← Chapters

ပင်းထျန်း

Vol. 95 Ch. 1328

ပင်းထျန်း

Vol. 95 Ch. 1328

“ကြည့်ရတာ ခင်ဗျား သတိရလာပြီပဲ... ကျုပ် ပထမဆုံး ပြောပြထားချင်တာက ကျုပ် ခင်ဗျားကို မသတ်ခဲ့ဘူးနော်... နောက်ပြီး ခင်ဗျားကို လက်ရှိ အခြေအနေကနေ ကယ်တင်ဖို့လည်း ကျုပ်မှာ နည်းလမ်း မရှိဘူး”

ဝေ့ဝူယင်မှ စကားဝိုင်းကို အရိုးသားဆုံး အမှန်တရားဖြင့် စတင်လိုက်၏။ ဝတ်စုံနက် ဝေ့ဝူယင် ပင်လျှင် ဝိညာဉ်အသွင်များ အကြောင်း သိပ်မသိချေ။ သူတို့ကို ဖန်တီးနိုင်သည့် နည်းလမ်းများ ရှိသည် ဆိုသော်လည်း အသွင်ပြောင်းလဲမှုကို ပြန်လည် ပယ်ဖျက်ဖို့ကတော့ ထိုမျှ မရိုးရှင်းပါချေ။

ယခုအခါတွင် ပင်းထျန်းကို လူသား တစ်ယောက် အဖြစ် ယူဆလို့ မရတော့ချေ။ သူမက လူသား တစ်ယောက်ထက် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုနှင့်ပင် ပိုမို၍ တူနေခဲ့ပြီ ဖြစ်သည်။ သူမက ထပ်မံ၍လည်း ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။ သို့စေကာမူ... ဖျက်ဆီးမခံရ သရွေ့ သူမမှာ မသေမျိုး တစ်ယောက်လို ထာဝရ ရှင်သန်နိုင်လိမ့်မည် ဖြစ်သည်။

“ငါ...”

ပင်းထျန်းက သူမ၏ ကောင်းကင်ပြာရောင် အရေပြားနှင့် လက်များကို ငုံ့ကြည့်ရင်း ခန္ဓာကိုယ်ကို ထိတွေ့ ကြည့်လိုက်သည်။ ထိုအခါ ခန္ဓာကိုယ်ထံမှ သွေးနွေး သတ္တဝါ တစ်ဦး၏ အပူချိန်ကို မခံစားရတော့ကြောင်း သဘောပေါက် လိုက်သည်။ သူမထံတွင် အဆုပ်များ မရှိတော့ချေ။ ဦးနှောက် မရှိတော့ချေ။ နှလုံးသားလည်း မရှိတော့ချေ။

“ငါ... ငါ...”

သူမ၏ လှပသော မျက်ဝန်းလေးများမှာ အဆုံးမဲ့ တုန်လှုပ် ချောက်ချားခြင်းများနှင့် ပြည့်နှက် သွားခဲ့သည်။ ခေါင်းက ထိုးကိုက်လာဟန်နှင့် သူမ နဖူးကို ပြန်လည် ဖျစ်ညှစ်လိုက်ရ၏။

ဝေ့ဝူယင်၏ မျက်လုံးများက ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းတန်းများနှင့် နောက်တစ်ကြိမ် ပြည့်နှက် သွားခဲ့ကာ ပင်းထျန်း၏ စိတ်ခံစားချက်များ ပြန်လည် သက်သာလာအောင် ကူညီပေးလိုက်သည်။ လွှတ်ထားပေးလိုက်ပါက ပင်းထျန်း၏ အသိစိတ် ပင်လယ်မှာ ကြီးမားစွာ ထိခိုက်သွားနိုင်ပေသည်။ ကိုယ့်ကိုယ်ကို လူသား တစ်ယောက် မဟုတ်တော့ကြောင်း လက်ခံရန်မှာ အလွန်ပင် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်သည်။

အံ့သြစရာ ကောင်းစွာပင် ပင်းထျန်းမှာ ဝေ့ဝူယင် မျှော်လင့်ထားသည်ထက် မြန်မြန်ဆန်ဆန်ပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ဝေ့ဝူယင်ကို ပြန်လည် အာရုံစိုက်လိုက်ရင်း သူမ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် လာခဲ့သည်။ သို့သော်လည်း ထိုသတ်ဖြတ်လိုစိတ်များက ဝေ့ဝူယင်ကို ဦးတည်ခြင်း မဟုတ်ချေ။ သူမကို သတ်ဖြတ်ကာ ယခုလို ပုံစံမျိုး ပြောင်းလဲပစ်လိုက်သည့် တစ်ယောက်ကိုသာ ဖြစ်ပေသည်။

