← Chapters

ရွှယ်မျိုးနွယ်ဝင် ဉာဏ်ကြီးရှင်

Vol. 6 Ch. 80

ရွှယ်မျိုးနွယ်ဝင် ဉာဏ်ကြီးရှင်

Vol. 6 Ch. 80

ဂိုဏ်း၏ လျှို့ဝှက်ကျဥ့်စဥ်ဖြင့် မြှင့်တင်ထားသောကြောင့် သူ၏လက်ရှိစွမ်းအားအဟုန်သည် အဆုံးစွန်သောအမြင့်တစ်နေရာတွင်ရှိနေပြီး ဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်တွင် ပြိုင်ဘက်ကင်းအနေအထားဟု သတ်မှတ်နိုင်ပေသည်။

ရွှေရောင်နေလုံး ကိုးလုံးသည် ကောင်းကင်ထက်တွင် နေရာအသီးသီးယူလျက် တည်ရှိနေပြီး ပူလောင်ပြင်းပြသော ဖိအားအဟုန်မှာ ပုထုဇဥ်လူသားအပေါင်းအား မခံမရပ်နိုင်အောင် နာကျင်စေသည်။

"မင်းရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး ဒီအရှင်ရဲ့စွမ်းအားတွေကို သေချာမြင်အောင်ကြည့်လိုက်" ယဲ့ကျွင်းလင်က အပြုံးတစ်ခုဖြင့် ကြွေးကြော်လိုက်ကာ လက်တစ်ဖက်ကို ဦးခေါင်းထက်သို့ ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ အရွယ်အစားကြီးမားသော ရောင်ခြည်ငါးသွယ်သည် ချက်ချင်းဆိုသလို စုစည်ထွက်ပေါ်လာပြီး မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ပို၍ပင် ကြီးမားကျယ်ပြန့်လာတော့သည်။

ဘုန်း!

ကျယ်ပြော၍ အဆုံးမရှိသော ရောင်ခြည်ငါးသွယ်သည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး အချိန်နေရာမရွေး ထွန်းလင်းတောက်ပစေကာ ထာဝရတည်မြဲစေမည့် နတ်ဘုံနတ်နန်း၏ ရောင်ခြည်အဖြာဖြာကဲ့သို့။

ရောင်ခြည်ငါးသွယ်ပါဝင်သော စဥ်ဆက်မပြတ်ပြန်လည်ရှင်သန်ရာမှ ဖျက်ဆီးချေမှုန်းခြင်း အတတ်ပညာပင်!

"ဒါ..." မသေမျိုးအရိပ် အရှင်ကျွီယန်းသည် အံ့သြထိတ်လန့်မှုများအပြည့်ဖြင့် တခဏတာ ကြောင်အသွားသော်ငြား ချက်ချင်းပင် ဒေါသများအစားထိုးဝင်ရောက်လာသည်။။ မျက်နှာတစ်ပြင်လုံး မဲ့ရွဲ့ရှုံ့တွသွားပြီး နဖူးထက်မှ သွေးကြောများ ဖောင်းကားလာကာ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူလျက် အော်ဟစ်လိုက်သည်။ "ဒီနေ့ကတော့ မင်းသေပြီး ငါရှင်သန်ရမယ့်နေ့ပဲဟေ့!!"

သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကို ဖုံးလွှမ်းထားသော ရွှေရောင်နေလုံးကိုးခုသည် ပြိုကျလာတော့၏။

"မင်းကိုယ်မင်း ရှင်သန်ဖို့ထိုက်တန်တယ်လို့ ထင်နေတာလား?" ယဲ့ကျွင်းလင်က စောင်းမြောင်းချေပကာ သူ့လက်ထဲရှိ ရောင်ခြည်ငါးသွယ်ကို ထုတ်လွှတ်လိုက်သည်။

ရောင်ခြည်ငါးသွယ်သည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းအားကို သယ်ဆောင်ထားပြီး ပေတစ်သောင်းမျှရှည်လျားသော ငါး‌ရောင်ခြယ်အလင်းတန်းများသည် တစ်ဖက်ရန်သူထံမှ ရွှေရောင်အလင်းတန်း ကိုးခုနှင့် လမ်းခုလတ်တွင် တိုးတိုက်မိတော့သည်။

ဒိန်း!!!

