တပည့်အသစ်၏ ကိန်းအောင်းနေသောသွေးမျိုးဆက်ကို အသက်သွင်းခြင်း
Vol. 6 Ch. 82
【တင်၊ တပည့်အသစ်ရဲ့ အရည်အချင်းဟာ အလွန်ထူးချွန်ပါကြောင်း တွေ့ရှိရတဲ့အတွက် စနစ်မှ အခမဲ့ အဆင့်မြှင့်တင်ခြင်း ဝန်ဆောင်မှုပက်ကေ့ချ်ကို ပေးအပ်လိုက်ပါတယ်ရှင်!】
【တင်၊ သာမန်နှင့်မတူ ထူးကဲသာလွန်ပါတဲ့ ဓားသိုင်းပညာရပ်၊ ရှုပ်ထွေးပွေလီ ကောင်းကင်ဓားသိုင်းကို ဆုချီးမြှင့်လိုက်ပါတယ်ရှင့်】
【တင်၊ တပည့်ဖြစ်သူရဲ့ ခန္ဓာအတွင်းမှာ ကိန်းအောင်းနေတဲ့ 'ရူးသွပ်ကြမ်းတမ်းသော သွေးမျိုးဆက်' ကို အသက်သွင်းဖို့အတွက် ချမ်ယွမ် သွေးမီးညှိဆေးတစ်လုံးကို ဆုအဖြစ် ချီးမြှင့်လိုက်ပါတယ်】
【ရူးသွပ်ကြမ်းတမ်းသော သွေးမျိုးဆက်】: မရေမတွက်နိုင်သော စကြဝဠာများစွာတွင် တွေ့ရခဲလှပါသော အလွန်ရှားပါးသော ကိုယ်ခန္ဓာဖွဲ့စည်းပုံဖြစ်သည်။ ပိုင်ဆိုင်သူများသည် တိုတောင်းသော အချိန်တစ်ခုအတွင်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အဆမတန် မြှင့်တင်နိုင်သော်လည်း အကျိုးဆက်အနေဖြင့် စိတ်နေစိတ်ထား မှားယွင်းချွတ်ချော်ကာ ရူးသွပ်ကြမ်းတမ်း ပုန်ကန်ထကြွလိုစိတ်များ ပေါ်ပေါက်လာနိုင်သည်။ အခြေအနေ ပိုမိုပြင်းထန်ပါက ၎င်းတို့သည် မိမိ၏ကိုယ်ပိုင်အသိစိတ်ကိုပင် ဆုံးရှုံးသွားမည်ဖြစ်ကာ အသက်မသေမချင်း အမြဲတစေ တွေ့သမျှလူတိုင်းကို လိုက်လံသတ်ဖြတ်၍ ဘဝကုန်ဆုံးရပေမည်!
"အင်း.. မထင်မှတ်ဘဲ ရတနာတစ်တုံးကောက်ရလိုက်တာပဲ" ယဲ့ကျွင်းလင်သည် တပည့်အသစ်၏ပါရမီကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
လီဝူကျယ်၏ ထိန်းချုပ်မှုကင်းမဲ့ပြီး တဇွတ်ထိုးနိုင်သော အပြုအမူများသည် ကိန်းအောင်းနေသော သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ပေမည်။
ဤသွေးမျိုးဆက်ကို အသက်သွင်းပါက ထိုသူ၏ တိုက်ရည်ခိုက်ရည်နှင့် အင်အားသည် အချိန်တိုအတွင်း အဆမတန် မြင့်တက်လာနိုင်သော်ငြား အားနည်းချက်မှာ ထိုစွမ်းအားတိုးမြင့်မှု ကြာရှည်မခံနိုင်ခြင်း သို့မဟုတ် စိတ်နေစိတ်ထားကို ပြင်းထန်စွာ သက်ရောက်သွားနိုင်ကာ ဖျက်ဆီးချေမှုန်းဖို့နှင့် လူသတ်ဖို့ကိုသာ သိနိုင်တော့သော စိတ္တဇလူသတ်သမားတစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းပင်!
