ကြယ်တစ်ပွင့်...နေတစ်စင်း..လတစ်စင်း
Vol. 55 Ch. 761
စုမင်က သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။ခန္ဓာကိုယ်အစစ်အမှန်ရရှိပြီးနောက် စူးစူးရှရှ နာကျင်ကိုက်ခဲမှုဝေဒနာက သူ့နှလုံးသားကို တပြိုင်နက် ရိုက်ခတ်သွားသလို ခံစားလာရသည်။ ဤတိတ်ဆိတ်သောညတွင် သူက ကောင်းကင်ရှိကြယ်များကို ရေတွက်ရင်းကုန်ဆုံးခဲ့သည်။
“မင်းက ငါ့ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေကို ဖယ်ထုတ်ပေးခဲ့တယ်... ဒါပေမဲ့ ငါ့နှလုံးသားရဲ့ နာကျင်မှုကို မဖယ်ပေးခဲ့ဘူး...”
စုမင်က တိုးတိုးလေး ညည်းလိုက်သည် ။ လောက၌ ရုပ်ခန္ဓာထက်သာလွန်သော ဝေဒနာရှိမှန်း မသိခဲ့ပေ။ ဤသည်မှာ သူ့စိတ် ဝိညာဉ်၏နာကျင်မှုပင်ဖြစ်သည်။
စုမင်က သူ့မျက်လုံးများကို ဘယ်အချိန်ကတည်းကမှိတ်ထားမှန်းမသိတော့ပေ။ သူ့နှလုံးသားရှိနက်နဲသောနာကျင်မှုကို သည်းခံပြီး ထိုခံစားချက်ကို မြဲမြံစွာ မှတ်ထားခဲ့သည်။ ဤသည်မှာ သူ့အတွက် ကျန်ရှိနေသော အတိတ်ကိုလွမ်းဆွတ်မှုပုံဖြစ်ကောင်းဖြစ်နိုင်သည်။
သူ့နှလုံးသားထဲရှိနာကျင်မှုထဲမှာ သတိလစ်နေသောယွီရွှမ်ကို ဖမ်းဆုပ်မထားနိုင်ခဲ့ပုံ၊ အဖြူရောင်ပိတ်စသာချန်ခဲ့သောပိုင်စုက သူ့ကိုလှည့်ပြီးပြုံးပြနေပုံ တို့ကို ပြန်ပြောင်းအောက်မေ့မိနေလေသည်။
သူ့အစ်ကိုကြီး နိုးထလာသည်၊ ဒုတိယအစ်ကိုက ပြုံးရွှင်ပြီး ဟူကျီက ခေါင်းတကုတ်ကုတ်လုပ်နေလေသည်။ အဝတ်အစားလဲရတာကြိုက်သူ...သူ့ဆရာနှင့်အခြားအရာများစွာကို လွမ်းဆွတ်နေလေသည် ။
ညက အမှောင်ထုကြီးပို၍ ကြီးစိုးလာသည်။ စုမင်၏ဆံပင်များက ခရမ်းရောင်နှင့် အနက်ရောင်မဟုတ်တော့ဘဲ မီးခိုးရောင် ပြောင်းသွားသည်။ ထိုမီးခိုးရောင်က သူ့နှလုံးသားနှင့်ကိုယ်ခန္ဓာကိုထိခိုက်နာကျင်စေသောနာကျင်မှုကို တစ်ညတာလုံး ခံနိုင်ရည်ရှိသွားစေသည်။
စုမင်က မီးခိုးရောင်ဆံပင်နှင့်အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး ဂူအပြင်ဘက်တွင် ထိုင်နေသည်။ နေရောင်ခြည်က မြေကြီးပေါ်ဖြာကျလာသောအခါမှ ခေါင်းကို မော့လိုက်သည်။
ထိုအချိန်တွင် ပန်းချီတစ်ချပ်မှ ထွက်ပေါ်လာသည့်ထူးဆန်းသော တည်ရှိမှုတစ်ခုရှိလေ၏။ ထိုပန်းချီမှာ ခေါင်းပေါ်မှထလာသော နံနက်ခင်းနေရောင်ဖြစ်ပြီး အခြားတစ်ဖက်တွင် တဖြည်းဖြည်း မှိန်ဖျော့နေသောလမင်းနှင့်အတူ ကြယ်တစ်ပွင့် ရှိသည်။
ကြယ်တစ်ပွင့်...နေတစ်စင်းနဲ့လတစ်စင်း..
