နှုတ်ဆက်ခြင်း
Vol. 12 Ch. 41
မက်ဒါနာက ကန့်တင်းထဲက ထိုင်ခုံမှာ ထိုင်နေပါတယ်။ အေမီကတော့ အဝတ်စတစ်စကိုဖြဲပြီး မက်ဒါနာရဲ့လက်က ဒဏ်ရာကို ပက်တီးစည်းပေးလိုက်တယ်။ မကြာခင်မှာပဲ သွေးတိတ်သွားတော့မှာဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာ ရှိတော့မှာမဟုတ်ပါဘူး။
ဒါပေမဲ့ အေမီရဲ့ခန္ဓာကိုယ်ကတော့ ပိုပြီးတော့ ဝေဝါး လာနေပါတယ်။ “အေမီ၊ နင်ငါ့ကို ကုပေးစရာမလိုဘူးလို့ ပြောခဲ့ပြီးသားပဲလေ။”
မက်ဒါနာက ပြောလိုက်တော့ အေမီက မျက်လွှာကိုချပြီး ပြုံးပြလိုက်လေရဲ့။ “မမလေးက ကျွန်မရဲ့တန်ဖိုးထားရတဲ့ သူတစ်ယောက်ဖြစ်တာမလို့ပါ။”
ဒါကြောင့် မက်ဒါနာရဲ့နားရွက်တွေ နီသွားပြီး ရှက်ရွံစွာနဲ့ ခေါင်းကိုငုံထားလိုက်လေရဲ့။ အေမီက တကယ်ပဲ သူ့ကို ဘယ်လိုအချိုသတ်ရမလဲဆိုတာသိတယ်။ ဒါကြောင့်ပဲ သူ့ရင်ထဲမှာ အချစ်စိတ်တွေက ပြည့်လျှံနေအောင် ဖြစ်ပေါ်လာခဲ့တာပါ။
ဂွီ...
ရုတ်တရက် ဆာလောင်လာတဲ့ဗိုက်ကြောင့် မက်ဒါနာက ဝမ်းဗိုက်ပေါ်ကို လက်တင်ထားလိုက်မိတယ်။ အေမီက မက်ဒါနာရဲ့ဗိုက်က အသံကျယ်ကြီးကြောင့် နှုတ်ခမ်းကို လက်ဝါးနဲ့ကာကာ ချစ်စဖွယ်ရယ်မောလိုက်လေရဲ့။ ဒါပေမဲ့ သူ့ရဲ့ရယ်သံက အချိန်ကာလတွေကို ဖြတ်သန်းလာနေ သလိုမျိုး လိုဏ်သံပေါက်လို့။
“နေ့လယ်စာ စားချိန်ရောက်ပြီဆိုတော့ မမလေးအတွက် တစ်ခုခုပြင်ဆင်ပေးပါ့မယ်။”
မကြာခင်မှာပဲ အေမီက စွပ်ပြုတ်တစ်ပန်းကန်ကိုကိုင်ပြီး ပြန်ရောက်လာခဲ့ပါတယ်။ မွှေးပျံတဲ့ရနံက ကန့်တင်းထဲ ပြန့်နှံနေပြီးတော့ မက်ဒါနာက စားပွဲပေါ်ရောက်လာတဲ့ ဟင်းရည်ကို ကြည့်လိုက်တော့ ချက်ချင်းပဲ စိတ်လှုပ်ရှား သွားပါတော့တယ်။
“ဖက်.. ဖက်ထုပ်ဟင်းရည်လား။”
အေမီက ခေါင်းညိတ်လိုက်ပြီး... “ဟုတ်၊ အချိန်မရလို့ အပြိုင်ကမ္ဘာတစ်ခုကနေ စူပါမားကပ်မှာရောင်းတဲ့ အသင့်ထုပ်ပြီးသား ဖက်ထုပ်ကိုပဲ ဝယ်လိုက်ရလို့ စိတ်မကောင်းဖြစ်မိပေမဲ့ပေါ့။”
မက်ဒါနာကတော့ တောင်းပန်စရာမလိုပါဘူးဆိုတဲ့ ပုံစံနဲ့ သူ့ရဲ့ညာလက်ကို ဆန့်တန်းထုတ်လိုက်ပြီး အေမီရဲ့ခေါင်းကို ညင်သာစွာပွတ်ပေးလိုက်တယ်။
“လိမ္မာလိုက်တဲ့ကောင်မလေး... ဖက်ထုပ်ကိုကိုယ်တိုင် ထုပ်မပေးရင်တောင်မှ ဒီဟင်းက အေမီကိုယ်တိုင် ချက်ထားတဲ့ဟင်းပဲလေ။”
မမလေးဆီကနေ ချီးကျူးသံကြားရတဲ့အတွက် အေမီက နားရွက်တပ်ချိတ်လုမတတ် ပြုံးထားတယ်။ အဲဒီနောက် ဇွန်းကိုကောက်ကိုင်လိုက်ပြီး ဟင်းရည်ထဲက ဖက်ထုပ် တစ်ခုကို ဆယ်ယူလိုက်ကာ မက်ဒါနာရဲ့ပါးစပ်နား တေ့ပေးလိုက်တယ်။ ဖက်ထုပ်က အငွေ့တထောင်းထောင်း ထနေပြီးတော့ ဖြူဖွေးကြည်လင်တဲ့ မုန့်သားအောက်ခြေက အနီရောင်သန်းနေတဲ့ ဌာပနာအသားကို ထွင်းဖောက်ပြီး မြင်နေရတယ်။
“မမလေး၊ အာ....”