ထိုအတွေးများသည် သူ့စိတ်ထဲတွင် တဝဲလည်လည် ဖြစ်နေလျက် ဝေခွဲလို့မရနိုင်သေး။
ထို့နောက် ယဲ့ကျွင်းလင်သည် လက်ညှိုးကို ဆန့်တန်းလိုက်ကာ တစ်ဖက်လူ၏ဦးခေါင်းထက်သို့ ညင်သာစွာ ထိ၍ ပြောလိုက်သည်။ "လီဝူကျယ်၊ မင်းရဲ့ ဆရာသခင်က မင်းကို ဓားသိုင်းပညာရပ်အသစ်တစ်ခု ပေးတော့မယ်"
ဤစကားကို ကြားသောအခါ လီဝူကျယ်၏ အသက်ရှူသံ တုံ့ဆိုင်းသွားသည်။
သူသည် လက်ရှိတွင် အထွဋ်အထိပ်သို့တက်ရောက်ခြင်း အဆင့်မှ ဆရာတူအစ်ကိုတစ်ဦး ချန်ထားခဲ့သော ဓားအမွေအနှစ်မှ ဆင်းသက်လာသည့် အဆင့်မြင့် မူလဓားသိုင်းပညာရပ်ကို လေ့ကျင့်နေခြင်းဖြစ်၏။
(သူဒီမှာသုံးထားတဲ့ဓားက ဓားရှည်ကိုမှ အဖြောင့်မဟုတ်ဘဲ အကောက်အမျိုးအစားပါ)
အသစ်စက်စက် ရရှိလာသော ဆရာသခင်သည် ဘေးဒုက္ခကျော်ဖြတ်ခြင်းအဆင့်မှ ကျင့်ကြံသူဖြစ်သောကြောင့် သူ့အား မည်သည့်အဆင့်ရှိ ဓားသိုင်းပညာရပ်ကို ပေးလာမည်ဆိုတာ သူလည်း မသိနိုင်ပါ။
အမှန်စင်စစ် လီဝူကျယ်သည် နည်းနည်းတော့ စိုးရိမ်နေခဲ့သည်ပင်။ အကြောင်းမှာ သူ၏အမြင်တွင် ယဲ့ကျွင်းလင်သည် ဓားသမားတစ်ဦးမဟုတ်ပါဘဲ ဓားသိုင်းပညာရပ်အကြောင်းကို အပေါ်ယံသဘောတရားလောက်သာ နားလည်ထားပုံရသောကြောင့် ကျင့်စဥ်ပညာရပ်များ ရွေးချယ်ချီးမြှင့်ရာတွင် တစ်ခုခု လွဲမှားသွားနိုင်သည်မဟုတ်လော။
ကိုယ်ကျွမ်းကျင်သောနယ်ပယ်ကိုသာ အထူးပြုလေ့လာရမည်ဟု အဆိုရှိပါသည်။ လူတို့သည် ကိုယ်နားမလည်သည့်ကိစ္စရပ်တစ်ခုကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတန်ရာ။
သို့သော် နောက်တစ်စက္ကန့်တွင် လီဝူကျယ်သည် သူအထင်မှားမိသွားကြောင်း သဘောပေါက်လိုက်ရသည်။
သူ၏ အသိစိတ်ပင်လယ်အတွင်းတွင် ရွှေရောင်စာလိပ်တစ်ခု ပေါ်ထွက်လာပြီး ၎င်းပေါ်ရှိ စာလုံးကြီးများမှာ လွတ်လပ်ပြီး ဆန့်ကျင်ပုန်ကန်တတ်သော သဘောသဘာဝရှိကာ အချိန်ယန္တရားကိုပင် ဓားချက်တစ်ချက်နှင့် ဖြတ်တောက်ရပ်ဆိုင်းစေနိုင်သော အာဏာစက်တစ်မျိုး ပါဝင်သည်။
လီဝူကျယ်သည် တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်: "ရှုပ်ထွေးပွေလီ ကောင်းကင်ဓားသိုင်း!"
စာလိပ်သည် ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး မရေမတွက်နိုင်သော ဗဟုသုတပညာရပ်များ အချက်အလက်များက သူ့စိတ်ထဲသို့ အလိုအလျောက် စီးဝင်လာသည်။ အမျိုးမျိုးသော အနုစိတ်လက်ရာမြောက် ဓားသိုင်းပညာရပ်များသည် သေးငယ်သော ကာတွန်းရုပ်ပုံများအဖြစ် ပြောင်းလဲသွားကာ တစ်ကွက်ပြီးတစ်ကွက် လျင်မြန်စွာသရုပ်ပြလျက် သူ့ဦးနှောက်ထဲသို့ အလုံးစုံခုန်ဝင်လာသည်။ လီဝူကျယ်သည် ရေမြှုပ်မှရေကိုစုပ်ယူသကဲ့သို့ လောဘကြီးစွာ ဗဟုသုတအမြောက်အများကို မနားတမ်းစုပ်ယူနေလိုက်သည်။
ထိုစက္ကန့်အနည်းငယ်အတွင်း လီဝူကျယ်သည် အလွန်အံ့အားသင့်သွားရသော အမူအရာဖြင့် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာသည် သွေးများ စီးကျတော့မည့်အလား နီမြန်းနေပြီး အသက်ရှူသံများ မြန်ဆန်ကာ ရေရွတ်လိုက်မိသည်။ "ဒါ ဘယ်အဆင့်က ဓားသိုင်းပညာရပ်ကြီးလဲ? တကယ်ကို အင်အားကြီးလွန်းတယ်!"