ထိုအချိန်တွင် နေ၊ လနှင့် ကြယ်တို့သည် ကောင်းကင်၌ အတူတကွ တည်ရှိနေ၏။ ထိုသို့သောမြင်ကွင်းသည် မီးလျှံဂြိုဟ်တွင် တစ်နှစ်လျှင် တစ်ကြိမ်သာ မြင်တွေ့ရပြီး တစ်နာရီသာ တွေ့ခွင့်ရမည်။
နေနှင့်လသည် ကောင်းကင်မှာ နေရာယထားလေ၏။ ညမှနေ့အချိန်ကူးပြောင်းချိန်မှသာ ဤထူးဆန်းသောဖြစ်စဉ် မြင်တွေ့ရလိမ့်မည်။ ဤဖြစ်စဉ်မျိုးမှာတောက်ပသောကြယ်ပွင့်က ထာဝရနေ့တွင် ပေါ်လာပြီး မြင်သူတိုင်းက အံ့အားသင့်ငေးမောကြည့်နေမည်။
စုမင်က ထိုမြင်ကွင်းကို မင်သက်စွာကြည့်နေခဲ့သည်။ ဤထူးဆန်းသော ဖြစ်စဉ်က စုမင်အား တစ်စုံတစ်ခုကို နားလည်စေခဲ့ပုံရသည်။ သူပထမဆုံးသတိရမိသည်မှာ စစ်မာရှင်းကိုတိုက်ခိုက်စဉ် ဒုတိယဘုရားသခင်ထံမှ အမွေဆက်ခံခဲ့သောစွမ်းရည်ဖြစ်သည်။ သူက ထိုစွမ်းရည်ကို အမွေဆက်ခံခွင့်ရသည့်အခါ ကြယ်များ၊ နေနှင့်လအသွင် ပြောင်းခြင်းစွမ်းရည်ကို ကျင့်ကြံခဲ့သည်။
ထိုကျင့်စဥ်အတွင်းတွင်ပါရှိသော စွမ်းအားက မယုံနိုင်လောက်အောင် ကြီးမားပြီး ၎င်းက ဒုတိယဘုရားသခင်နှင့်သာ သက်ဆိုင်သည့်အရာဖြစ်သည်။ဤအတောအတွင်း စုမင်က ထိုစွမ်းရည်ကို အသက်သွင်းခဲ့သော်လည်း ၎င်းကို အမှန်တကယ် နားမလည်ခဲ့ပေ။
ထိုအချိန်တွင် ကောင်းကင်၌ နေ၊ လ၊ ကြယ်တို့၏ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်နှင့် အတိတ်က တကယ်နားမလည်ခဲ့သောစွမ်းရည်အသုံးချမှုအချို့ကို ရုတ်တရက် နားလည်လာသည်။
သို့သော် ထိုနားလည်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ စုမင်က ကောင်းကင်ယံရှိ ကြယ်၊ နေနှင့် လတို့ကို ကြည့်ပြီး နက်မှောင်တောင်ရှိသူ့ငယ်ဘဝတွင် သားရဲစာလိပ်ထဲက ကျင့်စဉ်များကို တတွတ်တွတ်ရွတ်ဆိုနေချိန်ကို သတိရသွားသည်။
“လောကကြီးနဲ့လူသားတွေကို ဖန်ဆင်းပြီးကတည်းက မာန်မျိုးနွယ်စုတည်ရှိခဲ့တယ်. အခုအချိန်အထိ တည်ရှိနေတုန်းပဲ..မာန်မျိုးနွယ်စုစွမ်းအားရှိတဲ့သူတွေကို မာန်ကျင့်ကြံသူလို့ခေါ်ကြတယ်..အဲဒီလူတေတွက ကောင်းကင်မှာ ပျံသန်းနိုင်၊ တောင်တွေကို ရွေ့လျားနိုင်ပြီး ပင်လယ်ထဲမှာ ဒီရေကို လားရာပြောင်းနိုင်တယ်... မာန်အမှတ်အသားရှိတဲ့သူတွေက အနာဂတ်ကို ဖတ်ပြီး နေ၊ လ၊ ကြယ် တွေရဲ့ စွမ်းအားကို ရယူနိုင်တယ်”
“နေ၊ လ၊ ကြယ်တွေရဲ့ စွမ်းအားကို ရယူပါ...”
