← Chapters

ထန်ဟိုင်ဟိုင်၏ ကံကြမ္မာ

Vol. 95 Ch. 1323

ထန်ဟိုင်ဟိုင်၏ ကံကြမ္မာ

Vol. 95 Ch. 1323

အခြားတစ်ဖက်၌ ဝေ့ဝူယင်၏ တုန့်ပြန်မှုမှာ ပြင်းထန်မှု မရှိသည့်တိုင် သူ၏ စိတ်ကတော့ အလွန် လျှင်မြန်သည့် အတွေးများနှင့် လှည့်ပတ် နေခဲ့သည်။ ထူးခြားသည့် ဆက်နွယ်မှုများနှင့် အတူ ကောက်ချက် အများအပြားမှာ သူ့ စိတ်အတွင်း ပေါ်လာနေခဲ့၏။ ၎င်းတို့အားလုံး ဦးတည်နေသည့် ပန်းတိုင်ကတော့ တစ်ခုတည်းသာ ရှိပေသည်။

“ကျွန်မ မသိဘူး...”

ထန်ဟိုင်ဟိုင်က ရိုးသားစွာ ဖြေလိုက်၏။ သူမထံတွင် ခန့်မှန်းချက်များ ရှိသော်လည်း ခိုင်မာသည့် သက်သက် အထောက်အထား တစ်ခုမှ မရှိချေ။ မည်သို့ပင် ဆိုစေ... သူမမှာ ထိုအကြောင်းကို လွန်ခဲ့သည့် နာရီပိုင်းလောက်ကမှ ညီမဖြစ်သူထံမှ ကြားသိခဲ့ရခြင်း မဟုတ်ပါလား။

ထန်ရှင်းယွင်မှာ သမီးအရင်း ဖြစ်သည့်တိုင် ထန်ဟိုင်ဟိုင်၏ စိတ်ထဲ၌ ဒေါသထွက်မှုကို ခံစားနေရ၏။ ထိုကလေးမမှာ မိုက်မဲလှလေခြင်းဟု သူမ တွေးတော နေမိခဲ့သည်။ ထန်ရှင်းယွင်မှာ ယခုမှ သေမျိုး ကျင့်ကြံခြင်း အဆင့်တွင်သာ ရှိပေသေးသည်။ ထိုလုပ်ရပ်က ထန်ကလန်ကိုသာ မက သူမ၏ အနာဂတ် ကျင့်ကြံခြင်း အလားအလာများကိုသာ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ယောက်ျား တစ်ယောက်က သူမ ခန္ဓာကိုယ်ကို ခံစားဖို့ သက်သက်လား။ ၎င်းက အမြင့်မားဆုံးသော မိုက်မဲမှု တစ်ခုပင်။

ထန်ဟိုင်ဟိုင်က ညီမဖြစ်သူကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ထန်ပိုင်ပိုင်ထံမှ တရားခံ အကြောင်း စူးစမ်းနေပုံ ရသည်။ သို့သော်လည်း... ထန်ပိုင်ပိုင်က ပခုံးတွန့် ပြလိုက်၏။ သူမက မလိမ်ညာစတမ်းပင် ပြောလိုက်သည်။

“သူတို့ နှစ်ယောက်က နှစ်ဦး သဘောတူ ဖြစ်သွားခဲ့တယ် ဆိုတာပဲ ငါ သိထားတယ်... ငါ ကိုယ်တိုင်လည်း အဲဒါကို အတည်ပြုခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့ ယင်အော်ရာထဲမှာ ယန်အော်ရာ ရောနှော နေတာမျိုးကိုတော့ ငါ အာရုံခံလို့ မရခဲ့ဘူး... ဒါကြောင့် ငါ မသိဘူး”

“စိတ်ဝင်စားစရာပဲ...”

