ထာဝရ
Vol. 55 Ch. 760
သူမဘဝတစ်လျှောက်လုံးတိုက်ခိုက်ခဲ့သောအဘွားကြီးက စုမင်ကဲ့သို့လူမျိုးနှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူ့ဒါဏ်ရာက မည်မျှပင် ဆိုးရွားနေပါစေ၊ လက်မောင်းပြုတ်သွားလျှင်တောင် အပူအပင်ကင်းသည့်ပုံပေါ်နေလေသည်။ သူတို့ တိုက်ခိုက်နေစဉ် စုမင်က သူမကိုထိတိုင်း သူမ၏အသွေးအသားများက စုပ်ယူခြင်းခံလိုက်ရသည်။ ထို့ပြင် တိုက်ပွဲအတွင်း သူချေမွလိုက်သောသလင်းကျောက်များမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူခဲ့သည်။
အဘွားအိုမှာ အသူရာနတ်ဘုရားစွမ်းအားရှိလျှင်တောင် စုမင်ကို တွန်းလှန်နိုင်မည့်နည်းလမ်းမတွေ့သေးပေ။ ထို့ပြင် ဤနေရာတွင် ကြက်သွေးရောင်သားရဲကြီး
မရှိလျှင်လည်း သူမ အတွက် ပိုသက်သာလိမ့်မည်။ သို့ပေမဲ့ စုမင်က မိန်လန်၏စိတ်ထဲမှာ နက်နဲသောခံစားချက်ကို ချန်ရစ်ခဲ့လေသည်။
‘သူ့မှာ အချိန်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်လိုမျိုး မသုံးရသေးတဲ့စွမ်းရည်တွေရှိသေးတယ်...ဒီလူက သူရဲ့စွမ်းအားအပြည့်နဲ့ မတိုက်ခိုက်သေးဘူး..”
စုမင်၏တစ်ကိုယ်လုံး သွေးများ ရွှဲနေပြီး သူ့ရင်ဘတ်မှာ သွေးထွက်ပေါက်ဖြစ်နေ၏။ အဖြူရောင်အရိုးအပိုင်းအစများကို သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းများစွာတွင် မြင်တွေ့နိုင်သော်လည်း သူ၏အမူအရာမှာ ယခင်အတိုင်းပင် တည်ငြိမ်နေဆဲပင်ဖြစ်၏။ စုမင်က ဒဏ်ရာများ သွေးတိတ်အောင်လုပ်ပြီး အဘွားကြီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
ကြက်သွေးရောင်သားရဲ၏မျက်လုံးများတွင် ပြင်းထန်သောအလင်းရောင်တစ်ခု ပေါ်လာကာ အဘွားကြီးကို ဟိန်းဟောက်လိုက်သည်။ ထိုဟောက်သံအတွင်းတွင် ခြိမ်းခြောက်သံတစ်ခု ပါ၀င်နေ၏။
ထိုအချိန်တွင် စုမင်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ထူးထူးဆန်းဆန်း ပုံစံဖြင့် တွန့်လိမ်နေပြီး သူ၏ဒဏ်ရာများအားလုံးသည် ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ အဘွားအို၏ ထိတ်လန့်သောအကြည့်အောက်တွင် စုမင်၏ပြတ်ထွက်သွားသောဘယ်ဘက်လက်မောင်း နေရာမှာ အရိုးနှင့် အသားများ လျင်မြန်စွာကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လက်သစ်တစ်ခု ဖြစ်ပေါ်လာ၏။
စုမင်၏ခန္ဓာကိုယ်မှာ ယခင်ကထက် ပိုမိုသန်မာလာသည်ဟု ခံစားချက်ကို ပေးစွမ်းခဲ့သည်။ အဘွားအို၏အသွေးအသားကို စုပ်ယူခြင်းဖြင့် သူ့ခန္ဓာကိုယ်ကို သန့်စင်အောင် ပြုလုပ်ထားခြင်းကြောင့် ဖြစ်ရခြင်း ဖြစ်သည်။
“အစတုန်းက ကျုပ် ခင်ဗျားကို မတိုက်ခိုက်ချင်ပါဘူး...ခင်ဗျားက မောက်မာလွန်းတယ်.. ပြီးတော့ ခင်ဗျားခန္ဓာကိုယ်ပေါ်ချိပ်တံဆိပ်တစ်ခုရှိနေတာ ခံစားရတယ်..ခင်ဗျားက အသူရာနတ်ဘုရားအဆင့်မှာရှိချင်ရှိမယ်.. ဒါပေမဲ့ ခင်ဗျား ထုတ်လွှတ်နေတဲ့စွမ်းအားက ကောင်းကင်ဘုံကျင့်ကြံဆင့်ပဲရှိသေးတယ်..ခင်ဗျားရဲ့ချိပ်တံဆိပ်ကို ချိုးဖျက်ပြီး ကျုပ်ကို သေချာတိုက်ခိုက်...”
