← Chapters

မီးဖီးနစ် သင်္ချိုင်း

Vol. 95 Ch. 1320

မီးဖီးနစ် သင်္ချိုင်း

Vol. 95 Ch. 1320

“ဒါနဲ့ ကျွန်မ ထန်ကလန်မှာ ဆက်နေလို့ ရမလား”

ဟုန်ရုက မေးလိုက်၏။ ဝေ့ဝူယင် ရောက်ရှိလာခြင်းမှာ အပြောင်းအလဲ တစ်ခုခုကို ဖော်ဆောင်ရန် ဖြစ်ကြောင်း သူမ သိပေသည်။ ဝေ့ဝူယင်၏ အစီအစဉ်ကို သူမ မငြင်းဆန်လိုချေ။ သို့သော်လည်း... ထန်ကလန်မှာ သူမ၏ ကျင့်ကြံခြင်းနှင့် အလွန် လိုက်ဖက်သည့် နေရာ တစ်ခု ဖြစ်သည်။ ထန်ကလန် အတွင်းရှိ ပြိုင်ဆိုင်မှု ပြင်းထန်သော ပတ်ဝန်းကျင်ကိုလည်း သူမ သဘောကျသည်။

ထို့အပြင်... ထန်ကလန် အတွင်း၌ သူမမှာ ရှောင်ပင်းလို စိတ်ညီညူးဖွယ် ဖြစ်ရပ်များနှင့်လည်း သူမ မကြုံတွေ့ခဲ့ရချေ။ အကယ်၍ ထွက်ခွာရမည် ဆိုလျှင်ပင်... အနည်းဆုံးတော့ သူမ နှုတ်ဆက် လိုသေးသည်။

“ထန်ကလန်က ပျက်စီးလုနီးပါး ဖြစ်နေပြီ... ဒါပေမဲ့ မင်းနေချင်တယ် ဆိုရင်တော့ ငါ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ဆောက်ပေးမယ်... ရှောင်ပင်းနေတဲ့ လောက ညီမျှခြင်းလနဲ့ ဆက်သွယ်ပေးရင် အဆင်ပြေတယ် မလား... ဆိုတော့ အချိန်မ‌ရွေး မင်း ထွက်ချင်ရင် ထွက်လို့ရတာပေါ့”

ဝေ့ဝူယင်က ဆိုလိုက်၏။ ဟုန်ရု၏ ကျင့်ကြံခြင်း တိုးတက်မှုအပေါ် အဟန့်အတား ဖြစ်စေရန် သူ့ထံတွင် ဆန္ဒ မရှိပါချေ။

“ရှင် တကယ်ပဲ ခွင့်ပြုတာလား...”

ဟုန်ရုမှာ အံ့သြသွားခဲ့၏။ ဝေ့ဝူယင်က ပြုံးလိုက်၏။

“ဒီနယ်မြေက သီခြားဆန်တယ်လို့ ပြောလို့ရတယ်... သာမည အာကာသ ဥ‌ပဒေကို နားလည် မထားဘူး ဆိုရင် ဗာမီလီယန် အော်ရာကို ပိုင်ဆိုင်ထားတဲ့ လူတွေပဲ ဝင်ခွင့်ရှိလိမ့်မယ်... ဆိုတော့ မင်းရဲ့ လုံခြုံရေးကို အတိုင်းအတာ တစ်ခု အထိ စိတ်ချလို့ ရပါတယ်... ဪ... ဒါနဲ့ ဗာမီလီယန် စွမ်းအင် တစ်ချို့ကို စုဆောင်းပြီး ငါ မင်း အတွက် အဂ္ဂိရတ် ထုတ်ကုန် နည်းနည်းလောက် ဖော်စပ်ပေးမယ်... ပြီးတာနဲ့ ပို့ပေးလိုက်မယ်”

ဟုန်ရုက ခေါင်းညိတ်လိုက်၏။ သူမ ကျေးဇူးတင်စကား ဆိုချင်သော်လည်း ဝေ့ဝူယင်က ထိုကဲ့သို့ မပြောရန် တားမြစ်ထားသည်ကို ပြန်လည် သတိရလိုက်မိသည်။ ရှောင်ပင်းမှာလည်း ဟုန်ရု အတွက် ပျော်ရွှင် နေခဲ့၏။

ဝေ့ဝူယင်က ရှောင်ပင်း၏ လက်ကို ဆုပ်ကိုင် လိုက်သည်။

“မင်းလည်း ဒီမှာ နေခဲ့သင့်တယ်... ဗာမီလီယန် စွမ်းအင်တွေက နင့်ရဲ့ ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်ကို တိုးတက်အောင် ကူညီပေးနိုင်တယ်... “

“ဟုတ်လား...”