သက်တမ်းတစ်လျှောက်လုံးကို ဓားပညာလမ်းကြောင်းအတွက်သာ မြှုပ်နှံဆည်းပူးခဲ့ပါသော လီဝူကျယ်သည် ရှုပ်ထွေးပွေလီ ကောင်းကင်ဓားသိုင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လူရောစိတ်ပါ ယစ်မူးစွာ ပျော်ဝင်နစ်မြုပ်သွားတော့၏။
ယခင်က သူသည် ဓားသိုင်းပညာလမ်းကြောင်းတွင် အောင်မြင်မှုအချို့ ရရှိခဲ့သည်မှန်သော်လည်း ယခုတော့ ထိုအောင်မြင်မှုများမှာ မည်မျှပင်ရိုးစင်းပြီး ရယ်ချင်စရာကောင်းလောက်အောင် တုံးအနေခဲ့သည်မှန်း သဘောပေါက်ခဲ့ရလေပြီ။
"ကျင့်စဥ်ပေးသနားတော်မူသောကြောင့် တပည့်လီဝူကျယ် ဆရာသခင်အား ကျေးဇူးတင်အပ်ပါတယ်!!" လီဝူကျယ်သည် မျက်ရည်တလည်လည်ဖြင့် အော်ဟစ်ကြွေးကြော်ကာ စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ ဦးညွှတ်လိုက်သည်။
သူကဲ့သို့ ဓားသိုင်းရူးတစ်ဦးအတွက် ဤမျှကောင်းမွန်သော အဖိုးတန်ဓားသိုင်းပညာရပ်သည် အသက်ထက်ပင် အရေးပါလှပေ၏။
"အဟွတ် အဟွတ်..." အားကြိုးမာန်တက် တစ်ချက်ထအော်လိုက်ပြီးနောက် ရုတ်တရက် လီဝူကျယ်သည် နီညိုရောင် သွေးများကို အန်ထုတ်လိုက်ရကာ အရှိန်အဝါသည်လည်း သိသိသာသာကို အားနည်းသွားရလေသည်။ သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး မျက်နှာကွက်ခနဲ ပျက်ယွင်းသွား၏။
အစောကတိုက်ပွဲတွင် သူသည် သူသေကိုယ်သေ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ပြီး လျှို့ဝှက်နည်းပညာတစ်ခုကို စိတ်လိုက်မာန်ပါ အသုံးပြုခဲ့သောကြောင့် ခန္ဓာကိုယ်သည် ပြိုလဲကျလုနီးပါးဖြစ်သွားကာ ကျင့်ကြံရေးအခြေခံအုတ်မြစ်သည်လည်း ပြင်းထန်စွာ ထိခိုက်ခဲ့ရသည်ပင်။ ကံကောင်းစွာဖြင့် သူအသက်ဆက်ရှင်နိုင်ခဲ့လျှင်ပင် နောင်အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းအတွက် သေချာပေါက် အဟန့်အတား ဖြစ်ပေလိမ့်မည်။
"ဆရာသခင်၊ ကျွန်တော် ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးမိမှာ စိုးကြောက်မိပါတယ်" လီဝူကျယ် နောင်တအပြည့်ကိုသယ်ပိုးလျက် သက်ပြင်းချလိုက်မိသည်။
ယဲ့ကျွင်းလင်က ပြုံးလျက်သာ ပြန်ပြောလိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ? အရင်ဆုံး ဒီဆေးကို စားထားလိုက်၊ မင်းခန္ဓာကိုယ်မှာ ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်"
ပြောရင်းဆိုရင်း ဆေးတစ်လုံးပါသော သေတ္တာတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
