← Chapters

အပြန်အလှန်

Vol. 1 Ch. 38

အပြန်အလှန်

Vol. 1 Ch. 38

အခန်း (၃၈) အပြန်အလှန်

"ကျုပ်ကို ဒုက္ခပေးချင်တဲ့ သူတွေ အများကြီးပါ။ ဥပမာ ခင်ဗျားလိုမျိုးပေါ့။ ခင်ဗျားသာ ကျုပ်နဲ့ အပေးအယူ လုပ်မယ်ဆိုရင် ကျုပ်က ခင်ဗျားကို တိုက်ခိုက်စရာ အကြောင်း မရှိပါဘူး"

ပိုင်ယွီဖေးက အရက်ကို မော့သောက်လိုက်ရင်း ပြောလိုက်သည်။ အရက်၏ ချိုမြသည့် အရသာသည် သူ့လျှာထက်တွင် စွဲကျန်သွားလေသည်။

ပိုင်ယွီဖေးက ရယ်မောလိုက်ရင်း …

"ဒါက ဆန်အရက်ပဲ။ ဘယ်စမ်းရေကို သုံးပြီး ဒီအရက်ကို ချက်ထားတာလဲ"

"တောင်ပေါ်စမ်းချောင်းက ရိုးရိုး စမ်းရေပါပဲ။ မသိတာလည်း မဟုတ်ဘဲနဲ့  စကားလမ်းကြောင်း မလွှဲပါနဲ့။ ခင်ဗျားကို ဒဏ်ရာရအောင် ဘယ်သူ လုပ်လိုက်တာလဲ"

ဆန်းလျန်က အရက်ခွက်ကို လက်ဖြင့် လှည့်နေရင်း မေးလိုက်သည်။ သူက အရက်ခွက်ကို လှည့်နေသော်လည်း အရက် တစ်စက်မှ ဖိတ်စဉ်သွားခြင်း မရှိပေ။

"ကျုပ်ရဲ့ သိုင်းပညာက ခင်ဗျားပြောသလောက်လဲ မဟုတ်ပါဘူးဗျာ။ သိုင်းစွမ်းတော့ နည်းနည်းထက်ပေမယ့် ဓားသိုင်း ပညာဘက်မှာတော့ ပုံမှန်ပါပဲ။ သူတော်စင်စောရဆိုတဲ့ နာမည်တစ်လုံး ရတာတောင် မခံယူ ဝံ့ပါဘူး။ ပြီးတော့  ဘယ်လောက်ပဲ အသိဉာဏ်တွေ ရှိရှိ၊ ဘယ်လောက်ပဲ တော်တော် ကိုယ့်ထက်တော်တဲ့ သူဆိုတာတော့ ပေါ်လာစမြဲပဲ မဟုတ်လား။ ကျုပ်ထက် သာတဲ့လူတွေ လောကမှာ တစ်ပုံကြီး ရှိတယ်။ ကျုပ်က ဘာမှမဟုတ်ပါဘူး။ မင်ကျန်းတောင်က သူတို့ရဲ့  "အတိတ်မေ့ ဆေးမှုန့်" ပျောက်သွားတာကို ကျုပ်ခိုးတယ်လို့ ထင်ပြီး ကျုပ်နောက်ကို လိုက်တာ။ ယန်ပြည်နယ်ကနေ ချင်ပြည်နယ် မြို့တော်ကို ရောက်တဲ့အထိ တစ်လမ်းလုံးပဲ။ မင်ကျန်းတောင်က သခင်လေးကိုယ်တိုင်တောင် လိုက်လာသေးတယ်။ သူ့မျက်နှာတော့ သေချာ မမှတ်မိလိုက်ဘူး။ ကျုပ်ဓားလည်း ဆုံးရှုံးလိုက်ရပြီး သူ့ရဲ့ ထူးဆန်းတဲ့ လက်နက်ပုန်းကြောင့် ဒဏ်ရာရခဲ့တာ။ ခင်ဗျားကတော့ ကျုပ်ကို လက်ခံထားလောက်မယ် ထင်ပြီး ဒီနေရာထိ ပြေးလာရတာပဲ"

"သိုင်းလောကထဲ ရောက်ပြီဆိုမှတော့ သေခြင်းရှင်ခြင်းက ကံတရားအတိုင်းပဲ။ ကျုပ်ခင်ဗျားကို သေတွင်း ပို့လိုက်မှာ ခင်ဗျားမကြောက်ဘူးလား"