မက်ဒါနာကတော့ အဲဒီထူးဆန်းတဲ့ မြင်ကွင်းကြောင့် ဘယ်လို တုံ့ပြန်ရမလဲမသိ ဖြစ်နေတယ်။ သူက ငြင်းပယ်ဖို့အတွက် လက်ကိုကာလိုက်ပြီး...
“အေမီ၊ ငါ... ငါ့ဘာသာငါ စားပါ့မယ်။” လို့ပြောပေမဲ့ အေမီက ခေါင်းခါလိုက်လေရဲ့။
“မမလေးက ဒဏ်ရာရထားတာလေ။ ဘယ်လိုလုပ် အပင်ပန်းခံလို့ ဖြစ်ပါ့မလဲ။” အေမီရဲ့မျက်လုံးတွေထဲက စိတ်အားထက်သန်မှုကို မြင်ပြီးတဲ့နောက်မှာ မက်ဒါနာ ငြင်းဆန်ဖို့မတတ်နိုင်တော့ဘဲ ခေါင်းကိုသာ ညိတ်ပြမိပါတော့တယ်။
ဒီလိုနဲ့အေမီက ဇွန်းကိုရှေ့ကို ပိုဆန့်ထုတ်လိုက်ပြီး မက်ဒါနာက ပါးစပ်ကိုကျယ်ကျယ် ဟလိုက်ပါတယ်။ ဖက်ထုပ်က မက်ဒါနာရဲ့ပါးစပ်ထဲ ရောက်သွားပြီး တစ်ချက်ဝါးလိုက်တာနဲ့ မက်ဒါနာရဲ့မျက်လုံးတွေက တောက်ပသွားခဲ့တယ်။
“ကောင်းတယ်... ချိုချိုလေးပဲ။ ပင်လယ်စာ ဖက်ထုပ်လား။”
မက်ဒါနာက ဖက်ထုပ်ကို အရသာခံပြီးတဲ့နောက် ပိုပြီးတော့ တက်ကြွလာသလိုပဲ။ အေမီကတော့ စနောက်ချင်နေတဲ့ မျက်နှာနဲ့
“အထဲက ဌာပနာက ဘာသားလို့ထင်လဲ မမလေး။”
“ပုစွန်လား...” မက်ဒါနာက မေးလိုက်တော့ အေမီက ခေါင်းခါပြရင်း “နီးစပ်ပေမဲ့ မှားတယ်....”
“ကင်းမွန်။”
“ပိုဝေးသွားပြီ...”
အကြိမ်ကြိမ်ခန့်မှန်းပြီးတဲ့အထိ မမှန်တဲ့အတွက် မက်ဒါနာရဲ့ မျက်နှာက ငိုတော့မယ့်ရုပ်ဖြစ်လာတယ်။ ဒါပေမဲ့ နောက်တော့ စိတ်ဆုံးဖြတ်ပြီးတဲ့ပုံနဲ့ “အေမီ၊ ငါ့ကို ထပ်ခွံကျွေး။ ဒါမှ သေချာအရသာခံပြီး ဘာသားလဲ စဥ်းစားလို့ရမှာ။”
“ဟုတ်၊ မမလေး...”
