ထန်မျိုးနွယ်သမိုင်း (၂)
Vol. 95 Ch. 1322
မျိုးနွယ်မှ ထွက်ခွာပြီး မကြာမီတွင် ထန်ပိုင်ပိုင်မှာ ကျင့်ကြံသူများ၏ အမဲလိုက်ခြင်းကို ခံခဲ့ရတော့သည်။ အကယ်၍ မိခင်၏ မျိုးရိုးမှ တိုက်ရိုက်ဆင်းသက်လာသည့် သစ္စာရှိ အဖွဲ့ဝင် တစ်ချို့၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူမ သေဆုံး နေလောက်ပြီ ဖြစ်သည်။ ထိုကျင့်ကြံသူများထဲမှ တစ်ဦးမှာ ထူးဆန်းသော အစီအရင် တစ်ခုကို အသုံးပြု၍ ထန်ပိုင်ပိုင်၏ အသက် အဆောင်ကို သူ့ ဝိညာဉ်နှင့် ချိတ်ဆက်ခဲ့သည်။ ထို့နောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ ထန်ပိုင်ပိုင် သေဆုံးသွားကြောင်း အခြားလူများအား ယုံကြည်စေခဲ့သည်။
ထိုလုပ်ရပ်ကပင် ထန်ပိုင်ပိုင်ကို ရှင်သန်ရန် အခွင့်အရေး တစ်ခု ပေးခဲ့ကာ သူမမှာ မျက်ရည်များနှင့် အတူ ထွက်ပြေးခဲ့သည်။ ထန်ပိုင်ပိုင်မှာ ငယ်ရွယ်စဉ် အခါက လက်စားချေချင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြေအနေကို လက်ခံလာကာ ဘဝကို ပျော်ရွှင်လာခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှကိုပင် သူမ ကျေးဇူးတင်မိသည်။ အကယ်၍ ထိုဖြစ်ရပ်များသာ ပေါ်မလာခဲ့ပါက သူမ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ သစ္စာရှိ နောက်လိုက်နောက်ပါများနှင့် အတူ အပြောကျယ်သော အမှောင် ဟင်းလင်းပြင်ကို လွတ်လပ်စွာ စူးစမ်း နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ဖခင်ဖြစ်သူနှင့် အမဖြစ်သူတို့မှာ သူမကို ဗာမီလီယန် သင်္ချိုင်း အကြောင်း စိတ်ဝင်စားအောင် ထပ်ခါထပ်ခါ လှုံ့ဆော်ကာ သူမ၏ လူငယ်ပီပီ စွန့်စားလိုစိတ်ကို အသုံးချ၍ ဝင်ရောက် စူးစမ်းဖို့ ကြိုးစားလာအောင် ပရိယာယ် ဆင်ခဲ့ကြောင်း နောက်ပိုင်းတွင် သူမ သိရှိလာခဲ့သော်လည်း ထိုအရာအားလုံးကို နောက်တွင်သာ ချန်ရစ်ရန် သူမ ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံး... သူတို့က သူမကို တံခါးလာခေါက်ခဲ့သည့် နေ့ အထိ။
ထန်ပိုင်ပိုင် ထန်ကလန်သို့ ပြန်လာခဲ့ခြင်းမှာ မိခင် ဖြစ်သူ၏ အမွေအနှစ်များကို ကာကွယ်ရန်၊ သူမအား အသက်ပေး ကယ်တင်ခဲ့သူများကို ပြန်လည် ကျေးဇူးဆပ်ရန်နှင့် ထန်ကလန်ကို ကာကွယ်ရန် ဖြစ်ပေသည်။
"..."
ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့မှာ ထိုဇာတ်လမ်းကို စိတ်ဝင်တစား နားထောင် နေကြ၏။ ဝေ့ဝူယင် အတွက်တော့ ထန်ပိုင်ပိုင်၏ ဇာတ်ကြောင်းက ကောင်းချီးခံ တစ်ယောက် အနိမ့်အမြင့် အတက်အကျ များစွာဖြင့် မြင့်တက်လာခဲ့သလိုပင်။ သို့သော်လည်း...
