← Chapters

ထန်မျိုးနွယ်၏ သမိုင်း

Vol. 95 Ch. 1321

ထန်မျိုးနွယ်၏ သမိုင်း

Vol. 95 Ch. 1321

"..."

ညီအမ နှစ်ယောက် အထူးသဖြင် ဗာမီလီယန်မှာ ဆွံ့အသွားခဲ့၏။ နာမည် တစ်ခုတည်းဖြင့်ပင် ဝေ့ဝူယင်က အားလုံးကို ခန့်မှန်း သိရှိသွားခဲ့သည်လား။ သို့တည်းမဟုတ်... သူမ ဖော်ပြလိုက်သည့် သဲလွန်စကပဲ လွန်ကဲ သွားခဲ့သည်လား။

မည်သို့ပင် ဆိုစေကာမူ သေချာတာ တစ်ခုက သူမ၏ အစီအစဉ်များမှာ ‘မီးဖီးနစ်များ၏ နိဗာန လောက’ ဆိုသည့် နာမည် တစ်ခုတည်းဖြင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

“ကျွန်မ... ကျွန်မ...”

ထန်ဟိုင်ဟိုင်မှာ ဘာပြောရမှန်း မသိ ဖြစ်နေခဲ့၏။ ထို့ပိဟန်က သူမကို ကြည့်လိုက်ရင်း စိတ်ထဲမှ သနားမှုကို ခံစားလိုက်ရသည်။ ဝေ့ဝူယင်မှာ သာမန် စံနှုန်းများနှင့် တိုင်းတာ၍ မရနိုင်သည့် လူတစ်ယောက် ဖြစ်ပေသည်။ သေမျိုး တစ်ယောက် ဘဝတွင်ပင် သူက မြေကြီး ရှန့်ထိုများ ကြောက်လန့်ခံရသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။

“ဒါပေမဲ့ ကျုပ် သိချင်တဲ့ ကိစ္စလေးတွေ ရှိတယ်... ခင်ဗျားတို့ ကောင်းကောင်းမွန်မွန် ဖြေမယ် ဆိုရင် ကျုပ် ထန်ကလန်ကို ကာကွယ်ပေးဖို့ စဉ်းစားပေးမယ်”

ကန္တာရထဲတွင် အိုအေစစ် တစ်ခုကို တွေ့လိုက်ရသည့် အလား ထန်ဟိုင်ဟိုင်၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ယခုလေးတွင် အရာအားလုံး ပြီးဆုံးသွားပြီဟု သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။ ကပ်ဘေးအား ရှောင်လွှဲရန် သူမ လုပ်နိုင်သည့် အကောင်းဆုံး အရာက ထန်ပိုင်ပိုင်၏ အစီအစဉ် အတိုင်း ခုနစ်ယောက်မြောက် ဘိုးဘေး ရာထူးကို သူမထံ လွှဲအပ်ခြင်းတစ်ခုသာ ရှိပေတော့သည်။ ထိုကဲ့သို့ အခြေအနေတွင် ဝေ့ဝူယင်၏ စကားလုံးများက သူမ အတွက် ကောင်းကင်မှ ကျဆင်းလာသည့် လက်ဆောင် တစ်ခုလိုပင်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့... ကျေးဇူးပြုပြီး မေးပါ”

ထန်ဟိုင်ဟိုင်က မျှော်လင့်ချက် အလင်းတန်းများနှင့် အတူ မေးလိုက်၏။ ထန်ပိုင်ပိုင်ကတော့ တိတ်ဆိတ် နေခဲ့၏။ သူမ၏ မျက်လုံးများက ဝေ့ဝူယင်ကို ငေးကြည့် နေခဲ့သည်။ သေမျိုး တစ်ယောက် ဘဝတွင်သာ ရှိနေသေးသည့်တိုင် ထိုလူငယ်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း အရေးကိစ္စများကို ဆုံးဖြတ်နိုင်သည် အထိ အင်အား ကြီးမား နေခဲ့ပြီ ဖြစ်သည်။ သူက အသက် ခြောက်ဆယ့် ကိုးနှစ်သာ ရှိသေးသည် ဆိုလျှင် မည်သူက ယုံနိုင်ပါမည်နည်း။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“ကျုပ်သိချင်တဲ့ ပထမဆုံး မေးခွန်းက ခင်ဗျားတို့ အမွှာ ညီအမ နှစ်ယောက် ဘာလို့ ဒီလောက်တောင် မုန်းနေကြတာလဲ”

