အခန်း (၈၄)
Vol. 6 Ch. 84
ဧည့်သည်များမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသဖြင့် မျက်နှာများပင် ပေါက်ထွက်တော့မတတ် နီရဲလာလျက်။
"ဘိုးဘေးရော ဘယ်မှာလဲဟ?" အစောင့်သည် ထူးဆန်းနေသောလေထုကြောင့် တစ်ခဏမျှတောင့်တင်းသွားလျက်။
"အဲ့ကောင်ရဲ့လက်ကို နောက်ဖေးခြံထဲ ပစ်ထည့်ပြီး ခွေးကျွေးလိုက်စမ်း!" ရွှယ်မိသားစုဘိုးဘေးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့!" အစောင့်သည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။ ဘိုးဘေးဘာကြောင့် ဤမျှဒေါသထွက်နေမှန်းလည်း သူမသိရပါ။
"ဘိုးဘေးကြီး၊ ဒီပွဲတော်ကိုရော ဘယ်လိုဆက်လုပ်မလဲ..." ရွှယ်မိသားစုမှ အကြီးအကဲတစ်ဦးက အူကြောင်ကြောင်ဖြင့် မေးလာသည်။
"ချက်ချင်း ဖျက်သိမ်းလိုက်! ဒီကနေ ထွက်သွားကြတော့!" ရွှယ်မိသားစုဘိုးဘေးသည် ခံစားချက်များကို မထိန်းချုပ်နိုင်စွာ လူအများကို အော်ဟစ်နှင်ထုတ်လိုက်တော့၏။
"နှုတ်ဆက်ပါတယ်!" တက်ရောက်လာသော ဧည့်သည်များသည် ဦးရေပြားများထူပူသွားလျက် မကြာခင် ပတ်အရမ်းခံရတော့မည့်အရေးကို စိုးရိမ်လှစွာ မိမိတို့အသက်လေးများအား ဖက်ဖြင့်ထုတ်လျက် ကျွန်းပျံကြီးထက်မှ အလျင်အမြန် ပျံသန်းထွက်ခွာသွားကြလေသည်။
ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးမှာ ဤသို့ဖြင့် ကတိုက်ကရိုက် အဆုံးသတ်သွားခဲ့သည်။
ထိုပွဲတော်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ဧည့်သည်ကျင့်ကြံသူများအုပ်စုမှတဆင့် ပျံ့နှံ့သွားသည်နှင့်အမျှ အရှေ့ပိုင်းစီရင်စုရှိ ဒေသများစွာတွင် ပြင်းထန်စွာ ဂယက်ရိုက်ကုန်တော့မည်ကို မည်သူမဆို ကြိုသိနိုင်ပါသည်။
ကောင်းကင်သည် ကြည်လင်ပြာလဲ့နေပြီး တိမ်ထုများက ညင်သာစွာရွေ့လျားလို့နေသည်။
ဧရာမ ခွင်းဖန်းကြီးသည် လေဟာနယ်ထဲတွင် တည်ငြိမ်စွာပျံသန်းလျက်ရှိ၏။
၎င်း၏ကျောပြင်ထက်တွင် ရပ်နေသော လီဝူကျယ်သည် အရာအားလုံးကို အိပ်မက်တစ်ခုကဲ့သို့ ပြန်လည်မြင်ယောင်လျက် လက်တွေ့ကိုလက်ခံနိုင်ဖို့ ကြိုးစားနေခဲ့သည်။
ရုတ်တရက် သူ၏ အကြည့်သည် မီးတောက်ပမာနီရဲနေသော ပုံရိပ်တစ်ခုထက် ဝေ့ဝဲဆိုက်ရောက်သွားသည်။ ထိုမိန်းကလေး၏ အသွင်အပြင်သည် လက်ရာမြောက်ပန်းချီကားတစ်ချပ်ကဲ့သို့ မျက်ခုံးမျက်လုံးများသည် စုတ်ချက်ဖြင့်ရေးဆွဲထားသလို ထင်ရှားလှပကာ နှင်းကဲ့သို့ ဖြူစင်နူးညံ့သောအသားအရည်ကို ပိုင်ဆိုင်ထားသောကြောင့် နတ်သမီးအလား ထင်မှတ်မှားဖွယ်ရှိ၏။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ထိုအလှတရားသည် သက်ရှိသတ္တဝါအားလုံးကို ဖမ်းစားဆွဲဆောင်နိုင်ပေသည်။
ချက်ချင်းဆိုသလို လီဝူကျယ် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ "နတ်သမီးဟုန်က ကြားဖူးထားတဲ့အတိုင်း သိပ်ကိုလှပပြီး အကြည့်မလွှဲနိုင်အောင် စွဲမက်စရာကောင်းတာပဲ"
လက်ရှိ ဂိုဏ်းအပြင်ဘက်လောကတွင် ယဲ့ကျွင်းလင်ပြီးလျှင် နောက်ထပ်လူပြောအများဆုံးပုဂ္ဂိုလ်မှာ သူ၏ တပည့်မလေး ဟုန်ချန်ယဲ့ပင်ဖြစ်၏။
အချို့က သူမသည် ယောက်ျားများကို မုန်းတီးကြောက်ရွံ့သော ရောဂါတစ်မျိုးရှိပြီး စကားစမြည်ပြောရန် ကြိုးစားသော မည်သည့်သူစိမ်းယောက်ျားကိုမျှ မျက်နှာသာမပေးတတ်ဟု ဆိုကြသည်။ အချို့ကမူ သူမ၏ စံနှုန်းများသည် အလွန်မြင့်မားလှပြီး သာမန်ယောက်ျားများနှင့်မတူ ထူးခြားကွဲပြားလှသော ယောက်ျားမျိုးကသာ သူမကိုဆွဲဆောင်သိမ်းသွင်းနိုင်မည်ဟု ပြောကြသည်။
အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေပြီးနောက်...