စုမင်က ကောင်းကင်ကို မင်သက်စွာ မော့ကြည့်လိုက်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။ လောကတွင် တစ်နှစ်လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်လာမည့် ဖြစ်စဉ်က တဖြည်းဖြည်း အဆုံးသတ်သွားသည်။ ကောင်းကင်တွင် တောက်ပနေသော ကြယ်၏မှိန်ဖျော့သော အရိပ်တစ်ခုသာ ကျန်ရှိတော့ချိန် အေးစက်တုန်လှုပ်မှုက စုမင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားလေသသည်။ သားရဲစာလိပ်မှ စကားလုံးများပင် သူ့ခေါင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သူ့စိတ်က ဗလာဖြစ်နေသော်လည်း သူ့အား ပိုစွမ်းအားကြီးသောအဆင့်သို့ မြှင့်တင်ပေးမည့်ကောင်းချီး၏တည်ရှိမှုကို သူ ခံစားနိုင်သည်။ ၎င်းမှာ စုမင် နေ၊ လ၊ ကြယ်တို့ကို မြင်နေစဉ်တွင် ရရှိခဲ့သော တတိယမြောက် ကောင်းချီးဖြစ်သည်။
သို့သော် ဤတတိယမြောက်ကောင်းချီးက အလွန်ပင် အားနည်းနေ၍ မရှင်းလင်းပေ။
လ၏အရိပ်တစ်ခုသာ ကျန်ရှိတော့ချိန်တွင် စုမင်၏ စိတ်ထဲမှာ မရေမရာခံစားချက်က ပိုအားကောင်းလာသော်လည်း ၎င်းကို အဖြေရှာမရပေ။
သူက ကြယ်နှင့်လအရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် အဝေးမှနေမင်းကြီးက ကောင်းကင်သို့ တဖြည်းဖြည်း တက်လာသည်ကို ငေးကြည့်နေမိသည်။ တစ်နှစ်မှာတစ်ကြိမ်သာ ပေါ်လာသော ဖြစ်စဉ် ပျောက်ကွယ်သွားသည့်အခါ စုမင်မှာ ခံစားချက်မဲ့သွားလေသည်။
ဤတတိယမြောက်ကောင်းချီးသာ သူ့ခေါင်းထဲ၌ ထင်ရှားစွာ ပေါ်လာပါက အံ့ဩဖွယ်ရာရလဒ်ကို ရရှိလိမ့်မည်ဟူသော ပြင်းထန်သော ခံစားချက်ရှိခဲ့ သည်။
တကယ်တော့ ယွဲ့ဟုန်ပန့်က ပြန်လာပြီး သူ့ရှေ့မှာ ဒူးထောက်တာကိုတောင် စုမင် သတိမထားမိခဲ့ပေ။ သူက ကြယ်နှင့်လတို့ရှိခဲ့သည့် ကောင်းကင်ကို ကြည့်လိုက်သော်လည်း ကောင်းချီးကို သေချာနားမလည်ခဲ့ပေ။