‘သူက ကောင်းချီးခံ မဟုတ်ဘူး...’
ဝေ့ဝူယင် အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့၏။ ထိုအရာက တိုက်ဆိုင်မှု သက်သက်ပဲလော။ ဝေ့ဝူယင် နက်ရှိုင်းစွာပင် တွေးတော နေခဲ့မိ၏။
“ဒါနဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင် မီးတောက်ဝဲဂယက်ကရော...”
ထို့ပိဟန်မှာ ဇာတ်ကြောင်းကို ဝေ့ဝူယင်ထက်ပင် ပိုမို၍ စိတ်ဝင်စား နေခဲ့၏။ သူက ထန်ဟိုင်ဟိုင်ကို တစ်ချက် စောင်းကြည့်ရင်း မေးလိုက်လေသည်။
“သေပြီ...”
ထန်ဟိုင်ဟိုင်က ခြောက်ကပ်ကပ် လေသံဖြင့် ပြန်ဖြေလိုက်၏။
"သေပြီ...”
ထို့ပိဟန် မျက်မှောင်ကြုတ် လိုက်မိသည်။
"သူက သေသင့်တယ်... တကယ်တမ်းမှာ သူက ထန်ကလန်ရဲ့ အမွေအနှစ်တွေနဲ့ လျှို့ဝှက်ချက်တွေကို သူ့ အကျိုးအတွက် လိုချင်နေတဲ့ လူယုတ်မာ တစ်ယောက်ပဲ”
ထန်ဟိုင်ဟိုင်၏ အသံက အလွန်ပင် အေးစက်နေကာ ကြီးမားသည့် ဇာတ်လမ်း တစ်ခုကို ညွှန်ပြနေဟန် ရလေ၏။
“ဆိုတော့ သူက ပိုသန်မာပြီး ပိုတော်တဲ့ ထန်ပိုင်ပိုင်ကို ရှင်းထုတ်ဖို့ စနစ်တကျ စီစဉ်ခဲ့တာပေါ့... ဒါကြောင့်ပဲ ကိစ္စတွေ အားလုံး ဖြစ်လာခဲ့ရတာပေါ့”
ထို့ပိဟန်မှာ ထိုအကြောင်းအရာကို အလွန် စိတ်ဝင်စားနေလေရာ သူ၏ အမူအရာက ပုံမှန်ပင် မဟုတ်တော့ချေ။ ထန်ပိုင်ပိုင်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။
“မဟုတ်ဘူး... သူ အဲဒီလို ကြံစည်ဖို့ ကျွန်မကပဲ ထန်မျိုးနွယ်ရဲ့ ဥစ္စာဓနတွေနဲ့ မျှားပြီး ဆွဲဆောင်ခဲ့တာ... နောက်ပြီး ထန်ပိုင်ပိုင် ဗာမီလီယန် ဂူသင်္ချိုင်းထဲ ခိုးဝင်ခဲ့တယ် ဆိုတဲ့ ကိစ္စကို ‘ကလန်ရဲ့ အကျိုးအတွက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖုံးကွယ်ထားလို့ မရအောင် လူသိရှင်ကြား လုပ်ခဲ့တာ ကျွန်မပဲ... သတ္တမမြောက် ခေါင်းဆောင်ဆိုတဲ့ ရာထူးကို လိုချင်တဲ့ အတွက် ကျွန်မ ရအောင် ယူခဲ့တာ”
ထန်ဟိုင်ဟိုင်က ရှက်ရွံ့ခြင်း မရှိပဲ ဝန်ခံလိုက်၏။ သူမ၏ လေသံက နောင်တ အငွေ့အသက်တို့ ကင်းမဲ့ နေချေသည်။
ယခု၌ သူမက သတ္တမမြောက် ခေါင်းဆောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ဖြစ် ဖြစ်ပြီးခဲ့သမျှကို ဖုံးကွယ်ရန် မလိုအပ်တော့ချေ။ သူမ၏ အစီအစဉ်များက အလုပ်ဖြစ်ခဲ့ကာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်လာဖို့ လုံလောက်သည့် ရင်းမြစ်များကို ရရှိခဲ့သည်။ ထို့အပြင်... မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေမှ သေမျိုးတစ်ပိုင်း အရှင် သွေးမီးတောက်ကို ညီမလေး အဖြစ် မွေးစားကာ အင်အားကို တိုးမြှင့် နိုင်ခဲ့သည်။ မီးတောင်လက်သီး အစစ်အမှန် ဧကရာဇ်၏ မြေးကို လက်ထပ်ကာ မြေကြီးရှန့်ထို တစ်ယောက်နှင့် မဟာမိတ် ထူထောင်နိုင်ခဲ့သည်။ သူမက ထိုအဘိုးယောက္ခမကို မွေးစားအဖေ အဖြစ် သတ်မှတ်ခဲ့သည်။