အေမီက နောက်ထပ်ဖက်ထုပ်ကို ဟင်းရည်ထဲကနေ ဆယ်လိုက်ပြီး မက်ဒါနာကို ကလေးလေးလိုမျိုး ခွံကျွေးတယ်။ မက်ဒါနာက ဒီတစ်ခါတော့ သေသေချာချာ အရသာခံလိုက်ပြီးတဲ့နောက်...
“ကဏန်းမဟုတ်လားဟင်...” လို့ ခန့်မှန်းလိုက်တော့။ အေမီက ခေါင်းညိတ်ပြလိုက်ပြီး...
“ဂုဏ်ယူပါတယ်။ မမလေးက နောက်ဆုံးတော့ ဖက်ထုပ်ထဲက အသားကို ဆယ့်ငါးကြိမ်မြောက် မှားယွင်းပြီး ခန့်မှန်းလိုက်နိုင်ပါပြီ။”
အဲဒီစကားကြောင့် မက်ဒါနာရဲ့မျက်နှာကြီးက အိုစာသွားပြီး အေမီကို မဲ့မဲ့ကြီးနဲ့ ကြည့်နေလိုက်တယ်။ အေမီကတော့ အသံလွင်လွင်လေးနဲ့ ရယ်မောလိုက်ရင်း...
“မမလေး၊ ပန်းပေးပြီလား။”
တခြားရွေးစရာ ဘာမှမရှိတော့တဲ့နောက် မက်ဒါနာက ခေါင်းကိုသာ ညိတ်ပြလိုက်ပြီး “အင်း၊ အထဲက ဘာသားလဲ။” လို့မေးတယ်။
အေမီကတော့ “တကယ်တော့ အထဲမှာ ဌာပနာထားတာက အသားမဟုတ်ပါဘူး။ နိုရီလို့ခေါ်တဲ့ ရေညှိတစ်မျိုးကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပင်လယ်စာအရသာ ထွက်အောင်လုပ်ထားတာ။”
‘ဒီတစ်ခါတော့ တကယ်ခံလိုက်ရပြီ။' ဆိုတဲ့ရုပ်နဲ့ မက်ဒါနာက အေမီကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ခဏနေတော့ မျက်နှာက ပြန်လည်ဝင်းပသွားပြီး။
“ထားပါလေ၊ စားလို့ရ ပြီးတာပါပဲ။ အာ...” မက်ဒါနာက ပါးစပ်ကို အကျယ်ကြီးဟလိုက်တယ်။ အေမီကလည်း နောက်ထပ် ဖက်ထုပ်တွေကို ပါးစပ်ထဲ ခွံပေးတယ်။
အဲဒီနောက်တော့ အတော်ကြာတဲ့အထိ အပြင်ဘက်ကနေ တိုက်သံခိုက်သံတွေကို ကြားနေရသေးတဲ့အတွက် မက်ဒါနာက အေမီကို မေးလိုက်တယ်။
“ဒါနဲ့အေမီ၊ အပြင်ဘက်မှာ စစ်ဖြစ်နေတုန်းပဲလား။” လို့မေးတော့ အေမီက ခေါင်းညိတ်လိုက်တယ်။
“ဒါပေမဲ့ ကျွန်မစစ်တပ်က ကမ္ဘာကြီးကိုဖျက်ဆီးဖို့ လုပ်မနေတော့ပါဘူး။ ကျွန်မနဲ့မမလေးရဲ့ဒိတ်ကို ဘယ်သူမှ လာမနှောင့်ယှက်နိုင်အောင် လုပ်ထားရုံလေးပါ။”
ဒိတ်ဆိုတဲ့စကားကြောင့် မက်ဒါနာတစ်ကိုယ်လုံး ပူနွေး လာသလိုမျိုးခံစားရတယ်။ “ဒါက ဒိတ်လား...” ရိုးရှင်းစွာနဲ့ မက်ဒါနာဟာ သူ့ဘဝမှာတစ်ခါမှ တခြားလူတစ်ယောက်နဲ့ ဒီတ်မလုပ်ခဲ့ဖူးဘူး။ ဒါကြောင့် သူ့ရင်ခုန်သံတွေ မြန်လာ သလိုမျိုးခံစားရတယ်။
“ကဲ... ဗိုက်ဝသွားအောင် ထပ်ပြီးစားလိုက်ပါဦး။ အာ...” အေမီက နောက်တစ်ကြိမ်ခွံကျွေးတယ်။ မက်ဒါနာကလည်း ပါးစပ်ကိုဟလိုက်ပေမဲ့...
ချလွမ်...
