ကျန်းတုန်းပိုင်
Vol. 20 Ch. 399
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ရှန်းတောက်မင်နှင့်အခြားသူများကို ရှန်းယွမ်လုံ၏နောက်ကိုလိုက်ဖို့ခေါ်သွားကြသည်။
ရှန်းယွမ်လုံသည် လူသူကင်းမဲ့သည့် တောင်ပေါ်သို့ရောက်သည့်အခါ ကောင်းကင်ပေါ်ရှိတိမ်မဲများသည် လူးလွင့်နေကြသည်။
ငွေရောင်လျှပ်စီးကြောင်းများ အရောင်လက်နေကြသည်။
နောက်ဆုံးတွင်….
ကျယ်လောင်သည့်မြည်သံတစ်ခု တိမ်များထံမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ခနအကြာတွင် ရှန်းယွမ်လုံ၏ဦးခေါင်းကို မျက်စိကျိန်းဖွယ်ရာမိုးကြိုးတစ်ခု ပစ်လိုက်လေသည်။
ထိုအရာကိုမြင်ပြီး ရှန်းတောက်မင်နှင့် အနီးရှိအခြားသူများသည် အလွန်စိုးရိမ်ထိတ်လန့်သွားကာ မျက်နှာတွင်သွေးရောင်ပင်မရှိတော့ဘဲ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။
သူတို့သာဆိုလျှင် ဤမိုးကြိုးအတိဒုက္ခကို ဆန့်ကျင်ခံနိုင်စွမ်းမရှိမှန်းသိကြပေသည်။
ကလန်--
ဘယ်လိုပဲဖြစ်ဖြစ် အတိဒုက္ခတိမ်တိုက်အောက်ရှိ ရှန်းယွမ်လုံသည် သူ၏မူလဓမ္မရတနာ အာကာသဗလာဓားကို ထုတ်ယူလိုက်သည်။
တစ်ချက်တည်းနှင့်ပင် သူသည် အတိဒုက္ခမိုးကြိုးလျှပ်စီးကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားအောင်လုပ်လိုက်သည်။
ထိုအရာသည် အကုန်လုံးကို စောင့်ကြည့်နေကြသည့် ရှန်းတောက်မင်နှင့်အခြားသူများကို စိတ်သက်သာရာရသွားစေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဘက်သို့ လှည့်လာခဲ့ကြသည်။
ရှန်းရူရွှမ်ကမေးလိုက်သည်။
“ချန်ရွှမ်၊ ရူယန်၊ ပဉ္စမဘိုးဘေး အဆင်ပြေမှာပါ ဟုတ်တယ်မလား?”
“စိတ်မပူပါနဲ့ ပဉ္စမဘိုးဘေးက ဒီတစ်ကြိမ်အတိဒုက္ခကိုကျော်လွန်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူကောင်းကောင်းပြင်ဆင်ထားတယ်လို့ဆိုလိုတာပဲ”
ရှန်းရူယန်ကဖြေးညင်းစွာ ပြန်ဖြေလိုက်သည်။
“ပြီးတော့ ပဉ္စမဘိုးဘေးမှာ ငါတို့ပေးထားတဲ့ ကာကွယ်ရေးရတနာရှိတာပဲ။ ဒီကောင်းကင်အတိဒုက္ခကနေ ရှင်သန်ဖို့လုပ်ရတာက သူ့အတွက်တော့ အခက်အခဲတစ်ခုမဟုတ်လောက်ပါဘူး”
ရှန်းရူယန်၏စကားများကိုကြားပြီးနောက် ရှန်းရူရွှမ်၊ ရှန်းတောက်မင်နှင့် အခြားသူများသည် စိတ်သက်သာရာရသွားကြသည်။
ရှန်းယွမ်လုံသည် ဒီတစ်ကြိမ်ကောင်းကင်အတိဒုက္ခကိုကျော်လွန်နိုင်နေသရွေ့ ရှန်းမျိုးနွယ်စုသည် ရွှေအမြုတေအဆင့်မျိုးနွယ်စုဖြစ်လာပေလိမ့်မည်။
၎င်းသည် ရှန်းမျိုးနွယ်စု၏ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။
တဒင်္ဂမျှ ရှန်းတောက်မင်နှင့်အခြားသူများသည် မကူညီနိုင်သော်လည်း ကြည့်နေကြရသည်။
အုန်း အုန်း!