ဆန်းလျန်က ခပ်ဖြည်းဖြည်းပင် မေးလိုက်သည်။

"သေလုနီးပါး ဖြစ်နေတာ ကျုပ်မှာ အများကြီး စဉ်းစားဖို့ အချိန်မရှိဘူးလေ။ ကံကောင်းတာက ခင်ဗျားကို ကြည့်ရတာလည်း အဲဒီလို လူစားမျိုး ဟုတ်ပုံမရပါဘူး"

သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် များအတွက် ပိုင်ယွီဖေးမှာ ကြောက်လန့်နေဆဲ ဖြစ်လေသည်။ သူ့ဘဝတွင် တကယ်ပင် ဘေးဒုက္ခဆိုးကို ကြုံခဲ့ရသည့် အချိန် ဖြစ်လေသည်။

ဆန်းလျန်က သူ့ကို ကယ်တင်မည်ဟုလည်း သူက တစ်ထစ်ချ ယုံကြည် မထားခဲ့ပါ။ သိုင်းလောကသားများမှာ လူတစ်ယောက် သေမည်ဆိုလျှင်လည်း ကြည့်နေ တတ်ကြသည့် သူများပင် မဟုတ်ပါလား။

လူတစ်ယောက် အန္တရယ်ကျသည့် အချိန်တွင် အခွင့်ကောင်း ယူတတ်ကြသည့် သူများ ဖြစ်လေသည်။

"အပြန်အလှန်ပဲပေါ့။ ခင်ဗျားကို ကျုပ်ကယ်ခဲ့တာ ဆိုတော့ ခင်ဗျားကို ကျုပ်ပိုင်သွားပြီ။ သဘောတူချင်တူ မတူချင်နေပေါ့။ ဒါပေမယ့် အဲဒီလို ဆန္ဒ မရှိဘူး ဆိုရင်တော့ အခု ထွက်သွားလို့ ရပါတယ်။ နောက်မှ ပြန်လာပြီး ဒီအကြွေးကို ဆပ်လို့ရပါတယ်"

ဆန်းလျန်မှာ လူဆိုးတစ်ယောက် မဟုတ်ပါ။ သို့သော် သူက စေတနာ ဗလပွနှင့်တော့ အလကား မကူညီနိုင်ပေ။  လူတစ်ယောက်အပေါ်တွင် အကျိုး မျှော်ကိုးပြီး ကူညီသည်မှာ ကောင်းသည့်အရာတော့ မဟုတ်သည်ကို ဆန်းလျန် သိထားပါသည်။

သို့သော် ဤလောကတွင် ကိုယ်ကျိုးမဖက်သည့် သူရဲကောင်းဆို၍ လက်တစ်ဆုပ် စာလောက်ပင် ရှိမည် ဖြစ်လေသည်။ လူအများစုကတော့ အခြားသူများကို ကူညီပြီးလျှင် ပြန်လည် ရယူဖို့ မျှော်လင့်ကြသည် ချည်းပင်။

ပိုင်ယွီဖေးက ကြိုးစားပြီး ပြုံးလိုက်သည်။

"ကျုပ်ဘဝက ခင်ဗျားအတွက်ပါပဲ။ အသုံးဝင်မယ် ထင်ရင်သုံးပါ"

"ဒါဖြင့် ဒီမှာ ကြိုက်သလောက်နေပါ။ ခင်ဗျားနေဖို့ စားဖို့အတွက် ငွေကြေး ပေးစရာမလိုဘူး။ စားဖို့အိပ်ဖို့ အားလုံးစီစဉ်ပေးမယ်။ ဒါပေမယ့် အရက်ဖိုးတော့ ပေးရမယ်။ မင်းရဲ့ပုံကို ကြည့်ရတာ အလုပ်တော့ လုပ်နိုင်မယ် ထင်တယ်။ မနက်ဖြန် အလုပ်စလုပ်တော့"

"ခုတော့ ခင်ဗျားက တကယ့် တည်းခိုရိပ်သာပိုင်ရှင် စီးပွားရေးသမားဆိုတာ ကျုပ်ယုံပါပြီဗျာ"