လီဝူကျယ်သည် စိတ်ပိုင်းဖြတ်လိုက်ကာ သွားနှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် နောင်တွင်မကြာမကြာတွေ့ဆုံရမည့် ဆက်ဆံရေးမျိုး ဖြစ်နေသည်လေ။
"အဟမ်း"
လီဝူကျယ်သည် ချောင်းတစ်ချက်ဟန့်ကာ အပြုံးချိုချိုဖြင့် လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ "ဆရာတူအစ်မဟုန်က အရည်အချင်းပြောင်မြောက်ထူးချွန်ရုံတင်မကဘူး အလှအပမှာလည်း ပြိုင်စံရှားလောက်ပါပေတယ်၊ ဒီဆရာတူမောင်လေးကို နောင်လည်း လမ်းညွှန်သင်ပြပေးပါဦး"
ဟုန်ချန်ယဲ့က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
ယဲ့ကျွင်းလင်တစ်ယောက် နေမင်းမသေမျိုးခန္ဓာရှိ မသေမျိုးအရိပ်တစ်ပါးကို သတ်ဖြတ်အနိုင်ယူလိုက်ခြင်းအား မြင်ပြီးသည့်နောက် ဟုန်ချန်ယဲ့၏စိတ်အခြေအနေမှာ လွန်စွာဆိုးရွားနေပြီဖြစ်သည်။ သူနှင့်တစ်ဖက်လူကြားရှိ ကွာဟချက်မှာ ပို၍ပင်ကြီးမားလို့သွားပြီး ယခု အထူးခန္ဓာတစ်ခုပိုင်ဆိုင်ထားသော တပည့်သစ်တစ်ဦးကို ထပ်မံခေါ်ယူလိုက်သောကြောင့် ဟုန်ချန်ယဲ့သည် အကြောင်းရင်းမရှိ စိတ်ကျဥ်းကျပ်မှုတစ်မျိုး ခံစားနေရလေ၏။
"ဟမ့်!"
ဟုန်ချန်ယဲ့သည် အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ကာ ဝတ်ရုံလက်ဖျားစကို ဖျတ်ခနဲဝှေ့ယမ်းလျက် ချာခနဲလှည့်ထွက်သွားပြီး လီဝူကျယ်ကို ရှုပ်ထွေးသောအတွေးပေါင်းစုံဖြင့် ချန်ထားခဲ့လေသည်။
"အယ်" လီဝူကျယ် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ရ၏။ သူစိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားခဲ့သော်ငြား တစ်ဖက်အမျိုးသမီးက ဤမျှသီးသန့်ဆန်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ငါပြောတာ တစ်ခုခု မှားသွားတာလား? လှတယ်လို့တောင် ချီးမွမ်းလိုက်သေးတာကို မကြိုက်ဘူးလား?
တကယ်ကိုပဲ အမျိုးသမီးတစ်ယောက်ရဲ့နှလုံးသားကို ရယူဖို့ဆိုတာ ပင်လယ်ကြမ်းပြင်က အပ်တစ်ချောင်းကို ရှာရတာထက်တောင် ခက်သေးတယ်!
"နိဟောင် အသစ်စက်စက် ဆရာတူမောင်လေးလီ!"
