သဘောတူညီမှု
Vol. 95 Ch. 1330
“ရှင်က ကျွန်မရဲ့ ကျင့်ကြံခြင်းကို ထုတ်ယူပစ်တော့မှာလား...”
ပင်းထျန်းက မေးလိုက်၏။ သူမ၏ လေသံက အကြောက်အလန့် ကင်းမဲ့နေသည်။ ကျင့်ကြံခြင်း အခြေခံကို ဆုံးရှုံးရမည် ဆိုလျှင်ပင် လက်ရှိ အခြေအနေဖြင့် သူမ ထိုအရာကို အသုံးမချနိုင်တော့ချေ။ ဝိညာဉ် အသွင် တစ်ယောက်၏ စွမ်းအင် လည်ပတ်မှု ပုံစံမှာ ကျင့်ကြံသူ တစ်ယောက်နှင့် ခြားနားပေသည်။ နောင်တစ်ချိန်တွင်တော့ ဝမ်ယုထျန်းနှင့် ဆင်တူသည့် စွမ်းအားမျိုးကို သူမ ဆုပ်ကိုင်လာနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ဝမ်ယုထျန်း၏ စွမ်းအား အများစုမှ ဝင်္ကပါများနှင့် အစီအရင်များကို ထိန်းချုပ်ခြင်းမှ လာခြင်း ဖြစ်ပေသည်။
"မှန်ပါတယ်...”
ဝေ့ဝူယင်မှာ လိမ်ညာရန် လိုအပ်သည်ဟု မခံစားရချေ။ သူ၏ ရိုးသားသော စကားလုံးများက ပင်းထျန်းကို အနည်းငယ် သုန်မှုန်သွားစေသော်လည်း တစ်ချိန်တည်း၌ သူမ စိတ်သက်သာရာ ရသွားခဲ့သည်။ ဝေ့ဝူယင် ဘာကိုပဲ လုပ်ချင်လုပ်ချင် သူမ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ နောင်တစ်ချိန် ကျင့်ကြံသူ တစ်ယောက် အဖြစ် ပြန်လည် ပြောင်းလဲရန် နည်းလမ်း တစ်ခုကို ရှာတွေ့ခဲ့လျှင် သူမ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။ ပြန်လည်၍လည်း ကျင့်ကြံနိုင်ပေလိမ့်မည်။
"ကျွန်မ မခုခံပါဘူး... ခုခံဖို့ အရည်အချင်း မရှိဘူး ဆိုတာလည်း ကျွန်မ သိပါတယ်... ဒါပေမဲ့ ခေါင်းကိုက်အောင်တော့ ရှင်မလုပ်ဘူး မလား”
ဝေ့ဝူယင်နှင့် ညှိနှိုင်းရန် အခွင့်အရေး မရှိသလောက် ဖြစ်ကြောင်း ပင်းထျန်း နားလည်ထားပေသည်။
“ရှင် ဘာပဲလိုလို ကျွန်မ ကူညီပေးမယ်... အခု ကျင့်ကြံခြင်း အခြေခံတွေကိုလည်း စိတ်ပါလက်ပါနဲ့ လွှဲပြောင်းပေးမယ်”
“ခင်ဗျား ဘာပြန်လိုချင်လဲ...”
ဝေ့ဝူယင်က ပြုံးလိုက်၏။ ပင်းထျန်၏ မျက်ဝန်းများက မျှော်လင့်ချက် အငွေ့အသက်များနှင့် ပြည့်နှက် လာသည်။
“ကျွန်မကို ကူညီပေးပါ... ပြန်ပြီး အသက်ရှင်နိုင်အောင် ကူညီပေးပါ... ရှင်က ထာဝရ ဧကရာဇ်နဲ့တောင် နှိုင်းယှဉ်လို့ ရတဲ့ အဂ္ဂိရတ် ပါရမီရှင် တစ်ယောက် ဆိုတာ ကျွန်မ သိပါတယ်... နင့်မှာ အနာဂတ် အလားအလာတွေ အများကြီး ရှိတယ်... နောက်ပြီး ရှင်ပြောခဲ့တယ် မလား... အဂ္ဂိရတ် တာအိုက အကန့်အသတ်မဲ့တယ် လို့...နည်းလမ်း တစ်ခုတော့ ရှိမှာပါ... ရှင် အခု မလုပ်နိုင်ဘူး ဆိုရင်တောင် နှစ်ပေါင်း တစ်ထောင် ဖြစ်ဖြစ်...”
