← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

"ငါ့တောင်းဆိုမှုက အရမ်းများသွားတာလား?" ယဲ့ကျွင်းလင် ‌ခပ်အေးအေးပြန်မေးလိုက်သည်။

ရွှယ်မိသားစုဘိုးဘေးမှာ လွန်စွာမျက်စိမျက်နှာပျက်လျက် စိတ်ထဲမှသာပြန်ပြောရဲလိုက်သည်။ သားရဲတိစ္ဆာန်လောက်တောင် ကရုဏာစိတ်မရှိတဲ့ တောင်းဆိုမှုပါပဲ။

ဤကျွန်းပျံအစုအဝေးတွင် နေထိုင်သော ရွှယ်မျိုးနွယ်စုဝင်များမှာ နည်းဆုံး လူဦးရေသန်းဆယ်ချီလေသည်။ အားလုံးကို ဦးဆောင်လမ်းပြရသော ဘိုးဘေးတစ်ဦးအနေဖြင့် သူက မျိုးနွယ်စုတစ်ခုလုံးကို ပြန်သတ်ပေးရမည်တဲ့။ ကျိုးကြောင်းဆီလျော်ပါသေးသည်လား?

"အရှင်ယဲ့ခင်ဗျာ၊ တောင်းဆိုမှုကို နည်းနည်းလောက်လျှော့ပေးလို့ မရဘူးလား? ရွှယ်မျိုးနွယ်စုဝင် အများအပြားဟာ ဒီကိစ္စမှာ ပါဝင်ပက်သက်ခြင်းမရှိကြတဲ့ အပြစ်မဲ့သူတွေပါ"

ရွှယ်မိသားစု၏ ဘိုးဘေးသည် နှိမ့်ချရိုကျိုးသော လေသံဖြင့် တောင်းပန်ရှာလေသည်။

"ဟမ့်! မင်းက မျိုးနွယ်စုတစ်ခုစာပဲ ဆုံးရှုံးရမှာ၊ ဒါပေမဲ့ ငါ့တပည့်က သူ့ရဲ့ ညီမတစ်ယောက်လုံးကိုတောင် ဆုံးရှုံးခဲ့ရတာ! မင်းလိုအဘိုးကြီးမှာ စာနာစိတ်နည်းနည်းတောင် မရှိဘူးလား?" ယဲ့ကျွင်းလင် ဒေါသတကြီးဖြင့် ဖိဟောက်လိုက်သည်။

"အရှင် အရှင်ပြောတာ မှန်ပါတယ်" ရွှယ်မိသားစုဘိုး‌ဘေးသည် မျက်နှာကြွက်သားများတုန်သွားသည်အထိ အတင်းအကျပ်တွန်းအားပေးကာပြန်ဖြေလိုက်ရသော်လည်း တစ်ဖက်လူ၏စကားများကို တစ်နေရာရာ၌ ကြားဖူးနေသလိုလို။

"နည်းနည်းလောက် အမြင်ကျယ်စမ်းပါ၊ မင်းက အခု မသေမျိုးအရိပ်ကျင့်ကြံဆင့်ကို ရောက်သွားပြီဆိုတော့ နှစ်ပေါင်းသိန်းနဲ့ချီပြီး ဆက်ရှင်သန်နိုင်ပြီလေ၊ မင်းအတွက် နောက်အိမ်ထောင်ပြုဖို့၊ ကလေးတွေရဖို့၊ မျိုးဆက်သစ်တစ်ခုကို စတင်ဖို့ လုံလောက်တာထက်တောင်ပိုနေသေးတယ် မဟုတ်ဘူးလား?" ယဲ့ကျွင်းလင် အဘိုးကြီးကို ဆက်လက် ဖိအားပေးနေသည်။

ရွှယ်မိသားစု၏ ဘိုး‌ဘေးမှာတော့ အတော်လေးအကျပ်ကိုင်ခံနေရသော အမူအရာဖြင့်။ သူသာ ကိုယ့်မျိုးနွယ်စုကိုယ် ပြန်လည်လက်စတုံးလိုက်ရလျှင် အပြစ်မကင်းစိတ်ကနှောင့်ယှက်လွန်း၍ ကျန်သည့်သက်တမ်းတစ်လျှောက်လုံး စိတ်ရှင်းရှင်းဖြင့် ကျင့်ကြံနေထိုင်နိုင်တော့မည်မဟုတ်ပေ။

"အမသေမျိုးအရိပ် အရှင်ယဲ့၊ ကရုဏာစိတ်လေး စွန့်ကြဲပေးပါဦး! ကျွန်တော် တကယ် မလုပ်နိုင်လို့ပါ..." ရွှယ်မိသားစု၏ ဘိုးဘေးသည် အပူတပြင်း တောင်းပန်တိုးလျှိုးလာသည်။