၎င်းမှာ ပေါင်းစည်းခြင်းဂြိုဟ်ထက်ရှိ တိုက်ပွဲကို တွေ့မြင်ကတည်းက သူ သိချင်နေခဲ့သည့် ‌မေးခွန်း ဖြစ်ပေသည်။

“...”

အမွှာ ညီအမ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် အလိုအလျောက် ကြည့်လိုက်မိကြ၏။ ရှုပ်ထွေးသည့် ခံစားချက်များက သူတို့၏ မျက်ဝန်းများထဲ၌ နေရာယူနေသည်။ အတိတ်၏ ဖြစ်ရပ်များက သူတို့၏ မှတ်ဉာဏ်များ အတွင်း ပုံရိပ်များအဖြစ် ပေါ်လာခဲ့၏။ ချက်ချင်းပင်... ထန်ပိုင်ပိုင်၏ အကြည့်များမှာ ကြမ်းတမ်း ခက်ထန်လာကာ အမုန်းတရားများနှင့် ပြည့်နှက်လာခဲ့၏။ သတ်ဖြတ်ချင်သည့် အငွေ့အသက်များက သူမ၏ မျက်နှာထက်တွင် နေရာယူလာခဲ့သည်။

"ပြောရရင် အရှည်ကြီးပါပဲ...”

ထန်ဟိုင်ဟိုင်က ထူးမခြားနားသည့် လေသံဖြင့် ပြောရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။ သူမက ထိုအကြောင်းကို မပြောချင်တာ ရှင်းလင်းပေသည်။

"ရှည်တယ် ဟုတ်လား... တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ”

ထန်ပိုင်ပိုင်က နှာခေါင်းရှုံ့လိုက်၏။ သူမ၏ လေသံက ရွံရှာ စက်ဆုပ်မှုများနှင့် ပြည့်နှက် နေသည်။

“နင် မပြောချင်ရင် ငါပြောပြလိုက်မယ်”

"..."

ထန်ဟိုင်ဟိုင်ကတော့ တိတ်ဆိတ် နေခဲ့၏။ ထို့နောက်တွင်တော့ ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့ နှစ်ယောက်မှာ ထန်ပိုင်ပိုင်၏ ရှုထောင့်မှ ဖော်ပြသည့် ထန်ကလန် အကွဲအပြဲ ဇာတ်လမ်းကို စတင်ကာ နားထောင်လိုက်ရလေတော့သည်။ ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်လေ၏။

...

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထန်ကလန်၏ ဆဋ္ဌမမြောက် ခေါင်းဆောင်မှာ သူမထံတွင် ကိုယ်ဝန် ရှိနေပြီ ဖြစ်ကြောင်း ကြေညာခဲ့လေ၏။ ရွှေ‌ရောင်ဂိတ်တံခါး နန်းတော်၏ မဟာ ပုရောဟိတ်က ထိုကိုယ်ဝန်မှာ ဖြစ်တောင့် ဖြစ်ခဲ သုံးမွှာပူးလေး ဖြစ်ကြောင်း ‌ဟောကိန်းထုတ်ခဲ့သည်။ ကလေးငယ်လေးများ၏ ဖခင်ကတော့ အခြားလူ မဟုတ်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အလွန်အမင်း ကျော်ကြားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် မီးတောက်ဝဲဂယက်ပင် ဖြစ်လေသည်။ သူက အင်ပါယာ ကလန်မှ ဆင်းသက်လာသည့် မျိုးဆက် တစ်ယောက်လည်း ဖြစ်သည်။

