ပြသနာရှာနည်း ၁၀၁
Vol. 6 Ch. 76
ချွမ်!
ကျယ်လောင်သောရိုက်ခတ်သံအပြီးတွင် ဓားရှည်မှာ အပိုင်းပိုင်းပြိုကွဲသွားတော့၏။
ရွှယ်ထျန်းယိ အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားရပြီး အံ့အားသင့်ကာ လန့်ဖျပ်သွားသောအမူအရာဖြင့် မေးလိုက်သည်။ "မင်း မင်းဒါဘာသဘောလဲ"
လူတိုင်း အံ့အားသင့်ကာ တုန်လှုပ်သွားကြရသည်သာ။
လှုပ်ရှားမှုကို ပြုလုပ်ခဲ့သူမှာ ယဲ့ကျွင်းလင်ဖြစ်လေသည်။
"ဘာတွေဖြစ်နေတာလဲ? အဲ့ဒီ ရွှယ်ထျန်းဂိုဏ်းက လူက ဘာလို့ရှေ့ထွက်လာတာလဲ?!"
"သူက နတ်ဆိုးဓားသမား လီဝူကျယ်ကို ကာကွယ်တော့မှာလား? ဒါဆိုသူလည်း နတ်ဆိုးကျင့်ကြံသူပေါ့!"
"အဲ့ဒါထားပါဦး၊ အဓိကက ဒါ ရွှယ် မိသားစုရဲ့ နယ်မြေထဲမှာနော်၊ ဒီလိုဝင်နှောင့်ယှက်တာ ရွှယ် မိသားစုကို ပါးဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား?"
လူအုပ်ကြီးတစ်ခုလုံး ဆွေးနွေးခန့်မှန်းသံများဖြင့် ဆူညံပွက်သွားတော့သည်။
ရွှယ်မိသားစုခေါင်းဆောင်၏ မျက်နှာကြီးလည်း မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့်မေးလိုက်သည်။ "ထိပ်သီးကျင့်ကြံသူအရှင်ယဲ့၊ ဒါ ဘာသဘောပါလဲ? ကျုပ်တို့ထျန်းအာ နတ်ဆိုးဓားသမားကို ကွက်မျက်အပြစ်ပေးနေတာ ခင်ဗျားကဘာကိစ္စဝင်တားရတာလဲ?!"
ယဲ့ကျွင်းလင်က လက်ညှိုးကို ဆတ်ခနဲခါယမ်းပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။ "ငါ ဒီလူကို တပည့်အဖြစ် လက်ခံဖို့ ခုလေးတင်ပဲ ဆုံးဖြတ်လိုက်တာ၊ ငါ့တပည့်ကိုထိရင် ငါ့ကိုထိတာနဲ့အတူတူပဲ!"
ရွှယ်အိမ်တော်တစ်ခုလုံး ပေါက်ကွဲတော့မတတ် အုန်းအုန်းခတ်ခတ်ဖြစ်သွားကြရ၏။
မရေမတွက်နိုင်သော ဧည့်ပရိတ်သတ်အပေါင်းမှာ သူတို့နားကြားများမှားလေသလားဟူသော ယုံမှားသံသယများပင် ဝင်လာမိလေသည်။
ဒီကောင် ရူးနေတာလား? သူက ဒီစကားကို ဘယ်ကရတဲ့သတ္တိနဲ့ ပြောရဲနေတာလဲ?!