ယဲ့ကျွင်းလင်သည် သူ့ကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေပြီး တစ်ခုခုကို စဥ်းစားခန်းဝင်နေဟန်ဖြင့် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။ သူသည် ကောင်းကင်ထက်သို့မော့လျက် သက်ပြင်းအသာချကာ ခေါင်းခါလိုက်ပြီး စိတ်လျှော့လိုက်သောလေသံဖြင့် ပြောလာသည်။ "ထားလိုက်ပါတော့၊ ကျိုးကြောင်းမဆီလျော်လည်း ကိစ္စမရှိဘူးလို့ပဲ သဘောထားလိုက်ပါတော့မယ်၊ ဒီလိုဆို မင်းအပြစ်သားကိုပဲ ရှင်းပေးလိုက်ပါတော့"

ထိုစကားကိုကြားသော်...

ရွှယ်မိသားစု၏ ဘိုးဘေးသည် အံ့သြဝမ်းမြောက်စွာဖြင့် ရွှင်လန်းတက်ကြွစွာ အရိုအသေပြုလျက် ကျေးဇူးတင်လာလေသည်။ "မသေမျိုးအရိပ် အရှင်ယဲ့ခင်ဗျာ၊ ကျေးဇူးကြီးမားလှပါတယ်!!"

ရွှယ်မျိုးနွယ်စုတစ်ခုလုံးကို သတ်ဖြတ်ရမည့်အရေးမှ ပြဿနာ၏အကြောင်းရင်းဖြစ်သော အပြစ်သားတစ်ဦးကိုသာ အပြစ်ချေသည့်အနေဖြင့် ရှင်းလင်းပေးရခြင်းသည် အကောင်းဆုံးသော လျှော့ပေါ့ပေးခြင်းပင် မဟုတ်ပါလော။

ထို့နောက် ရွှယ်မိသားစုဘိုးဘေး၏ မျက်လုံးများသည် အေးစက်သွားပြီး အဝေးတစ်နေရာရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားကို လှမ်း၍စိုက်ကြည့်လိုက်သည်။

"ဘိုးဘေး၊ ခင်ဗျား..." ရွှယ်မိသားစုခေါင်းဆောင်၏ မျက်နှာသည် သွေးမရှိတော့ဘဲ အခြေအနေမဟန်တော့ကြောင်း ခံစားမိနေလေပြီ။

ယဲ့ကျွင်းလင်သည် သူတို့ကြားမှစကားသံများကို အသံလုံအောင် ကန့်သတ်ဖုံးကာထားခြင်းကြောင့် အပြင်လူများအနေဖြင့် အခြေအနေကို မြင်ရုံသာမြင်နိုင်ပေသည်။

"သေစမ်း!"

ထိုအချိန်တွင် ရွှယ်မိသားစု၏ ဘိုးဘေးသည် ပြတ်ပြတ်သားသားပင် လက်ကို ဆန့်ထုတ်လိုက်ကာ ရွှယ်မိသားစုခေါင်းဆောင်ကို ချက်ချင်းဆိုသလို သွေးပျက်ချောက်ချားဖွယ် အမှုန်အမွှား အစအနများအဖြစ် ဘဝပြောင်းအောင် ရိုက်သတ်လိုက်တော့၏။

"ခေါင်းဆောင်!"

ရွှယ်မိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရွှယ်ထျန်းယိသည် စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားပြီးမှ တုံ့ပြန်နိုင်ခဲ့ကာ နှလုံးအိမ်ကို ဆွဲဆုတ်ခံရသကဲ့သို့ အော်ဟစ်လိုက်သည်: "အဖေ!!!"

သူ၏ ဘိုးဘေးကိုယ်တိုင် ဖခင်ဖြစ်သူကို ဤသို့ရက်ရက်စက်စက် သတ်ပစ်လိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပါ။

"ဘာကြောင့်လဲ ဘိုးဘေး၊ ဘာလို့ဒီလိုလုပ်ရတာလဲ?" ရွှယ်ထျန်းယိက နီရဲနေသောမျက်လုံးအစုံဖြင့် မေးသည်။

ရွှယ်မိသားစုဘိုးဘေးက မြေးဖြစ်သူ၏အမေးကိုလျစ်လျူရှုကာ ယဲ့ကျွင်းလင်ကိုသာ မျက်နှာလိုမျက်နှာရဖြင့် မေးလိုက်သည်။ "အရှင်ယဲ့ စိတ်ကျေနပ်တော်မူပါရဲ့လား?"