"..."
ဝေ့ဝူယင်က တိတ်တဆိတ်ပင် ပြုံးရင်း သူမကို ကြည့်နေခဲ့၏။
“ကျွန်မ သိပါတယ်... ကျွန်မ သိပါတယ်... အခု ကျွန်မဆီမှာ ရှင့်ကို ပေးစရာ ဘာမှလည်း မရှိပါဘူး... ဒါပေမဲ့ နောင်တစ်ချိန် ကျွန်မ ခန္ဓာကိုယ်ကို ပြန်ရပြီး နောက်တစ်ကြိမ် ကျင့်ကြံနိုင်ခဲ့ရင်... ရှင်သာ ကျွန်မကို မြေကြီး ရှန့်ထို အဆင့်နဲ့ ပိုပြီး မြင့်တဲ့ အဆင့်တွေကို ရောက်အောင် ကူညီပေးနိုင်ခဲ့ရင် ကျွန်မ ရှင့်ရဲ့ နှစ်ကိုယ်တူ ကျင့်ကြံဖော် ဖြစ်ပေးပါ့မယ်... ကျွန်မ ဘဝ တစ်လျှောက် ကျင့်ကြံခဲ့တဲ့ ဗဟုသုတတွေ အားလုံးကို ရှင့်ကို လွှဲပေးပါ့မယ်... ရှင် ဘာကိုပဲ ဆန္ဒ ရှိရှိ”
ပင်းထျန်း တစ်ယောက် ကိုယ့်ကိုယ်ကို စားပွဲပေါ်တင်ကာ ကမ်းလှမ်း နေခဲ့ပြီ ဖြစ်သည်။ ထိုမျှမက သူမက ဝေ့ဝူယင်ကို အမှီသဟဲပြုကာ တစ်ကြိမ်တစ်ခါမှ စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် အဆင့်များ အထိ တက်လှမ်းဖို့ပါ ကြံစည်နေသည်။ သူမက ထိုအချက်ကို ဖုံးကွယ်ထားခြင်း မပြုပါချေ။
“ကျုပ် နားလည်ပြီ...”
ဝေ့ဝူယင်က တွေးတောဟန်ဖြင့် ပြောလိုက်၏။ ထို့နောက် သူက မျက်လုံးများကို မှိတ်ရင်း မေးစေ့ကို ပွတ်သပ် လိုက်သည်။ ထိုအမူအရာက ပင်းထျန်းကို စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် သွားစေ၏။ အကယ်၍ သူမ၏ ရင်ဘတ် အတွင်းတွင် အသွေးအသား နှလုံးသားတစ်စုံ ရှိနေပါက အလွန် ကျယ်လောင်စွာ တဒိတ်ဒိတ် ခုန်နေလောက်ပြီ ဖြစ်သည်။
“ကောင်းပြီလေ...”
