အခန်း (၇၈)
Vol. 6 Ch. 78
"ဘာ? ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်?!" ရွှယ်မိသားစုဘိုးဘေးသည် လွန်စွာအံ့အားသင့်သွားပြီး စိတ်နှလုံးတုန်လှုပ်ခြောက်ချားသွားရပေတော့၏။
သူ့ထက်မြင့်မားသော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတာတောင် ဒီလူက စကားတစ်ခွန်းမှမဟခဲ့ဘဲ တစ်ချိန်လုံးဟန်ဆောင်နေခဲ့သည်လေ။
ရွှယ်မိသားစု၏ အဖေနှင့် သားတို့သည် ရေခဲခန်းထဲသို့ ကျရောက်သွားသကဲ့သို့ ကြက်သီးမွေးညင်းများထသည်အထိ ကျောချမ်းသွားရပြီး မျက်နှာများမှာလည်း ကြောက်လန့်တကြား ပြာနှမ်းသွားကာ အသံတုန်တုန်ဖြင့် ဆိုလာကြသည်။ "မသေမျိုးအရိပ်တဲ့လား? သူကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
အထူးသဖြင့် ရွှယ်ထျန်းယိမှာ စိတ်ပိုင်းဆိုင်ရာ လုံးဝ ပြိုလဲသွားသည်ပင်။
သူ့ကိုယ်သူ ယဲ့ကျွင်းလင်ထက် အဆင့်အတန်း မြင့်မားသည်ဟု ခံစားရခြင်း အကြောင်းရင်းမှာ သူ့ဘက်မှနောက်ကွယ်တွင် မသေမျိုးအရိပ်အဆင့် ရွှယ်မိသားစုဘိုးဘေးတစ်ယောက်လုံးလုံး ရှိနေသောကြောင့်ဖြစ်သည်။
တစ်ဖက်လူကလည်း မသေမျိုးအရိပ်ဖြစ်နေလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ခဲ့ပါ။
ဧည့်သည်အပေါင်းမှာလည်း အံ့သြမင်သက်သွားရပြီး တစ်ခဏတွင် မိမိတို့ကိုယ်တိုင်၏နားလည်နိုင်စွမ်းကိုပါ သံသယဝင်မိလျက်။
"အလိုလေးလေး! ယဲ့ကျွင်းလင်က တကယ်တော့ ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါး မဟုတ်ဘဲ တာအိုကျင့်ကြံရေးကို နက်နက်နဲနဲလိုက်စားထားတဲ့ မသေမျိုးအရိပ်တစ်ပါးပဲ!"
"သူ ခုနကတည်းက ဘာလို့ ဒီလောက်တောင် မောက်မာနေတာလဲဆိုတာ အံ့သြမနေတော့ပါဘူး၊ သူ့မှာလည်း အားကိုးရှိနေတာကိုး!"
"သူက လူတိုင်းကို လှည့်စားနေတာ! ဒီနေ့ ပွဲတော်သာ မရှိခဲ့ရင် သူ ဘယ်လောက်ကြာကြာ ဆက်ပြီး ဖုံးကွယ်ထားဦးမှာလဲ?"
"အဲ့လိုသားဆိုရင်တော့ ယွီဟွားဂိုဏ်းက သေချာပေါက် အဆိုးရွားဆုံးအမဲဖြတ်ခံရမယ့် သားကောင်ပဲ!"
……
အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူအားလုံးသည် ယဲ့ကျွင်းလင်၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကြောင့် ဤသို့ အံ့သြလန့်ဖျပ်သွားကြရပြီး တစ်ချိန်တည်းမှာပင် စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာရရှာသည့် ကျွီယန်းမသေမျိုးအရိပ်အတွက် စိတ်မကောင်းဖြစ်မိကြလေသည်။
ဝှစ်!