ယဲ့ကျွင်းလင်က မျက်နှာမည်းကြီးဖြင့် ပြန်အော်လိုက်သည်။ "ငါ့ဖင်ကြီးကိုကျေနပ်ပါ့လား? ဝက်ဦးနှောက်နဲ့ကောင်! ဟိုအရူးကိုသတ်ခိုင်းတာ ဘာကိစ္စသူ့အဖေကိုသွားရိုက်သတ်တာလဲဟ"

ရွှယ်ဘိုးဘေးကတော့ အပြစ်ကင်းစင်စွာပင် အူကြောင်ကြောင်နှင့်ပြန်ကြည့်လာလေသည်။ "အရှင်ပဲ အပြစ်သားကိုသတ်ဆိုလို့လေ၊ သားတစ်ယောက်ကို ကောင်းကောင်းသင်ကြားပေးရမှာ အဖေတစ်ယောက်ရဲ့တာဝန်မဟုတ်ဘူးလား၊ ဒီကိစ္စကို တာဝန်ယူရမယ့်သူကလည်း သူ့အဖေပဲပေါ့၊ ကျွန်တော်ပြောတာမမှန်လို့လားခင်ဗျာ"

ယဲ့ကျွင်းလင်: "......"

တော်လိုက်တာ၊ ဆက်စပ်တွေးခေါ်နိုင်စွမ်းအရမ်းကောင်းတာပဲ! သင်္ချာပါရဂူဝင်စားတာလား?

ယဲ့ကျွင်းလင် စိတ်ဆိုးမာန်ဆိုးဖြင့် ဟောက်လိုက်သည်။ "မသိဘူးကွာ၊ စုံဂဏန်းဖြစ်အောင် သူ့သားပါသတ်လိုက်တော့"

"ဟုတ်ကဲ့ခင်ဗျာ"

ဝမ်းနည်းနာကျင်လျက်သာရှိသေးသော ရွှယ်ထျန်းယိမှာ ရုတ်တရတ် သူ့ခန္ဓာကိုယ်ထက်လွှမ်းမိုးလာသော ဖိအားကြီးကို ခံစားမိလိုက်ပြီး အရိုးများ တဂျွတ်ဂျွတ်မြည်လာကာ ခန္ဓာကိုယ်တွင်းရှိကလီစာများ လောင်ကျွမ်းပြာကျတော့မတတ် ပူလောင်လာ၏။ မျက်နှာအသွေးအရောင်မှာတော့ ဖြူဆုတ်လျက် မျက်လုံးများ ကျွတ်ကျတော့မတတ် ပြူးကျယ်လာသည်။ ထို့နောက် သူ့ကိုတိုက်ခိုက်မည့်သူအား မယုံနိုင်စွာ မော့ကြည့်မိလျက်။

"ဘိုး... ဘိုးဘေး၊ ခင်ဗျား..."

ရွှယ်ထျန်းယိ၏ လောကအမြင်မှာ ပြောင်းပြန်လန်သွားခဲ့ရတော့သည်။ တစ်နေ့တွင် သူသည် သူအလွန်ဂုဏ်ယူခဲ့သော အားကိုးအားထားပြုခဲ့သော ဘိုးဘေး၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

"မင်းလို ကောင်မျိုးကြောင့် ငါတို့မျိုးနွယ်တစ်ခုလုံး မင်းနဲ့အတူ မြေမြှုပ်ခံရတော့မလို ဖြစ်ခဲ့တာ!!"

"သေလိုက်စမ်း!!"

ရွှယ်မိသားစု၏ ဘိုးဘေး၏ လေသံသည် စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ လက်ဖဝါးကို တင်းတင်းဆုပ်လိုက်တော့၏။

ဘုန်း!

"အား..." ရွှယ်ထျန်းယိသည် ‌နေရာတွင်ပင် ချက်ချင်း ပေါက်ကွဲသွားပြီး တောက်ပနီရဲသော လူ့အသွေးအသား အမှုန်အမွှားများက လေထဲသို့ ဖောင်းခနဲလွင့်စင်ထွက်သွားလေသည်။

ပွဲကြည့်ပရိတ်သတ် အများအပြားမှာ ဘာမှမသိနားမလည်လိုက်ပါဘဲ မျက်စိရှေ့မှမြင်ကွင်းကိုသာ မယုံနိုင်စွာငေးကြည့်မိကြလျက်။

"ကောင်းပြီ၊ အခု ငါတို့ကြားကမကျေပွဲတွေကို ပယ်ဖျက်ပေးလိုက်ပြီ" ယဲ့ကျွင်းလင်က ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည်။

ရွှယ်မိသားစု၏ ဘိုးဘေးက ကျေးဇူးတင်စွာ ပြန်ပြောလေသည်။ "မသေမျိုးအရိပ်အရှင်ယဲ့ကို ကျေးဇူးအထူးတင်ပါတယ်! အရှင့်ရဲ့ကြီးမားလှတဲ့ မေတ္တာတရားကို ရွှယ်မိသားစုကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါရစေခင်ဗျာ!"