ကံကောင်း ထောက်မစွာပင် ဝေ့ဝူယင်က တောက်ပသည့် အပြုံးတစ်ခုနှင့် သဘောတူလိုက်၏။
"ကျွန်မ ရှင့်ကို ပင်းကလန်ရဲ့ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်တွေ အကြောင်း... နေဦး... ဘာကြီး”
ပင်းထျန်းမှာ သူမ၏ ကလန်ကိုပင် ရောင်းစားဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ သဘောတူ လိုက်ချေပြီ ဖြစ်သည်။
ပင်းထျန်း၏ အမူအရာကို ကြည့်ရင်း ဝေ့ဝူယင် ရယ်ချင်သွားခဲ့၏။ ပင်းကလန်၏ ထိုသေမျိုးတစ်ပိုင်း အရှင်မလေးမှာ သူ ကြားသိထားခဲ့ရသည့် သတင်းများထဲကနှင့် ခြားနားလှသည်။ သူမက ကြောက်လန့်တတ်ကာ မရင့်ကျက်သေးသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်နှင့်ပင် တူနေသေးသည်။
အမှန်အတိုင်း ဝန်ခံရပါက... ဝေ့ဝူယင်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက ဝိညာဉ်အသွင်ကို လူသား အဖြစ် ပြန်လည် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်လိုနေခဲ့ခြင်း ဖြစ်သည်။ သူ ဝမ်ယုထျန်းကို ပြန်ခေါ်လိုသည်။ ဝမ်ယုထျန်းအား ပြန်ခေါ်နိုင်လျှင် လောကရှန့်ထို တစ်ယောက်ကို သူ ရရှိမည် ဖြစ်သည်။ ပင်းထျန်းမှာ ထိုကြိုးစားမှုတွင် အကောင်းဆုံးသော စမ်းသပ်ခံ တစ်ယောက်ပင် ဖြစ်သည်။
ပင်းထျန်း၏ ကျင့်ကြံခြင်း အခြေခံကိုတော့ သူ ထုတ်ယူမည် ဖြစ်သည်။ ထို့နောက်... သန့်စင်ကာ နေကြယ် စီမံကိန်းတွင် ပြန်လည် အသုံးချဖို့ စဉ်းစားထားသည်။ ၎င်းက သူ့အတွက် အံ့သြအားသင့်စရာ လက်ဆောင် တစ်ခု ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေ... အသန့်စင်ဆုံး ယင်ရင်းမြစ်ကို ပိုင်ဆိုင်ထားသည့် သေမျိုး တစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံမှာ လောက၌ ရှာတွေ့ရန် အလွန် ခက်ခဲသည် မဟုတ်ပါလား။
‘စန်းယွန်းလီ... ငါ နင့်ကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး...’
ဝေ့ဝူယင် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ ထိုမိန်းကလေးမှာ ကောင်းကင် တာအိုများကို ကိုယ့်ကိုယ်ကို ဒဏ်ရာရစေလျှက် အချိန် ခွဲခွာခြင်းကို ထုတ်ဖော်စေခဲ့သည် အထိ မြင့်မားလှသော ကမ္မ ကံကောင်းမှုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အနက်ရောင် အရိုးစု ကိုယ်တိုင် သတိပေးခဲ့ရသည့် လောကီ ပြန်လည် မွေးဖွားသူ ဖြစ်သည်။ သူမက မည်မျှ စိတ်ဝင်စားစရာ ကောင်းလိုက်သနည်း။
သို့သော်လည်း ယခုတွင်တော့ သူ နေကြယ် စီမံကိန်း ရှိရာထံ ပြန်ရဦးမည် ဖြစ်သည်။
“ကဲ... အခု သွားရအောင်... နောက်မှ ပင်းကလန်ရဲ့ ညစ်ညစ်ပတ်ပတ် လျှို့ဝှက်ချက်တွေ အကြောင်းကို ကျုပ် နားထောင်မယ်... အင်ပါယာ ကလန် အကြောင်းကိုလည်း ကျုပ် မေးချင်သေးတယ်... ကျုပ်တို့ အေးအေးဆေးဆေး ထပ်ဆွေးနွေးကြမယ်”
ဝေ့ဝူယင်က ပင်းထျန်းကို ဝိညာဉ် အလင်း တစ်ခုနှင့် ဝန်းရံလိုက်၏။ ထို့နောက်တွင်တော့ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင် အမှတ်တစ်ခုကို တည်ဆောက်လိုက်တော့သည်။
...
