ကျားမြှီးသွားဆွဲတဲ့ လီဝူကျယ်
Vol. 6 Ch. 83
ချွမ်!
ကောင်းကင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသော သတ္တုချင်းထိခတ်သံကြီး မြည်ဟီးလာပြီး ကျယ်ပြောပြန့်ပြူးသော စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့သွားကာ အဆောက်အဦးခန်းဆောင်ကြီးများကို ရိုက်ခတ်လျက် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။
လီဝူကျယ်၏ အားအင်အပြည့်ဖြင့် ခုတ်ချလိုက်သော ဓားရှည်ကောက်ကို ယဲ့ကျွင်းလင်က လက်ညှိုးတစ်ချက် ခါယမ်းလိုက်ရုံမျှဖြင့် လမ်းကြောင်းလွှဲလိုက်သည်။
"ကျား!" လီဝူကျယ်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီးနောက် ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်ကာ နောက်တစ်ဖန်တိုက်ခိုက်ရန် ဓားအရှိန်အဝါကို ပြန်လည်စုစည်းပြင်ဆင်လိုက်သည်။
ဘုန်း!
လေဟာနယ်ထဲတွင် အဖြူရောင်အလင်းတန်းများဖြင့် တောက်ပလင်းလက်သော လက်တစ်ဖက် ဆင်းသက်လာပြီး ၎င်း၏ လက်ဝါးပြင်ထက်မှ လက္ခဏာကောက်ကြောင်းများကိုပင် ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။ သန့်စင်မြင့်မြတ်သော နတ်ဘုရားရောင်ခြည်များဖြင့် လွှမ်းခြုံလို့ထားပြီး စွန်းဝူခုန်းကို ဖိနှိပ်ချိုးနှိမ်နိုင်ခဲ့သော လက်ငါးချောင်းတောင်ကြီးကဲ့သို့ ရူးသွပ်ရမ်းကားနေသော လီဝူကျယ်ကို ငြိမ်ကျသွားအောင် ဖိနှိပ်လိုက်နိုင်သည်။
မဟာပထဝီမြေကြီးသည် တုန်ခါသွားပြီး လွင့်ပျံနေသော ဖုန်မှုန့်များ တလူလူတက်လာသည်။
လီဝူကျယ်သည် အရူးတစ်ယောက်လို အော်ဟစ်ကာ ဖိနှိပ်ထားသော ဧရာမလက်ကြီးထံမှ လွတ်မြောက်ရန် အသည်းအသန်ကြိုးစားသော်လည်း ယဲ့ကျွင်းလင်၏ရှေ့မှောက်တွင် သူ၏ အင်အားသည် ဖွဲလောက်မျှအရေးမပါတော့ချေ။
"ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံသူတစ်ဦးက ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးနေရတာလဲ?"
ဂုဏ်သိက္ခာရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်သော အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် လီဝူကျယ်ထံ၌ မြင်တွေ့ခဲ့ရသော ကျင့်စဥ်ပညာရပ်များကြောင့် အလွန်ကြောက်လန့်တုန်လှုပ်သွားရလေသည်။ နဖူးထက်မှ ချွေးအေးများ စီးကျလာပြီး အာခေါင်သည်လည်း ခြောက်သွေ့ပူလောင်သွားကာ နှလုံးအိမ်တွင်းမှ အားနည်းချိနဲ့သော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