ဇွန်းက လမ်းခုလတ်မှာပဲ စားပွဲပေါ်ပြုတ်ကျသွားတယ်။ အေမီရဲ့လက်တွေက တုန်ယင်နေပြီး သူ့မျက်နှာပေါ်မှာ ကြောက်ရွံမှုအရိပ်အယောင်တွေကို မြင်နေရပါတယ်။ အခုဆိုရင် သူ့လက်က လုံးဝထွင်းဖောက်မြင်နေရပြီ ဖြစ်ပြီးတော့ မျက်စိရှေ့မှာပဲ သိသိသာသာဝေဝါး ပျောက်ကွယ်နေပါတယ်။
“အဲဒီလိုလား... ကျွန်မမှာ အချိန်မရှိတော့ဘူးပဲ။” အေမီက ဝမ်းနည်းနေတဲ့လေသံနဲ့ ရေရွတ်လိုက်တယ်။ မက်ဒါနာက အေမီရဲ့လက်ကို ထိတွေ့ဖို့လုပ်ခဲ့ပေမဲ့ လေကိုထိတွေ့ လိုက်ရသလိုမျိုးပဲ ဘာကိုမှမကိုင်လိုက်မိဘူး။ ဒါပေမဲ့ အေမီက မက်ဒါနာကို ပြုံးပြနေဆဲဖြစ်ပြီး...
“မမလေး၊ ကျွန်မအတွက် စိတ်မကောင်းမဖြစ်ပါနဲ့။ ဒါတွေ အကုန်လုံးက ကျွန်မရဲ့မိုက်ပြစ်တွေပါ။”
ဒါပေမဲ့ ဝမ်းနည်းမှုတွေကို တောင့်မခံနိုင်ဘဲ မက်ဒါနာ ငိုနေမိတုန်းပဲ။ မျက်ရည်ပူတွေက ပါးပြင်ကိုပေါ်ကို စီးကျလာပြီး သူ့မျက်လုံးတွေထဲမှာ မြင်နေရတဲ့ အေမီရဲ့ပုံရိပ်က ဝေဝါးလာတယ်။ မျက်ရည်ကြောင့်လား အေမီရဲ့တည်ရှိမှုက ပျောက်ကွယ်နေတာကြောင့်လား မသိပေမဲ့ အဲဒီဖြစ်ရပ်မျိုးကို သူမကြုံတွေ့ချင်ပါဘူး။ အေမီက ထိုင်ခုံကနေထလိုက်ပြီး စားပွဲခုံပေါ်ကိုတက်ကာ မက်ဒါနာကို သိုင်းဖက်ထားလိုက်တယ်။ အေမီရဲ့မျက်နှာက မက်ဒါနာရဲ့မျက်နှာနဲ့ထိတွေ့လုနီးပါးအထိ နီးကပ်လာပြီး အေမီက သူ့ရဲ့နှုတ်ခမ်းကို မက်ဒါနာရဲ့နှုတ်ခမ်းနဲ့ ထိတွေ့လိုက်တယ်။
ပြွတ်...
နူးညံ့တဲ့အထိအတွေကြောင့် မက်ဒါနာမိန်းမောသွားတယ်။ အားရပါးရနမ်းပြီးတဲ့နောက် အေမီက မျက်နှာကိုပြန်ခွာ လိုက်ပါတယ်။ အခုဆိုရင် သူ့မျက်နှာလဲ ဝေဝါးနေပြီဖြစ်ပြီး မကြာခင်ပျောက်ကွယ်သွားတော့မလို ဖြစ်နေပါတယ်။
“မသွားပါနဲ့....” မက်ဒါနာက အေမီကိုထိတွေ့ဖို့ ကြိုးစားပေမဲ့ အေမီက ဟော်လိုဂရမ်တစ်ခုလိုမျိုးဖြစ်နေပြီး လုံးဝထိတွေ့လို့ မရတော့ဘူး။
“မမလေး... ကျွန်မ မရှိတော့ရင်လည်း ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပြီးနေနော်။”
“အင်း....”
“စိတ်ဓာတ်လည်း ကျမနေနဲ့ဦး။ အတိတ်မှာပဲ ပိတ်မိမနေဘဲ ရှေ့လျှောက်ဖို့အတွက် မမလေးရဲ့ခွန်အားတွေကို ချန်ထား ပေးပါ။”
“အင်း...”