“လက်ရှိ အဆင့်နဲ့ ခင်ဗျားက သူ့ ပြိုင်ဘက် မဟုတ်ဘူး... နောက်ပြီး ကျုပ်ဆီမှာ ခင်ဗျားကို မေးစရာတွေ ရှိတယ်”

ဝေ့ဝူယင်က လိုရင်းကို ခပ်မြန်မြန် သွားလိုက်၏။ ဖြစ်နိုင်လျှင် နေကြယ် စီမံကိန်းထံကို စောနိုင်သမျှ စောစော သူ ပြန်ချင် နေခဲ့ပြီ ဖြစ်သည်။

“မေးစရာ...”

ပင်းထျန်းက မျက်ခုံးများကို ပင့်တင်လိုက်၏။

“ငါက ဘာလို့ နင့်ရဲ့ မေးခွန်းတွေကို ဖြေပေးရမှာလဲ...”

သူမ ဒေါသထွက်နေသည်။ ဒေါသထွက်မည် ဆိုလျှင်လည်း ထွက်သင့်သည်။ မည်သို့ပင် ဆိုစေ... သူမ အသတ်ခံလိုက်ရသည် မဟုတ်ပါလား။

“...”

ဝေ့ဝူယင် ပင်းထျန်းကို စိုက်ကြည့်လိုက်၏။ သူတို့ နှစ်ယောက် အချိန် အတန်ကြာ အကြည့်ချင်း စုံနေခဲ့ကြသည်။ နှစ်ယောက် အကြားရှိ လေထုမှာ တင်းမာလာကာ ပတ်ဝန်းကျင်ကိုပင် လွှမ်းမိုးလာ၏။ အဆုံးသတ်တွင်တော့ ပင်းထျန်းက ရေခဲမြူမှုန်းများကို မှုတ်ထုတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“ရှင်က ကျွန်မကို ကယ်ထားတာပဲ... ဖြေပေးပါ့မယ်... ကျွန်မက ကျေးဇူး မသိတတ်တဲ့လူ မဟုတ်ပါဘူး”

ထိုသေမျိုးနှင့် အကြည့်ချင်းဆုံသော အခိုက်၌ မဖော်ပြနိုင်လောက်အောင် ကြီးမားသော ဖိအားကို သူမ ခံစားခဲ့ရသည်။ ထို့အပြင် သူမ သိချင်သည့် အရာများလည်း ရှိပေသည်။ ထိုသေမျိုးက သူမကို ကယ်တင်ခဲ့သည်ဟု အဘယ်ကြောင့် ယုံကြည်သင့်သနည်း။ သူမကို သတ်ခဲ့သူက သူ မဟုတ်ဟု ဘယ်သူက တပ်အပ် ပြောနိုင်မည်နည်း။

ဒုတိယ သံသယကို ပင်းထျန်း ချက်ချင်းပင် ပယ်ချလိုက်၏။ သူမ အသက်ကို ယူဆောင် သွားသည့် ဧရာမ ဓားကြီးအား ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ သူက အပျက်အစီး နိုဗာတွင် တွေ့ခဲ့ရသည့် မိစ္ဆာ ကျင့်ကြံသူ ဖြစ်သည်။ ဝေ့ဝူယင် မဟုတ်ချေ။ ထိုပုဂ္ဂိုလ်မှာ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း လူငယ်ထံတွင် လိမ်စရာ အကြောင်း မရှိကြောင်း သူမ သိပေသည်။

ဝေ့ဝူယင်က ပြန်လည်၍ ပြုံးလိုက်၏။ အကယ်၍ ပင်းထျန်းသာ ဆက်လက်၍ ခေါင်းမာနေပါက သတင်း အချက်အလက်များကို ထုတ်ယူရန် မနှစ်မြို့ဖွယ် နည်းလမ်း တစ်ခုကို သူ သုံးရတော့မည် ဖြစ်သည်။

“ကောင်းပြီလေ... ကောင်းကင် လောက အမြုတေကို အပျက်အစီး နိုဗာနားမှာ ခင်ဗျား ရခဲ့တာ မလား... အခြား နှစ်ခုရော”

"..."