ပိုင်ယွီဖေးမှာ ရယ်မောရင်းပြောလိုက်လေတော့သည်။

လက်ရှိ အခြေအနေအရ သူကဲ့သို့သော လူမျိုးမှာ ချမ်းသာ ကြွယ်ဝမှုများကို ဂရု ထားနေရ သည်မှာ ကြောင်တောင်တောင်တော့ နိုင်လေသည်။ အရက်ကောင်းကောင်း ရှိခြင်း မရှိခြင်းကို သူက ဂရုမစိုက်ပါ။ သူတကယ် စိတ်ဝင်စားသည်က ဆန်းလျန်ဆိုသည့် လူငယ်လေးကိုပင် ဖြစ်လေသည်။ လူတစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးတွင် ပွင့်ပွင့်လင်းလင်း ရှိသည်ဆိုသည်မှာ ရှားလွန်း လေသည်။ ပိုင်ယွီဖေးနှင့် ဆန်းလျန်၏ ဆက်ဆံရေးမှာလည်း ပွင့်ပွင့်လင်းလင်း မရှိပါ။ သို့သော် သူတို့ ဆက်ဆံရေးမှာ ငွေကြေးနှင့် အရှိန်အဝါကြောင့် ဆက်ဆံရသည့် ဆက်ဆံရေးမျိုးတော့ မဟုတ်ခဲ့ပါ။

ပိုင်ယွီဖေး ပြန်သွားသည်နှင့် ဆန်းလျန်က ပြတင်းတံခါးကို ပြန်ဖွင့်လိုက်သည်။ ပြတင်းတံခါးဆီမှ မြို့တော် အပြင်ဘက်ရှိ တောင်စိမ်းစိမ်းများကို မြင်နိုင်လေသည်။ တောင်ထိပ်များမှာ နှင်းများဖြင့် ဖုံးလွှမ်းနေပြီး တောက်ပနေသည့် လမင်းက ကောင်းကင်ထက်သို့ မြင့်တက် လာလေသည်။ အမှုမဲ့အမှတ်မဲ့နှင့်ပင် သူ ဤလောက သို့ရောက်ရှိလာသည်မှာ သုံးနှစ်ပြည့်တော့မည်ဖြစ်လေသည်။

ပိုင်ယွီဖေးကို တည်းခိုရိပ်သာတွင် နေရန်အတွက် သူ မည်သည့်ပရိယာယ်မှ အသုံးမပြုခဲ့ပေ။ ပိုင်ယွီဖေးမှာ ယုံကြည်ထိုက်သည့် သိုင်းသမားတစ်ဦး ဖြစ်သည်ဟု သူက သတ်မှတ်ထားမိသည်။ သို့သော် ပိုင်ယွီဖေးက ကတိ ပျက်ခဲ့လျှင်လည်း ဆန်းလျန်က ဂရုစိုက်မည် မဟုတ်ပါ။

ဘဝဆိုသည်မှာ ဝင်ရောက်လာသူများနှင့် ပြန်လည် ထွက်ခွာသွားသူများ များစွာပင် ရှိသည် မဟုတ်ပါလား။ အခြားသူများအပေါ်တွင် အထင်နှင့်အမြင် မှားယွင်းဆုံးဖြတ် ခဲ့မိလျှင်လည်း သိပ်တော့ အရေးမကြီးလှပါ။

သို့သော် ရှင်းစစ်စစ်နျန်အတွက် လက်ဆောင်တစ်ခု ပေးဖို့တော့ လိုလေသည်။ သူမက လူသားတစ်ယောက် မဟုတ်သည့်အတွက် ကမ္ဘာပေါ်မှ ပစ္စည်းများကို လက်ခံကောင်း လက်ခံနိုင်မည် ဆိုသော်လည်း သာမန်မဟုတ်သည့် သူများက သာမန်မဟုတ်သည့် ပစ္စည်းများကို သဘောကျ ကြလေသည်။ သူမ သဘော ကျနိုင်သည့်ပစ္စည်း ဘာများ ဖြစ်နိုင်မည်လဲ။