"ဟားဟားဟား..." ထိုအချိန်တွင် လီဝူကျယ်၏ နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ ထုံးဖွဲ့နေခဲ့သော ရန်ငြှိုးကြိုးထုံးကြီးမှာ နောက်ဆုံးတွင် ပြေလျော့သွားခဲ့ပြီး ဝမ်းသာလွန်း၍ မျက်ရည်များစို့ကာ ကောင်းကင်ထက်သို့မော့ကြည့်လျက် အော်ပြောလိုက်သည်။ "ညီမလေး၊ မင်းကြည့်နေရဲ့လား? ဒီသားရဲက နောက်ဆုံးတော့ သူ့အပြစ်ကြွေးသူ ဆပ်လိုက်ရပြီကွ!"

ယဲ့ကျွင်းလင်သည် သွေးအိုင်ထဲ၌သာရှိသေးသော လီဝူကျယ်၏ရှေ့မှောက်သို့ လျှပ်တစ်ပြက် ရောက်လာပြီး လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။ "လီဝူကျယ်၊ မင်းရဲ့ လက်စားချေမှုကိစ္စကြီး အောင်မြင်သွားပြီဆိုတော့ ငါ့တပည့်ဖြစ်ဖို့ရော ဆန္ဒရှိလား?"

လီဝူကျယ်သည် အံ့အားသင့်စွာဖြင့် ငွေရောင်ဆံပင်နှင့်ကယ်တင်ရှင်ကို မော့ကြည့်ကာ မျက်ရည်များ မတားနိုင်မဆီးနိုင် စီးကျလာတော့သည်။ အလွန်စိတ်လှုပ်ရှားနေသောကြောင့်လားမသိ၊ သူ့အသံသည်လည်း တုန်ယင်လို့နေ၏။

"ကျုပ် လီဝူကျယ်ဟာ အရှင့်ရဲ့ ဂိုဏ်းထဲကို ဝင်ဖို့ ဆန္ဒရှိပါတယ်! ဒီနေ့ကစပြီး ဒီတပည့်ရဲ့ နိမ့်ကျတဲ့ အသက်ဟာ ဆရာသခင်ရဲ့ပိုင်ဆိုင်မှုပါပဲ! သေဖို့ခိုင်းစေရင်တောင် မငြိုမငြင် မတွန့်မဆုတ်ပဲ ချက်ချင်းအမိန့်နာခံပေးပါ့မယ်လို့ ကတိသစ္စာပြုပါတယ်!"

"ဂိုဏ်းနဲ့ ဆရာသခင်ကို သစ္စာဖောက်ခဲ့မိရင် ကျုပ် လီဝူကျယ်ဟာ မြှုပ်နှံစရာ သင်္ချိုင်းမရှိပါဘဲ သေဆုံးပါစေ!!!"

ကတိသစ္စာပြုသံတွင် အဆုံးမရှိခိုင်မာသော ဆုံးဖြတ်ချက်များ ပါဝင်ပြီး လေသံသည် လွန်စွာ ခိုင်မြဲပြတ်သားပေ၏။

လူအများရှေ့တွင် လီဝူကျယ်သည် ဒူးတစ်ဖက်ထောက်နေသော ပုံစံကို တတ်နိုင်သမျှ ထိန်းသိမ်းကာ မြေပြင်ပေါ်သို့ လေးလေးနက်နက် ဦးညွှတ်ချလျက် အားကုန် အော်ဟစ်လိုက်သည်: "တပည့် လီဝူကျယ် ဆရာသခင်ကို ဦးညွှတ်ပါတယ်!!"

"ဟုတ်ပြီ" ယဲ့ကျွင်းလင် ကျေနပ်စွာ ပြုံးလိုက်သည်။

【တင်၊ တာဝန်ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ အမြင့်မြတ်ဆုံး လက်ဝှေ့ပညာရပ်ဖြစ်သော တိုက်ပွဲဝင် သူတော်စင်လက်သီးကို ဆုလာဘ်အဖြစ် ရရှိပါတယ်ရှင်】

စနစ်၏ မင်္ဂလာရှိသော အချက်ပေးသံသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။

All Chapters