ထို့အရာမှ မည်သို့သော နားလည်မှုမျိုး ရနိုင်သည်ကို သူမသိပေ။ သူက မြင့်မြတ်သောစွမ်းရည်ကို ရရှိနိုင်ပေမည်၊ သို့မဟုတ် စိတ်၏အခြေအနေသစ်တစ်ခုရရှိနိုင်မည် သို့မဟုတ် သူ့၏ကျင့်ကြံဆင့်တိုးလာစေနိုင်သည်။
သို့သော် ထိုကောင်းချီးကိုလွဲချော်သွားသည်ဟု မပြောနိုင်ပေ။ ကောင်းကင်ရှိထိုဖြစ်စဉ်ကလည်း အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။
စုမင်က သက်ပြင်းချလိုက်ပြီး ကောင်းကင်မှ အကြည့်ကို လွှဲလိုက်သည်။
ယွဲ့ဟုန်ပန့်က စုမင်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်။စုမင်က ကောင်းကင်ရှိ ကောင်းချီးတစ်ခုကို ရယူရန် ကြိုးပမ်းနေကြောင်း ပြောနိုင်ခဲ့ပြီး ထိုအရာမျိုးကို သူ လုံးဝ မနှောင့်ယှက်ရကြောင်း သိလေ၏။ စုမင်၏ သက်ပြင်းချသံကို ကြားလိုက်ရမှပင် သူ့ခေါင်းကို မော့ကြည့်လိုက်သည်။
“ကောင်းကင်မှာ နေ၊ လနဲ့ ကြယ်တွေ တစ်ချိန်တည်း ပေါ်လာတဲ့ ဒီဖြစ်စဉ်ဟာ တစ်နှစ်မှာ တစ်ကြိမ် ဖြစ်ပေါ်ပြီး ပေါ်လာတိုင်း တစ်နာရီသာ ကြာပါတယ်... အကြီးအကဲ စိတ်ပါဝင်စားရင် နှစ်တိုင်း တစ်ကြိမ်တော့ မြင်တွေ့ရမှာပါ”
စုမင်က ခဏလောက် နှုတ်ဆိတ်နေလိုက်သည်
“အဲဒီကြယ်က ဘာလဲ...”
ယွဲ့ဟုန်ပန့်က ခေတ္တ အံ့အားသင့်သွားလေသည်။ ပြီးမှ မနေ့ညက ဖြစ်စဉ်အကြောင်းမေးမှန်း သဘောပေါက်လေသည်။
“ဒီကြယ်က ဘာကြယ်လဲဆိုတာ ဘယ်သူမှ မသိပါဘူး.... အရင်တုန်းကမီးလျှံဂြုဟ်မှာမှာရှိတဲ့ စွမ်းအားကြီးတဲ့ သူရဲကောင်းတချို့က ဒါကို ရှာဖွေခဲ့ပေမဲ့ အဖြေတစ်ခုမှ မရခဲ့ဘူး... အချိန်ကြာလာတာနဲ့အမျှ ဒဏ္ဍာရီတစ်ခု ပေါ်ပေါက်လာတယ်.. တစ်နှစ်မှာတစ်ကြိမ်ပေါ်လာတဲ့ တောက်ပတဲ့ကြယ်ဟာ လနဲ့ ရင်းနှီးတဲ့ ချစ်သူတွေဖြစ်ကြတယ်လို့ ပြောဆိုကြတယ်...”