ထိုအချိန်တွင် အတိဒုက္ခမိုးကြိုးလျှပ်စီးသည် ကောင်းကင်မှ နောက်တစ်ကြိမ်ပစ်ချလိုက်သည်။
ကံကောင်းစွာပင် ဒုတိယနှင့် တတိယမိုးကြိုးလျှပ်စီးများ၏ စွမ်းအားသည် ပထမတစ်ခုနှင့်ယှဉ်လျှင် ပို၍အားပျော့သွားသည်။
သူတို့သည် ရှန်းယွမ်လုံလက်အောက်တွင် အလွယ်တကူပင် ပျက်စီးသွားကြသည်။
ကျန်နေသေးသည့် စတုတ္ထ၊ ပဉ္စမ၊ ဆဌမမိုးကြိုးလျှပ်စီး၏ စွမ်းအားသည် မြင့်တက်လာသော်လည်း ရှန်းယွမ်လုံသည် တတိယအဆင့်ဓမ္မရတနာအချိူ့၏အကူအညီဖြင့် ထိန်းထားကာ ရှင်သန်နိုင်နေသေးသည်။
သတ္တမနှင့် အဌမအတိဒုက္ခမိုးကြိုးလျှပ်စီးများမပစ်ခင်အထိ ရှန်းယွမ်လုံသည် ကြီးမားသောအန္တရာယ်များကို အာရုံခံနိုင်နေသေးသည်။
သူသည် မတတ်သာတော့ဘဲ ထိုနေ့က ကျန်းချန်ရွှမ် သူ့ကိုပေးလိုက်သည့် ပဏာမစတုတ္ထအဆင့်ကာကွယ်ရေးဓမ္မရတနာကို အသုံးပြုလိုက်တော့သည်။
မျက်စိကျိန်းစရာ မိုးကြိုးလျှပ်စီးနှင့်အတူ လိုက်ပါလာခဲ့သည်။
သူသည် သတ္တမအဆင့်နှင့် အဌမအဆင့်အတိဒုက္ခမိုးကြိုးလျှပ်စီးများကို ဖြတ်ကျော်ပြီးသည့်အချိန်တွင် ပဏာမစတုတ္ထအဆင့်ကာကွယ်ရေးဓမ္မရတနာသည် ပြန့်ကြဲနေသည့် အလင်းရောင်အစက်အပျောက်များအဖြစ် အစိတ်စိတ်အမြွှာမြွှာ ပြန့်ကုန်သည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအင်သည် ပြင်းပြင်းထန်ထန် လျော့ကျနေပြီ။
ထို့ကြောင့် သူသည် ချက်ချင်း သူ၏ကုန်သွားသည့် ဓမ္မစွမ်းအားကိုပြန်ဖြည့်ရန် ဆေးလုံးတစ်ခုကိုထုတ်ကာ စားလိုက်သည်။
မကြာမီပင် သူ၏ခန္ဓာကိုယ်သည်ဓမ္မစွမ်းအင်အလုံးအရင်းဖြင့် ပြန်ပြည့်လာသည်။
တစ်ချိန်တည်း၌ပင်..
နောက်ထပ် မိုးကြိုးပစ်သံတစ်ချက် ကောင်းကင်တွင် ကြားလိုက်ရသည်။
ထို့နောက် အရင်အဌမအတိဒုက္ခလျှပ်စီးထက် ပိုမိုပြင်းထန်သော မိုးကြိုးလျှပ်စီးတစ်ခု..