လီဝူကျယ်သည် ဂရုတစိုက် လှမ်းယူလိုက်ပြီး မျှော်လင့်တကြီးဖြင့် ဖွင့်လိုက်သောအခါ မျက်လုံးအစုံမှာ အံ့အားသင့်မှုများ ပြည့်နှက်သွားလျက်။
ဤဆေးလုံး၏ အပြင်ပိုင်းပုံသဏ္ဌာန်သည် တစ်မျိုးကြောက်စရာကောင်းပြီး အရောင်မည်းမည်းဖြင့် အနံ့ဆိုးများ ထွက်နေကာ ဥပမာပြုရလျှင် ခွေးချေးပုံနှင့် အနည်းငယ် ဆင်တူလေသည်။
လေလံပွဲတစ်ခုခုကိုသာ ရောင်းချဖို့ယူသွားမိပါက အမြင်ဖြင့်ပင် ပြဿနာရှာရန်ရောက်လာသည်ဟုယူဆကာ ဝိုင်းဆဲပြီးနှင်လွှတ်ကြမည်မလွဲ။
"ဒါ၊ ဒါ ကျွန်တော် စားဖို့လား?" လီဝူကျယ် အသံတုန်တုန်ဖြင့်မေးလိုက်သည်။ ယဲ့ကျွင်းလင်ကိုယ်တိုင် ပေးအပ်လာခြင်းမဟုတ်ပါလျှင် သူ အလိမ်ခံနေရသည်ဟု တကယ်ထင်မိလိမ့်မည်!
ယဲ့ကျွင်းလင်လည်း ထိုနေရာတွင် အံ့အားသင့်စွာ ဆွံ့အနေမိသည်။
စနစ်မှ ပေးသော ဆေးလုံးသည် ထိုကဲ့သို့ ရွံစရာအသွင်အပြင်ရှိပြီး အနံ့ဆိုးများပင်ထွက်နေလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
"စနစ်၊ မင်း ငါ့ကို လှည့်စားနေတာတော့ မဟုတ်ဘူးမလား? ဒါက ငါ့တပည့်ရဲ့ သွေးမျိုးဆက်ကို အသက်သွင်းဖို့ တကယ်ကူညီနိုင်မှာဟုတ်ရဲ့လား?"
ယဲ့ကျွင်းလင် တိတ်တဆိတ် မေးလိုက်သည်။
【တင်၊ ပိုင်ရှင်က ဒီစနစ်ရဲ့ကျွမ်းကျင်မှုကို သံသယဝင်နေတာပါလား? စနစ်အရမ်းဝမ်းနည်းမိပါတယ် ဝူးဝူး~】
စနစ်၏ နူးညံ့ချိုမြိန်သော ပျော့နွဲ့နွဲ့မိန်းကလေးသံလေးသည် အနိုင်ကျင့်ခံလိုက်ရသကဲ့သို့ တဟင့်ဟင့်ငိုကြွေးသံနှင့်အတူ စကားပြန်လာလေသည်။
ဪ အသံလေးပြောင်းခိုင်းလိုက်မိတာ စကားပြောပုံပြောနည်းပါ ပြောင်းသွားသေးတာကိုး။
"ဟုတ်ပါပြီ၊ မင်းကို ငါယုံပါတယ်!" ယဲ့ကျွင်းလင် ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
ထို့နောက် သူသည် စိတ်ရှုပ်ထွေးနေသော လီဝူကျယ်ကို ကြည့်ကာ လေးနက်တည်တံ့သောအသံဖြင့် ဆိုလိုက်သည်။ "မင်းဘာကို ဆိုလိုတာလဲ? ဆရာသခင်ကို မယုံဘူးလား? ခုနက မင်းရဲ့ ကျိန်ဆိုချက်ကိုရော ဘယ်နားသွားထားလိုက်ပြီလဲ?!"
ထိုစကားကိုကြားသော် လီဝူကျယ်သည် သူ့ကိုယ်သူ အလွန်အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ ဘယ်တပည့်ကောင်းက ကယ်တင်ရှင် ဆရာသခင်ကို ဤသို့ မရိုမသေ မေးခွန်းထုတ်နိုင်မည်နည်း။
ဆရာသခင်ရဲ့ အမိန့်သာဆိုရင် တကယ်ခွေးချေးဖြစ်နေတော့ရော ဘာအရေးလဲ?!
"ဆရာသခင်! တပည့်မှားသွားတာပါ! ဒီတပည့် အခုချက်ချင်း ဒီခွေးချေးကို စားလိုက်ပါ့မယ်၊ အာ... မဟုတ်ဘူး၊ ဒီဆေးလုံးကို စားလိုက်ပါ့မယ်!"