ယွဲ့ဟုန့်ပန့်က ညင်သာစွာ ရှင်းပြလိုက်သည်။
စုမင်က ကောင်းကင်ကို ပြန်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့ ခေါင်းကို ယမ်းလိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ကောင်းကင်မှာ ကြယ်နှင့်လဟာ မရှိတော့လျှင်တောင် နေမင်းကြီးကျန်ခဲ့သည်။
ယွဲ့ဟုန်ပန့်က ခေတ္တတိတ်ဆိတ်နေပြီးမှ ထွက်သွားသည်။ သူ အဝေးကို ရောက်သောအခါ စုမင်ကို ပြန်ကြည့်မိသည်။ သူက မြေပြင်ပေါ်တွင်ထိုင်ကာ ပြင်ပလူတစ်ဦးကို ဝင်ခွင့်မပြုဘဲ စုမင်ကိုတိတ်တဆိတ်ကာကွယ်ရန် ရွေးချယ်ခဲ့သည်။ ထို့နောက် သူက အပြာရောင်ကျောက်တုံးလာဆက်သသောမြောက်ပိုင်းလူများ၏ သွားရာလမ်းကို ပိတ်ဆို့ထားခဲ့၏။ ယွဲ့ဟုန်ပန့်က သူတို့ကို စုမင် အနားမကပ်စေဘဲ အပြာရောင်ကျောက်တုံးများကို ဘေးမှာချခိုင်းလိုက်သည်။
စုမင်က ကောင်းကင်ကို ဆက်ကြည့်နေလေ၏။ အပြာရောင်ကောင်းကင်ကြီးမှာ တဖြေးဖြေး မှောင်လာကာ လက အမှောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို သူ ကြည့်နေသည်။ တစ်နေ့ကုန်..နောက်တစ်နေ့ပြီး တစ်နေ့....
စုမင်က ကောင်းကင်ကို မော့ကြည့်နေတာ အချိန်မည်မျှ ကြာသွားမှန်းပင် မသိတော့ပေ။ သူက အချိန်၏စီးဆင်းမှုနှင့် အပြာရောင်ကျောက်တုံးများကို စုပ်ယူခြင်းအကြောင်းကိုပင် မေ့သွားခဲ့သည်။ သူက ထိုနေရာတွင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကြက်သွေးရောင်သားရဲကြီးက သူ့ဘေးတွင် ရှိနေလေသည်။ ထိုသားရဲကြီးကလည်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ထိပ်ပြောင်ကြိုးကြာငှက်က ရံဖန်ရံခါ ပြန်လာတတ်သည်။ သို့သော်လည်း ၎င်းက တက်ကြွသော ငှက်တစ်ကောင်ဖြစ်ပြီး အချိန်အများစုမှာ တစ်ခုခုနှင့် အလုပ်များနေပြန်သည်။
ထို့ကြောင့် ယွဲ့ဟုန်ပန့်က စုမင်ကို အဝေးမှ ကာကွယ်နေခဲ့သည်။ စုမင်က ထူးဆန်းသော အခြေအနေတစ်ခုတွင် ရောက်ရှိနေခဲ့ပြီး ထိုအခြေအနေမျိုးမှာ ကံကောင်းခြင်းထွက်ပေါ်လာမည့်အရာဖြစ်၏။
တကယ်တော့ စုမင်ကိုယ်တိုင်တောင်မှ သူ့
ကနဦးကျင့်ကြံစွမ်းအားလည်ပတ်မှု ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း မသိခဲ့ပေ။ ထိုစွမ်းအားက အိပ်ပျော်သွားသလိုမျိုး တဖြည်းဖြည်းလျော့နည်းလာပြီး သူ့နှလုံးသားကလည်း ဖြည်းညှင်းစွာခုန်နေခဲ့သည်။
သူ့ဝိညာဉ်နှင့်မျက်လုံးများကသာ ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။
သူက အတွေးရေယာဉ်ထဲနစ်မြောနေသောကြောင့် သူ့တတိယမြောက် နှလုံးသား၏ ပြောင်းလဲမှုကို မသိလိုက်ပေ။