“ကျုပ် သဘောပေါက်ပြီ... ဒါပေမဲ့ နောက်ထပ် မေးခွန်း တစ်ခု ရှိသေးတယ်”
အမွှာညီအမ နှစ်ယောက် မုန်းတီးနေရသည့် အကြောင်းရင်းကို နားလည်ခဲ့ပြီ ဖြစ်လေရာ ဝေ့ဝူယင်က ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်၏။
ထန်ပိုင်ပိုင်မှာ ထန်ကလန်နှင့် အဝေးတွင်ပင် တစ်ချိန်လုံး နေထိုင်ခဲ့လေရာ တစ်ချိန်က ယုတ်မာခဲ့သည့် အမဖြစ်သူနှင့် ပြန်လည် တွေ့ဆုံချိန်တွင် ကိုယ်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့တာ သဘာဝကျပေသည်။ သူတို့ မိခင်၏ ကိစ္စကတော့ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေရာ သူ မစူးစမ်းလိုတော့ချေ။
“နှစ်တွေ အကြာကြီး ကြာပြီးတဲ့ နောက်မှ ထန်ကလန်ကို လာပြီး တိုက်ခိုက်အောင် ခင်ဗျားကို ဘယ်ကိစ္စက လာတံခါးခေါက်ခဲ့တာလဲ”
"..."
လေထုမှာ ချက်ချင်းပင် နေရခက်သည့် အနေအထား တစ်ခု အဖြစ် ပြောင်းလဲ သွား၏။ ပတ်ဝန်းကျင်က အပ်ကျသံ မကြားရလောက်အောင်ပင် တိတ်ဆိတ်နေကာ အသက်ရှူလိုက်တိုင်း မွမ်းကြပ်မှုကိုပင် ထို့ပိဟန် ခံစားလိုက်ရသည်။
လူအိုကြီး၏ မျက်လုံးများက မထိန်းချုပ်နိုင်သည့် စူးစမ်းလိုစိတ်ဖြင့် တောက်ပလာခဲ့ကာ ညီအမ နှစ်ယောက်၏ မတူညီသည့် အမူအရာများကို တစ်လှည့်စီ ကြည့်နေခဲ့သည်။ ဤဖြစ်ရပ်၏ နောက်ကွယ်တွင်လည်း ကြောက်မက်ဖွယ် အမှန်တရား တစ်ခု ရှိနေကြောင်း ထင်ရှားလှပေသည်။ ထန်မျိုးနွယ်၏ သမိုင်းကြောင်းမှာ နာမည်ကြီး စာရေးဆရာများ ရေးသားထားသည့် စာအုပ် တစ်ချို့ထက်ပင် ပိုမို တီထွင် ဖန်တီးနိုင်စွမ်း မြင့်မားကာ တဖြည်းဖြည်း ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာတော့မည် ဖြစ်ကြောင်း သူ ခံစားနေရသည်။
ဝေ့ဝူယင် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ မိန်းကလေး နှစ်ယောက်၏ စိတ်လှုပ်ခတ်မှု အခြေအနေကို စောင့်ကြည့် နေခဲ့၏။ သူ၏ ရိုးရှင်းသည့် မေးခွန်းက သူတို့ နှစ်ယောက်စလုံး၏ အတွေးတွင် ပဋိပက္ခ တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း အကဲခတ် မိပေသည်။ ပထမတုန်းကတော့ ထန်ပိုင်ပိုင်မှာ အတိတ်မှ အမုန်းတရားများ အတွက် ကာလကြာရှည် အောင့်အီးထားခဲ့ရကာ အခွင့်အရေး တစ်ခု ပေါ်လာခဲ့ချိန်တွင် လာရောက် တိုက်ခိုက်ခဲ့ခြင်းဟု သူ တွေးထင်မိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိ အခြေအနေက ထိုမျှ ရိုးရှင်းသည့်ပုံ မရပါချေ။
“ပြောလေ...”
