← Chapters

ရှာဖွေ တွေ့ရှိခြင်း

Vol. 95 Ch. 1329

ရှာဖွေ တွေ့ရှိခြင်း

Vol. 95 Ch. 1329

“ထူးဆန်းတာ...”

“ဟုတ်တယ်... စန်ယွန်းလီက အနက်ရောင်ဝတ် လာမယ် ဆိုတာလည်း သိတယ်... ဘာလက်နက် သုံးမယ် ဆိုတာကို သိတယ်... သူ ဘယ်အချိန် အားကုန်မလဲ ဆိုတာက အစ သိနေတယ်... သူ မသိတာ တစ်ခုပဲ ရှိတယ်... အဲဒါက ဝတ်စုံနက် ကောင်းကင် လောက အမြုတေ သုံးခုကို ယူလာတဲ့ ကိစ္စပဲ”

“ကျွန်မတို့ စန်းယွန်းလီကို မေးကြည့်တော့ ဝတ်စုံနက်ကို သူ နောက်ယောင်ခံနေတာ ကြာပြီတဲ့... ဒါပေမဲ့ သူ ဘယ်သူလဲ ဘယ်နေရာမှာ နေလဲ ဆိုတာကိုတော့ မသိဘူး... သံသယ ဖြစ်စရာတွေ ရှိတယ် ဆိုပေမဲ့ စန်းယွန်းလီက ကျွန်မတို့ကို အများကြီး ပေးပြီး နှုတ်ပိတ်လိုက်တယ်... သူက အဲဒီတစ်ယောက်ကို ကာကွယ်ချင် နေသလိုပဲ...”

ပင်းထျန်းမှာ ပိုမို၍ တွေးလေလေ ပိုမို၍ မုန်းတီးလေလေ ဖြစ်နေခဲ့သည်။ ဝေ့ဝူယင်ကတော့ တိတ်ဆိတ် ငြိမ်သက်စွာပင် စဉ်းစား နေခဲ့၏။

“ဟိုမိန်ဖန်း... လုံကွာ... ယီမင်ရှ... ယီယွင်... ဝမ်လမ်ယင်.. စန်းယွန်းလီ... လင်းထျန်း... ယန်ယုံကျန်း...”

သူ မသိလိုက်ခင်မှာပင် လက်သီးများက တိတ်တဆိတ် ဆုပ်ခဲ့ပြီး ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ...။

“မင်း ရွေးချယ်ရမယ် အမွေခံ အပြစ်သား... အချိန် သက်ရောက်ခြင်းက ကောင်းကင်တာအိုတွေ ကိုယ်တိုင် ဖန်တီးတဲ့ ကိုယ့်ကိုယ်ကို ထိခိုက်စေခြင်း ပုံစံ တစ်ခုပဲ... သူ ဒဏ်ရာရနေပြီ... ငါတို့ အပြစ်သား‌တွေ အတွက် အခွင့်အရေး တစ်ခု ဟုတ်သလို ကံဆိုးမိုးမှောင်ကျမှု တစ်ခုဆိုလည်း မှန်တယ်... ပြန်ပြီး မွေးဖွားလာသူဟာ ကောင်းချီးခံ ဖြစ်ပြီးတော့ များပြားလှတဲ့ ကမ္မ ကံကောင်းခြင်းတွေက သူ့ကို ကာကွယ်ထားတယ်... သူက အနာဂတ်မှာ ဖြစ်ပျက်လာမယ့် ကိစ္စတွေကို ကြိုတင် သိလိမ့်မယ်... အဲဒါကပဲ မင်းအတွက် အားနည်းချက် ဖြစ်စေလိမ့်မယ်... မင်း အဲဒီ ပြန်လည် မွေးဖွားလာသူကို သတ်ဖြတ်ပြီး သူ့ရဲ့ ကမ္မ ကံကောင်းခြင်း တန်ဖိုးတွေကို လုယူနိုင်တယ်... ပျက်စီးနေတြ့ ကောင်းကင်တာအိုရဲ့ အပိုင်းအစကို မင်း အတွက် ရယူနိုင်တယ်... ဒါမှမဟုတ် သူ့ကို အသက်ရှင်သန်ခွင့်လည်း ပေးနိုင်တယ်”