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက တွက်ချက်မှုများဖြင့် တလက်လက် တောက်ပနေသည်။

“စိတ်ထင်သလို လုပ်တတ်တဲ့ ကလေးတွေရဲ့ ကိစ္စကို ဖြေရှင်းရတာ အတော် အနှောက်အယှက် ဖြစ်စရာပဲ”

ကောင်းချီးခံ တစ်ဦး ရှာချင်တိုင်း ရှာထားသည့် ပြဿနာများကို လိုက်လံ ဖာထေးဖို့ ကောင်းကင်တာအို မည်မျှ ခေါင်းခြောက်နေမည်ကို တွေးတောရင်း ဝေ့ဝူယင် ရယ်မောလိုက်မိသည်။ ကောင်းချီးခံများမှာ အဘယ်ကြောင့် ကပ်ဘေးများကို မကြာခဏဆိုသလို တဇွတ်ထိုး ဖိတ်ခေါ်လေ့ ရှိကြကြောင်း သူ နားမလည်နိုင်ပါချေ။

တရားခံမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရှေးဟောင်း ရွေးချယ်ခံ လင်းမင် ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်းပင် သိရှိပြီး ဖြစ်သည်။ အင်ပါယာ ထျန်းမျိုးနွယ်မှာ ထျန်းရီဝူ၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန် အတွက် မကြာခင် လှုပ်ရှားလာလိမ့်မည် ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။ စတေးခံရဖို့ အဖြစ်နိုင်ဆုံးက ထန်ကလန် ဖြစ်ကာ ထန်ရှင်းယွင် ကိုယ်တိုင်ပင် ပါဝင်ကောင်း ပါဝင် သွားနိုင်ပေသည်။

ကောင်းကင်တာအိုမှာ လင်းမင်မှာ ပါဝင် ပတ်သက်မှုကို ဖုံးကွယ်ထားကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။ ခန့်မှန်းကြည့်ရလျှင် သူတို့ နှစ်ဦးမှာ ထိုအကြောင်းကို မယုံကြည်ရသူများထံ ထုတ်ဖော် ပြောဆိုခြင်း မပြုဟု လျှို့ဝှက် ကျိန်စာ တစ်ခု ကျိန်ဆိုခဲ့ကြပေလိမ့်မည်။ ထို့ကြောင့်... ထန်ရှင်းယွင်းကို အကြမ်းဖက် စစ်ဆေးလျှင်ပင် တရားခံက ပေါ်လိမ့်မည် မဟုတ်ချေ။

“အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ထန်ဟိုင်ဟိုင်၏ အသံက တောင်းပန်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။ ရှောင်လွှဲလို့ မရနိုင်သည့် အကျိုးဆက်များကို ဗာမီလီယန်လည်း သိရှိထားကြောင်း ဝေ့ဝူယင် သဘောပေါက် လိုက်သည်။ သူ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အကယ်၍ အင်ပါယာ ကလန်၏ နေရာတွင် သူဆိုလျှင်လည်း အလားတူပင် ပြုမူလိမ့်မည် ဖြစ်သည်။

ခန့်မှန်းကြည့်ရလျှင် ကောင်းကင် ပုရောဟိတ်များမှာ ထန်ကလန်၏ အရေးကိစ္စတွင် ပါဝင် ပတ်သက် နေနိုင်ပေသည်။ မဟုတ်ပါက အင်ပါယာ နန်းတော်မှာ ထန်ရှင်းယွင်၏ အခြေအနေကို မသိစရာ အကြောင်း မရှိချေ။ ရွှေရောင် ဂိတ်တံခါး နန်းတော် ကိုယ်တိုင်ပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"..."

ထန်ပိုင်ပိုင်၏ သမိုင်းကြောင်းမှ ပြန်လည်၍ အစကောက်ရလျှင် ကိစ္စ အားလုံးက ရိုးရှင်း မနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ထန်မျိုးနွယ် အရေးတွင် အစောကတည်းက ပါဝင်နေခဲ့ခြင်း ဖြစ်နိုင်သလော။ အရေးကြီးသည့် တစ်စုံတစ်ခုက လွဲမှားနေသလို ဝေ့ဝူယင် ခံစားနေရသည်။

မည်သို့ပင် ဆိုစေကာမူ... ထန်ကလန် ကြုံတွေ့နေရသည်မှာ ဘက်ပေါင်းစုံမှ ရှုပ်ထွေးနေသည့် အခြေအနေ တစ်ခု ဖြစ်ပေသည်။ ထန်ဟိုင်ဟိုင် အတွက် တစ်ခုတည်းသော ရွေးချယ်စရာက အင်ပါယာ ကလန်ကို မမှုလောက်သည့် အခြား အင်အားစု တစ်ခုခု၊ သို့မဟုတ် ပုဂ္ဂိုလ် တစ်ယောက်ယောက် အပေါ်တွင် အားကိုးရန် ဖြစ်သည်။ ထန်ပိုင်ပိုင် ရွေးချယ်ခဲ့သော လမ်းကြောင်းမှာ ထန်ကလန်ကို ကယ်တင်ရန် အတွက်သာ ဖြစ်ပြီး ထန်ဟိုင်ဟိုင်နှင့် ထန်ရှင်းယွင်တို့ကတော့ ကျိန်းသေပင် အင်ပါယာ ကလန်၏ဒေါသကို ရင်ဆိုင်ရလိမ့်ဦးမည် ဖြစ်သည်။