ထိုအချိန်တွင် ကလေးဆန်ပြီး ချစ်စရာကောင်းသော အသံတစ်ခုက အောက်ဘင်မှ ထွက်ပေါ်လာသည်။ လီဝူကျယ် ခေါင်းကို ငုံ့ကြည့်လိုက်သော် ကြွက်ခေါင်းနှင့် ဖြူသွယ်သွယ်ကိုယ်ထည်ရှိသော သတ္တဝါတစ်ကောင်က သူ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဆရာတူအစ်မကြီး ပုရှောင်ရှီးကို နှုတ်ဆက်ပါတယ်!" အမည်ကို သိထားပြီးသားဖြစ်တာကြောင့် လီဝူကျယ် ရိုရိုသေသေ ဦးညွှတ်နှုတ်ဆက်လိုက်၏။
အစ်မကြီးဟု ခေါ်ခံရခြင်းကြောင့် ပုရှောင်ရှီး အလွန်ပျော်ရွှင်သွားသည်။ အမွေးထူသော ကြွက်မျက်နှာလေးထက် ရှက်ကိုးရှက်ကန်းအမူအရာ ဖြစ်ပေါ်လာပြီး လက်နှစ်ဖက်ကို ချိတ်ဆက်တွန့်လိမ်လျက် ပြန်ပြောလိုက်သည်။ "အိုး၊ ကြွက်ကို ဒီလောက် ရိုရိုသေသေ ဆက်ဆံစရာ မလိုပါဘူး"
လီဝူကျယ်က လေးနက်သော လေသံဖြင့် ပြန်ပြောသည်။ "အစ်မကြီး ပုရှောင်ရှီးက အရင်တပည့်မလို့ ကျင့်ဝတ်အရ ယဥ်ကျေးရိုသေရမှာပါပဲ"
"ဟုတ်ပြီလေ"
ပုရှောင်ရှီးသည် ခေါင်းညိတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "ကြွက်က တကယ်တော့ ဆရာသခင်ရဲ့ အကြီးဆုံး တပည့်ဟာ ယောက်ျားလေးဆိုတာ ပြောပြဖို့ ရောက်လာတာပါ၊ မင်း သူ့ကို အစ်ကိုကြီးဟုန်လို့ ခေါ်ရမယ်၊ မဟုတ်ရင် သူက ဒေါသူပုန်ထလိမ့်မယ်နော်"
"ဘာရယ်?!"
ထိုစကားကို ကြားသော် လီဝူကျယ်သည် မိုးကြိုးပစ်ခံလိုက်ရပြီး မီးကျွမ်းသွားသကဲ့သို့ တောင့်ခဲသွားကာ မျက်နှာထက် အံ့အားသင့်မှုအပြည်ဖြင့် ပါးစပ်ဟောင်းလောင်းပွင့်သွားရ၏။
ပုရှောင်ရှီးကိုယ်တိုင်သာ မပြောခဲ့ပါလျှင် သူသည် ဆရာတူအစ်မလှလှလေးအား ယောက်ျားလေးဟု မတရားစွပ်စွဲပါသည်ဟူသော ပြစ်ချက်ဖြင့် တစ်ဖက်လူကို ဓားဖြင့်လိုက်ခုတ်မိပေမည်။
ထို လူသိများကျော်ကြားလှသော နတ်သမီးဟုန်သည် တကယ်တမ်းတော့ ယောက်ျားလေးတဲ့လား?!
ဒီဖရဲသီးက တကယ်ရောမှည့်ရဲ့လား?
(ဖရဲသီးဆိုတာ အမှားအမှန်မကွဲပြားသေးတဲ့ သတင်းတစ်ခုကိုဆိုလိုတာပါ၊ ဖရဲသီးကို အပြင်ပုံကြည့်ပြီး မှည့်မမှည့်ခွဲလို့မရတဲ့အတွက် ကောလဟလတစ်ခုခုက မသေမချာဖြစ်နေရင် ဖရဲသီးသတင်းလို့ သုံးတတ်ကြပါတယ်)
"ဒါကြောင့် ဒီလိုဖြစ်နေတာကိုး၊ သူ့ကို သွားကြောင်တဲ့ ယောက်ျားအားလုံ ဘာလို့အေးစက်စက်အကြည့်ခံရပြီးတော့ပဲ လှည့်ပြန်လာရပါလိမ့်လို့ တွေးနေတာ၊ တကယ်တော့ သူက ယောက်ျားလေးဖြစ်နေတာကိုး"
လီဝူကျယ်သည် ခေါင်းကို ကုတ်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ "ဒါဆို ခုနက ငါပြောခဲ့တာတွေက စောက်တလွဲကြီးဖြစ်မသွားပေဘူးလား..."
စာစဉ်ပြီး၏