အကယ်၍ ထိုဓားချက်သည်သာ သူ့ဆီကို ဦးတည်လာခဲ့လျှင် စွမ်းအားကုန်ထုတ်အသုံးပြု၍ ယှဥ်တိုက်ခဲ့လျှင်ပင် သေခြင်း သို့မဟုတ် တာအိုကျင့်စဥ်လမ်းကြောင်း ပျက်စီးခြင်း နှစ်ခုထဲမှ တစ်ခုကိုတော့ ရှောင်ရှားနိုင်မည် မဟုတ်ပေ။
"လီဝူကျယ်၊ ဆရာသခင်တစ်ယောက်အနေနဲ့ မင်းကို ချက်ချင်း အသိစိတ်နိုးကြားဖို့ ငါ အမိန့်ပေးတယ်!" ယဲ့ကျွင်းလင်၏ မျက်နှာသည် တင်းမာနေပြီး မှော်စွမ်းအားဖြင့် ထည့်သွင်းအားဖြည့်ထားသော သူ၏အသံသည် တစ်ဖက်လူ၏ နားထဲသို့ စိမ့်ဝင်သွားသည်။
"အု.. အား..." ဆရာသခင်ဖြစ်သူ၏ အသံကို ကြားလိုက်သောအခါ လီဝူကျယ်သည် ရုန်းကန်နေရာမှ ခေတ္တရပ်တန့်သွားပြီး မျက်နှာအမူအရာသည် ရုတ်တရက် ပုံမှန်ပြန်ဖြစ်လာကာ ပတ်ဝန်းကျင်ရှိ ထူထပ်သော မကောင်းဆိုးဝါး အငွေ့အသက်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့လေ၏။ မျက်လုံးများထဲရှိ သွေးနီရောင်တောက်တောက်သည် ရုတ်ချည်း မှေးမှိန်ကျသွားကာ အူကြောင်ကြောင်အကြည့်တစ်ခုထွက်ပေါ်လာသည်။
"ဆရာသခင်၊ ကျွန်တော် ဘာတွေ ဖြစ်သွားတာလဲ?"
လီဝူကျယ် ထိတ်လန့်နေမိသည်။ သူစိတ်လွတ်ရူးသွပ်သွားပြီး ငွေရောင်ဆံနွယ်ရှင် သူ၏ဆရာသခင်အသစ်စက်စက်ကို ဓားဖြင့် ခုတ်ပိုင်းဖို့ကြိုးစားခဲ့သည်အား အနည်းငယ် မှတ်မိနေသည်။
ထိုအချိန်တွင် သူသည် မိမိ၏ကိုယ်ပိုင် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကိုပင် ဆုံးရှုံးသွားရကာ လူသတ်ဖို့အတွေးတစ်ခုသာရှိပြီး တစ်လောကလုံးကို ရန်သူအဖြစ်သာမြင်လျက် အကျိုးဆက်အား ကြောက်ရွံ့ခြင်းအလျဥ်းမရှိတော့ပေ။
"မင်းကိုယ်မင်း သေချာစစ်ဆေးပြီး အရင်ကနဲ့ ဘာတွေ ကွာခြားသွားလဲ တစ်ချက်ကြည့်လိုက်စမ်း" ဟု ယဲ့ကျွင်းလင်က အမိန့်ပေးလိုက်သည်။
ဤစကားကို ကြားသောအခါ လီဝူကျယ်သည် မိမိကိုယ်ကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီး ခဏအကြာတွင် ဝမ်းသာအားရဖြစ်သွားဟန်ဖြင့် မျက်နှာတစ်ခုလုံး ဝင်းပသွားသည်။ "ကျွန်တော့်ကျင့်ကြံဆင့်က ပြီးပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ကို ရောက်သွားပြီ!"
ဒါတင်မကသေး။ သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းဒဏ်ရာတွေအားလုံး ပပျောက်ကင်းစင်သွားပြီး ပျက်စီးသွားသော ကျင့်ကြံဆင့်အခြေအမြစ်လည်း ရုတ်တရတ်အကုန်ပြန်လည်ကောင်းမွန်သွားခဲ့သည်။ သူဟာအခုဆိုရင် အသစ်တစ်ဖန်ပြန်မွေးဖွားလာသလို လန်းဆန်းတက်ကြွ အားအင်ပြည့်ဝနေသည်ပင်။
လီဝူကျယ်သည် ပြောင်းလဲမှုကြောင့် အလွန်စိတ်လှုပ်ရှားသွားပြီး ဤအရာအားလုံးသည် ဆရာသခင်၏ကျေးဇူးဖြစ်ကြောင်းလည်း သူမမေ့လျော့ပေ။
"ဒီတပည့် ဆရာသခင်ကို ကျေးဇူးတင်ပါတယ်!"