“ကျွန်မနောက်ကို လိုက်လာဖို့တွေးတာတို့မလုပ်နဲ့နော်။ ကတိပေး။”
“အင်း၊ ငါကတိပေးပါတယ်။”
“အဲဒီလိုမှမဟုတ်ရင် .. / .-- .. .-.. .-.. / .-- --- .-. .-. -.-- / .- -... --- ..- - / -.-- --- ..-“ ပြောနေရင်းနဲ့တင် အေမီရဲ့အသံက သာမန်လူတွေ ဘယ်လိုမှနားမလည်နိုင်တဲ့ အသံအဖြစ်ကို ပြောင်းလဲသွားတယ်။ အေမီက မက်ဒါနာသူပြောတာကို နားမလည်မှန်း သတိထားမိသွားပြီး သူ့လည်ချောင်းကို သူပြန်ကိုင်လိုက်တယ်။ နောက်တော့ မက်ဒါနာကို နောက်ဆုံး အဖြစ်နဲ့ ပြုံးပြလိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက အလင်းမှုန်လေးတွေအဖြစ်ကို ပြောင်းလဲပျောက်ကွယ် မသွားခင် တီးတိုးစကားတစ်ခွန်းကို ပြောခဲ့တယ်။
“ .. / .-.. --- ...- . / -.-- --- ..- “
နှုတ်ခမ်းလှုပ်တာကိုပဲ အားကိုးပြီးတော့ အဓိပ္ပါယ်ဖော်ရတာ ဖြစ်ပေမဲ့ မက်ဒါနာက ပူဆွေးနေရင်းကနေ အားတင်းပြီး ပြုံးလိုက်တယ်။ နောက်တော့ အေမီလုံးလုံးပျောက်မသွားခင် အခုလိုပြန်ပြီး ပြောလိုက်လေရဲ့။
“ငါလည်း နင့်ကိုချစ်ပါတယ်၊ အေမီ။”
ဒေါက်...
အေမီရဲ့ခါးမှာပတ်ထားခဲ့တဲ့ Maleficus ခါးပတ်က စားပွဲပေါ်ပြုတ်ကျတယ်။ ခါးပတ်မှာအက်ရာတွေ ရှိနေပြီး ထပ်ပြီးအသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။ မက်ဒါနာက သတိကြီးကြီးထားပြီး ခါးပတ်နဲ့ဆက်သွယ်ထားခဲ့တဲ့ မန်မိုရီစတစ်တွေကို ဖြုတ်ယူလိုက်တယ်။ အားလုံးကို ဖြုတ်ယူလို့အပြီးမှာတော့ ခါးပတ်က တောင့်ခံထားနိုင်တဲ့ ပုံမပေါ်တော့ဘဲ တစ်စစီပျက်စီးသွားခဲ့တယ်။
...
“သခင်မလေး၊ အဆင်ပြေရဲ့လား....” တံခါးပွင့်သွားပြီး ရေမွန်က အခန်းထဲကို ဝင်လာခဲ့တယ်။ ဒါပေမဲ့အခန်းထဲမှာ ဘယ်သူမှရှိမနေခဲ့ဘူး။ ဒါကြောင့် ရေမွန်က သူ့နှလုံးသားကို ဆုပ်ကိုင်ထားလိုက်လေရဲ့။
အပြင်လောက စကြဝဠာကြီးထဲမှာတော့ အပြိုင်ကမ္ဘာ စစ်တပ်ကြီးရဲ့စက်ရုပ်တွေက လှုပ်ရှားမှုရပ်တန့်သွားပြီ ဖြစ်ပြီးတော့ သူတို့တွေဟာလည်းပဲ တဖြည်းဖြည်းနဲ့ အလင်းမှုန်စတွေအဖြစ်ကို ပြောင်းလဲပျောက်ကွယ် သွားနေပါတယ်။
...
ပင်မကမ္ဘာ။
အာကာသထဲမှာရှိနေသေးတဲ့ ကိုင်းတိုနဲ့ဥစာကီတို့က အေမီရဲ့ပုံရိပ်နဲ့အတူ စစ်တပ်ကြီးပျောက်ကွယ်သွားတာကို စိတ်သက်သာရာရစွာနဲ့ ကြည့်နေလိုက်တယ်။
“တိုက်ပွဲကောင်းတစ်ခု ဖြစ်ခဲ့တာပဲ။” ဥစာကီက ဓားကို ဓားအိမ်ထဲ ပြန်ထည့်ရင်း ပြောလိုက်တယ်။ ကိုင်းတိုက သဘောတူတဲ့အနေနဲ့ ခေါင်းကိုညိတ်ပြပြီး
“အင်း...” လို့သာ ပြန်ဖြေတယ်။
....
