသည်။

All Chapters