ရှောင်ပင်းမှာ အံ့သြသွားခဲ့၏။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“နင့်ရဲ့ ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်မှာလည်း ချို့ယွင်းချက်တွေ ရှိတယ်... နမ်းလိုက်တဲ့ အချိန်မှာ ငါ သတိထားမိတာ... ငါ့ အထင် ပြောရရင် သန်မာတဲ့ သန်စွမ်းအင် လိုအပ်နေတာ... ဒါပေမဲ့ အဲဒီ ယန်စွမ်းအင်က အရမ်းကြီး အားကောင်းနေလို့လည်း မရဘူး... ဒီနေရာမှာ ရှိတဲ့ ဗာမီလီယန် စွမ်းအင်က အဲဒီ ပြဿနာ တစ်ချို့ကို ဖြေရှင်းပေးနိုင်လိမ့်မယ်... ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် တစ်ခု မဟုတ်ဘူး ဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းက ပိုတိုးတက်လာမှာတော့ သေချာတယ်”

“...”

ဟုန်ရုနှင့် ရှောင်ပင်းတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက ပျော်ရွှင်မှုများနှင့် တောက်ပသွားခဲ့ကြသည်။ သူတို့ နှစ်ယောက် အတူတူ ကျင့်ကြံခွင့် ရတော့မည်လော။ မိန်းကလေး နှစ်ယောက် ပျော်ရွှင်နေပုံကို ကြည့်ရင်း ဝေ့ဝူယင် ရယ်မောလိုက်မိသည်။

တစ်ချိန်တည်း၌ ကောင်းကင် တာအိုမှာ ဆန်းကြယ်ကြောင်း သူ စိတ်ထဲမှ တွေးတောနေမိခဲ့သည်။ ဟုန်ရုနှင့် ရှောင်ပင်းတို့ အကြားရှိ ဆက်ဆံရေးမှာ ကောင်းကင်တာအို ဖန်တီးထားသည့် တွဲဖက် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းထံ၌ မိန်းကလေး နှစ်ယောက်နှင့် ပတ်သက်၍ ရည်ရွယ်ချက် တစ်ခု ရှိပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ သူတို့ နှစ်ယောက်ကို ယခုအချိန်မှ စ၍ အတူတကွ ကျင့်ကြံစေတာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မိန်းကလေး နှစ်ယောက် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီး နောက်တွင် သူကိုယ်တိုင်လည်း နှစ်ကိုယ်တူ ကျင့်ကြံခြင်း အားဖြင့် သူမတို့ထံမှ ကောင်းကျိုး များစွာ ရရှိပေလိမ့်မည်။

...

ယခုအခါ၌ ဝေ့ဝူယင်မှာ ဗာမီလီယန် သင်္ချိုင်း အတွင်းတွင် ဟင်းလင်းပြင် အမှတ်အသား တစ်ခုကို ချစ်ရစ်ပြီးနောက် ရှောင်ပင်းနှင့် ဟုန်ရုတို့ကို ထားရစ်ခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း ပြီးမြောက်လျှင် သူမတို့ထံသို့ ပြန်လာခဲ့မည် ဖြစ်ကြောင်း ကတိပေးခဲ့၏။ ထိုအချင်းအရာကို မျှော်လင့်ထားပြီး ဖြစ်လေရာ မိန်းကလေး နှစ်ယောက်မှာ စောဒက မတက်ကြချေ။

“ကျုပ် ရွှေရောင် အသက်နန်းတော်ကို လွှတ်ပြီး ဒီနေရာမှာ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ဆောက်ခိုင်းလိုက်မယ်”

ဝေ့ဝူယင်က အမွှာ ညီအမ နှစ်‌ယောက်ကို ပြောလိုက်၏။ သူ၏ လေသံက မည်သည့် ညှိနှိုင်းမှုကိုမှ ခွင့်ပြု မထားပါချေ။

"..."