အချိန်များက တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
မြောက်ပိုင်းနယ်မြေရှိ လူအများစုမှာ သူတို့၏ခေါင်းဆောင်က ချီပေရှန်၏ဂူအပြင်ဘက်တွင် သီးသန့်ကျင့်ကြံနေကြောင်း သိကြသည်။ လူအားလုံးကို ထိုနေရာသို့ ဝင်ခွင့် တားမြစ်ထားပြီး လီတစ်ရာအောက်အကွာအဝေးနားပင် မနီးကပ်စေရန် တားမြစ်ထားသည်။ ထိုနေရာသို့ ခြေတစ်လှမ်းတောင် လှမ်းခွင့်မပေးပေ။
တစ်နှစ်အကြာတွင် ကောင်းကင်ယံ၌ တောက်ပသောလမင်းအပြင် ကောင်းကင်၏တစ်ဖက်ခြမ်းတွင် ပေါ်ထွန်းခဲ့ဖူးသော ကြယ်က တစ်ဖန် တောက်ပလာပြန်သည်။ထိုကြယ် ပေါ်ထွက်လာစဉ် တစ်နှစ်ပတ်လုံး မလှုပ်မရှားဖြစ်နေသောစုမင်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ တစ်နှစ်တာ ကုန်ဆုံးမြန်လွန်းလှဧ။်။ သူ လွဲချော်သွားသည့်ကောင်းချီးအကြောင်း တွေးမိသွားလေသည်။
ထိုအချိန်တွင် လွန်ခဲ့သောတစ်နှစ်က သူရှိခဲ့သောကောင်းချီးက စဉ်ဆက်မပြတ် ပိုမိုရှင်းလင်းပြတ်သားလာသည်။ ထို့နောက် ညအချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ကောင်းကင်၌ မှိန်ဖျော့သော အလင်းရောင် ပေါ်လာပြီး မနက်ခင်းနေလုံးကြီးက ထင်းပေါ်လာသည်။ ကောင်းကင်းတွင် ကြယ်၊ လ၊ နေတို့ တစ်ချိန်တည်းရှိနေသည့်ထူးဆန်းသောဖြစ်ရပ်က စုမင်ရှေ့တွင် တစ်ဖန်ပြန်ပေါ်လာသည်။
ထို့နောက် စုမင်ခေါင်းထဲတွင် ကျယ်လောင်သောအသံတစ်ခု မြည်ဟည်းလာသည်။ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေပြီး သူ့မျက်လုံးများမှ မျက်ရည်အစစ်အမှန်များ ကျဆင်းလာသည်။ ရုတ်တရက်...သူ သဘောတရားတစ်ခုကို နားလည်သွားခဲ့သည်။
ကောင်းကင်း၌ ကြယ်၊ လနှင့်နေ တစ်ချိန်တည်း ရှိနေစဉ် သူ ကောင်းချီးရသည့်အကြောင်းအရင်းနှင့် ထိုမြင်ကွင်းတွင် နစ်မြောသွားခဲ့ရပုံတို့ကို နားလည်သွားခဲ့သည်။
“နေ့တိုင်းထွက်ပေါ်လာတဲ့ နေမင်းကြီးက ကြမ်းတမ်းတဲ့လက်တွေ့ဘဝပဲ.. အခု ငါက နတ္ထိအနှစ်သာရနယ်မြေမှာရောက်နေတာကို သတိပေးနေတာပဲ..ဒါက ရက်စက်ကြမ်းကြုတ်တဲ့လောကကြီးဖြစ်ပြီး နေမင်းကြီးက ငါ မရင်းနှီးတဲ့မြင်ကွင်းတွေကို မြင် စေချင်နေတာပဲ...”
“ညတိုင်းပေါ်လာတဲ့လဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခုပါပဲ..လူတွေက သူတို့ပတ်ဝန်းကျင်မှာ မသိသေးတဲ့မြင်ကွင်းတွေကို မေ့ပျောက်စေပြီး သူတို့ရောက်နေတဲ့နေရာတွေကို မေ့သွားစေတယ်.. ဒီအမှောင်ထုဟာ ကိုယ့်ကိုယ်ကိုလှည့်စားမှုပုံစံတစ်မျိုးဖြစ်ပြီး အဲဒီကနေ လိုချင်တပ်မက်မှုတွေနဲ့ မျှော်လင့်ချက်တွေ မွေးဖွားလာလိမ့်မယ်..”