“တော်တော်ဆိုးတဲ့ ကိစ္စပဲ... ဒီအကြောင်းကိုသာ လူတွေ သိသွားရင် အင်ပါယာ ကလန် အနေနဲ့ နှစ်ပေါင်း ထောင်နဲ့ချီ ပြက်ရယ်ပြုခံရလိမ့်မယ်... ထျန်းရီဝူ အတွက် ဆိုရင် ပိုပြီးတော့တောင် ဆိုးလိမ့်မယ်”

ထို့ပိဟန်၏ အမူအရာက ပြဇာတ် တစ်ခုကို ထိုင်ကြည့်နေသည့် ပရိသတ် တစ်ယောက်နှင့်ပင် ဆင်တူကာ မည်သည့် အရာများ ဖြစ်လာမည်ကို အင်မတန် သိချင်နေခဲ့သည်။ ထန်ကလန်နှင့် လုံးလုံးလျားလျား မပတ်သက်သူ တစ်ယောက် အနေဖြင့် ထိုကိစ္စက သူ့အတွက်တော့ ဖျော်ဖြေရေး တစ်ခုလိုပင်။

‘လင်းမင်ရဲ့ ကမ္မ အမှတ်တွေ ကုန်မသွားသေးရင် ထန်ရှင်းယွင် အသက်ရှင်မှာပါ’

ဝေ့ဝူယင် တွေးတောရင်း စိတ်ထဲမှ ခေါင်းညိတ် လိုက်မိ၏။ ကောင်းကင်တာအိုမှာ လင်းမင်၏ အသက်ကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။ ထိုအတွက် ကမ္မတန်ဖိုး မည်ရွေ့မည်မျှ ကုန်မည်ကိုတော့ သူပင်လျှင် ခန့်မှန်းနိုင်စွမ်း မရှိပါချေ။

ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်ရင်း အမွှာ နှစ်ယောက်ကို ပြောလိုက်၏။

“ကျုပ် ဒီကိစ္စကို ဝင်မပါသင့်ဘူးလို့ ထင်တယ်... ထန်ရှင်းယွင်ကို ကျုပ် သဘောမကျဘူး... ယောက်ျား တစ်ယောက်ရဲ့ တဒင်္ဂ ပျော်ရွှင်မှု အတွက် ကိုယ့်မျိုးနွယ် တစ်ခုလုံးကို ချနင်းဖို့ ဆန္ဒရှိတဲ့ မိန်းမ တစ်ယောက်ကို ဘာမှ မသက်ဆိုင်တဲ့ ကျုပ်က ကာကွယ် မပေးချင်ဘူး... တကယ်တော့ သူက ဟိုးအရင်တည်းက ရွံဖို့ ‌ကောင်းတဲ့ မိန်းမ တစ်ယောက်ပဲ... မျှတတဲ့ ပြိုင်ပွဲ တစ်ခုမှာ အစေခံရဲ့ အသက်ကိုတောင် စတေးပြီး ဘက်လိုက်ဖို့ ကြိုးပမ်းခဲ့တာ”

“နောက်ပြီး ခင်ဗျားတို့ ထန်ကလန်က ပိုင်လင်ကို အမဲလိုက်ဖို့ ကြိုးစားခဲ့ပြီး အကြီးအကျယ် ဒဏ်ရာရစေခဲ့တယ်... သူက အခုထိ ခင်ဗျားတို့ ထန်ကလန်ကို လာလက်စားချေဖို့ တွေးနေတုန်းပဲ... ခင်ဗျားတို့ ဆက်ပြီး ရှင်သန်နေခဲ့တဲ့ အဓိက အကြောင်းရင်းက တကယ် မရှိခဲ့တဲ့ အင်ပါယာ ကလန်ရဲ့ အကာအကွယ်ကြောင့်ပဲ... ရိုးရိုးသားသား ပြောရရင် ထန်ကလန် ပျက်စီးသွားမယ့် အပေါ် ကျုပ်မှာ ဘာခံစားချက်မှ မရှိဘူး”