ထန်ပိုင်ပိုင်မှာ ထိုအရာ အားလုံးကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ သူမ၏ စိတ်အတွင်းတွင်တော့ ထိတ်လန့် အံ့သြမှုများကို ခံစားနေရသည်။ ဝေ့ဝူယင်မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အတင်းကြပ်ဆုံး နယ်မြေများထဲမှ တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက သူမ၊ ရှောင်ပင်းနှင့် ထို့ပိဟန်တို့ကိုပါ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ ဝင်ရောက်စေခဲ့သည်။

ထို့အပြင်... သူက ဗာမီလီယန် သင်္ချိုင်း အတွင်းတွင် သီးခြာ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုကိုပါ အုတ်မြစ်ချ ထားခဲ့သည်။ ဝေ့ဝူယင်၏ စွမ်းအားများ၊ နည်းလမ်းများနှင့် အောင်မြင်မှုများ အကြောင်းကို သူမ ကြားသိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... လက်တွေ့ ကြုံတွေ့ခဲ့ရချိန်တွင် အံ့သြမှုကို သူမ ဘယ်လိုမှ ထိန်းချုပ် မထားနိုင်ခဲ့ပါချေ။

“ကန့်ကွက်စရာ မရှိပါဘူး အဂ္ဂိရတ် အာဏာရှင်ဝေ့... ဒါပေမဲ့ အပြင်ဘက်မှာ ဖြစ်နေတဲ့ ကိစ္စကို အဂ္ဂိရတ် အာဏာရှင်ဝေ့ ဘယ်လို လုပ်ဖို့ ရည်ရွယ်ထားလဲ ဆိုတာ ကျွန်မ မေးလို့ ရမလား”

ထန်ဟိုင်ဟိုင်က ဝေ့ဝူယင်၏ သဘောကို သွေးတိုးစမ်းရင်း မေးလိုက်၏။ သူမ၏ လေသံက မျှော်လင့်ချက် အရိပ်အယောင်တို့ဖြင့် ရစ်သိုင်းနေသည်။

“ခင်ဗျားက ကျုပ်ကို ဦးဆောင် ဖြေရှင်းပေးစေချင်တာလား”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ထန်ကလန်၏ ပြဿနာများကို သူက ကူညီ ဖြေရှင်းပေလိမ့်မည် ဟု သူမက ထင်နေသည်လား။

မည်သို့ပင် ဆိုစေ... ပိုင်လင်ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့သည်က ဗာမီလီယန်သာ ဖြစ်သည်။ ထိုတိုက်ပွဲ၌ ပိုင်လင်မှာ အပြင်းအထန် ဒဏ်ရာများပင် ရရှိခဲ့သည်။ ထန်ကလန်၏ ရန်သူများကို ဝေ့ဝူယင် မကူညီလျှင်ပင် သူမတို့ ကံကောင်း နေခဲ့ပြီ ဖြစ်သည်။

"တကယ်လို့ အဂ္ဂိရတ် အာဏာရှင်ဝေ့ ဆန္ဒရှိမယ် ဆိုရင်...”

“ကျုပ် ဆန္ဒ မရှိဘူး...”

ဝေ့ဝူယင်က ထူးမခြားနားစွာပင် ပြောလိုက်၏။ ထန်ကလန် အပေါ် သူ့ထံတွင် ချစ်စိတ် မရှိပါချေ။ ဟုန်ရုထံတွင် ရင်းနှီး ချစ်ခင်ရသည့် အသိအကျွမ်း တစ်ချို့ ရှိလျှင်ပင် သူတို့ကို ကယ်တင်ပေးဖို့ သူ့အတွက် ပြဿနာ မရှိချေ။ သို့သော်လည်း... ထန်ကလန် တစ်ခုလုံးကို ကယ်တင်ပေးရအောင်တော့ သူက ထိုမျှ စိတ်ကောင်းရှိသူ တစ်ယောက် မဟုတ်ချေ။