ဤသို့ဖြင့် စိတ်ဝင်စားမှုများက တဖြည်းဖြည်း မြင့်တက်လာကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြားမှ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ထန်ကလန်သို့ ရောက်ရှိလာခဲ့ပြီး သူတို့၏ ဆုတောင်း ထောပနာများနှင့် ကိုယ်ဝန်ဆောင်သည်များ သောက်သုံးရန် အဂ္ဂိရတ် ထုတ်ကုန်များကို လက်ဆောင်များ အဖြစ် ပေးအပ်ခဲ့ကြသည်။

မူလ သဘောရိုးနှင့် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ၎င်းမှာ ခေတ်ရေစီးကြောင်း တစ်ခုလို ဖြစ်လာကာ မည်သူ၏ ထုတ်ကုန်က ကိုယ်ဝန်ဆောင်သည်များ အတွက် ပိုမို၍ သင့်တော်ကြောင်း အဂ္ဂိရတ် ပညာရှင်များ အကြား၌ ပြိုင်ဆိုင်မှုများ ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ကောင်းချီး မင်္ဂလာ မုန်တိုင်းက ထန်ကလန်ထံ တိုက်ခတ်လာခဲ့ကာ နေ့စဉ်နေ့တိုင်း အလွန်တရာ အဖိုး ထိုက်တန်သည့် အဂ္ဂိရတ် ထုတ်ကုန်များမှာ ထန်လကန်၏ တံခါးဝထံ ရောက်ရှိလာခဲ့တော့သည်။

အယ်နီယာ ခန်းမနှင့် ထာဝရ နတ်ဘုရားတို့ပင်လျှင် ကိုယ်ပိုင် အင်အားစုများနှင့် တူ ထိုပြိုင်ဆိုင်မှု အတွင်း ပါဝင်လာခဲ့သည်။

ထိုအတောအတွင်းတွင်ပင်... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နတ်ဘုရား အင်ပါယာမှာ သူ၏ ခုနစ်ယောက်မြောက်သားနှင့် သတ္တမမြောက် မျိုးဆက်၏ ပထမဆုံး ကလေးတို့ကို တရားဝင် လက်ထပ် ထိမ်းမြားပေးမည် ဖြစ်ကြောင်း ဆဋ္ဌမမြောက် ခေါင်းဆောင်နှင့် သဘော တူညီမှု ရရှိခဲ့သည်။

ထိုအရာအားလုံး ဖြစ်ပေါ်လာခဲ့သည့် အကြောင်းရင်းမှာ မည်သူမှ မမေ့နိုင်သည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော ထာဝရ ဧကရာဇ်ပင် ဖြစ်လေသည်။ ၎င်းမှာ ထာဝရ ဧကရာဇ် ဖန်တီးခဲ့သည့် ပထမဆုံး ဒဏ္ဍာရီများထဲတွင် တစ်ခု အပါအဝင် ဖြစ်ကာ ထန်ကလန်၏ အနာဂတ် အပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေခဲ့လေသည်။

ကိုးလကြာ ကိုယ်ဝန်ဆောင်ချိန် အတွင်း၌ ဆဋ္ဌမမြောက် ခေါင်းဆောင်မှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ ဇနီးမယားများ ရရှိခံစားနိုင်သည်ထက်ပင် သာလွန်သည့် ဂရုစိုက်မှုနှင့် အရင်းအမြစ်များကို ရရှိခံစားခဲ့ရသည် ဆိုလျှင် လွန်မည် မထင်ချေ။ ၎င်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် တစ်ခု ဖြစ်ပေသည်။

အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ကိုယ်ဝန်ဆောင်ခြင်း ပြီးဆုံးသော အခါ၌ မိန်းမငယ်လေး နှစ်ယောက်သာ မွေးဖွားလာခဲ့သည်။ တတိယမြောက် တစ်ယောက် ဟူ၍ မရှိခဲ့ချေ။ ထိုဖြစ်ရပ်သည် တစ်လောကလုံးကို အံ့အားသင့်စေခဲ့ပြီး မေးခွန်းနှင့် သံသယပေါင်း သောင်းခြောက်ထောင်ကို မွေးဖွား လာစေခဲ့သည်။ ရွှေရောင်ဂိတ်တံခါး နန်းတော်၏ မဟာ ပုရောဟိတ်ကတော့ “တတိယမြောက် သန္ဓေသားမှာ ဝါးမြိုခံခဲ့ရခြင်း ဖြစ်ဖွယ်ရှိ” ဟု ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့၏။

ထိုအရာမှာ အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးတွင် ဝမ်းနည်းဖွယ် တိတ်ဆိတ်မှု လှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။ ပိုမို၍ စိတ်ဝင်စားဖို့ ကောင်းသည့် အရာ တစ်ခုက မဟာ ပုရောဟိတ် ကြေညာချက် ထုတ်ထားသည့် ကြားမှပင် ဆဋ္ဌမမြောက် ခေါင်းဆောင်မှာ သူမ၏ တတိယမြောက် ကလေးက အသက်ရှင်လျှက် ရှိနေသေးပြီး တစ်စုံတစ်ယောက်က ခိုးယူသွားခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့ခြင်းပင် ဖြစ်လေသည်။

လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ဗိုက်ထဲရှိ ကလေးများ တစ်ဦးကို တစ်ဦး ဝါးမြိုဖို့ ကြိုးစားခဲ့လျှင် သူမ မည်ကဲ့သို့ သတိမထားမိပဲ နေမည်နည်း။ သို့သော်လည်း မွေးကင်းစ ကလေးများကို စစ်ဆေး ကြည့်သော အခါ၌ တတိယမြောက် ကလေး၏ မူလ အရှိန်အဝါများ စိမ့်ဝင်နေသည့် လက္ခဏာများ ရှိနေသည်ကို တွေ့ခဲ့ရသည်။ ၎င်းမှာ သာမန်လူသားများ ခံစားရလေ့ ရှိသည့် ရှားပါး ဖြစ်စဉ် တစ်ခု ဖြစ်သော သန္ဓေသား စုပ်ယူခြင်းနှင့် ဆင်တူပေသည်။

ကျွမ်းကျင်သော အဂ္ဂိရတ် ပညာရှင်များ၊ ဆေးသူတော်စင်များနှင့် အင်ပါယာ ဧကရာဇ်များ ပင်လျှင် မိန်းကလေး နှစ်ယောက်မှာ တတိယမြောက် သန္ဓေသားကို စုပ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ ထိုသတင်းကို ကြားသိပြီး နောက်တွင် ဆဋ္ဌမမြောက် ခေါင်းဆောင်မှာ အရူးမီးဝိုင်း ဖြစ်သွားခဲ့တော့သည်။ သူမက ထိုအရာကို ပူးပေါင်း ကြံစည်မှု တစ်ခု ဖြစ်ကြောင်း စွပ်စွဲကာ တတိယမြောက် ကလေးကို စတင်ကာ ရှာဖွေ လေတော့သည်။