လရောင်အောက်တွင် မြို့တော်၏ လမ်းများပေါ်ရှိ နှင်းများမှာ နေ့ခင်း အချိန်ကဲ့သို့ပင် ဖွေးဖွေး လှုပ်နေလေသည်။ နှင်းများပေါ်တွင် ရှည်လျားသည့် အရာတစ်ခု ရွေ့လျား နေလေသည်။ သေချာကြည့်မည် ဆိုလျှင် ဝေါယာဉ်တစ်ခု ဖြစ်ကြောင်း သိရှိ နိုင်လေသည်။

လူနှစ်ယောက်က အစိမ်းရောင် ဝေါယာဉ်ကို ထမ်းလာ ကြလေသည်။ ထို လူနှစ်ယောက်မှာလည်း အစိမ်းရောင် အဝတ်အစားများကို ဝတ်ဆင် ထားကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ ငယ်ရွယ်သော်လည်း သိုင်းပညာ အဆင့်မြင့်သည့်ပုံ ရလေသည်။

နှင်းထုထဲသို့ မြုပ်ဝင်သွားသည့် သူတို့၏ ခြေရာများမှာ တစ်ညီတည်း ဖြစ်နေလေသည်။ ဝေါယာဉ်ကို သယ်ဆောင်သူများမှာ ပျံဝဲတက်ပြီး မြေပြင်ပေါ်သို့ ပြန် ခြေချလိုက်သည်နှင့် ပေငါးဆယ် ခြောက်ဆယ် အကွာအဝေးသို့ ရောက်ရှိ သွားလေသည်။

ထို့ကြောင့် ဆယ့်ငါးမိနစ် အတွင်းတွင် သုံးမိုင်ခန့်ထိ ခရီး ပေါက်သွားလေသည်။

ထိုဝေါယာဉ်မှာ ချယ်လန်းတောင်ခြေတွင် ရပ်တန့်သွားသည်။ ချယ်လန်းတောင်၏ တစ်ဖက်တွင်တော့ ချင်ပြည်နယ်မြို့တော် ရှိလေသည်။

"သခင်လေး ဒါ ချယ်လန်းတောင်ပါပဲ။ လင်ချုန်းရှောင်က ယန်ရွှမ်ကို သတ်ခဲ့တဲ့ နေရာပေါ့။ တောင်ပေါ်ကို တက်တဲ့လမ်းနဲ့ ဆင်းတဲ့လမ်းက တစ်လမ်းပဲရှိပါတယ်။ ဒါပေမယ့် လမ်းက အရမ်းကို ဝေးပါတယ်"

အရှေ့ဘက်မှ အထမ်းသမားက ခပ်အေးအေးပင် ပြောလိုက်လေသည်။ သူ့အသံက ကျောက်သားနှင့် သံမဏိ ရိုက်ခတ်မိသည့် အသံကဲ့သို့  အသံသြဇာနှင့် ပြည့်ဝပြီး အားပါလေသည်။

သူ့ခန္ဓာကိုယ်က ခပ်မတ်မတ်ဖြစ်ပြီး သူ၏ ခါးတွင် အစိမ်းရောင် သံမဏိ ဓားတစ်လက်ကို ချိတ်ဆွဲ ထားလေသည်။

မှောင်မည်း အေးစက်နေသည့် ရာသီဥတုတွင် သူ့ကို ကြည့်ရသည်မှာ နည်းနည်းလေးမျှ ချမ်းစိမ့်သည့်ပုံ မပေါ်ပေ။ အနောက်ဘက်မှ အထမ်းသမားမှာလည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။

"ကောလာဟလတွေ အရတော့ လင်ချုန်းရှောင်က ကျင့်စဉ်လမ်းကို ရောက်နိုင်လုနီးပါး ဖြစ်ခဲ့တယ်။ သူ့ရဲ့ ဂိုဏ်းတူညီ ယန်ရွှမ်ကလည်း သူ့ခေတ်သူ့အခါက ဆရာတစ်ဆူပဲ။ သူက ကောပီ ကန္တာရထဲက ရှီပိခန်းကိုတောင် ဖြတ်ကျော်ရဲတဲ့ သူပဲ။ လင်ချုန်းရှောင်ကတောင် ယန်ရွှမ်ကို သတ်နိုင်သေးတာ။ ငါကကျတော့ ဘာလို့ ပိုင်ယွီဖေးကို မသတ်နိုင်ရသေးတာလဲ။ ငါ့အထင် သူ့ကို သတ်ဖို့ဆိုရင် နတ်ဘုရား ကျောင်းတော်တွေကို ဝင်ခွင့်ရတဲ့အထိ စောင့်ရမယ် ထင်တယ်။ ဒါပေမယ့် အဲဒီ အချိန်ကျရင်တော့ လင်ချုန်းရှောင် ငါ့ကို အပြစ်မယူ လောက်တော့ပါဘူး"