“ခင်ဗျားတို့ ဘာသာ ရှင်းကြပါ”

ဝေ့ဝူယင်က ထို့ပိဟန်ကို ထွက်ခွာရန် အချက်ပြလိုက်၏။ လူအိုကြီးမှာ အင်တင်တင်ဖြင့် ခေါင်းညိတ် လိုက်သည်။ ဗာမီလီယန် သင်္ချိုင်းမှာ ကျင့်ကြံရန် အလွန် သင့်တော်သည့် နေရာ တစ်ခု ဖြစ်သည်။ ယခုလို နေရာမျိုး၌ တစ်နှစ်လောက်သာ ကျင့်ကြံလိုက်ရပါက သူ၏ ကျင့်ကြံခြင်းက သိသိသာသာ တိုးတက်လာမှာ ကျိန်းသေပေသည်။

ထန်ဟိုင်ဟိုင်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။

“ကျွန်မဘက်က လဲလှယ်ဖို့ ဆန္ဒရှိပါတယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့”

“...”

ဝေ့ဝူယင် သူမကို လှည့်ကြည့်လိုက်၏။ လဲလှယ်ချင်သည်လာ။ ဗာမီလီယန် မည်သည့် အရာကို လိုချင်ကြောင်း မသိသော်လည်း ဝေ့ဝူယင် အနည်းငယ် စိတ်ဝင်စား သွားခဲ့၏။

“ဆိုစမ်းပါဦး”

ထန်ဟိုင်ဟိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း...

“လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းဂဏန်း အတွင်းမှာ ဗာမီလီယန် မျိုးဆက်တွေ လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိပါတယ်...”

“...”

ဝေ့ဝူယင် တိတ်တဆိတ်ပင် နားထောင်နေ၏။ ထန်ဟိုင်ဟိုင်က ထန်ပိုင်ပိုင်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ထို့နောက် သူမက သုန်မှုန်စွာ ဆိုလိုက်၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့သာ ထန်မျိုးနွယ် အချိန်ကာလ တစ်ခု အထိ ကာကွယ်ပေးမယ် ဆိုရင် မီးဖီးနစ်တွေ အနားယူတဲ့ နိဗာန လောက အကြောင်း ကျွန်မ သိသမျှ အကုန် ပြောပြပါ့မယ်”

မီးဖီးနစ်များ၏ အနားယူရာ နိဗာန လောက ဆိုသည်မှာ မီးဖီးနစ် သင်္ချိုင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။

“..."

မီးဖီးနစ် သင်္ချိုင်းအား ထုတ်ဖော်လိုက်ခြင်းက ဝေ့ဝူယင်ကို စိတ်ဝင်စား သွားစေခဲ့၏။ သူက အနည်းငယ် ပြုံးလိုက်ရင်း စိတ်ပိုင်းဖြတ်ထားပုံ ပေါ်သည့် ဗာမီလီယန်ကို လှည့်ကြည့်လိုက်သည်။ ထန်ကလန်၏ ခေါင်းဆောင်မှာ တကယ့်ကို အံ့သြလောက်သည့် လျှို့ဝှက်ချက် တစ်ခုကို ပြောပြတော့မည့်ပုံ ပေါ်သည်။

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားကာ သူမ၏ နှလုံးသားက တဒိတ်ဒိတ် မြည်လာခဲ့သည်။ သူမမှာ ကောလဟလများ၊ ရှေးဟောင်း မှတ်တမ်းများနှင့် သီအိုရီများမှ တစ်ဆင့် ထိုအရာ၏ တည်ရှိမှုကို သူမ အရိပ်အမြွက် သိရှိထားသည့်ပုံ ရသည်။ ဗာမီလီယန် ငှက်များတွင် ဗာမီလီယန် ဂူသင်္ချိုင်း ရှိသည် ဆိုလျှင် ၎င်းတို့နှင့် အလွန်အမင်း နီးစပ်သည့် ဖီးနစ်များတွင်လည်း ကိုယ်ပိုင် ဂူသင်္ချိုင်း တစ်ခု ရှိသင့်သည် မဟုတ်ပါလား။