အချိန် အတန်ကြာ တိတ်ဆိတ်ပြီး နောက်၌ ဝေ့ဝူယင်၏ စိတ်ရှည်မှုများမှာ ကုန်ခမ်းစ ပြုလာခဲ့၏။ ထန်ဟိုင်ဟိုင်မှာ သူ့ထံမှ အကူအညီတောင်းခဲ့သော်လည်း သူမ၏ တုန့်ပြန်မှုများက အတော်လေး နှေးကွေးလှသည်။ ထန်ပိုင်ပိုင်က အတိတ်ရှိ ရန်ငြိုးများ အတွက် လက်စားပြန်ချေကာ ထန်ကလန်ကို သိမ်းပိုက်ခဲ့သည် ဆိုလျှင်ပင် ထိုအရာက ကျိုးကြောင်း ဆီလျော်သည်ဟု သူ တွေးလိုက်မိသည်။
ထန်ဟိုင်ဟိုင်၏ နှလုံးသားမှာ တုန်ရီသွား၏။ အကယ်၍ သူမသာ ယခုချက်ချင်း စကားမပြောပါက အလွန် ကြီးမားသည့် ကပ်ဘေးကြီး တစ်ခုနှင့် ရင်ဆိုင်ရတော့မလို ပြင်းထန်စွာ ခံစားလိုက်ရသည်။ အတိတ်ရှိ ရန်ငြိုးအကြောင်းကို သိရှိပြီး နောက်တွင်ပင် ဝေ့ဝူယင်က ထိုမေးခွန်းကို မေးလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ပါချေ။
ထန်ပိုင်ပိုင် အံကို တင်းတင်းကြိတ် လိုက်မိ၏။ သူမ၏ မူလ ရည်ရွယ်ချက်က ဝေ့ဝူယင်၏ ပံ့ပိုးမှုကို ရရှိပြီး နောက်တွင် သူနှင့် ထန်ရှင်းယွင် အကြား ဆက်ဆံရေးများ ရှိကြောင်း သတင်းမှားဖြန့်ဝေဖို့ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ဝေ့ဝူယင် အကြောင်း ကောလဟလများ ထောင်နှင့်ချီ ပျံ့နှံ့နေကာ မည်သည်က အမှန်ဖြစ်ကြောင်း အတည်ပြုဖို့ ခက်ခဲပေသည်။
ထန်ရှင်းယွင်၏ မူလယင်မှာ ဝေ့ဝူယင်ကြောင့် ပျက်စီးခဲ့သည် ဆိုလျှင် အင်ပါယာ မျိုးနွယ်မှာလည်း လက်လျှော့ သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ ဟွမ်ရီကောင်းလို လူမျိုး၏ ကိုယ်ပွားကိုပင် အင်ပါယာ မျိုးနွယ်ဝင်များရှေ့တွင် သတ်ဖြတ်ကာ ဘာအကျိုးဆက်မှ မရှိပဲ ထွက်ခွာ သွားနိုင်ခဲ့သည် မဟုတ်ပါလား။ အင်ပါယာ မျိုးနွယ်မှာ ဝေ့ဝူယင်ကို ရင်ဆိုင်ဖို့ ထိတ်လန့်နေတာ ထင်ရှားပေသည်။
အကယ်၍ ဝေ့ဝူယင်သာ အမှန်တရားကို သိသွားပါက သူမ ဖန်တီးထားသည့် ကြိုးအားလုံးမှာ မီးခိုးများ အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်၌ ထန်ပိုင်ပိုင်တွင်လည်း ကိုယ်ပိုင် အတွေးများ ရှိပေသည်။ ထန်ရှင်းယွင်၏ အခြေအနေမှာ အလွန်ပင် ထိလွယ်ရှလွယ် ဖြစ်သည်။ သူမ ထိုတူမလေးကို တကယ် သဘောကျသည်။ ထိုကလေးမထံတွင် အရည်အချင်း ရှိသည်။ စွန်စားလိုစိတ် ရှိသည်။ ထို့အပြင်.. လုပ်ချင်တာကို လုပ်ရဲသည့် သတ္တိလည်း ရှိသည်။ ထန်ရှင်းယွင်မှာ ငယ်ရွယ်စဉ် အခါက သူမကိုပင် ပြန်လည် သတိရစေသည်။