အလင်းလုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ဝေဟင်ထက်တွင်ရပ်တည်နေသော ရွှေရောင်ပုံရိပ် ပြန်လည်ပေါ်လွင်လာသည်။
ကျွီယန်းမသေမျိုးအရိပ်၏ ရွှေရောင်ဆံပင်များသည် လေပြင်းပြင်းနှင့်အတူ အရိုင်းဆန်ဆန်လွင့်ခါလျက်ရှိပြီဂ ၎င်း၏ မျက်လုံးများမှာ ယဲ့ကျွင်းလင်ကို မျက်စိမလွှဲတမ်း စိုက်ကြည့်လို့နေကာ မျက်နှာထက်မှကြွက်သားများလည်း တဆတ်ဆတ်တုန်ခါနေလျက်ရှိ၏။
သူသည် မျောက်တစ်ကောင်ကဲ့သို့ ကစားခံနေခဲ့ရသလော။
ထိုသူသည် ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ဆက်တိုက်ဟန်ဆောင်နေခဲ့ကာ ယွီဟွားဂိုဏ်းတစ်ခုလုံးကို လှည့်စားနေခဲ့ခြင်းပင်။
မကြာသေးမီကမှ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခဲ့သော ကျွီယန်းမသေမျိုးအရိပ်သည် ဂိုဏ်း၌ မကြာသေးမီက ကြုံတွေ့ခဲ့ရသော အခက်အခဲ စစ်ရှုံးပွဲများကို ကြားသိပြီးနောက် နောက်ကွယ်မှ ထိုအန္တရာယ်ကောင်အား မိုးကြိုးပစ်ချသလို တစ်ချက်တည်းနှင့် ဖယ်ရှားသတ်ဖြတ်လိုခဲ့သည်။
ဂုဏ်သိက္ခာကြီးမားသော မသေမျိုးအရိပ်တစ်ပါးအတွက် ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါးကို ကိုင်တွယ်ရန်ဆိုသည်မှာ ခက်ခဲနေသောကိစ္စမဟုတ်ပေ။
သို့သော် အရာအားလုံးက မှန်းချက်နှင့်နှမ်းထွက်လွဲသကဲ့သို့ တက်တက်စင်လွဲချော်ကာ သူခန့်မှန်းထားသောရလဒ်မှန်သမျှ ပြောင်းပြန်လန်၍ တစ်ဖက်လူက သူ့ထက်ပို၍ကျင့်ကြံဆင့်မြင့်လျက်ရှိသည်ကိုသာ ထင်မှတ်မထားစွာ ကြုံတွေ့လိုက်ရပေသည်။
ငါ ပေါ့ဆခဲ့မိတာ!
ကျွီယန်းမသေမျိုးအရိပ်သည် တွေးလေလေ ဒေါသထွက်လေလေဖြစ်ပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်းလာတော့၏။ "အရှက်မရှိတဲ့ကောင်! ကျင့်ကြံသူတစ်ဦးရဲ့ဂုဏ်သိက္ခာကိုမှမထောက် လက်ရှိကျင့်ကြံဆင့်ကို လူအများမသိအောင်ဖုံးကွယ်ထားနေတယ်၊ မင်းက ကျင့်ကြံရေးလောကကို မျက်နှာအိုးမဲသုတ်နေတာ!"