လီဝူကျယ်သည် မသက်မသာဖြစ်မှုကို သည်းခံကာ ဆေးလုံးကို ပါးစပ်ထဲ ထည့်၍ မျိုချလိုက်သည်။ ချက်ချင်းဆိုသလို ဆေးစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ အာနိသင်ပြလာပြီး လက်ခြေနှင့် အရိုးအဆစ်များအတွင်းသို့ ပူပြင်းစွာ ပျံ့နှံ့စီးဆင်းသွားလေသည်။
"အား... ဆရာသခင်... ဆရာသခင်... ကျွန်တော် တစ်မျိုးကြီးခံစားရတယ်..."
ရုတ်တရတ်ဆိုသလိုပင် လီဝူကျယ်သည် တစ်ကိုယ်လုံး မီးလောင်တိုက်သွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ အရေပြားသည် မီးပုံထဲထိုးထည့်ထားသော သံပူချောင်းကဲ့သို့ ပူပြင်းလောင်မြိုက်လာပြီး တစ်ကိုယ်လုံးရှိ အမာရွတ်များသည် လျင်မြန်စွာ ပျောက်ကင်းသွားသည်။ မျက်လုံးများသည် တဖြည်းဖြည်း နီရဲတောက်ပြောင်လာလျက် မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းစွာ ရွဲ့စောင်းသွားကာ ဖြူစွတ်စွတ် သွားများကြားမှ တံတွေးများ စီးကျလာပြီး ခြုံပြောရလျှင် အသိစိတ်ပျောက်သွားသော သားရဲတိရိစ္တာန်တစ်ကောင်နှင့် အသွင်တူသည်။
"အား!!"
ကမ္ဘာတစ်ခုလုံးကို ဆွဲကိုင်လှုပ်တော့မတတ် ပြင်းရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိလူအများမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် နားများကိုတင်းတင်းပိတ်ဆို့ထားလိုက်သည့်တိုင် နားစည်အထိ ရိုက်ခတ်မြည်ဟီးလာသော နာကျင်မှုကို ခံစားနေရ၏။
"ဘုရားရေ၊ ဓားနတ်ဆိုး လီဝူကျယ် ဘာဖြစ်သွားတာလဲ?"
"သူ့ခန္ဓာကိုယ်ပေါ်က ထူးဆန်းတဲ့ အငွေ့အသက်ကြီးကို ခံစားမိလိုက်တော့ ရုတ်တရက် ကျောထဲစိမ့်တက်အောင် ကြောက်သွားမိတာပဲ!"
"အားလုံးပဲ သတိထားကြ၊ သူ့အခြေအနေက အရမ်းထူးဆန်းနေတယ်!"
သူတို့အားလုံး ထိတ်လန့်သွားပြီး ဦးရေပြားများပင် ပူထူသွားရသည်။
ထိုအချိန်တွင်...
လီဝူကျယ်ထံမှ မြင့်တက်လာသော စွမ်းအင်အငွေ့အသက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် လက်နှစ်ဖက်ဖြင့် ဆံပင်များကို ဆွဲဆုပ်ကာ ရူးသွပ်စွာ အော်ဟစ်သောင်းကျန်းနေပြီး မျက်လုံးများသည် သွေးရောင်တောက်တောက်ဖြင့် နီရဲလျက် အသိစိတ်ပျောက်ဆုံးသွားသော အရူးတစ်ယောက်ကဲ့သို့ပင်။
"ဒါက ရူးသွပ်ကြမ်းတမ်း သွေးမျိုးဆက်ဆိုတာကို စပြီးအသက်သွင်းနေတာလား?" ယဲ့ကျွင်းလင် မျက်ခုံးပင့်မိသွားသည်။
【တင်၊ မှန်ပါတယ်၊ ဒါပေမဲ့ အသက်သွင်းသူဟာ လုံလောက်တဲ့စွမ်းအားပမာဏနဲ့ အတင်းအကျပ် မထိန်းချုပ်နိုင်ဘူးရင် အချိန်တိုတစ်ခုအထိတော့ ရူးသွပ်သွားပါလိမ့်မယ်!】
စနစ်က ရှင်းပြသည်။
"သေစမ်း၊ မင်းတို့အားလုံး သေစမ်း!!"