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်ကာ တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်: "လီဝူကျယ်၊ မင်းမှာ ရူးသွပ်ကြမ်းတမ်းသော သွေးမျိုးဆက်ဆိုတဲ့ လျှို့ဝှက်သွေးမျိုးနွယ်တစ်ခု ရှိနေတယ်၊ ဒီမျိုးနွယ်ကို အသက်သွင်းလိုက်တာနဲ့ မယုံနိုင်လောက်တဲ့ စွမ်းအားပမာဏကို ရရှိလိမ့်မယ်၊ ဒါပေမဲ့ အခုတော့ အချိန်အကြာကြီး ထိန်းထားလို့ မရသေးဘူး၊ မင်းကိုယ်မင်း ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို အရင်သိထားရမယ်၊"
လီဝူကျယ်၏ ခန္ဓာကိုယ် တစ်ချက်တုန်ခနဲဖြစ်သွားရ၏။ ခုနက သူ၏ စိတ်လွတ်သွားသောအခြေအနေကို ပြန်လည်မြင်ယောင်ကာ နားလည်သဘောပေါက်သွားသော အကြည့်တစ်ခု ပေါ်လွင်လာပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ ဒီတပည့် ဆရာသခင်ရဲ့ သင်ကြားမှုကို မှတ်သားထားပါ့မယ်!"
ဤမြင်ကွင်းကို မြင်သောအခါ ရှိနေသော ကျင့်ကြံသူများသည် မနာလိုသော အမူအရာများကို မထိန်းနိုင်စွာ ဖော်ပြလာကြတော့သည်။
ဓားနတ်ဆိုး လီဝူကျယ်သည် ကြီးမားသော ကံကောင်းခြင်းဆုလာဘ်တစ်ခုကို ရရှိခဲ့ကြောင်း သူတို့သိလိုက်ရပြီး ထိုကံကောင်းခြင်းကို သူ၏ဆရာသခင်ဖြစ်သူ ယဲ့ကျွင်းလင်က ပေးအပ်ခဲ့ခြင်းပင်ဖြစ်သည်။
"ဟားဟား၊ ဂုဏ်ပြုပါတယ် မသေမျိုးအရိပ်အရှင်ယဲ့ခင်ဗျာ၊ အရမ်းတော်တဲ့တပည့်တစ်ယောက် ကောက်ရလိုက်တာပါလား!" ရွှယ်မိသားစုဘိုးဘေးသည် ပြုံးရွှင်စွာဖြင့် ရယ်ရွှန်းဖတ်ရွှန်း ဝင်ရောလိုက်ကာ ပြောလာသည်။ "ဒီလို ပျော်ရွှင်စရာ နေ့ကောင်းနေ့မြတ်မှာ အထဲဝင်ပြီး တစ်ခုခု သောက်လိုက်ကြတာ မကောင်းဘူးလား?"
ရွှယ်မိသားစုဘိုးဘေး၏ အပြုအမူကို မြင်သော် ဧည့်သည်အများမှာ ထူးဆန်းအံ့သြသွားရလျက်။
သူ့မိသားစုဝင်နှစ်ယောက်ကို သတ်ပြီးတာတောင် သိပ်မကြာသေးဘူး၊ ဒီလိုရယ်မောနေနိုင်ပြီတဲ့လား?
ယဲ့ကျွင်းလင်က သူ့ကို အဖက်မလုပ်စွာတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ဒီတိုင်းဆို ခင်ဗျားရဲ့ပွဲတော်ကို ကျုပ်တို့ကလုယူလိုက်သလိုဖြစ်သွားမှာပေါ့၊ ဒီပွဲတော်က ခင်ဗျားရဲ့ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် ချိုးဖျက်လိုက်တာကို ဂုဏ်ပြုဖို့အတွက် ရွှယ်မိသားစုက ကျင်းပထားတဲ့ပွဲမဟုတ်လား"
"ဂုဏ်ပြုပွဲအပေါ် ဂုဏ်ပြုပွဲနောက်တစ်ခု ထပ်ဆင့်တာပေါ့ဗျာ၊ ဘာမသင့်တော်စရာရှိလဲ!" ရွှယ်မိသားစုဘိုးဘေးသည် မျက်နှာပြောင်ပြောင်ဖြင့်ပင် လီဝူကျယ်ကို ကြင်နာနွေးထွေးသောအကြည့်ဖြင့် လှည့်ကြည့်ကာ ချစ်ခင်စွာ ပြောလိုက်သည်။ "မိတ်ဆွေလေးလီရော ဘယ်လိုသဘောရလဲ?"