"ဆရာကြီး၊ ခင်ဗျား…" သူ့ရှေ့မှာ ကာပြီးရပ်တည်ပေးနေသော ပုံရိပ်ကို ကြည့်ရင်း နတ်ဆိုးဓားသမား လီဝူကျယ်လည်း အံ့အားသင့်လို့မဆုံးနိုင်ဖြစ်နေရသည်။
အရှေ့ပိုင်းစီရင်စုက ကျင့်ကြံသူတစ်ယောက်အနေဖြင့် နတ်ဆိုးဓားသမား လီဝူကျယ်ဟာ ယဲ့ကျွင်းလင်၏အောင်မြင်မှုများကို ကြားဖူးနားဝရှိထားပြီး မကြာသေးခင်ကမှ လောကတစ်လွှား အလွန်ကျော်ကြားခဲ့ပါသော ဒဏ္ဍာရီလာ ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါးမှန်း သိရှိထားပါ၏။
ဒါပေမဲ့ ဒီလူက တစ်လောကလုံးနဲ့ အတိုက်အခံဆန့်ကျင်ပြီး သူ့ကို တပည့်အဖြစ် လက်ခံရဲလိမ့်မယ်လို့တော့ လုံးဝမျှော်လင့်မထားမိခဲ့!
ရွှယ် မိသားစုဘိုးဘေးလည်း စိတ်အလိုမကျမှုကြောင့် မျက်နှာကြီးမည်းမှောင်သွားရသည်။ မသေမျိုးအရိပ်တစ်ယောက်လုံးလုံး၏ ရှေ့မှောက်တွင် ဤမျှအရိုအသေမဲ့ရဲသော အရူးကောင်မျိုး သူ့တစ်သက်တစ်ခါမှ မတွေ့ခဲ့ဖူးပါ။
"ယဲ့ကျွင်းလင်၊ မင်း နောက်ဆက်တွဲအကျိုးဆက်တွေကို သေချာ စဉ်းစားရမယ်၊ မင်း အခု ထွက်သွားပေးရင် ဘာမှ မဖြစ်ခဲ့သလိုပဲ ငါသတ်မှတ်ပေးနိုင်တယ်!"
ရွှယ် မိသားစုဘိုးဘေး၏ လေသံမှာ ရန်သူကို သတိပေးနေဟန် အငွေ့အသက်တွေ ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြာထွက်လာသော ကြောက်မက်ဖွယ်အရှိန်အဝါများကြောင့် ကောင်းကင်တစ်ခုလုံး တုန်လှုပ်ယိမ်းခါနေသကဲ့သို့ပင်။
ပတ်ဝန်းကျင်က ကျင့်ကြံသူများလည်း ခံစားနေရသောဖိအားကြောင့် ကြောက်လန့်တကြားဖြင့် မျက်နှာတို့ ပြာနှမ်းကုန်ကြလေသည်။
မသေမျိုးအရိပ်ရဲ့ ဒေါသကို ဘယ်သူက ခံနိုင်ရည်ရှိမှာတဲ့လဲ?!
"ဆရာကြီး၊ ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ၊ ခင်ဗျားရဲ့ ကြင်နာမှုကို ကျုပ်အသိအမှတ်ပြုပါတယ်၊ နောက်ဘဝမှာ ကံကြမ္မာများဆုံမယ်ဆိုရင် ခင်ဗျားအိမ်မှာ နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ် လာဖြစ်ပြီးကျေးဇူးဆပ်ပါဦးမယ်!" နတ်ဆိုးဓားသမား လီဝူကျယ်က စိုးရိမ်တကြီးဖြင့် ဝင်ရောက်ဟန့်တားလိုက်သည်။
ဟုန်ချန်ယဲ့သည်လည်း ဆရာသခင်ဖြစ်သူ၏ ရုတ်တရတ်ဆန်ဆန် အပြုအမူကြောင့် နူးညံ့အပြစ်ကင်းစင်သော မျက်နှာလေးထက်တွင် အံ့အားသင့်ဟန် အမူအရာ ပေါ်လာသည်။
"ဒီကောင် ဘာဖြစ်နေတာလဲဟ?"
"သူ့ကိုယ်သူ မရှုံးနိုင်တဲ့စွမ်းအားရှင်တွေဘာတွေများမှတ်နေတာလား? ဒီကမ္ဘာပေါ်ကလူတိုင်း သူ့ကိုမျက်နှာသာပေး မျက်နှာချိုသွေးနေရမယ်လို့ ထင်နေတာလား?"