မကြာမီမှာပင် သူမမှာ ဘယ်ဆီဘယ်ဝယ်ကို ရောက်မှန်း မသိ ပျောက်ကွယ် သွားခဲ့တော့၏။

သို့သော်လည်း ဆဋ္ဌမမြောက် ခေါင်းဆောင်မှာ မပျောက်ကွယ်ခင် အင်ပါယာ ကလန်ကို မယုံကြည်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ကာ ခင်ပွန်း ဖြစ်သူကိုလည်း သူမ၏ တတိယမြောက် ကလေးအား ခိုးယူခဲ့ကြောင်း အခိုင်အမာ စွပ်စွဲခဲ့သည်။ မကြာမီ ထာဝရ ဧကရာဇ်မှာ ထျန်းကလန်ထံသို့ အလည်အပတ် သွားခဲ့သည်။ ထိုအချိန်မှ စတင်၍ ထန်ကလန်သူများထံတွင် အင်ပါယာ မျိုးနွယ်ဝင်များကို လက်ထပ်ရန် ဝတ္တရား မရှိကြတော့ချေ။ သူတို့ လွတ်လပ် သွားခဲ့ကြသည်။

ကြယ်ကွင်းပြင် တစ်ခုလုံးကို ယောက်ယက်ခတ် စေခဲ့သည့် ထိုအဖြစ်အပျက်မှာ မဖြေရှင်းနိုင်သည့် လျှို့ဝှက် ဆန်းကြယ်မှု တစ်ခု၊ ဝမ်းနည်းဖွယ်ရာ ကောင်းသည့် ဖြစ်ရပ် တစ်ခု အနေဖြင့် အဆုံးသတ် သွားခဲ့သည်။ သို့သော်လည်း ကျန်ကလေးငယ် နှစ်ယောက်ကတော့ အသက်ရှင်နေသေးဆဲ ဖြစ်သည်။ သူတို့ကို အမွှာများ အဖြစ် ကြေညာခဲ့ကာ သတ္တမမြောက် ခေါင်းဆောင်များ ဖြစ်လာစေရန် အတွက် ပြုစုပျိုးထောင် ခဲ့ကြသည်။

ထန်ဟိုင်ဟိုင်မှာ သိပ်ပါရမီ မမြင့်မားချေ။ တူညီသည့် ရင်းမြစ် ပမာဏများကို လက်ခံ ရရှိခဲ့သည့်တိုင် ညီမ ဖြစ်သူနှင့် နှိုင်းယှဉ်လျှင် သူမမှာ အမြဲတမ်း နောက်ကျ နေခဲ့သည်။ ပြင်ပလူများ၏ အမြင်၌ ထန်ပိုင်ပိုင်မှာ နောက်လာမည့် သတ္တမမြောက် ခေါင်းဆောင် ဖြစ်လာလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်း၌... သူမမှာ မွေးဖွား မလာခဲ့သည့် တတိယမြောက် ကလေး၏ အစိတ်အပိုင်း အများစုကို ဝါးမြိုခဲ့သည် ဆိုသည့် ကောလဟလများလည်း ပျံ့လွင့်လာခဲ့သည်။ ထို့ကြောင့်ပင် သူမ၏ ပါရမီမှာ ယခုလောက် မြင့်မားနေခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့ဖြင့် ထန်ပိုင်ပိုင်၏ ပါရမီမှာ သူမ အတွက် အမည်းစက် တစ်ခု သဖွယ် ဖြစ်လာခဲ့သည်။ ဖခင်ဖြစ်သူက ပင်လျှင် သူမမှာ မိခင်ဖြစ်သူ ရူးသွပ်သွားခဲ့သည့် အကြောင်းရင်း ဖြစ်‌ကြောင်း အပြစ်တင် လာခဲ့သည်။ ဆန့်ကျင်ဘက် အနေဖြင့် ထန်ဟိုင်ဟိုင်ကတော့ ဖခင်ဖြစ်သူထံမှ ဂရုစိုက်မှု၊ ချစ်ခင်မှုများကို ခံစားခဲ့ရသည်။ ၎င်းတို့မှာ ထန်ပိုင်ပိုင် ဘယ်သောအခါမှ မခံစားခဲ့ရသည့် ဆန္ဒများပင်။