လီဝူကျယ်သည် ခပ်ရွဲ့ရွဲ့ဖြင့် တစ်ချက်ရယ်လိုက်ကာ အဘိုးကြီးကို တစ်ချက်မျှပင်ဂရုမစိုက်ခဲ့။ ရွှယ်မိသားစုတစ်ခုလုံးကို သူလွန်စွာမုန်းတီးလှ၏။
သူရွှယ်ထျန်းယိကို သတ်ရာတွင်လည်း တစ်ဖက်လူက တားဆီးခဲ့သောကြောင့် အစီအစဥ်ပျက်ခဲ့ရသည်မဟုတ်လော။
"တော်ပါပြီ၊ ကိစ္စဝိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ဒီမှာဆက်နေဖို့ အကြောင်းမရှိတော့ဘူး၊ မင်းတို့ ရွှယ်မိသားစု ဆက်ပြီး ပျော်ကြရွှင်ကြပါလေ၊ နောက်ရက်ကျ အသုဘလုပ်ဖို့လည်း မမေ့နဲ့ဦး"
"သွားကြစို့ ကလေးတို့!"
တပည့်ကျော်သုံးယောက်နှင့်အတူ ယဲ့ကျွင်းလင် လှည့်ထွက်သွားသည်။
"နှုတ်ဆက်ပါတယ်၊ မသေမျိုးအရိပ်အရှင်ယဲ့!"
ပတ်ဝန်းကျင်ရှိ ဧည့်သည်အပေါင်းလည်း ရိုရိုသေသေဦးညွှတ်လျက် နှုတ်ဆက်လိုက်ကြသည်။
ရွှယ်မိသားစုဘိုးဘေးသည် ပြုံးရွှင်သော မျက်နှာဖြင့် မလျှော့တမ်းဆက်ပြောလေသည်။ "မသေမျိုးအရိပ်အရှင်ယဲ့၊ အချိန်ရရင် မကြာခဏ လာလည်ပါဦး၊ ကျွန်တော့် ရွှယ်အိမ်တော်ရဲ့ တံခါးတွေဟာ အရှင့်အတွက်ဆို အမြဲတမ်းဖွင့်ထားလျက်ပါ!"
ထိုစဥ် ဆင့်ခေါ်ခံလိုက်ရသော ခွင်းဖန်းသည် အသံနက်ကြီးတစ်ခုကိုအော်မြည်လျက် နက်ရှိုင်းသော တောင်တန်းတစ်နေရာမှ ပျံသန်းလာပြီး ယဲ့ကျွင်းလင်တို့အဖွဲ့ကို ကျောပေါ်တင်လျက် ကောင်းကင်ထက်သို့ ပျံသန်းတက်ရောက်သွားလေသည်။
ထိုအဖွဲ့ထွက်ခွာသွားသည်ကို ကြည့်ရင်း ရွှယ်မိသားစုဘိုးဘေး၏ အပြုံးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယနေ့ သူကြုံတွေ့ခဲ့ရသော အနှောင့်အယှက်များကို ပြန်လည်တွေးတောကာ မျက်နှာတစ်ခုလုံး ဒေါသဖြင့် ညိုမည်းသွားပြီး အစောကပြုံးရွှင်နေသောမျက်နှာဖုံးလည်း ကျွတ်ကျသွားတော့၏။
"ဘိုးဘေး! ဘိုးဘေး! ကျွန်တော် နောက်ဆုံးတော့ သခင်လေးရဲ့ လက်ကို ရှာတွေ့ပြီ!" ရုတ်တရက် အဝေးမှ စိတ်လှုပ်ရှားနေသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် အစောင့်တစ်ဦးသည် လက်ပြတ်တစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားပြီး ခေါင်းပေါ်မြှောက်တင်ကာ စိတ်လှုပ်ရှားစွာ ခုန်ဆွခုန်ဆွဖြင့် ပြေးလာလေသည်။