ဝေ့ဝူယင်၏ စကားလုံးများက တိုက်ရိုက်ဆန်ကာ ပြတ်သားလှ၏။ ထို့ပိဟန် ဝေ့ဝူယင်နှင့် သဘောတူလိုက်မိသည်။ ပိုင်လင်အား ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့ခြင်း တစ်ခုတည်းကပင်လျှင် ထန်ဟိုင်ဟိုင် အတွက် အကြိမ်ပေါင်းများစွာ သေရန် ထိုက်တန် နေခဲ့ပြီ ဖြစ်သည်။ ထို‌သေမျိုးတစ်ပိုင်း အရှင် အဆင့်မှာ အင်ပါယာ မျိုးနွယ် အပေါ် ဝေ့ဝူယင်၏ သတိထားမှုကြောင့်သာ ရှင်သန် နေခဲ့ခြင်း ဖြစ်သည်။

"..."

အမွှာ ညီအမ နှစ်ယောက်၏ အမူအရာများမှာ အလွန်ပင် ကွဲပြားနေ၏။ ထန်ပိုင်ပိုင်မှာ မျက်မှောင်ကြုတ် နေခဲ့ကာ ထန်ဟိုင်ဟိုင်၏ မျက်လုံးများထဲတွင်တော့ မျှော်လင့်ချက် အရိပ်အ‌ယောင် တစ်ချို့ ကိန်းဝပ်နေဆဲ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ ဉာဏ်ရည် ထက်မြက်သော အမျိုးသမီးများ ဖြစ်လေရာ ဝေ့ဝူယင် ထိုမျှ စကားများများ ပြောနေခြင်း၏ နောက်ကွယ်တွင် “ဒါပေမဲ့” ဆိုသည့် နောက်ဆက်တွဲ ရွေးချယ်မှု တစ်ခု လာနိုင်ကြောင်း ခန့်မှန်းမိပေသည်။

“ဒါပေမဲ့...”

သူတို့ မျှော်လင့်ထားသည့် အပိုင်းမှာ ရောက်ရှိလာခဲ့၏။

“ပိုင်လင်က သူ့ကို ပြုစုပေးမယ့် အစေခံ တစ်ချို့ လိုရင်လည်း လိုနိုင်ပါတယ်”

ဝေ့ဝူယင် ပြုံးလိုက်၏။ စက္ကန့်နှင့် အမျှ နက်ရှိုင်းသည့် အလင်းရောင်များက သူ့ ငွေ‌ရောင် မျက်ဝန်းများ အတွင်း စိမ့်ဝင်လာခဲ့လေသည်။

...

“တကယ့်ကို မျှော်လင့်မထားတဲ့ ခရီးစဉ်ပဲ...”

ထို့ပိဟန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း သူ့ ခံစားချက်များကို ထုတ်ဖော် ပြောဆိုလိုက်သည်။ ချစ်သူ သုံးဦး၏ ပြန်လည် တွေ့ဆုံမှု၊ အံ့အားသင့်စရာ ကောင်းသည့် လျှို့ဝှက်ချက်များနှင့် အတိတ်မှ အပြစ်များကို ရှာဖွေ တွေ့ရှိခဲ့ပြီးသည့် နောက်တွင် သူတို့မှာ ရွှေရောင် အသက်နန်းတော်မှ ချီးမြှင့်ထားသည့် ဟင်းလင်းပြင် သင်္ဘောလေးပေါ်သို့ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။

ဟုန်ရုနှင့် ရှောင်ပင်းတို့ကတော့ ဗာမီလီယန် ဂူသင်္ချိုင်းထဲတွင် ကျင့်ကြံရင်း နေရစ်ခဲ့ကြသည်။ ပြန်လည် မထွက်ခွာခင် ဝေ့ဝူယင် သူတို့ကို သိုလှောင် လက်စွပ် တစ်ကွင်းစီပေးအပ်ခဲ့သည်။ အတွင်း၌ ပါဝင်နေသည့် အရာများကို ကြည့်ပြီးနောက် မိန်းကလေး နှစ်ယောက် မည်မျှ စိတ်လှုပ်ရှားနေသည်ကို ကြည့်ရင်း ထို့ပိဟန်မှာ ဝေ့ဝူယင် မည်သည့် အရာများ ပေးခဲ့သည်ကို အင်မတန် စူးစမ်းချင်နေခဲ့သည်။ ထို့အပြင်... ဝေ့ဝူယင်ကို သူတို့ နှစ်ယောက် ကြည့်နေသည့် ပုံများက ကြက်သီးထစရာ ကောင်းလွန်းလှသည်။ အကယ်၍ ဝေ့ဝူယင်၏ ဆန္ဒကြောင့်သာ မဟုတ်ပါက သူတို့မှာ လူငယ်၏ ယန်အမတေကို နည်းမျိုးစုံသုံး၍ ထုတ်ယူခဲ့ပြီးတာတောင် ဖြစ်နိုင်ပေသည်။