“မင်းတို့အိုက်ဒေါတွေက သောက်ရမ်းအားနည်းတာပဲ။ ဟောဒီက ငါကိုယ်တော်ကို ဘယ်လိုနည်းလမ်းနဲ့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး။ အားဟားဟားဟား...”
တောက်တဲ့ကြီးနဲ့တူတဲ့ မွန်းစတားတစ်ကောင်က ကျောင်း ခေါင်မိုးပေါ်မှာရှိနေပြီးတော့ အပြိုင်ကမ္ဘာစစ်ပွဲကြောင့် လူတွေခိုလှုံနေတဲ့ အထက်တန်းကျောင်းတစ်ခုကို ဝင်ရောက်နှောင့်ယှက်နေပါတယ်။ ဒါကြောင့်လည်း ကျောင်းကြီးတစ်ခုလုံးရဲ့အရောင်အသွေးတွေ မှေးမှိန်လာနေပြီ။
အပြိုင်ကမ္ဘာစစ်တပ်ကပေးတဲ့ ဒုက္ခက မသေးဘူးဆိုပေမဲ့ ဒေသခံဗီလိန်အဖွဲ့တွေကလည်း ပုန်းနေတာမျိုးမဟုတ်ဘူး။ သူတို့ကပါ အပြင်ကလူတွေနဲ့ပေါင်းပြီး သောင်းကျန်းချင် သောင်းကျန်းနေကြတာရယ်။
အိုက်ဒေါဖလေရာတို့အဖွဲ့က အကောင်းဆုံးကြိုးစားပေမဲ့ တောက်တဲ့ကြီးက အင်အားကောင်းလွန်းတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ပေါ်တယ်တစ်ခု ပွင့်လာပြီး အိုက်ဒေါဂါဝန်အပြာနုလေးကိုဝတ်ထားတဲ့ အိုက်ဒေါမက်ဒါနာက မှော်ဆန်ဆန်ပြုတ်ကျလာတယ်။
ဘုတ်...
ဆံဖြူမလေးက ကျောင်းရဲ့အားကစားကွင်း အလယ်တည့်တည့်ကို ဖင်ထိုင်လျက် ပြုတ်ကျလာတာ ဖြစ်ပြီးတော့ သဘာဝအတိုင်းပဲ ဂါဝန်လေးက လေအဝေ့မှာ မြင့်တက်သွားကာ အထဲက အစင်းကျားလေးကို တိုက်ပွဲမှာ ရှိနေတဲ့လူတိုင်း မြင်လိုက်ရတယ်။ မက်ဒါနာက ရှက်သွားပြီး ဂါဝန်ကို လက်နဲ့ဖုံးလိုက်ရင်းကနေ ရှက်ရွံစွာ အော်ဟစ် လိုက်လေရဲ့။
“မြင်... မြင်ကုန်ကြပြီလား။”
ကျောင်းခေါင်မိုးပေါ်က တောက်တဲ့ကြီးကတော့ ပါးစပ်ကနေ အမြုပ်တစီစီ ထွက်ရင်း ဟန်ချက်ညီညီတောင် မရပ်နိုင်တော့ဘဲ ပြုတ်ကျလာတယ်။
“ဂစ်.. ဘာလို့ ဆံပင်အဖြူနဲ့အိုက်ဒေါမလေးမှာ ငါ့ထက်ကြီးတဲ့ လက်နက်ကြီးမျိုး ရှိနေရတာလဲ။”
လူမမြင်နိုင်တဲ့တစ်နေရာမှာ ရှိနေတဲ့ ဆံပင်အရှည်နဲ့ မက်ဒါနာကတော့ အဲဒီမြင်ကွင်းကို တည်ငြိမ်စွာကြည့်ရင်းနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ အဲဒီနောက်မှာတော့ သေနတ်ကိုမြှောက်လိုက်ပြီး ပေါ်တယ်တစ်ခုကို ဖန်တီးကာ တခြားကမ္ဘာတစ်ခုကို ဆက်သွားတယ်။
...
စစ်ပွဲကမ္ဘာ။
နန်းတော်ထဲမှာတော့ အင်ပါယာတပ်ဖွဲ့တွေက အပြိုင်ကမ္ဘာ စစ်တပ်ကြီး ဆုတ်ခွာသွားတဲ့အတွက် အောင်ပွဲခံနေကြတယ်။ ဝန်ကြီးချုပ်က မင်းသားဒီပနားကပ်လာပြီးတော့...