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ ငြိမ်သက်စွာ စဉ်းစား နေခဲ့၏။ အတန်ကြာပြီး နောက်တွင်တော့ သူက ခေါင်းကို ခါယမ်းလိုက်သည်။

“ပထမဆုံး အနေနဲ့ အစစ်အမှန် မီးဖီးနစ်တွေမှာ သင်္ချိုင်း မရှိဘူး”

အစစ်အမှန် သေဆုံးခြင်းနှင့် ကြုံတွေ့ရသည့် အခါ မီးဖီးနစ်များမှာ သူတို့ကို သူတို့ အတောက်ပဆုံး လောင်ကျွမ်းပစ်ကာ အရည်အဖြစ် ပျော်ဝင်သွားစေသည်။ ထို့နောက် သူတို့မှာ ဟင်းလင်းပြင်နှင့် ပေါင်းစပ် သွားကာ ဝိညာဉ်များမှာလည်း သံသရာ စက်ဝန်း အတွင်း ဝင်ရောက် သွားကြ၏။ ဝေ့ဝူယင် ထိုအချက်အလက်များကို အထွတ်အမြတ် စာကြည့်တိုက်မှ ရှာဖွေ တွေ့ရှိလာခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူတို့ထံတွင် မွေးဖွားရာ ကုန်းမြေများတော့ ရှိပေသည်။ ၎င်းမှာ တစ်နည်းအားဖြင့် အရွယ်ရောက် ပြီးသည့် ဖီးနစ်များ ကလေးမွေးဖွားသည့် နေရာ ဖြစ်သည်။ ထိုနေရာကို သေခြင်းတရား၏ နယ်မြေ တစ်ခု ဟု မဆိုနိုင်ပါချေ။ အသက်နှင့် စတင်ခြင်း နေရာဟုသာ ပြောနိုင်ပေလိမ့်မည်။

“ဒုတိယ အနေနဲ့ ဖီးနစ်တွေ အနားယူတဲ့ နိဗာန လောက ဆိုတဲ့ နေရာကို ကျုပ် အကြမ်းဖျဉ်း သိထားတယ်”

ရတနာ တစ်ခု အဖြစ် သန့်စင်ထားသည့် ဟုန်ယန်လျှို့လန်၏ ဖီးနစ် ငှက်မွေးကို သူ ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်သည်။ အကယ်၍ သူ့ အတွေးများသာ မှန်ကန်ပါက မီးတောက်ခြောက်ခု ကြယ်ကွင်းပြင်မှာ ထိုလျှို့ဝှက် နယ်မြေ တည်ရှိရာ နေရာဖြစ်ပေလိမ့်မည်။ နေကြယ် စီမံကိန်း ပြီးလျှင် ထိုနေရာသို့ သွားရောက် လည်ပတ်ရန် ဝေ့ဝူယင် စီစဉ်ထားပေသည်။ နေရာ အတိအကျကို သူ မသိလျှင်ပင် ပိုင်လင်ကို ခေါ်ဆောင်၍ သွားရုံသာ ရှိပေသည်။

“နောက်ဆုံး အနေနဲ့ ခင်ဗျား ဘာဖြစ်လို့ ကျုပ်ကို အဲဒီ အကြောင်းပြောပြရတာလဲ... ကျုပ်ဆီမှာ မီးဖီးနစ် ရှိတာ ခင်ဗျား သိမှာပါ... မီးဖီးနစ်‌တွေက မျိုးတူအော်ရာကို အာရုံခံတဲ့ နေရာမှာ အရမ်းတော်တယ်... အချိန်နည်းနည်း၊ အားထုတ်မှု နည်းနည်း ပေးလိုက်တာနဲ့ ကျုပ် ရှာတွေ့ဖို့ ယုံကြည်ချက် ရှိတယ်... ဆိုတော့ ခင်ဗျားဆီက ရလာမယ့် အချက်အလက်တွေက ကျုပ် အတွက် အသုံးမဝင်တော့ဘူး”

ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ့ လေသံထဲမှ အူမြူးမှုကို လူတိုင်း ကြားနိုင်ပေသည်။

***

All Chapters