ပင်းထျန်းက ခေါင်းခါလိုက်၏။

“ကျွန်မ ပြောလို့ မရဘူး... သူတို့နဲ့ ကျွန်မ လျှို့ဝှက် ကျိန်စာ ကျိန်ဆိုထားတယ်”

“ခင်ဗျားက အခု သန့်စင်ခံရပြီးပြီ... အရင် ပင်းထျန်း မဟုတ်တော့ဘူး... ဘယ်လို လျှို့ဝှက် ကျိန်စာ မျိုးစေ့မျိုးမှ ခင်ဗျား ကိုယ်ထဲမှာ မရှိနိုင်တော့ဘူး”

‌ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ပင်းထျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝေ့ဝူယင် နှံ့နှံ့စပ်စပ် စစ်ဆေးခဲ့ပြီး ဖြစ်သည်။ သူမက လုံးဝ အသစ်ဟု ဆိုနိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။ မည်သည့် မျိုးစေ့၊ အမှတ်အသားများမှ ရှိမနေခဲ့ပါချေ။ အကျိုးဆက် အနေဖြင့် သူမ၏ အသက် အဆောင် ပင်လျှင် ကျိုးပဲ့သွားလောက်ပြီ ဖြစ်သည်။

ထန်ကလန်သားများမှာ သူမ လုံးဝ သေသွားလောက်ပြီဟု ယူဆ နေကြပေလိမ့်မည်။ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓား၏ သန့်စင်မှု အောက်တွင် သူမနှင့် ပတ်သက်သမျှ အရာအားလုံး စစ်ထုတ် ခံခဲ့ရသည်။

“...”

ပင်းထျန်း တစ်ယောက် ဆွံ့အနေခဲ့၏။ စိတ်ခံစားချက်များက ပြင်းထန်လာလေရာ မျက်ဝန်းအိမ်များ၏ ထောင့်တွင် မျက်ရည်များက ရစ်သိုင်းလာခဲ့သည်။ သို့သော်လည်း... သူမက မျက်လုံးများကို မှိတ်လိုက်ရာ ထိုမျက်ရည်များမှာ ပြန်လည် ဆုတ်ခွာသွားခဲ့၏။ ၎င်းက သူမ လက်ခံကို လက်ခံရမည့် အမှန်တရား တစ်ခု ဖြစ်ပေသည်။

“ကျွန်မအတွက် လမ်းမရှိတော့ဘူးလား... အချိန် ပြောင်းပြန်လှန်ခြင်း ဆိုရင်ရော...”

ပင်းထျန်းက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။

“ကျင့်ကြံခြင်းက အဆုံးမရှိဘူး... အဂ္ဂိရတ် တာအိုကလည်း အကန့်အသတ်မဲ့တယ်... လမ်းတစ်ခုတော့ ရှိမှာပါ... ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိ အခြေအနေက ဥပဒေ အာဏာလို့‌ ခေါ်တဲ့ စွမ်းအား တစ်ခုကြောင့် ဖြစ်လာတာ... ဘယ်ဥ‌ပဒေသ အတိအကျလဲ ဆိုတော့ ကျုပ် မသိဘူး... ခင်ဗျားကို ပြန်ခေါ်နိုင်မယ့် နည်းလမ်းက အနည်းဆုံး ဒီချိပ်ပိတ် နယ်မြေထဲမှာတော့ မရှိဘူး”

ဝေ့ဝူယင်က အမှန်အတိုင်းပင် ပြောပြလိုက်၏။ သူက ပင်းထျန်းကို အတုအယောင် မျှော်လင့်ချက်များ မပေးပါချေ။

သို့သော်လည်း... တစ်ချိန်တည်း၌ သူ၏ စကားလုံးများက မျှော်လင့်ချက် တစ်ခုတော့ ရှိသေးကြောင်း လမ်းပြထားခဲ့ပေသည်။

“ဆိုတော့ နည်းလမ်းတော့ ရှိနိုင်တာပေါ့...”

ပင်းထျန်းမှာ ထိုကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားဖို့ ဆုံးဖြတ်လိုက်သည်။

“ကောင်းကင် လောကအမြုတေ ကြောင့်ပဲ ငါ အသတ်ခံခဲ့ရတာ... သူတို့ နှစ်ယောက် ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်တော့ဘူး”

ပင်းထျန်း၏ စိတ်ထဲ၌ လက်စားချေလိုသည့် အငွေ့အသက် တစ်ချို့ ဖြစ်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ သူမမှာ ဘာကိုမှ ထိန်ချန် မထားတော့ချေ။

“စန်းမျိုးနွယ်ရဲ့ စန်းယွန်းလီက ကျွန်မကို လာစည်းရုံးခဲ့တာ... သူက ထာဝရ အစည်းအရုံး မဟာ အတွင်းရေးမှူး စန်းလော့ယန်ရဲ့ မွေးစားသမီးပေါ့... ကျွန်မတို့ နှစ်ယောက် အပြင် ဝိညာဉ် လမ်းလျှောက်သူလည်း ပါတယ်...”