"သတိထားပါ... မင်းမှာ ကမ္မ တန်ဖိုးတွေ အများကြီး ရှိသေးရင်တောင် သူက မင်းကို သတ်နိုင်တယ်... မင်းကို ကောင်းကင်တာအိုက ကူညီမှာ မဟုတ်သလို သတိပေးမှာလည်း မဟုတ်ဘူး.. ဒါပေမဲ့ သူကတော့ မင်းကို သိလိမ့်မယ်... မင်းရဲ့ ဖြစ်နိုင်ချေ ရှိတဲ့ အနာဂတ်ကိုလည်း မြင်လိမ့်မယ်... မင်းရဲ့ အခွင့်အလမ်းတွေကိုလည်း မြင်လိမ့်မယ်... သူက မင်းရဲ့ ကမ္မ ကံကောင်းမှုတွေကို သူ့ဟာ ဖြစ်အောင် လုယူနိုင်တယ်... ကောင်းကင်ရဲ့ မျက်နှာပေး ခံရတဲ့ အခြားလူတွေတောင်မှ သူ့ရဲ သားကောင် ဖြစ်နိုင်တယ်”

ယခု ယွင်ချွဲသည်ပင် သူ့ သားကောင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“ငါ ရှာတွေ့ပြီ...”

ဝေ့ဝူယင် ပြုံးလိုက်၏။ လက်စားချေလိုမှု၊ မုန်းတီးမှုတို့ ထုံလွှမ်းနေသည့် ပင်းထျန်း၏ စကားလုံးများမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ် ဝေ့ဝူယင် ရှာဖွေ ဖော်ထုတ်ဖို့ ကြိုးပမ်းနေခဲ့သည့် အကြီးမားဆုံးသော လျှို့ဝှက်ချက် တစ်ခုကို ပေါ်လွင် လာစေခဲ့ပြီ ဖြစ်သည်။

လောကီ ပြန်လည် မွေးဖွားသူ...

အနာဂတ် အကြောင်း ကြိုသိနေသည့် လူတစ်‌ယောက်နှင့် ကမ္ဘာတစ်ခု အတွင်း ယှဉ်တွဲ နေထိုင်ရခြင်းမှာ လွန်စွာ စိုးရိမ်ဖွယ် ကောင်းသည့် ကိစ္စ တစ်ခု ဖြစ်သည်။ အချိန်မရွေး မိမိမှာ ထိုတစ်ယောက်၏ သားကောင် ဖြစ်သွားနိုင်ပေသည်။ ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝမှာတုန်းက လောကီ ပြန်လည် မွေးဖွားသူ ဟူ၍ မရှိခဲ့ချေ။ ဝေ့ဝူယင် အစိုးရိမ်ဆုံးက ငရဲ၏ ကပ်ဘေးများသာ ဖြစ်သည်။ သူက တစ်ချိန်လုံး ဇာတ်မြှုပ်၍ နေထိုင်ခဲ့ကာ ကျင့်ကြံခြင်း အခြေခံကိုသာ ကြောက်မက်ဖွယ် အဆင့်တစ်ခုထိ ရောက်အောင် မြှင့်တင်ခဲ့သည်။ အာဏာရှင် အဖွဲ့ဝင်များကို မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ဦးဆောင် ပုဂ္ဂိုလ်များ ဖြစ်လာအောင် ပျိုးထောင်ခဲ့သည်။ သို့သော်လည်း... လျူယင်လန်းက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ချိန်တွင်တော့ ထိုအရာ အားလုံးမှာ သူ ပြိုလဲခဲ့ရာ အကြောင်းရင်း ဖြစ်လာခဲ့လေသည်။