“အရှင့်သား၊ တိုင်းသူပြည်သားတွေက စစ်နိုင်သွားလို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ အနေအထားမှာရှိပါတယ်။ အခုအချိန်မှာ ထီးနန်းသိမ်းပိုက်လိုက်ရင်...”
ဒီပက စကားဆုံးအောင်တောင် နားမထောင်ဘဲနဲ့ လှံကိုထောင်ပြလိုက်တယ်။ “ခင်ဗျားကို ဩဇာအာဏာ ရှိတဲ့ ဝန်ကြီးချုပ်ဆိုပြီး ကျုပ်က ကြည့်နေမယ်မထင်နဲ့။ ထီးနန်းက အစ်မရဲ့အပိုင်ပဲ။”
“မင်းသားလေး၊ မင်းသားလေးမှ အစ်မမရှိ...”
“နင်တို့က ငါမရှိတုန်း ငါ့မောင်ကို တွန်းအားပေးဖို့ လုပ်နေကြတယ်ပေါ့လေ။ ဘာလဲ၊ နင်တို့က ဧကရီ နှင်းဒေဝီဆိုတဲ့ နယ်ရုပ်လေးကို ငြီးငွေ့နေကြပြီပေါ့။”
မက်ဒါနာက ဂဋ္ဌုန်စစ်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး နန်းတော်ခန်းမထဲဝင်ကာ ပလ္လင်ပေါ်မှာ တက်ထိုင် လိုက်ပါတယ်။ သူ့ကိုကြည့်ရတာ ဒီတစ်ခါတော့ အလျှော့ပေးမယ့်ပုံ မပေါ်ဘူး။
မှောင်ရိပ်ထဲမှာတော့ နောက်ထပ် မက်ဒါနာက ပြုံးလိုက်ပြီး... “သူ့ကို ပေးလိုက်တဲ့အကြံကို နားထောင်မယ်ထင်ပါတယ်။” လို့ ရေရွတ်လိုက်လေရဲ့။
...
လင်ဒါနံပါတ်နှစ်က စက်ရုပ်ကမ္ဘာရဲ့စစ်စခန်းထဲမှာ စိတ်မရှည်စွာနဲ့ ထိုင်စောင့်နေတယ်။ အပြိုင်ကမ္ဘာ စစ်ပွဲပြီးတဲ့နောက်မှာ တခြားမက်ဒါနာဆီကနေပြီး မက်ဆေ့တစ်ခုပဲရခဲ့ပါတယ်။ အဲဒါကတော့ အဖွဲ့ဝင် အားလုံး ကိုယ့်ကမ္ဘာကိုယ်ပြန်ပြီး သတင်းကောင်းကို စောင့်နေဖို့ပါ။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အထိ ဘာမှထူးခြားမလာဘူးလေ။
“အဲဒီကောင်မ လိမ်များသွားလား။” အဲဒီအတွေးနဲ့အတူ နောက်ထပ်မက်ဒါနာကို လိုက်ရှာဖို့အတွက် တွေးခဲ့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ရင်းနှီးနေတဲ့ အသံလေးကို ကြားလိုက်ရပြီး...
“အစ်မကြီး....” လှည့်ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ ဘောင်းဘီတိုလေးနဲ့ တီရှပ်အနက်ရောင်လေးကို ဝတ်ထားတဲ့ မင်းလွင်လေးကို တွေ့လိုက်ရရော။ လင်ဒါလည်း တောင့်မခံနိုင်တော့ဘဲ ခုံတန်းရှည်ကနေ ခုန်ထကာ မင်းလွင်လေးကို ပြေးဖက်လိုက်တယ်။
ဒါပေမဲ့ပြေးဖက်ရုံနဲ့တင်အားမရသေးဘဲ ကောင်လေးကို တွန်းလဲပြီး အနမ်းမိုးတွေရွာတော့တာပဲ။
“အစ်မရေ... ကျွန်တော်မွန်းနေပြီဗျ... တစ်... တစ်ယောက်ယောက် ကယ်ကြပါ။ ဒီအစ်မကြီးက ကျွန်တော့်ကို ဖိသတ်ဖို့ကြံနေလို့ပါဗျို့...”
...