ဝေါယာဉ်ထဲမှ ထွက်လာသည့် အသံမှာ ယောက်ျားလေး တစ်ယောက်၏ အသံ ဖြစ်လေသည်။ သူ့အသံမှာ နက်ရှိုင်းပြီး ရှုပ်ထွေးနေလေသည်။

"အဲဒီ ပိုင်ယွီဖေးဆိုတဲ့သူက သိုင်းပညာလည်း ဒီလောက်မတော်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အတွင်းအားကတော့ တကယ်ကောင်းတယ်။ သူ့ သိုင်းပညာ တော်လို့ သခင်လေး သူ့ကို မသတ်နိုင်တာမှ မဟုတ်တာ။ လင်ချုန်းရှောင်ကလည်း သခင်လေးရဲ့ အသက်အရွယ် လောက်တုန်းက သခင်လေးနဲ့ ဘယ်ယှဉ်လို့ ရမှာလဲ။ သခင်လေးက မသေနိုင်တဲ့ ကျင့်စဉ်လမ်းကို အနှေးနဲ့အမြန် လျှောက်လှမ်း နိုင်တော့မှာပါ။ ဒီလိုသာဆိုရင် သူ့ကို ကောင်းကောင်း နှိမ်နင်းနိုင်ပြီ"

"မင်းက စကား အတော်ပြောတတ်တာပဲ ကျန်းရှီစန်း။ ကျန်းရှီစစ် ကျန်းရှီစန်း ပြောတဲ့ စကားတွေကို မင်းဘယ်လို သဘောရလဲ"

သခင်လေး ဆိုသူက မေးလိုက်လေသည်။

သခင်လေး၏ စကားအရဆိုလျှင် အရှေ့မှ ဝေါယာဉ်ထမ်းသူမှ ကျန်းရှီစန်းဖြစ်ပြီး အနောက်မှ ဝေါယာဉ်ထမ်းသူမှာ ကျန်းရှီစစ် ဖြစ်လေသည်။

"မသိဘူး"

စကားလုံး သုံးလုံးက ပြတ်တောင်းတောင်းနှင့် ထွက်ပေါ်လာလေသည်။

ထိုစကားလုံး သုံးလုံး ပြောပြီးသည်နှင့် သူက တစ်နေ့လုံးစာ ပြောစရာစကား လုံလောက် သွားသကဲ့သို့ ပါးစပ်ကို ပိတ်ထား လိုက်လေသည်။

"အိုး မင်းကတော့ … ကျန်းရှီစစ်ရေ အမြဲတမ်းအေးစက်စက်နဲ့။ ဒါကြောင့် မိန်းမ မရတာနေမှာ"

ဝေါယာဉ်ထဲမှ လူမှာ သူ၏ အစေခံ နှစ်ယောက်ကို စနောက်ရင်း ပျော်ရွှင်လာပုံ ရလေသည်။

"သခင်လေး ကျွန်တော်တို့ တောင်ပေါ်ကို အခုတက်ပြီး မနက်ဖြန်မှ မြို့တော်ထဲကို ဝင်မလား"

ကျန်းရှီစန်းက မေးလိုက်လေသည်။

"တောင်ပေါ်မှာ တစ်ညအိပ်ကြတာပေါ့။ မနက်ဖြန်ကျရင်တော့ ဝါးရွက်စိမ်း ဂိုဏ်းက ပစ္စည်းကို ယူရင်း ပိုင်ယွီဖေးကိစ္စပါ ရှင်းလိုက် ကြတာပေါ့"

"ဝါးရွက်စိမ်း ဂိုဏ်းက ချင်ပြည်နယ် မြို့တော်မှာ ဘာအဆင့်မှ မရှိဘူး။ ဒါပေမယ့် ဆန်းအိမ်တော်က ဆန်းလျန်ကတော့ အသက် ငယ်ငယ်လေးနဲ့ တော်တော် အစွမ်းထက်တယ်ဆိုပဲ။ သူက ယန်ရွှမ်ဆီက သိုင်းပညာ သင်ယူထားတာ ဆိုပေမယ့် ယန်ရွှမ်ထက် သာတယ်။ သခင်လေး အဲဒီ လူငယ် လေးကိုရော သွားတွေ့ဦးမလား"