မြစ်မင်းရတနာအပေါင်း ကျယ်ပြောလှ‌သော သမုဒ္ဒရာကြီးထဲ စီးဆင်းကျရောက်သွားသကဲ့သို့ ရောင်ခြည်ငါးသွယ်သည် ရွှေရောင်အလင်းတန်းများကို တစ်ခုပြီးတစ်ခု မျိုချသွားလေသည်။ အဆုံးမရှိသော စွမ်းအင်သည်ကား အရှိန်မကျသေးဘဲ အရှင်ကျွီယန်းထံသို့ ဦးတည်ချီတက်လာပြန်၏။

ဤမြင်ကွင်းကို မြင်သောအခါ အရှင်ကျွီယန်းသည် ပထမတွင် အံ့အားသင့်စွာ‌တောင့်ခဲသွားရပြီးနောက် သူ့ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အရူးတစ်ယောက်ကဲ့သို့ အသံထွက်ရယ်မောလိုက်သည်။ "ဒါတွေအားလုံးက အတုတွေပါ၊ အတုအယောင်တွေ!"

အဆင့်မြင့် မသေမျိုးအရိပ်တစ်ပါးသည် ဤသို့ရူးသွပ်သွားလိမ့်မည်ဟု မည်သူမှ စိတ်ပင်မကူးဖူးခဲ့။

မကြာမီ လူအများအပြား၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများရှေ့မှောက်တွင် ထိုမသေမျိုးအရိပ်၏ ခန္ဓာသည်ကား နေမင်းကိုးစင်းနည်းတူ လွှမ်းမိုးရောက်ရှိလာသော ရောင်ခြည်ငါးသွယ်ထံမှ မျိုချခံလိုက်ရလေသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်သည် ကြည်လင်သွားပြီး သဘာဝနေရောင်သည် တောက်ပစွာ ပြန်လည်ထွန်းလင်းလာသည်မှာ ဘာတစ်ခုမှ ဖြစ်ပျက်မသွားခဲ့သည့်အလား။ ပျောက်ကွယ်သေဆုံးသွားသော အရှင်ကျွီယန်းမှာ ဤကမ္ဘာပေါ်တွင် ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလား။

"အိုး နေရောင်လျော့သွားပြီပဲ" မသေမျိုးအရိပ် အရှင်ယဲ့သည်ကား နေကာမျက်မှန်ကို စတိုင်ကျကျချွတ်ကာ ငေးကြောင်နေဆဲဖြစ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားအား အဓိပ္ပာယ်ပါသော မျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ရွှယ်မိသားစု၏ ဘိုးဘေးသည် အံ့အားသင့်မှုတွင် နစ်မြုပ်နေဆဲဖြစ်၏။ ရုတ်တရက် သူ့ဆီရောက်လာသော မသေမျိုးအရိပ် အရှင်ယဲ့၏ အကြည့်ကို သတိပြုမိသော် မျက်နှာအသွေးအရောင်မှာ စက္ကူကဲ့သို့ ဖြူဖျော့သွားပြီး ဒူးထောက်အော်ဟစ်လေတော့သည်။ "မသေမျိုးအရိပ် အရှင်ယဲ့ဟာ အလွန်ကိုအစွမ်းထက်တဲ့ ဒဏ္ဍာရီလာကျင့်ကြံသူကြီးပါပဲ! ဒီငယ်သား လေးစားချီးကျူးလို့ မဆုံးနိုင်တော့ပါဘူး!"

မင်းတို့ဒါကို ရယ်စရာမှတ်နေလား?!

အင်အားကြီးမားလှပါတယ်လို့ နေရာတကာနာမည်ကျော်ပါသည့် ယွီဟွားဂိုဏ်းမှ အဲ့ဒီ အရှင်ကျွီယန်း၊ ဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်မှ ကျင့်ကြံသူ ကျွီယန်းမသေမျိုးအရိပ်သည်ပင် မျက်စိရှေ့ကဤလူကြောင့် အလွယ်တကူ ပျောက်ကွယ်သွားခဲ့သည်မဟုတ်လော။

သူ့ရဲ့ မဖြစ်စလောက်အင်အားလေးနဲ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာတဲ့လဲ?!

ဒါ လက်နက်ချဖို့အကောင်းဆုံးအချိန်ပဲ!

ဝှစ်!

ထိုစဥ် ယဲ့ကျွင်းလင်သည် ရွှယ်မိသားစုဘိုးဘေး၏ နံဘေးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားပြီး သူ့ပခုံးကို ပုတ်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "ရှောင်ရွှယ်၊ အခု ငါတပည့်လက်ခံတဲကိစ္စကို မင်း ဘာမှ ကန့်ကွက်စရာ မရှိတော့ဘူး ဟုတ်တယ်မလား?"