စုမင်က ပြတ်ပြတ်သားသားပြောရင်း သူ့ဘယ်လက်ကို လွှဲယမ်းလိုက်သည်။ ထိုစဉ်
သူ့ဘယ်ဘက်လက်ဖဝါးပေါ်မှာ ရှစ်ရောင်ခြယ်သလင်းကျောက် ပေါ်လာသည်။
လောကမှော်ယာဉ်ပျံအရှင်သခင်ဖြစ်လာသူများက ကောင်းကင်ဘုံ၊ မဟာမြေကြီးနှင့်လူသားကျင့်ကြံသူများကို အလွယ်တကူ လွှမ်းမိုးနိုင်မည်ဖြစ်သည်။
သို့သော် စုမင်က ယင်မရဏနယ်မြေမှာရှိစဉ်ကထက် ပိုမိုအားကြီးလာလေသည်။ ထို့ထက်ပိုအရေးကြီးသည်မှာ သူ့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ ဝိညာဉ်ကျောက်တုံးများနှင့်ကြက်သွေးရောင် သားရဲလည်းရှိလေသည်။
အဘွားကြီးကတော့ ဤနေရာလေးမှာ နှစ်အတော်ကြာနေခဲ့ရပြီး ရှင်သန်ရန် မည်မျှခက်ခဲကြောင်း သိလေသည်။ ထို့ကြောင့် သူမ၏ကနဦးကျင့်ကြံစွမ်းအားများကို ချိပ်ပိတ်ခဲ့သည်။ သူမက ထိုစွမ်းအားကို ထုတ်လွှတ်၍ တိုက်ခိုက်လိုက်လျှင် သူမ၏ပြန်လည်ကောင်းမွန်နှုန်းက အင်မတန်နှေးကွေးသွားလိမ့်မည်ဖြစ်သည်။ ယခုအချိန်တွင် သူမက ကျဉ်းထဲကျပ်ထဲရောက်နေလေသည်။
သို့သော် အဓိကပြဿနာမှာ သူမက စုမင်
၏ကျင့်ကြံဆင့်အမှန်ကို နားမလည်နိုင်ခြင်းဖြစ်သည်။ သူ့ကိုယ်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များက စုမင်က သာမန်လူမဟုတ်ကြောင်း ဖော်ပြနေလေသည်။
ကြက်သွေးရောင်သားရဲကြီးကလည်း အဘွားအိုကို ခေါင်းကိုက်စေသောတည်ရှိမှုဖြစ်၏။အကယ်၍ ထျန်းလင်းသာ တိုက်ခိုက်ရန် ဆန္ဒရှိနေပါက သူမ စိုးရိမ်စရာမရှိဘဲ ခုခံနိုင်မည်ဖြစ်သည်။ သို့သော် ထျန်းလင်းမှာ ကိစ္စနှင့် ပတ်သက်၍ အခြားအတွေးများ ရှိနေသောကြောင့် သူမတစ်ယောက်တည်း ခါးဆီးရင်ဆိုင်ရလေသည်။
စုမင်က အမှန်တကယ် စွန့်စားခဲ့သည်။အဘွားကြီးက သူ့အပေါ်ထားရှိသော သတိကြီးမှုကြောင့် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ဝံ့မည်မဟုတ်ဟု လောင်းကြေးထပ်ထား၏။
“ငါပြောတာကို မင်းတို့နှစ်ယောက်လုံး နားထောင်အုံး..ငါတို့ သုံးယောက်က
ဒီမီးလျှံဂြိုဟ်မှာတွေ့ခွင့်ရတာ ရေစက်ပါလို့မဟုတ်ဘူးလား..မင်းတို့နှစ်ယောက်စလုံးရပ်လိုက်ပါတော့...”