"ဒါကြီးက ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်ရဲ့ မသေမျိုးအရိပ် အရှင်သခင်ကြီးကွ!"
ဟုန်ချန်ယဲ့ရဲ့ အမြင်မှာတော့ အခုမှတွေ့ဖူးမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို သနားစာနာပြီး သူ့အတွက် အသက်ကိုတောင်စတေးလို့ ရပ်တည်ပေးနေတာဟာ အတော်လေးကို ရူးနှမ်းမိုက်မဲတဲ့ လုပ်ရပ်ပါပဲ!
ယဲ့ကျွင်းလင်က ရုတ်တရတ် တစ်စုံတစ်ခုကိုတွေးမိသွားဟန်ဖြင့် ဟုန်ချန်ယဲ့ကိုပြုံးရွှင်စွာလှမ်းကြည့်ကာ အဖော်ခေါ်လိုက်သည်။ "ရှောင်ဟုန်၊ မင်း အဲ့ဒီမှာ ပါးစပ်ဟောင်းလောင်းနဲ့ ဘာရပ်လုပ်နေတာလဲ? ဆရာ့ဘေးမှာ အတူတူလာရပ်ပြီး ဆရာတူညီလေးအသစ်ကို မကာကွယ်ပေးတော့ဘူးလား!"
မင်းအဖေကိုရော မင်းဘိုးအေကိုရော လက်ခလယ်ပဲ!!
မင်းဘာသာမင်း သေတွင်းထဲခုန်ချချင်တိုင်း ငါ့ကိုအဖော်လာမခေါ်နဲ့ကွ!
ဟုန်ချန်ယဲ့၏ နှလုံးသားထဲတွင် အဆဲစကားလုံးများနှင့် ငြင်းဆန်ပုန်ကန်ဖို့ဆင်ခြေများ ထောင်ပုံရာပုံ ရှိနေပေမဲ့ ယဲ့ကျွင်းလင်၏ အင်အားကို မယှဥ်နိုင်သေးတာကြောင့် တိတ်တိတ်လေးသာ ဆရာသခင်ပြင်ထားသောထောင်ချောက်ထဲ ဆင်းသက်သွားလိုက်ရလေ၏။
"သစ္စာရှိလိုက်တဲ့ ငါ့တပည့်ကလေး" ယဲ့ကျွင်းလင်က ကျေနပ်စွာ ခေါင်းတညိတ်ညိတ်လုပ်နေလိုက်သည်။
ဟုန်ချန်ယဲ့မှာ လူသတ်ချင်စိတ်ကိုမျိုသိပ်ရင်း နှုတ်ခမ်းထောင့်လေးကိုသာ တလှုပ်လှုပ်လုပ်နေလိုက်ရ၏။
"ဟမ့်! မင်းတို့ ဆရာတပည့်က ငါတို့ ရွှယ် မိသားစုကို အနိုင်ကျင့်ရလွယ်လိမ့်မယ်လို့ တကယ်ထင်နေကြတာလား?!"
ရွှယ် မိသားစုဘိုးဘေး၏ မျက်လုံးအစုံမှ အေးစက်စက်အလင်းတန်းများ စူးရှစွာထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်ကြွေးကြော်သံဟာ မိုးခြိမ်းသံကျဲ့သို့ ကျယ်ပြောလှသော ကောင်းကင်ပြင်တွင် အဆက်မပြတ် ပဲ့တင်ထပ်လို့နေပေသည်။
ကျွန်းပျံများပေါ်က သက်ရှိသတ္တဝါအားလုံး နေစရာမရှိအောင် ကြောက်လန့်တုန်လှုပ်နေကြလေပြီ။
မသေမျိုးအရိပ်ရဲ့ ဒေါသဟာ ကောင်းကင်ဘုံရဲ့ တန်ခိုးအာနုဘော်ပါပဲ!
ဘုန်း!