ဝေ့ဝူယင် နှစ်ယောက်မှာ အနန္တ ကုန်းမြေတိုက်ကြီးမှာတည်းက အတွေးအမြင် ကွဲပြား ခြားနားမှု တစ်ချို့ ရှိလေရာ ထိုအရာပင် နောက်ပိုင်း၌ ခြားနားသည့် လမ်းကြောင်းများကို ဦးတည်စေခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်ကို အကောင်းဆုံး လမ်းကြောင်းတစ်ခုအား လျှောက်လှမ်းစေခဲ့သူကတော့ လောကီ ပြန်လည် မွေးဖွားသူ၏ တည်ရှိမှုပင် ဖြစ်လေသည်။

ကောင်းကင် တာအိုမှာ သူမကို ဒုတိယ အကြိမ်မြောက် အခွင့်အရေး ပေးရန် အတွက် ကိုယ်ကိုယ်ကို ထိခိုက်ပျက်စီးစေသည့် နည်လမ်းတစ်မျိုးကိုပင် သုံးခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရလျှင် ကိုယ့်တွင် မည်မျှ ကံစွမ်း၊ ဉာဏ်စွမ်း ရှိစေကာမူ အမြဲတမ်း တစ်ပန်းရှုံးနေလိမ့်မည် ဖြစ်သည်။ သားကောင် အဖြစ်စေဖို့ ဆိုလျှင် ကိုယ့်ထံတွင် ချို့ယွင်းချက် မရှိဖို့ လိုသည်။

မိစ္ဆာ ကောင်းချီးခံ၏ အဖြစ်က ‘လောကီ ပြန်လည် မွေးဖွားသူထံတွင် ကောင်းချီးခံ တစ်ယောက်ထံမှ ကံကောင်းမှုကို လုယူရန် နည်းလမ်းများ ရှိကြောင်း’ ဝေ့ဝူယင်၏ ယုံကြည်ချက်ကို ခိုင်မာစေခဲ့သည်။ ယွင်ချွဲမှာ လောကရှန့်ထိုများကိုပင် စစ်ဖြစ်စေနိုင်သည် အထိ အဖိုးတန်သော ကောင်းကင် လောက အမြုတေ သုံးခုကို ရရှိခဲ့သည်။ ထို့နောက် စန်းယွန်းလီ၏ ပြန်လည် လုယူမှုကို ခံခဲ့ရသည်။ သို့သော်လည်း လုယူခံရသည့် အကြောင်းရင်းကို ပြန်လည် ဆန်းစစ်ရလျှင် ယွင်ချွဲ ကိုယ်တိုင်ထံတွင် အားနည်းချက်များ ရှိနေသောကြောင့် ဖြစ်သည်။

စန်းယွန်းလီ...

တစ်ခါတုန်းက သုံးလွှာ ကြယ်တာရာ နယ်မြေတွင် စန်းကလန်၏ ဧကရီမှာ မီးဖွားသန့်စင်ရင်း သူမ၏ ကလေးကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက်တွင်တော့ သူမက စန်းယွန်းလီကို မွေးစားခဲ့သည်။ စန်းယွန်းလီ မည်သည့် နေရာမှ လာသည်ကို ဘယ်သူမှ မသိချေ။ သို့သော်လည်း... သူမက နတ်မိမယ်လေးတမျှ ချောမောသူဟု လူတိုင်းက ဆိုစမှတ် ပြုကြသည်။ ပါရမီ အရာတွင်လည်း သူမက ကောင်းကင်၏ မျက်နှာသာ ပေးမှုကို ခံထားရသည့် ကလေးငယ် ဖြစ်သည်။ သို့သော်လည်း သူမမှာ ကျင့်ကြံဖို့ အလွန် ပျင်းရိတတ်သူ တစ်ယောက်ဟု ကျော်ကြား၏။