ထန်ပိုင်ပိုင်မှာ အလွန် ရည်မှန်းချက် ကြီးမားသည့် မိန်းကလေး တစ်ယောက် မဟုတ်သည့်တိုင် စူးစမ်းလိုစိတ် ပြင်းထန်သော၊ စွန့်စားလိုစိတ် ရှိသော မိန်းကလေး တစ်ဦး ဖြစ်သည်။ ထို့အပြင်... သူမက ထန်ကလန်၏ သတ္တမမြောက် ခေါင်းဆောင် ဖြစ်လာရန် ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ထားရှိခဲ့ပြီး ဖြစ်သည်။

ဗာမီလီယန် ဂူသင်္ချိုင်း အကြောင်းကို ကြားသိပြီး ‌နောက်တွင် ထန်ပိုင်ပိုင်မှာ ထိုအတွင်းကို ဝင်ရောက် စူးစမ်းလိုစိတ် ပြင်းထန် လာခဲ့တော့သည်။ ထိုအချိန်က ဗာမီလီယန် သင်္ချိုင်းမှာ ထန်ကလန်၏ အထွတ်အမြတ်ထားရာ နေရာ တစ်ခု ဖြစ်ကာ ရွေးချယ်ခံများ၊ ခေါင်းဆောင်များနှင့် မဟာ အကြီးအကဲများသာ ဝင်ရောက်ခွင့် ရှိပေသည်။ ဝင်ရောက်ခွင့် ရရှိဖို့ အတွက် ဆိုလျှင် ကြယ်တာရာ အမြုတေ အဆင့်သုံးသို့ တက်လှမ်းကာ ကိုယ့်ကိုယ်ကို ရွေးချယ်ခံ တစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပေသည်။ သို့မဟုတ်... သတ္တမမြောက် ခေါင်းဆောင် ဖြစ်လာသည့် နေ့အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ထန်ပိုင်ပိုင်မှာ ဗာမီလီယန် သင်္ချိုင်းထဲကို အကြိမ် အနည်းငယ် ခိုးဝင်ဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း.. သူမ၏ ခွန်အားက ဂိတ်တံခါးကို အသက်သွင်းရန် အနည်းငယ်လေးပင် လုံလောက်မှု မရှိခဲ့ချေ။ တစ်ချို့သော အကြီးအကဲများမှာ မိန်းကလေး၏ အချည်းနှီး ကြိုးပမ်းမှုများကို ကြည့်ကာ မကြာခဏ နောက်ပြောင်ရင်း သူငယ်နှပ်စား ကလေး၏ ချစ်စရာ အမူအကျင့် တစ်ခုဟုပင် ယူဆခဲ့ကြသည်။

သို့သော်လည်း ထန်ပိုင်ပိုင် ဗာမီလီယန် သင်္ချိုင်း အတွင်းကို အမှန်တကယ် ဝင်ရောက်နိုင်ခဲ့သည့် အချိန်တွင်တော့ ထိုအရာက ပြစ်မှု တစ်ခု၊ ခွင့်လွှတ်၍ မရနိုင်သည့် ပြစ်မှု တစ်ခု ဖြစ်လာခဲ့လေတော့သည်။

ဥပဒေ အရ ထန်ပိုင်ပိုင်မှာ မျိုးရိုး နာမည်ကို ဖယ်ရှားခံခဲ့ရသည်။ မျိုးနွယ် အတွင်းမှ နှင်ထုတ် ခံခဲ့ရသည်။ သို့သော်လည်း ထန်မျိုးနွယ်မှာ ထိုအရာကို လူသိရှင်ကြား ကြေညာခြင်း မပြုခဲ့ချေ။ အလွန်ရှားပါးသည့် လျှို့ဝှက် ရင်းမြစ် တစ်ခုကို စုပ်ယူဖို့ ကြိုးစားရင်း ကျင့်စည် ဖောက်ပြန်ကာ သေဆုံးခဲ့သည်ဟုသာ ကြေညာခဲ့သည်။

***

All Chapters