ထျန်းလင်းက စကားပြောရင်း သူတို့ဆီသို့ လျှောက်လာသည်။
အဘွားကြီးက အေးစက်သောအသံကို ထုတ်လွှတ်သော်လည်း ထျန်းလင်း၏ အကြံပြုချက်ကို ငြင်းဆိုရန် တစ်စုံတစ်ရာ မပြောခဲ့ပေ။
စုမင်က ကြက်သွေးရောင်သားရဲကြီးပေါ်တက်ပြီးနောက် အေးစက်စွာ ကြေညာလိုက်သည်။
“တာအိုထျန်း.. ခင်ဗျားက ကျုပ်ကိုတွန်းအားပေးနေလဲ ကျုပ်က ရပ်တန့်ဖို့ စိတ်ကူးမရှိဘူး..ဒါပေမဲ့ အခုချိန်ကစပြီး တာအိုမိန်လန်ကို ကျုပ်ခွင့်ပြုချက်မရှိဘဲ ဒီမီးလျှံဂြိုဟ်ရဲ့ မြောက်ပိုင်းနယ်မြေဒေသကို ခြေချခွင့်မပြုဘူး...”
အဘွားကြီးက စုမင်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူမက အလင်းတန်းရှည်အဖြစ်ပြောင်းလဲသွားပြီး လေထဲ၌ ပျောက်ကွယ်သွားလေသည်။
ထျန်းလင်းက စုမင်ကို မချိပြုံးပြုံးရင်း စကားပြောလိုက်သည်။
“ညီလေးစု..တာအိုမိန်လန်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး..နောင်ကျရင် ငါ မင်းကို ဒီအကြောင်းပြောပြမယ်..ဒီမှာ မင်းရဲ့မြောက်ပိုင်းနယ်မြေကို ကျုးကျော်မှာကို စိတ်ပူစရာမလိုဘူး..တာအိုခူကျူးရှိတုန်းက ငါတို့ အချင်းချင်း ကြုံရာနယ်မြေတွေ မကျုးကျော်ရဘူးဆိုပြီး စည်းကမ်းတွေ ထုတ်ထားတယ်..”
“ကျုပ် အခုသွားတော့မယ်နော်...”
ထျန်းလင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး စုမင်ဆီသို့ လက်သီးကို လက်ဝါးဖြင့် ရစ်ပတ်ကာ ထွက်သွား လေသည်။ သူထွက်သွားသောလမ်းကြောင်းကိုကြည့်လျှင် တာအိုမိန်လန်နောက်ကို လိုက်နေတာ တွေ့ရ၏။
သူထွက်သွားသောအခါ မြေပြင်ပေါ်ရှိ ရာနှင့်ချီသော ကျင့်ကြံသူများက စုမင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း တိတ်ဆိတ်သွားကြသည်။
“အခုချိန်ကစပြီး ကျုပ်က မီးလျှံဂြိုဟ်မြောက်ပိုင်းနယ်ရဲ့အရှင်သခင်ပဲ..ကျုပ် သီးသန့်ကျင့်ကြံနေတုန်းမှာ အသေးအဖွဲ ကိစ္စအားလုံးအတွက် ယွဲ့ဟုန်ပန့်ရဲ့ညွှန်ကြားချက်တွေကို နားထောင်ပါ...”
စုမင်က မြေတပြင်လုံးကို စူးစူးစိုက်စိုက်ကြည့်ကာ သူ့ခက်ထန်သော စကားများက ရှိနေသူအားလုံး၏ နှလုံးသားထဲသို့ ရောက်ရှိသွားသည် ။
“နားလည်ပါပြီ..အကြီးအကဲ..”