“ပြီးတော့ ကောင်းကင်မှာ တစ်နှစ်တစ်ကြိမ် ပေါ်လာတဲ့ တောက်ပတဲ့ ကြယ်လေးဟာ... အိမ်ပဲ”
စုမင်က တိုးတိုးလေး တီးတိုးပြောသည် ။
“လက်တွေ့အမှန်တရားဖြစ်တဲ့နေမင်းကြီး..မျှော်လင့်ချက်ဖြစ်တဲ့လမင်းနဲ့ အိမ်ကို ရည်ညွှန်းတဲ့ ကြယ်...ဒါတွေအားလုံးက အိမ်ကနေအဝေးကိုထွက်ခွာလာတဲ့သူတစ်ယောက်အကြောင်းနဲ့ အဲ့ဒီသူရဲ့ နှလုံးသားမှာထဲရှိတဲ့ အိမ်ပြန်ချင်တဲ့စိတ်ကို ရည်ညွှန်းချင်တာပဲ...”
စုမင်က ကောင်းကင်တွင် ကြယ်၊ လ နှင့် နေတို့ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက တောက်ပသော အလင်းရောင်ဖြင့် ကောင်းကင်ခန္ဓာသုံးခုကို မြင်ရသည်။ ထိုအလင်းရောင်က သူ့ပေါ်တွင် စုစည်းကာ သူ့ခေါင်းထဲတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။ စူးစူးရှရှ ပြင်းထန်သောနာကျင်မှုက သူ့နှလုံးသားထဲတွင် တိုးဝင်လာကာ သူ့အိမ်ကို လွမ်းဆွတ်တောင့်တနေသည့်ဝေဒနာကို ဖြစ်စေ၏။
မီးလျှံဂြိုဟ်ရှိ အခြားလူများ၏ မျက်လုံးများတွင် ကောင်းကင်ရှိ နေ၊ လနှင့် ကြယ်တို့က စုမင်၏မြင်ကွင်းလိုမျိုး တောက်ပသော အလင်းရောင်ဖြင့် မတောက်ပခဲ့ပေ။ကောင်းကင်က အလင်းရောင်သမ်းလာသောအခါ ကြယ်နှင့်လတို့က တဖြည်းဖြည်းပျောက်ကွယ်စပြုလာသည်။
သို့သော် ထိုအချိန်တွင် စုမင်၏ဘယ်ဘက်မျက်လုံးထဲတွင် နေပုံရိပ် တဖြည်းဖြည်း ပေါ်လာပြီး လရိပ်က သူ၏ညာဘက်မျက်လုံးတွင် ရောင်ပြန်ဟပ်လာသည်။
ထို့ကြောင့် ကြယ်ပုံရိပ်မှာ သူ၏နာကျင်သောနှလုံးသားထဲတွင် ရှိနေခဲ့သည်။
ဤသည်မှာ စုမင်၏ကောင်းချီး ဖြစ်သည်။ ထို့ကြောင့် လနှင့်ကြယ်တို့က မှိန်ဖျော့သွားကာ နေမင်းကြီးက ကောင်းကင်ကို သိမ်းပိုက်လိုက်သည်။ထိုပုံရိပ်သုံးခုလုံးက သူ့နှလုံးသားတွင် နက်
နက်ရှိုင်းရှိုင်းထွင်းထုထားသော အရာများပင်ဖြစ်သည်။
“တတိယမြောက်နှလုံးသား အပြောင်းအလဲလား...”
စုမင်က သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ လွန်ခဲ့သော နှစ်များအတွင်း သူ၏ ပထမဆုံးသောစိတ်ပြောင်းလဲမှုကို တွေ့ကြုံခံစားခဲ့ရသည်။ ထို့ကြောင့် သူ၏စိတ်ခံစားမှု အပြောင်းအလဲကို ချက်ချင်း သိရှိနိုင်သည်။