သို့သော်လည်း... ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့မှာ မည်သည့် ကျိန်စာကိုမှ ကျိန်ဆို မထားသည့်လူများ ဖြစ်သည်။ သူတို့ကို ထန်ရှင်းယွင်၏ လျှို့ဝှက်ချက် အကြောင်း ပြောပြဖို့ရာ အလွန် အန္တရာယ် များသည်။
ထန်ကလန် အတွက် သူမ ရွေးချယ်ထားသော လွတ်မြောက်ရာ လမ်းကြောင်းက ထန်ဟိုင်ဟိုင်ကို သတ္တမ မျိုးဆက် ခေါင်းဆောင် ရာထူးအား လက်လွှတ်စေခြင်း ဖြစ်သည်။ သို့မှာသာ ထန်ကလန်မှာ ထိုသားအမိ၏ အရှုပ်အထွေးများကြားမှ လွတ်မြောက်ရန် မျှော်လင့်ချက် ရှိပေလိမ့်မည်။ သို့သော်လည်း... အမဖြစ်သူမှာ အာဏာနှင့် ခွန်အားကို မည်မျှ ရူးသွပ်ကြောင်း သိလေရာ ထိုအဆိုပြုချက်ကို လက်ခံဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။
ထိုင်ပိုင်ပိုင် ဉာဏ်ကောင်းစွာပင် တိတ်တဆိတ် နေဖို့သာ ဆုံးဖြတ်လိုက်၏။ မည်ကဲ့သို့ ရွေးချယ်မည်ကို အမဖြစ်သူကိုသာ ဆုံးဖြတ်ခွင့် ပြုထားလိုက်သည်။
ထန်ဟိုင်ဟိုင်က မျက်လုံးကို မှိတ်ကာ အသက်ကို ခပ်ပြင်းပြင်း လေးငါးကြိမ် ရှူလိုက်သည်။ မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သော အခိုက်၌ သူမ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
“ကျွန်မ သမီးရဲ့ အပျိုစင် ဘဝက ပျက်စီးသွားပြီ”
ထန်ဟိုင်ဟိုင် တည်ငြိမ်စွာ ပြောလိုက်၏။
“ဘာကြီး...”
ထို့ပိဟန်၏ အံ့သြမှုများက အကန့်အသတ်ကို ရောက်ရှိသွားခဲ့လေသည်။ သူ ထန်ရှင်းယွင်ကို သိသည်။ သူမမှာ ထန်ကလန်၏ အဖိုးတန် သခင်မလေး ဖြစ်ကာ ဝေ့ဝူယင်နှင့် အပြိုင် ကျော်ကြားနေသည့် ထျန်းရီဝူ၏ ဇနီးလောင်းဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့...။ ထို့ပိဟန်၏ စိတ်မှာ တုန်လှုပ်စွာပင် အမျိုးမျိုးသော ဝေါဟာရ၊ အကြောင်းအရာများနှင့် ပြည့်နှက် သွားခဲ့၏။ ထျန်းရီဝူ၊ အင်ပါယာ ကလန်၊ ဂုဏ်ယူဖွယ်ရာ စေ့စပ်မှု၊ သစ္စာဖောက်မှု၊ ရှုံ့ချမှု...။
“ဘယ်သူနဲ့လဲ...”
ထို့ပိဟန် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း မေးလိုက်လေ၏။
***