"ကျုပ်မှာ အပြစ်မရှိရပါဘူးဗျာ! အဆင့်က အခုမှချိုးဖျက်လိုက်မိတာပါ! အရင်က တကယ် အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့်မှာ ရှိခဲ့တာပါ၊ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်!" ယဲ့ကျွင်းလင်သည် ဖြောင့်မတ်မှန်ကန်လှသော မျက်နှာထားဖြင့် လေးနက်သော ကျိန်ဆိုခြင်းကို ပြုလုပ်လေသည်။
"အဓိပ္ပာယ်မရှိလိုက်တာ! ဒီလူအိုကြီးကို မင်းက သုံးနှစ်သားကလေးများထင်နေတာလား?" ကျွီယန်းမသေမျိုးအရိပ်သည် သွေးအန်ချမိတော့မတတ် ဒေါသထွက်နေရလေပြီ။ ဤမျှကျိုးကြောင်းမဆီလျော်သောအလိမ်စကားမျိုး သူ့တစ်သက်တွင် တစ်ခါမှမကြားဖူးခဲ့ပါချေ။
"ကောင်းပြီလေ၊ မယုံလည်းနေပေါ့" ယဲ့ကျွင်းလင်က ပခုံးတွန့်ကာ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
ငွေရောင်ဆံပင်နှင့်လူငယ်၏ မျက်နှာပြောင်တိုက်မှုအတွက် ဘေးမှပွဲကြည့်ပရိတ်သတ်အပေါင်းပင် သူ့အစားရှက်ရွံ့သွားရကာ နှုတ်ခမ်းတလှုပ်လှုပ်ဖြစ်သွားရသည်။
ထိုအချိန်တွင် ကျွီယန်းမသေမျိုးအရိပ်သည် ရှည်လျားသော ဟိန်းဟောက်ကြွေးကြော်သံတစ်ခုကို ပြုလုပ်လိုက်ပြီး ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ပေတစ်သောင်းခန့်ရှည်လျားပါသည့် အလင်းတန်းများကို ထုတ်လွှတ်ကာ ကြောက်မက်ဖွယ်စွမ်းအင်အတက်အကျများ စုစည်းပါဝင်သော ရွှေရောင်လက်ဝါးရိုက်ချက်ကို ပစ်ထုတ်ရန် အားအင်စုဆောင်းလိုက်တော့သည်။
ဝှစ်!
ကောင်းကင်ထက်၌ အကျယ်အဝန်း ပေတစ်ထောင်ပတ်လည်ခန့်ရှိသော ရွှေရောင်လက်ဝါးရိုက်ချက်တစ်ခု ပုံပေါ်လာပြီး ရွှေရောင်သင်္ကေတပေါင်းများစွာဖြင့် ရောယှက်ဖွဲ့စည်းထားသည်ကို မြင်တွေ့နိုင်၏။
လက်ဝါးပေါ်တွင် အလွန်ကြီးမားသော အလင်းလုံးတစ်ခုကိုလည်း အသာတင်လို့ထားပြီး ကျယ်ပြောခြောက်ခမ်းသော အပူလှိုင်းဒဏ်သည် ကောင်းကင်နှင့် မြေကြီးကိုပါ တစ်စမကျန်ဖုံးလွှမ်းကာ လူအများကို အာခြောက်လျှာခြောက်ဖြင့် စကားပြောရန်ပင် ခက်ခဲစေနိုင်သည်အထိ။
ယဲ့ကျွင်းလင်ကတော့ လက်နှစ်ဖက်ကိုဟန်ပါပါပိုက်လျက် သူ့ဆီပစ်လွှတ်တော့မည့် တိုက်ကွက်ဖန်တီးမှုကြီးကို အပြုံးတစ်ခုဖြင့် သဘောတကျရှုစားလျက်ရှိလေသည်။
"သေစမ်း! !"
တစ်ဖက်လူသည် ယခုအချိန်ထိ မောက်မာထောင်လွှားနေသောအပြုအမူဖြင့် သူ့ဒေါသအား လုံးလုံးဂရုမစိုက်သည်ကို မြင်သောအခါ ကျွီယန်းမသေမျိုးအရိပ်သည် ပိုလို့ဒေါသကြီးလာပြီး သည်းမခံနိုင်စွာ ဟိန်းဟော်ကြုံးဝါးလိုက်တော့သည်။
ဟုန်း…
ပေါက်ကွဲထွက်လာသော အလင်းလုံးကြီးသည် တောက်ပစူးရှလွန်းကာ ဖြာထွက်လာသော စွမ်းအင်လေစီးကြောင်းသည် ကောင်းကင်တစ်ခုလုံးအား ပြောင်းပြန်လှန်ချတော့မလိုလို။
ရွှယ်မိသားစုဘိုဘေး၏ နဖူးတွင် ချွေးအေးများ စီးကျလျက်ရှိလေပြီ။ သူတို့ နှစ်ဦးစလုံး ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်တွင် ရှိနေကြသည်မှန်သော်လည်း စွမ်းအားကွာဟချက်က အဘယ်ကြောင့် ဤမျှကြီးမားသိသာနေရသနည်း?