“အဲဒီကိစ္စက အစတည်းက အရမ်း အန္တရာယ်များတာ ကျွန်မ သိတယ်... ဒါပေမဲ့ ကောင်းကင် ဓာတ်တော် ဆိုတဲ့ ဆွဲဆောင်မှုကြောင့် လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်... စန်းယွန်းလီရဲ့ စဦး ကမ်းလှမ်းမှုတွေကလည်း ငြင်းပယ်ဖို့ မဖြစ်နိုင်လောက်အောင်ပဲ... နောက်ပြီး အရမ်း အန္တရာယ်များရင် နောက်ပြန်လှည့်ဖို့လည်း ကျွန်မတို့ သဘောတူ ခဲ့ကြတယ်... ဒါကြောင့်ပဲ ကျွန်မနဲ့ ဝိညာဉ် လမ်းလျှောက်သူတို့ လက်ခံပြီး အပျက်အစီး နိုဗာ နေရာကို သွားခဲ့ကြတာ”

"ခင်ဗျားတို့ ကြိုသိနေခဲ့ကြတာလား...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“ဟုတ်တယ်... အပျက်အစီးနိုဗာ ပေါက်ကွဲတော့မယ် ဆိုတာကို စန်းယွန်းလီက သိတယ်... ကောင်းကင် လောက အမြုတေ ကျန်ခဲ့မယ် ဆိုတာလည်း သိတယ်... အစတုန်းက သူက တစ်ခုပဲ ကျန်ခဲ့လိမ့်မယ်လို့ ပြောတာ... ဒါပေမဲ့ အနက်ရောင်ဝတ်လူက သုံးခုတောင် ယူပြီး ထွက်လာခဲ့တယ်”

“နေဦး...”

ဝေ့ဝူယင်က ပင်းထျန်းကို ခဏ တားထားလိုက်၏။

“စန်းယွန်းလီက အပျက်အစီး နိုဗာ ဖြစ်ခါနီးမှာ ခင်ဗျားတို့ကို ခေါ်ပြီး အဲဒီနေရာကို သွားခဲ့တယ်ပေါ့... နောက်ပြီး အနက်ရောင်ဝတ်လူ ဆိုတာက ခင်ဗျားကို သတ်လိုက်တဲ့ တစ်ယောက်လား”

ပင်းထျန်းက မုန်းတီးစွာပင် ‌ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်...”

“နောက်ပြီး ခင်ဗျားတို့က တစ်ခုပဲ မျှော်လင့်ထားတာပေါ့... သုံးခု မဟုတ်ဘူးပေါ့”

“အနက်ရောင်ဝတ်လူ သုံးခုယူပြီး ထွက်လာတာကို တွေ့တုန်းက မိန်းကလေးယွန်း... စန်းယွန်းလီတောင်မှ အံ့သြသွားသေးတယ်... သူလည်း မျှော်လင့်ထားတဲ့ပုံ မရဘူး... အဲဒါကြောင့်ပဲ ဝတ်စုံနက်ကို တိုက်ခိုက်ပြီး တားဖို့ ကျွန်မတို့ကို ခိုင်းခဲ့တာ”

“ခင်ဗျားတို့ရဲ့ ပထမ အစီအစဉ်က ဘာလဲ..”

ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။

"ကျွန်မတို့ရဲ့ ပထမ အစီအစဉ်က စန်းယွန်းလီ စီစဉ်ထားတဲ့ ရတနာ တစ်ခုကို သုံးပြီး အပျက်အစီး နိုဗာထဲကို ဝင်ဖို့... နောက်ပြီး ကောင်းကင်လောက အမြုတေကို ထုတ်ယူဖို့ပဲ... ဒါပေမဲ့ ဝတ်စုံနက်က ကောင်းကင် လောက အမြုတေတွေ အားလုံးကို ယူသွားခဲ့တာ... သူနဲ့ တိုက်ခိုက်ရင်း ကျွန်မတို့ သေလုနီးပါး အထိ ဖြစ်ခဲ့‌သေးတယ်... ကံကောင်းတာက သူ့ရဲ့ စွမ်းအင်တွေ ကုန်သွားတဲ့ပုံ ပေါ်တာပဲ... အဲဒီနောက် သူက ကောင်းကင် လောက အမြုတေ သုံးခုကို ချန်ထားပြီး ထွက်ပြေးသွားခဲ့တယ်”

“...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ ပိုမို၍ တောက်ပလာနေခဲ့လေ၏။

"နောက်ပြီး ထူးဆန်းတာတွေ ရှိသေးတယ်..."

ရုတ်တရက်... ပင်းထျန်းက တစ်စုံတစ်ရာကို ပြန်လည် သတိရဟန်ဖြင့် ပြောလိုက်လေ၏။

***

All Chapters