ရာနှင့်ချီသောလူများက လက်သီးများကို လက်ဖဝါးဖြင့် ပတ်ပြီး တုံ့ဆိုင်းမနေဘဲ အတူတကွ ဦးညွှတ်ကြသည်။
ကြက်သွေးရောင်သားရဲကြီးက ချိပ်တံဆိပ်မှ လွတ်မြောက်လာပြီး
ချီပေရှန်က ထူးဆန်းစွာသေဆုံးသွားသည်မှာ လူအများ၏မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ ထို့ပြင် စုမင်က အသူရာနတ်ဘုရားမိန်လန်ကို ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး မီးလျှံဂြိုလ်မြောက်ပိုင်းနယ်မြေမှာလည်း သူ့အပိုင်စားရသောနေရာတစ်ခုဖြစ်လာ၏။
ထိုအချိန်မှစ၍ ဤနေရာ၌ ဆန္ဒတစ်ခုသာရှိနိုင်သည်၊ ၎င်းမှာ စုမင်၏ဆန္ဒဖြစ်သည်။ သူ့ကို ဆန့်ကျင်ဘက်ပြုသော လူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
ရာနှင့်ချီသောလူများက စုမင်ကို ဦးညွှတ်အလေးပြုရင်း အမိန့်နာခံဟန် တုံ့ပြန်ကြသည်။ ထိုထဲတွင် ယွဲ့ဟုန်ပန့် ၏အသံမှာ အကျယ်ဆုံးဖြစ်သည်။ ထိုအချိန်တွင် သူ၏အမူအရာမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လွန်ခဲ့သည့်နှစ်များကတည်းက ၎င်း၏ဘိုးဘေးများမှာ စစ်မှန်သောအစောင့်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသောကြောင့် ဤရာထူးနှင့် အဆင့်အတန်းမျိုး မရရှိခဲ့ဖူးပေ။ ယခုတစ်ကြိမ် သူ့အတွက် အခွင့်အရေးထပ်မံရရှိသောအခါ သူ့မျက်လုံးများတွင် စုမင်ကို ရိုသေလေးစားမှု ထက်သန်သော အကြည့်များ ထွက်ပေါ်လာသည်။
ယွဲ့ဟုန်ပန့်က စုမင်ကို ခဏလောက်ကြည့်ပြီးနောက် သူ့အနီးနားကလူများကို စကားစပြောလိုက်သည်။
“တာအိုရောင်းရင်းတို့..ခင်ဗျားတို့ ကျုပ်ကို သိပြီးသားဖြစ်မှာပါ..အခုကစပြီး မြောက်ပိုင်းနယ်မြေကို အရင်တုန်းကလို ကြီးကျယ်ခမ်းနားအောင် ဝိုင်းဝန်းကူညီပေးလိမ့်မယ်လို့ ကျုပ်မျှော်လင့်တယ်..အခုလောလောဆယ် ကျုပ်ပြောချင်တာတစ်ခုပဲရှိတယ်..ဒီလိုအပြာရောင်သလင်းကျောက်တွေကို စုဆောင်းစေချင်တယ်..များများရလေ ပိုကောင်းလေပဲ..”
စုမင်က ထိုကိစ္စမျိုးကို ခေါင်းထဲမထည့်တော့ပေ။ သူက ချီပေရှန်၏ ပြိုကျနေသော လိုဏ်ဂူရှိရာဆီသို့ လျှောက်သွားသည်။ သူက ဂူအပြင်မှာ ထိုင်ချလိုက်သည်နှင့် ဧရာမသားရဲကြီးက သူ့ကိုဝန်းရံကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးနေသည်။ ရံဖန်ရံခါတွင် ၎င်း၏မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်တတ်သည် ။
တစ်ဖက်တွင် ထိပ်ပြောင်ကြိုးကြာငှက်၏ မျက်လုံးများ တောက်ပလာသည်။ ၎င်းက ယွဲ့ဟုန်ပန့်ဆီသို့ ပျံသန်းသွားပြီး တစ်ခုခုပြောလိုက်သည်။ သူက စကားကို
ကပ်တိုးလေးပြောသောကြောင့် မည်သူမှ မကြားရပေ။ ယွဲ့ဟုန်ပန့်က လေးစားစွာဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ သူ့အမြင်တွင် ငှက်က စုမင်ကဲ့သို့ အဆင့်အတန်းမျိုးမရှိကြောင်း ပြောနိုင်သည်။ သို့သော် ၎င်း၏ချိပ်တံဆိပ်ချိုးဖျက်သည့်စွမ်းရည်ကြောင့် သူ့ကို အရမ်းအထင်ကြီးစေခဲ့သည်။ ထို့ကြောင့် သူက ငှက်ကို မလေးမစားမဆက်ဆံရဲပေ။