ဟုန်ချန်ယဲ့သည် သူ့ခန္ဓာကိုယ်ပေါ်တွင် တောင်ကြီးတစ်လုံး တက်ဖိထားသကဲ့သို့ ဖိအားဒဏ်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ထဲလည်ပတ်စီးဆင်းနေသော မှော်စွမ်းအင်မှာ လုံးဝ ရပ်တန့်လုနီးပါးဖြစ်သွားကာ အံကြိတ်ပြီးတောင့်ခံရင်း တွေးလိုက်မိသည်။ "သေစမ်း ကွာခြားချက်ကြီးက ယှဥ်လို့မရနိုင်ဘူး"
"ရှုရှု နောက်ထပ် မသောက်တော့ဘူး! ရှုရှု နောက်ထပ် မသောက်တော့ပါဘူး!" ပုရှောင်ရှီးလည်း တုန်ယင်စွာဖြင့် မူးမေ့လဲကျနေသော အခြေအနေမှ ချက်ချင်း နိုးထလာကာ လက်နုနုလေးများကိုဝှေ့ယမ်းလျက် ကြွက်ပါးစပ်လေးဖြင့် ကြောက်ကြောက်လန့်လန့် အော်ဟစ်လေတော့သည်။
မသေမျိုးအရိပ် အဆင့်၏ ဖိနှိပ်မှုကို တိုက်ရိုက်ရင်ဆိုင်နေရသော ယဲ့ကျွင်းလင်ကတော့ ကြောက်ရွံ့နေရမည့်အစား နှလုံးသားထဲတွင် တိတ်တဆိတ်ထွက်ပေါ်လာသော မျှော်လင့်ချက်လေးဖြင့် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေလေသည်။
"ဟုတ်တယ်၊ ဒါပဲလေ၊ အခုပဲ ငါ့ကို တိုက်ခိုက်လိုက်တော့!"
တာဝန်ပြီးမြောက်နိုင်မလားဆိုတာက နောက်ကိစ္စနောက်ရှင်း၊ ဒါပေမဲ့ အဆင့်မြှင့်တင်ဖို့ကတော့ သေချာတဲ့ အမြတ်အစွန်းပဲ!'
ရုတ်တရက်ဆိုသလိုပင်...
ကောင်းကင်ပြင်ကြီး အရောင်အဝါပျက်ယွင်းလာပြီး နောက်ထပ် ခမ်းနားကြီးကျယ်သော အရှိန်အဝါတစ်ခုက တုန်ခါစွာ ပျံ့လွင့်လာကာ ထုထည်ကြီးမားသော စွမ်းအင်လှိုင်းကြီးက မြစ်မင်းနှင့်တောင်တန်းများကိုပင် ကြောက်စိတ်ဖြင့် ဖြူရောက်တုံ့ဆိုင်းသွားစေသကဲ့သို့။ ထိုစွမ်းအင်က ရွှယ် မိသားစုဘိုးဘေး၏ အရှိန်အဝါကို အတင်းအကြပ် ဖိနှိပ်လိုက်လေသည်။
"ဘယ်သူလဲကွ?!"
ရွှယ် မိသားစုဘိုးဘေး၏ နဖူးထက်တွင် ချွေးအေးများစီးကျလာပြီး ကြောက်လန့်တကြားဖြင့် အော်မေးလိုက်သည်။
ရောက်လာတဲ့သူကလည်း မသေမျိုးအရိပ်ပါပဲ၊ ဒါပေမဲ့ သူ့ထက်ပိုပြီး အင်အားကြီးနေတယ်လေ။
"ယဲ့ကျွင်းလင်ဆိုတဲ့ကောင် ဘယ်မှာလဲ?!" ခမ်းနားထည်ဝါသော စကားသံတစ်ခုက ခံစားချက်ကင်းမဲ့စွာဖြင့် ကောင်းကင်ထက်မှ ဟိန်းထွက်လာလေသည်။
"ဘယ်ကောင်လာဟောင်နေတာလဲ?"
ခံစားလိုက်ရသော ပြင်းထန်သည့် ရန်လိုစိတ်ကြောင့် ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်မိလေ၏။