"အဲဒီ ဆန်းလျန်ဆိုတဲ့ သူအကြောင်းကို ကြားဖူးပါတယ်။ လေနတ်ဘုရား ရှိုးချယ် ပြောပြ ဖူးတယ်။ သူ့ကို တွေ့လိုက်ရတဲ့ သူတိုင်း သူ့ကို မမေ့နိုင် ဖြစ်ရတယ်တဲ့။ ငါတို့ ဒီကို ရောက်လာမှတော့ သူ့ကို မတွေ့စရာ အကြောင်း မရှိပါဘူး"

ဝေါယာဉ်ထဲမှ လူက ပြောရင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်လေသည်။

တောင်ပေါ်လမ်းမှာ မတ်စောက်ပြီး လမ်းချော်နိုင်လေသည်။ ကျန်းရှီစန်းနှင့် ကျန်းရှီစစ်မှာ ချောမွေ့သည့် မြေပြင်ပေါ်တွင် လမ်းလျှောက် လာသည့်အလား ဝေါယာဉ်ကို သယ်လာကြလေသည်။

တောင်ထိပ်တွင် ဝတ်ကျောင်းတော်ကြီး တစ်ခုကိုတွေ့လိုက်ရလေသည်။

ထို ဝတ်ကျောင်းတော်ကြီးမှာ ချယ်လန်း ဝတ်ကျောင်းတော်ကြီးပင် ဖြစ်လေသည်။

ကျောက်တုံး လှေကားထစ်များတွင် နှင်းများက ဖုံးလွှမ်းနေလေသည်။ တောက်ပသည့် လရောင်မှာ လူသားတိုင်း စွဲမက်ဖွယ်ရာပင်။

ဝတ်ကျောင်းတော် အတွင်းမှ မီးရောင် မှိန်မှိန်လေး ထွက်နေလေသည်။ ဝတ်ကျောင်းတော်ကြီးကို ကြည့်ရသည်မှာ အေးချမ်း လွန်းလှလေသည်။

"သခင်လေး အထဲမှာ လူရှိမယ် ထင်တယ်။ ကျွန်တော် သွားစုံစမ်းလိုက်ဦးမယ်။ ကျန်းရှီစစ် မင်းကတော့ ဒီမှာနေခဲ့"

ကျန်းရှီစစ်က နားလည်သည့် သဘောဖြင့် အသံပြုလိုက်သည်။ ဝေါယာဉ်ထဲမှ လူကတော့ မည်သည့် ထင်မြင်ချက်မှ မပေးဘဲ ငြိမ်သက်နေလေသည်။

ကျန်းရှီစန်းက လှေကား ထစ်လေးများအတိုင်း တက်သွားပြီး ရှေးဟောင်း ဝတ်ကျောင်းတော်ကြီး အတွင်းသို့ ဝင်သွားလိုက်သည်။ လည်စည်း အနီရောင်ကို ဝတ်ဆင်ထားသည့် လှပသည့် မိန်းမပျိုတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

သူမမှာ ရှင်းစစ်စစ်နျန်ပင် ဖြစ်လေသည်။

"ဒီမှာ တစ်ညလောက် တည်းခိုဖို့ ရောက်လာတာလား။ အနောက်ဘက် ခြံဝန်းမှာ တည်းခိုလို့ ရပါတယ်"

သူမက ပြောလိုက်လေသည်။

ကျန်းရှီစန်းက…

"ဟုတ်ပါတယ် ကျုပ်တို့ တစ်ညလောက် တည်းခိုချင်လို့ပါ။ ကျေးဇူးအများကြီး တင်ပါတယ် မိန်းကလေး"

ဟု ပြောလိုက်လေသည်။

ရှင်းစစ်စစ်နျန်မှာ ခန်းမထဲမှ ထွက်လာခြင်း ဖြစ်ပြီး လုံးဝ ခြေရာထင်ကျန်ခြင်း မရှိသည်ကို ကျန်းရှီစန်း သတိ ပြုလိုက်မိလေသည်။

All Chapters