အနားကပ်ပြီး ခြိမ်းခြောက်ခံလိုက်ရသော ရွှယ်မိသားစု၏ ဘိုးဘေးသည် လုံးဝ တန်ပြန်ခုခံမလာဘဲ ချွေးစေးများပြန်နေသော မျက်နှာငယ်လေးဖြင့် ပြန်ပြောလိုက်သည်: "မသေမျိုးအရိပ် အရှင်ယဲ့၊ ကျွန်တော်က ဘယ်လိုအတင့်ရဲပြီး ကန့်ကွက်နိုင်မှာလဲခင်ဗျာ၊ အရှင့်အလိုကျ ခေါ်သွားနိုင်ပါတယ်!"

"ဟဲဟဲ"

ယဲ့ကျွင်းလင်သည် တစ်ဖက်လူ၏ပုခုံးကို လက်ဖဝါးဖြင့် အားထည့်ဆုပ်ကိုင်လိုက်သောကြောင့် ရွှယ်မိသားစုဘိုးဘေး၏ ပခုံးထက်တွင် ဂျွတ်ခနဲအသံတစ်ချက်မြည်သွားကာ နာကျင်မှုက ချက်ချင်းလှိုက်တက်လာသည်။

"အား အရှင်ယဲ့၊ ချမ်းသာပေးပါ၊ မသေမျိုးအရိပ် အရှင်ယဲ့!" ရွှယ်မိသားစုဘိုးဘေးသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ အသိစိတ်မှာ ကြောက်စိတ်များဖြင့်မွှန်ထူလမ်းပျောက်လျက်။

ယခုလေးတင် ဖြစ်ပျက်သွားပါသော မြင်ကွင်းထံမှ သင်ခန်းစာကောင်းကောင်းယူ၍ သူကတစ်ချက်မျှပင် ရုန်းကန်ခုခံခြင်းမရှိဘဲ ငွေရောင်ဆံပင်နှင့် မသေမျိုးအရိပ်အား စိတ်အလိုကျ နှိပ်စက်ခွင့်ပြုထားရလေ၏။

"ငါ့တပည့် လီဝူကျယ်ကို မင်းတို့ ရွှယ်မိသားစုက ဒီလိုမျိုး အနိုင်ကျင့်ခဲ့တာပဲလေ၊ သူ့ဆရာသခင်အနေနဲ့ ငါ သူ့ဘက်က ရပ်တည်ပေးသင့်တယ် မဟုတ်ဘူးလား?" ယဲ့ကျွင်းလင်က အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ အလွန်ကျိုးကြောင်းဆီလျော်ပါတယ်ခင်ဗျာ! အရှင်ယဲ့ ဘာကို အတိအကျ လိုချင်တာလဲဆိုတာကိုပဲ ကျွန်တော် မသိတာပါ" ရွှယ်မိသားစု၏ ဘိုးဘေးက ခါးသီးနာကျင်နေသောလေသံပျော့လေးဖြင့် ပြန်ပြောလာသည်။

လုံးဝ ပြန်ဆန့်ကျင်စရာအကြောင်းမရှိဘူး!

သူက အခုချိန်မှာ အင်အားပိုကြီးတဲ့ရန်သူလက်ထဲကိုကျရောက်နေတာ၊ ရွှံ့စေးရုပ်လေးလို လိုရာပုံသွင်းခံဖို့ပဲ တတ်နိုင်‌‌တော့တယ်လေ!

"ဒီမှာရှိတဲ့ ရွှယ်မိသားစုဝင်တွေကို ကိုယ်တိုင်သတ်ပေး!" ယဲ့ကျွင်းလင်သည် မျက်လုံးများကိုမှေးကျဥ်းလျက် ရုတ်ချည်း‌‌ရေခဲမှတ်အထိကျရောက်သွားသော လေသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။ တစ်ပါတည်းခံစားရသော လူသတ်ချင်စိတ် အငွေ့အသက်သည်ကား ပတ်ဝန်းကျင် အပူချိန်ကိုပင် ကျဆင်းစေတော့၏။

"ခင်ဗျာ?!"

ရွှယ်မိသားစု၏ ဘိုးဘေးမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်ခနဲဖြစ်သွားလျက်။

All Chapters