တင်းမာမှု တစ်ချို့ ဖြစ်ဖူးသည့်တိုင် ဝေ့ဝူယင်၏ ဘဝတွင် စန်းကလန်နှင့် တစ်ကြိမ်တစ်ခါမှ တိုက်ရိုက် ပြဿနာ မဖြစ်ဖူးခဲ့ချေ။ သို့သော်လည်း ထာဝရ ကြယ်တာရာ နယ်မြေသာ ဆက်လက် တည်ရှိနေလျှင် အုပ်ချုပ်ရေး ပြဿနာများကြောင့် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ စစ်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိပြီးနောက်တွင် စန်းယွန်းလီမှာကောင်းချီးခံ တစ်ယောက် ဖြစ်နိုင်ကြောင်း ဝေ့ဝူယင် တွက်ဆလာမိသည်။ လောကီ ပြန်လည် မွေးဖွားသူ သံသယ စာရင်းတွင်ပင် ထည့်သွင်းထားခဲ့သည်။ အဘယ်ကြောင့်နည်း။ သူမက လွယ်လွယ်ကူကူနှင့် စန်းလော့ယန်၏ မွေးစားသမီး ဖြစ်လာခဲ့သော‌ကြောင့်ပင်။

ဝေ့ဝူယင်၏ စိတ်တစ်ခုလုံး အတွေးများနှင့် လှိုင်းထန်နေစဉ်မှာပင် ပင်းထျန်းက ဆက်လက်၍ ပြောပြလိုက်လေသည်။

“အခြား ကောင်းကင် လောက အမြုတေ နှစ်ခုက စန်းယွန်းလီနဲ့ ဝိညာဉ် လမ်းလျှောက်သူတို့ဆီမှာ ရှိနေလိမ့်မယ်... စန်းယွန်းလီက သူ့ဟာကို ထူးဆန်းတဲ့ နည်းလမ်း တစ်ခုတဲ့ သန့်စင်နေတာကို ကျွန်မ မြင်ခဲ့ရတယ်... ဝိညာဉ် လမ်းလျှောက်သူကတော့ ဒဏ်ရာရနေတဲ့ အတွက် ခုချိန်ထိ သိမ်းထားလောက်သေးတယ်... အပြောင်းအလဲ မရှိဘူး ဆိုရင် သူတို့နှစ်ယောက်လုံး စန်းလော့ယန်ရဲ့ ရှေးဟောင်း ကောင်ကင် လောက နယ်မြေမှာ ကျင့်ကြံနေကြလိမ့်မယ်”

ပင်းထျန်းမှာ မည်သည့် အရာကိုမှ ထိန်ချန် မထားတော့ချေ။ အသတ်ခံခဲ့ရပြီးသည့်နောက်တွင် သူမ အရာ အားလုံးကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ထို့အပြင်... သူမထံ၌ စန်းယွန်းလီနှင့် ဝိညာဉ် လမ်းလျှောက်သူတို့ကို ကာကွယ်ပေးစရာ အကြောင်းရင်း မရှိပါချေ။ သူတို့က ကိုယ်ပိုင် အကျိုးစီးပွားများ အတွက် တစ်ခဏတာ ပူးပေါင်းခဲ့ကြသူများသာ ဖြစ်သည်။

“စန်းယွန်းလီက ဘာရည်ရွယ်ချက် အတွက် ကောင်းကင် လောက အမြုတေကို သုံးတာလဲ ခင်ဗျား သိလား...”

ဝေ့ဝူယင်က စုံစမ်းလိုက်၏။

"ကျွန်မ အထင် ပြောရရင် ကျင့်ကြံခြင်း ဝိညာဉ်ကို အသွင်ပြောင်းဖို့ ဖြစ်လိမ့်မယ်... ကောင်းကင်ဓာတ်တော်က ကျင့်ကြံခြင်း ဝိညာဉ်ကို လောကရှန့်ထို အဆင့်လွန်ကို ရောက်ဖို့ အတွက် ကူညီပေးနိုင်တယ် တဲ့... နတ်ဘုရား အင်ပါယာသာ ကောင်းကင်ဓာတ်တော် အကြောင်း ကြားရင် တစ်လောကလုံးကို မြေလှန်ရှာမှာ ကျိန်းသေတယ်”