ဗာမီလီယန် နယ်မြေ အတွင်းရှိ ပုန်ကန်မှုကတော့ ဝေ့ဝူယင် ဝင်ရောက် စွက်ဖက်ခဲ့ပြီး နောက်တွင် ချက်ချင်းပင် ပြီးဆုံးသွားခဲ့သည်။ သူက ထန်ဟိုင်ဟိုင်ကို ထန်ကလန်၏ ခုနစ်ယောက်မြောက် ခေါင်းဆောင် ရာထူးမှ ညှိနှိုင်းခွင့် မပေးပဲ ဖယ်ရှားခဲ့သည်။ ထန်ပိုင်ပိုင်ကို သူမ၏ နေရာတွင် အစားထိုးခဲ့သည်။ သို့သော်လည်း... ဆွေးနွေးမှုများ မပြီးမချင်း ယာယီ ခေါင်းဆောင် အဖြစ်သာ ရှိလိမ့်မည် ဖြစ်သည်။

ထန်ပိုင်ပိုင် အာဏာသိမ်းခဲ့ရသည့် အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ခေါင်းဆောင် ရာထူးကို အစားထိုးရန် ဖြစ်သည်။ ထိုအရာက ထျန်းရီဝူကို လက်ထပ်ပွဲ ကတိကဝတ်မှ ကင်းလွတ်စေလိမ့်မည် ဖြစ်ကာ ထန်ရှင်းယွင် အတွက်လည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း အင်ပါယာ ကလန်မှာ လွယ်လွယ်နှင့် ခွင့်လွှတ်မည် မဟုတ်ပဲ ထန်ရှင်းယွင်ကို အဆင့်နိမ့် ယင်မီးဖို တစ်ယောက် အဖြစ် အပြစ်ပေးတာမျိုး၊ သူမ၏ မိခင်ကိုလည်း ကျူးလွန်ခဲ့သည့် အပြစ်များ အတွက် ထန်ပိုင်ပိုင်က ထောင်သွင်း အကျဉ်းချတာမျိုး၊ ကျင့်ကြံခြင်း အခြေခံ ဖျက်ဆီးပစ်တာမျိုး လုပ်နိုင်ပေသည်။

သူတို့ သားအမိ နှစ်ယောက်စလုံး ကြောက်မက်ဖွယ် ကောင်းသည့် ကံကြမ္မာများကို ခံစားရလိမ့်မည် ဖြစ်သည်။ လင်းမင် တစ်ယောက် အစစ်အမှန် ဒြပ်စင် အင်ပါယာ အဖြစ် ကြီးပြင်းလာသည့် အချိန်သို့ ရောက်မှသာ ထိုကံကြမ္မာမှာ ပြီဆုံးသွားလိမ့်မည် ဖြစ်သည်။

လက်ရှိ ဝေ့ဝူယင် ရွေးချယ်လိုက်သည့် လမ်းစဉ်က ထန်ပိုင်ပိုင် လျှောက်နေသည့် လမ်းကြောင်နှင့် များစွာ ခြားနားမှု မရှိပါချေ။ သို့သော်လည်း အထိအခိုက် အကျအရှုံး နည်းသလို ထန်ဟိုင်ဟိုင်နှင့် သူမ၏ သစ္စာရှိ နောက်လိုက်များမှာလည်း ကောင်းမွန်စွာ ဆက်လက် ရှင်သန်ခွင့် ရလိမ့်မည် ဖြစ်သည်။

အရေးအကြီးဆုံးသော အပြောင်းအလဲကတော့ သူတို့၏ ကံကြမ္မာများမှာ ပိုင်လင်၏ အစေခံများ အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်ခြင်းပင်။

***

All Chapters