လူတစ်ယောက်နှင့် ဝိညာဉ် တစ်ကောင်တို့ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်သို့ ပြန်သွားခဲ့ချိန်တွင် မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကတော့ အမျိုးမျိုးသော ထိတ်လန့် ချောက်ချားဖွယ်ရာ သတင်းများဖြင့် ဂယက်ထ နေဆဲ ဖြစ်ပေသည်။
ပထမဆုံးသော သတင်းကတော့ ပင်းကလန်၏ ဂြိုဟ်တစ်ခု ဖြစ်သည့် ရေခဲကျောက်စိမ်း တိုက်ခိုက်ခံခဲ့ရသည့် သတင်းပင် ဖြစ်လေသည်။ ကောလဟလများ အရ ဆိုလျှင် လုပ်ကြံသူ တစ်ယောက်မှာ ပင်းကလန်၏ ခေါင်းဆောင်များ ဖြစ်ကြသော ပင်းထျန်းနှင့် ပင်းကျင်းရုတို့ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ထိုသတင်းက တောမီးလို၊ ကူးစက် ရောဂါ တစ်ခုလို အလွန် လျှင်မြန်စွာပင် ပျံ့နှံ့ နေခဲ့သည်။ တိုက်ခိုက်မှုက အလွန် ပြင်းထန် ရက်စက်ကာ ရေခဲကျောက်စိမ်းဂြိုဟ် တစ်ဝက်ကျော်၏ အသက်များကိုပင် နှုတ်ယူ သွားခဲ့သည်။ သို့သော်လည်း... ကံကောင်းထောက်မစွာပင် သူရဲကောင်း တစ်ဦး ပေါ်လာခဲ့ကာ နတ်ဘုရား တစ်ပါး အလား စွမ်းအားဖြင့် မရေမတွက်နိုင်သည့် လူများ၏ အသက်များကို ကယ်တင်ခဲ့သည်။ တိုက်ခိုက်သူများကို မောင်းထုတ်ပစ်ခဲ့သည်။
သူက ဟယ်ကလန်၏ မြေကြီးရှန့်ထို ဟယ်ပို့ကျွင်းပင် ဖြစ်လေသည်။
သြဇာအာဏာ၊ အဆင့်အတန်းနှင့် စွမ်းအား ဆိုသည့် ပိရမစ်၏ ထိပ်ဆုံးတွင် ရပ်တည်နေကြသူများ၊ ဟယ်ပို့ကျွင်း၏ အစစ်အမှန် အကျင့်စရိုက်ကို သိကြသူများမှာ ထိုသတင်းကို ကြားကြားချင်း အံ့အားသင့် သွားကြသည်။ ပင်းမျိုးနွယ်နှင့် သြဇာခံ ပြည်သူပြည်သားများကတော့ ဟယ်ပို့ကျွင်းမှာ ပင်းကလန်၏ လျှို့ဝှက် မဟာမိတ် တစ်ယောက် ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။
ပိုမို၍ အံ့အားသင့်ဖို့ ကောင်းသည့် သတင်းက ထျန်းမူယန် ဦဆောင်သည့် မြေကြီးရှန့်ထိုများ၏ ကြိုးပမ်းမှုဖြင့် ပင်းကျင်းရု ပြန်လည် အသက်ရှင်လာခဲ့ခြင်း ဖြစ်သည်။
ထိုသတင်းက လူပေါင်းများစွာကို အတုမရှိသည့် အံ့သြမှုများ ပေးစွမ်းခဲ့ကာ ထိပ်တန်း ကျင့်ကြံသူများ၏ နတ်ဘုရား အလား စွမ်းအားကို နောက်တစ်ဖန် ခံစားစေခဲ့လေသည်။
***