ဤ တစ်ခုတည်းသော ပထမဆုံးတိုက်ကွက်လေးကိုတောင် သူရင်ဆိုင်ကြည့်မည်ဆိုပါက ရလဒ်ကတော့ မင်္ဂလာရှိလှလိမ့်မည်မဟုတ်။
ငြိမ်ငြိမ်လေးပဲရပ်နေပြီး ကြိုက်သလောက်ရိုက်သွားပါဟု နာခံလျှင်တောင် ပြီးမည့်ပြဿနာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တိုက်ကွက်ရောက်မလာခင်တွင်ပင် သူကား အရည်ပျော်သွားလောက်ပြီဖြစ်သောကြောင့်။
"ဟမ့်၊ ကျင့်ကြံဆင့်အားကိုးနဲ့ လူတိုင်းကိုမထီမဲ့မြင်လုပ်လို့ရမယ်ထင်နေတယ်၊ အဲ့ကောင်တော့ တာအိုရောင်းရင်းကျွီယန်းရဲ့လက်အောက်မှာ အလူးအလှိမ့် နှိပ်စက်ခံရတော့မှာပဲ!"
ရွှယ်မိသားစုဘိုးဘေးသည် ကျေနပ်အားရစွာ ပြုံးလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ၎င်း၏ မျက်လုံးများသည် ကြေးနီခေါင်းလောင်းကဲ့သို့ ပြူးကျယ်သွားရပြီး အာမေဋိတ်ပြုလိုက်မိသည်။ "ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?!"
ယဲ့ကျွင်းလင်သည် လက်ပိုက်လျက်သားဖြင့်ပင် ဝေဟင်ထက်တွင် ရပ်နေဆဲဖြစ်ကာ အခိုးအငွေ့များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော် ဒဏ်ရာရခြင်းမရှိဘဲ အန္တရာယ်ကင်းစွာ မားမားမတ်မတ်ရပ်နေသည့်သဏ္ဍာန်ကို ရှင်းလင်းစွာတွေ့မြင်ရပေမည်။
ကျန်းမာရေးချို့ယွင်းချက်မရှိ၊ ပကတိခြောက်ပစ်ကင်းသဲလဲစင်လေးပါပဲ!
"ဟေ့ ငပျော့ကောင်၊ မင်းကငါနဲ့ တစ်ကိုယ်တော်ဖိုက်ချင်တယ်ပေါ့လေ?" ယဲ့ကျွင်းလင်က လှောင်ပြုံးဖြင့် လှမ်းမေးလိုက်သည်။
မသေဆုံးနိုင်သောအရှင်သခင် ခန္ဓာကျင့်စဥ်၏အစွမ်းနှင့် မသေမျိုးအရိပ်ကျင့်ကြံဆင့်၏အင်အားကိုပါ ထပ်မံပေါင်းထည့်သော် ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်အပြင်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးမပေါက်နိုင်တော့ပါပေ။
သာမန် ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်ဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပါက ဤတိုက်ကွက်မျိုးကို တည့်တည့်ကြီးခံယူခြင်းသည် မလွဲမသွေ ပြင်းထန်သော ဒဏ်ရာများ ရရှိစေလိမ့်မည်။
"မင်း!"
ကျွီယန်းမသေမျိုးအရိပ်သည် သူ၏အားကောင်းလှပါသောတိုက်ကွက်ကို တစ်ဖက်လူက လူ့အသားအရည်ဖြင့်သာ ပိတ်ဆို့တားဆီးနိုင်လိုက်ခြင်းကို အံ့သြတကြီးလည်းဖြစ်ရသလို ဒေါသအမျက်လည်း ချောင်းချောင်းထွက်လာရ၏။
ယဲ့ကျွင်းလင်၏အင်အားကို သူလျှော့မတွက်ရဲတော့ပေ၊ သေချာလေးအကဲဖြတ်မှဖြစ်ပေတော့မည်။