စုမင်က ထိုင်နေစဉ် အပြာရောင်ကျောက်တုံးတစ်တုံးကို ကောက်ကာ စုပ်ယူလိုက်သည်။ ကျောက်တုံးက
ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းသွားသော်လည်း ဤနေရာ၌ အများကြီး ရှိနေသေးသည်။ ခဏတာ တိတ်တိတ်ဆိတ်ဆိတ်နေပြီးနောက်တွင် သူသည် ခေတ္တအထီးကျန်နေပြီး ဤနေရာတွင် လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
အချိန်တရွေ့ရွေ့ကုန်ဆုံးသွားပြီး တစ်လကြာသွားလေသည်။ စုမင် အနီးတစ်ဝိုက်တွင် အပြာရောင်ကျောက်တုံးများ တောင်ပုံရာပုံရှိနေသည်။ ထိုကျောက်တုံးများမှာ မြောက်ပိုင်းနယ်မြေမှ လူများ၏စုဆောင်းမှုဖြစ်သည်။သူတို့က ယွဲ့ဟုန်ပန့်၏အမိန့်ကိုလိုက်နာ၍ ဤကျောက်တုံးများကို ရှာဖွေခဲ့သည်။ကျောက်တုံးပမာဏမှာ စုမင်က ခဏရပ်စရာမလိုဘဲ ဆက်လက်ကျင့်ကြံနိုင်သည့်အထိလုံလောက်ပါသည်။
သူက ကျောက်တုံးများကို စုပ်ယူလိုက်ပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် ပိုမိုအားကောင်းလာသည်။ တစ်နေ့ ညသန်းခေါင်အချိန်၌ စုမင်က မျက်လုံးကိုဖွင့်၍ ကောင်းကင်တွင် အနီရောင်လကို စိုက်ကြည့်နေသည်။ မီးလျှံဂြိုဟ်ထဲက လကို အနီရောင်ပုံစံမြင်တာ ပထမဆုံးအကြိမ်မဟုတ်ပေ။
ဤညတွင် မှောင်မိုက်နေသော ကောင်းကင်ရှိလရောင်နှင့် ယှဉ်နိုင်သော တောက်ပသော ကြယ်ရောင် အလင်းတန်းတစ်ခု ရှိနေသည်။ လနှင့်အတူ အလွန်ကြည်လင်ပြီး နူးညံ့သည်။
ကြယ်နှင့်လတို့ အတူတကွ ထွန်းလင်းသော ဤထူးခြားသောနေ့သည် မီးလျှံဂြိုဟ်တွင် တစ်နှစ်လျှင် တစ်ကြိမ်သာ ရောက်လာသော အထူးနေ့ဖြစ်ကြောင်း စုမင် မသိခဲ့ပေ။ မည်သူက အထိမ်းအမှတ်နေ့ဟု သတ်မှတ်ခဲ့သည်တော့ အဖြေရှာမရပေ။ ဤနေ့မှာ မီးလျှံဂြိုဟ်တွင် အတူတကွ နေထိုင်ကြသော အမျိုးသားနဲ့ အမျိုးသမီးတို့၏ ဓလေ့ထုံးတမ်းနေ့တစ်နေ့အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤညတွင် တောက်ပသောကြယ်နှင့်လကို ‘ထာဝရ’ ဟုလည်း ခေါ်ကြသည်။
“ငါ့မှာ ခံစားချက်တွေမရှိတော့ဘူး ဒါပေမဲ့ ငါသိပ်ကိုလွမ်းဆွတ်နေတဲ့သူတွေရှိသေးတယ်...”
စုမင်၏ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သားရဲကြီးက သူ့ဘေးတွင် တစ်ရေးတစ်မော အိပ်နေပြီး ထိပ်ပြောင်ကြိုးကြာငှက်ကလည်း ၎င်း၏မျက်လုံးများကိုမှိတ်ထားသည်။ ဤတိတ်ဆိတ်မှုတွင် စုမင်း
၏ နူးညံ့သော တီးတိုးသံများက လေထဲတွင် ပဲ့တင်ထပ်သွားသည်။
“ငါ့ခန္ဓာကိုယ်က မနာကျင်တော့ဘူး..ဒါပေမဲ့ ငါ့နှလုံးသားက ဘာလို့ နာကျင်နေရတာလဲ...”
စုမင်က သူ့ရင်ဘတ်ကို ထိလိုက်သည်။ သူက ကောင်းကင်မှာ ကြယ်နဲ့လကို ကြည့်ပြီး လွမ်းဆွတ်စွာ တီးတိုးပြောလိုက်သည်။ သို့သော် သူ့ မေးခွန်းများအတွက် အဖြေမရပေ။