ကောင်းကင်လောက အမြုတေဟု သိရှိကြသည့် ကောင်းကင်ဓာတ်တော်ကို ပင်းထျန်း ယခုထိ မသန့်စင်ရသေးချေ။ ထို့ကြောင့် ၎င်း၏ အကျိုးကျေးဇူးများကို သူမ အပြည့်အဝ သိရှိထားခြင်း မရှိချေ။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ကောင်းကင်လောက အမြုတေနှင့် ဆိုပါက သူ မူလ အာရုဏ်ဦး ဆေးလုံးကို ပိုမို ကောင်းမွန်အောင် ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။ သူ လက်ရှိ ဖန်တီးထားသည့် နည်းလမ်းမှာ အကန့်အသတ်များ ရှိကာ ကျင့်ကြံခြင်း ဝိညာဉ်ကို မူလ အဆင့် ‘လေး’ အထိသာ ပြောင်းလဲပေးနိုင်ပေသည်။ ဆေးညွှန်းအတွင်း ကောင်းကင် လောက အမြုတေကို ထပ်မံ ပေါင်းထည့်လိုက်လျှင် သက်ရောက်မှုမှာလည်း မခန့်မှန်းနိုင်သည့် အဆင့်တစ်ခုကို ရောက်ရှိသွားမှာ သေချာပေသည်။

“ရှင် ကျွန်မကို ဘာလုပ်မှာလဲ...”

ဝေ့ဝူယင် တွေးတောနေစဉ်မှာပင် ပင်းထျန်း၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။ သူမ၏ အသံက ကြောက်ရွံ့မှု၊ မသေချာ မရေရာမှု၊ စိတ်မလုံခြုံမှုများနှင့် ပြည့်နှက်လို့ နေသည်။

အလွန် ဉာဏ်ကောင်းသူ တစ်ယောက် အနေဖြင့် ပင်းထျန်းမှာ သူမ၏ လက်ရှိ အခြေအနေကို သိပေသည်။ သူမက အလွန် အားနည်းနေသည်။ ကြယ်တာရာ သခင် တစ်ယောက် ပင်လျှင် သူမကို ဖိနှိပ်နိုင်သည်။ ထို့အပြင်... ဤထူးဆန်းသည့် အသွင်အပြင် ဖြင့်ပင် သူမမှာ မူလယင်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဘယ်ဘက်က ကြည့်ကြည့် သူမမှာ အမျိုးသား တစ်‌ယောက် အတွက် ယင်မီးဖို ဖြစ်လာဖို့ ပြီးပြည့်စုံသော အခြေအနေ ဖြစ်သည်။

ဝေ့ဝူယင် အတွေးများထဲမှ ရုန်းထွက်လိုက်ကာ အလွန်တရာ လှပလှသည့် ဝိညာဉ်အသွင်ကို ကြည့်လိုက်သည်။ သူ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ပင်းထျန်း၏ အတွေးများကို သူ မည်ကဲ့သို့ မသိပဲ နေမည်နည်း။ သို့သော်လည်း... သူ့ရည်ရွယ်ချက်က ခြားနားပေသည်။

“ခုအခြေအနေ အရ ခင်‌ဗျားရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းက ထိခိုက်သွားပြီ... ခင်ဗျားက ပြီးပြည့်စုံတဲ့ ဝိညာဉ် တစ်ခု မဟုတ်သလို ကျင့်ကြံခြင်း ဝိညာဉ်လည်း မဟုတ်ဘူး... သမာရိုးကျ ကျင့်ကြံခြင်းလမ်းကြောင်းကို ခင်ဗျား လျှောက်လှမ်းနိုင်တော့မယ် မထင်ဘူး... နောက်ပြီး ကျုပ် ရှင်းရှင်းပဲ ပြောမယ်နော်... ခင်ဗျားရဲ့ အသက်ကို ကျုပ် ကယ်ပေးခဲ့တယ်... ဒါပေမဲ့ ခင်ဗျားကို ဆက်ပြီး ကူညီဖို့တော့ ကျုပ်မှာ ဝတ္တရား မရှိဘူး... နောက်ပြီး ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံက ခင်ဗျား အတွက် အသုံးမဝင်တော့ဘူး”

“ကျွန်မ သိပါတယ်...”

ပင်းထျန်းက ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်၏ စကားလုံးများမှ တစ်ဆင့် ရည်ရွယ်ချက် အငွေ့အသက် တစ်ချို့ကို သူမ ရိပ်မိလိုက်ပြီ ဖြစ်လေတော့သည်။

***

All Chapters