ထိုအရာသည် ရှန်းယွမ်လုံ၏ နှလုံးခုန်ခြင်းကိုခေတ္တမျှရပ်သွားစေခဲ့သည်။
သူသည် နောက်ဆုံးအတိဒုက္ခလျှပ်စီးကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ရှင်သန်နိုင်မည်မဟုတ်ကြောင်း သိနေခဲ့သည်။
ထိုအတွေးဖြင့် သူသည် တုံ့ဆိုင်းခြင်းမပြုဘဲ ချက်ချင်း ကျန်းချန်ရွှမ်ထိုနေ့ကသူ့ကိုပေးထားသည့် စတုတ္ထအဆင့်ဓမ္မရတနာကို ထုတ်ယူလိုက်သည်။
ဤစတုတ္ထအဆင့်ဓမ္မရတနာသည် အပြည့်အဝမသန့်စင်သေးသော်လည်း နောက်ဆုံးအတိဒုက္ခလျှပ်စီးကို ခုခံရန်မှာ ပြဿနာမရှိနိုင်ပေ။
ကျယ်လောင်သောတိုက်ခိုက်မှုဖြင့် စတုတ္ထအဆင့်ဓမ္မရတနာ၏မျက်နှာပြင်ပေါ်ရှိ ဝိညာဉ်အလင်းတန်းသည် ရုတ်တရက် မှိန်ပျသွားခဲ့သည်။
ထို့နောက် ၎င်းသည် ရှန်းယွမ်လုံ၏လက်ထဲသို့ ဖြည်းညင်းစွာပြန်ရောက်ရှိသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ တစ်ချိန်တည်း၌ပင် သူသည်နောက်ဆုံးအတိဒုက္ခလျှပ်စီးကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီဖြစ်သည်။
အတိဒုက္ခတိမ်တိုက်များ လွင့်စင်ပပျောက်သွားသည်နှင့် ကောင်းကင်မှာ ရှင်းလင်းကြည်လင်သွားတော့သည်။
ထို့နောက် သန့်စင်သော ဝိညာဉ်ချီမိုးစက်များ ရှန်းယွမ်လုံ၏ကိုယ်ပေါ်သို့ ရုတ်တရက်စီးကျလာတော့သည်။
ထိုအရာသည် ကောင်းကင်အတိဒုက္ခကိုကျော်လွန်နိုင်ခဲ့သည့်သူများကို ကမ္ဘာကြီးကပေးသည့် လက်ဆောင်ဖြစ်သည်။
ဤသန့်စင်သည့်ဝိညာဉ်ချီများဖြင့် ရှန်းယွမ်လုံ၏ဒဏ်ရာများသည် လျင်မြန်စွာ သက်သာစပြုလာသည်။
သူ၏အမြင့်ဆုံးအခြေအနေသို့ ပြန်ကောင်းလာစေရန်ပင် အချိန်သိပ်မလိုခဲ့ပေ။
“ရွှေအမြုတေကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ပဉ္စမဘိုးဘေး”
ထိုအချိန်တွင် အဝေးနေရာမှစောင့်ကြည့်နေကြသည့် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ချက်ချင်းပင် ရှန်းယွမ်လုံဆီသို့ လာခဲ့ကြသည်။
သူတို့သည် ပြုံးလျက် ရှန်းယွမ်လုံကိုဂုဏ်ပြုပေးကြသည်။
“ဟားဟားဟား!”
ရွှေအမြုတေအဆင့်သို့ရောက်ပြီးသည့်အခါ ရှန်းယွမ်လုံသည် အမှန်တကယ်ပင် စိတ်ချမ်းသာသွားသည်။
သူသည် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
ခနကြာပြီးနောက်…
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုသာ ကြည့်လိုက်သည်။ ထူးခြား၍ တည်ငြိမ်လေးနက်သောအမူအယာဖြင့် သူတို့ကိုဦးညွှတ်ကာ ပြောလိုက်သည်။
“ချွန်ရွှမ်း ရူယန် ငါဒီတစ်ခေါက် ငါ့ရဲ့ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တာ မင်းတို့နှစ်ယောက်ရဲ့ကျေးဇူးကြောင့်ပါ။ မင်းတို့ကြောင့်သာမဟုတ်ရင် ငါလွန်ခဲ့တဲ့နှစ်ရာချီကတည်းက တစ်ယောက်တည်း ရွှေအမြုတေဖွဲ့စည်းရင်း သေဆုံးသွားလောက်ပြီ”
ထိုအရာကိုမြင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူ့ကိုကူ၍ ထပေးလိုက်ကြသည်။
ကျန်းချန်ရွှမ်သည် ပြုံးလျက်ခေါင်းခါလိုက်သည်။
“ပဉ္စမဘိုးဘေး အဲ့ဒီလိုမပြောပါနဲ့။ ဘိုးဘေးကြောင့်သာမဟုတ်ရင် ရူယန်နဲ့ကျွန်တော်လည်း အခုလက်ရှိနေရာမှာ ရှိနေနိုင်မှာမဟုတ်ပါဘူး။ အတိုချုံးရရင် ကျွန်တော်တို့က ကျွန်တော်တို့ မှန်မယ်ထင်တာကိုလုပ်ခဲ့ရုံပါ”
ရှန်းယွမ်လုံသည် အလွန်အကျူးစိတ်ခံစားချက်ပြင်းပြတတ်သည့် လူမျိုးမဟုတ်ပေ။
ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် သူသည် တည်ငြိမ်လေးနက်စွာပင်ခေါင်းညိတ်လိုက်သည်။
***