လီဝူကျယ်၏ ထိခိုက်သွားသော ကျင့်ကြံခြင်းအခြေခံသည် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာပြီး ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ တိုးတက်သွားကာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို ချိုးဖျက်ရန် ခြေတစ်လှမ်းစာသာ လိုတော့ပေသည်။ ထိုအချိန်တွင် သူ့မျက်လုံးများမှ ကြောက်မက်ဖွယ် သွေးနီရောင်အလင်းတန်းများ ပေါက်ထွက်လာကာ အားကုန်ဟိန်းဟောက် အော်ဟစ်လိုက်တော့သည်။
ဘုန်း!
သူ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် နတ်ဆိုးဆန်ဆန် စွမ်းအားအဟုန်များ ထွက်ပေါ်လာပြီး မြင့်တက်လာသော စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ ကျင့်ကြံသူများစွာကို မျက်စိမျက်နှာပျက်လျက် ကြောက်ကြောက်ဖြင့် ဆုတ်ခွာရှောင်တိမ်းသွားစေသည်။
"အရှင်ယဲ့၊ ဒါကြီးက..." ရွှယ်ဘိုးဘေးလည်း အကြီးအကျယ် မျက်နှာပျက်လျက်။
တစ်ဖက်လူသည် ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့်တွင်သာ ရှိနေကြောင်း သူသိထားပါသော်လည်း သူ၏ နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာတွင် စိမ့်တက်လာသော ကြောက်ရွံ့မှုတစ်ခုကို ခံစားနေရသည်။ မျက်စိရှေ့မှလူသည် လူနှင့်မတူတော့ဘဲ သတ်ဖြတ်ရန်မွေးဖွားလာသော ရူးသွပ်ကြမ်းတမ်းသည့် နတ်ဆိုးတစ်ကောင်နှင့်သာ တူနေပေ၏။
"အဲဒီဆရာသခင်ဆိုတဲ့ ငတုံးငပျင်းကောင် သူ့ကို ဘာတွေ ကျွေးလိုက်ပြန်တာလဲ? ဘယ်လိုလုပ် ရုတ်တရက် ဒီလိုကြီးဖြစ်သွားတာလဲ?" ဟုန်ချန်ယဲ့၏ မျက်နှာသည် မယုံကြည်နိုင်စွာ အံ့အားသင့်လျက်။ ဤကဲ့သို့ ထူးဆန်းသောအားဆေးနှင့် ထူးဆန်းသော အားဖြည့်ခြင်းပုံစံကြီးကို သူတစ်ခါမျှမမြင်ဖူးခဲ့ပါချေ။
"သတ်!!"
အော်ဟစ်ကြုံးဝါးသံနှင့်အတူ။
လီဝူကျယ်၏ မျက်နှာသည် စိတ်လွတ်နေသူတစ်ဦးကဲ့သို့ဖြစ်ပြီး သူ၏ လက်စွဲဓားရှည်ကို တင်းတင်းဆုပ်ကိုင်ကာ ရှုပ်ထွေးပွေလီ ကောင်းကင်ဓားသိုင်း၏ အခြေခံဓားသိုင်းပညာရပ်ကို ချက်ချင်းအသုံးချလိုက်တော့၏။
ချက်ချင်းဆိုသလို ကျယ်ပြောလှသော ဓားစွမ်းအင်သည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး အာဏာရှင်ဆန်သော ဓားအရှိန်အဝါသည် ခိုင်မာတည်မြဲလှစွာ ကောင်းကင်ဘုံ၏ တာအိုလမ်းကြောင်းကိုပင် ဖြတ်တောက်နိုင်သော အနေအထားဖြင့် တည်ရှိနေသည်။
"မဆိုးဘူး၊ သွေးမျိုးဆက်ကို အသက်သွင်းပေးလိုက်တာက ကျားကို အတောင်ပံတပ်ပေးလိုက်တာနဲ့ အတူတူပဲ" ယဲ့ကျွင်းလင်က ကျေနပ်စွာ ရေရွတ်လိုက်သည်။
ရုတ်တရက် သူ့ရှေ့တွင် လေပြင်းတိုက်သံများ တဝီဝီ မြည်လာသည်။ လီဝူကျယ်၏ သွေးရောင်လွှမ်းသော မျက်လုံးနီနီများသည် သူရှိရာသို့လှည့်လာကာ ရှည်လျားသော ဓားကို တင်းတင်းဆုပ်ကိုင်လျက် သူ့ဦးခေါင်းထိပ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်ကို မြင်လိုက်ရပေ၏။