“ကြည့်ရတာ ငါမရှိတုန်း တခြားမြို့ကဂိုဏ်းတွေ ငါတို့မြို့ကို လာကျူးကျော်နေတဲ့ပုံပံ။ ကြည့်ရတာ အနားယူဖို့အတွက် အချိန်ယူရဦးမယ်နဲ့တူတယ်။”
စိတ်ရောဂါကုဆေးရုံတစ်ခုဆီကနေ ထွက်လာတဲ့ မင်းလွင်က ဖုန်းက သတင်းတွေကိုကြည့်နေရင်းနဲ့ အေးစက်စွာ ပြောလိုက်တယ်။ သူမာဂရပ်ကို တွေ့ပြီး ထွက်လာကာစဖြစ်တာမလို့ ဂိုဏ်းအသစ်တွေကို ကိုင်တွယ်ဖို့ နည်းနည်းလက်ရွံနေမိတယ်။
“ဒါပေမဲ့ သူတို့တွေက တစ္ဆေဖြူကို ငါမှန်းသိနေပြီးသား။ သူတို့တွေ နောက်တစ်ခါထပ်ပြီး မာဂရပ်ကို ဒုက္ခပေးနိုင်လောက်တယ်။”
ဒါပေမဲ့ နောက်တစ်ခဏအကြာမှာပဲ ပုံစံက တည်ငြိမ်သွားပြီး သူ့ဝတ်စုံအောက်မှာဝှက်ထားတဲ့ တစ္ဆေဖြူမျက်နှာဖုံးနဲ့ဓား နှစ်လက်ကို လွှင့်ပစ် လိုက်ပါတယ်။
“ထားလိုက်တော့... တစ္ဆေဖြူဆိုတာ သေသွားပြီ။ အခုက နောက်ထပ်သူရဲကောင်းအသစ် မွေးဖွားလာရမယ့်အချိန်ပဲ။”
အဲဒီနောက်တော့ သေနတ်နှစ်လက်ကို ဆွဲထုတ်လိုက်ပြီးတော့ မျက်နှာဖုံးအနက်အသစ်ကို မျက်နှာမှာဝတ်လိုက်တယ်။
“အခုကနေစပြီး အရိပ်နက်က မြို့ကို ကာကွယ်ပေးတော့မယ်။”
...
ဖရာလီတာက မြစ်ဆိပ်မှာထိုင်စောင့်နေရင်းနဲ့ လက်ထဲက ကြိုးဆွဲသံပတ်နာရီကို အကြိမ်ကြိမ်ကြည့်နေတယ်။ “အဲဒီ မက်ဒါနာမက ဒီအချိန်လို့ပြောထားတာ မဟုတ်ဘူးလား။”
ဒါပေမဲ့ သိပ်ကြာကြာမစောင့်လိုက်ရဘဲ ဝါ့ဇ်တစ်ယောက် ‘ဘုန်း' ဆိုပြီး ဖရာလီတာဘေးက ကတ္တရာလမ်းမပေါ်ကို ခွေးကျကျလာပါရော။ ကြည့်ရတာ တခြားမက်ဒါနာက ဝါ့ဇ်ကို အထီးကောင်မလို့ ညင်ညင်သာသာ ပစ်ချချင်စိတ် မရှိတဲ့ပုံပဲ။
ဖရာလီတာကတော့ နာကျင်မှုကြောင့်တစ်ကိုယ်လုံး တွန့်လိမ်နေတဲ့ ဝါ့ဇ်ကို ရွံစရာတီကောင်တစ်ကောင်လို ကြည့်လိုက်ပြီး အနားကိုလျှောက်သွားလိုက်တယ်။ ပြီးတဲ့နောက် ရင်ဘတ်ပေါ်ကို ဒေါက်ဖိနပ်နဲ့ ထောက်ထားလိုက်ပြီး...
“ငယ်ကျွန်ကြီး... နင့်သောက်ပြဿနာတွေကြောင့် ငါတို့ ကျောင်းမတက်ရတာ နှစ်ပတ်လောက်ရှိသွားပြီးနော်။ ကျောင်းပြန်ရောက်တာနဲ့ ငါ့ကိုအိမ်စာတွေကူးပေးဖို့ အလိုက်သိစမ်း။”
“ဟုတ်... ဟုတ်ကဲ့။” ဝါ့ဇ်က ချက်ချင်းကုန်းထလာပြီးတော့ ဖရာလီတာကို လေးဖက်ထောက် ခစားတော့တာပဲ။ ဖရာလီတာက လက်ကိုပိုက်ထားပြီး ဝါ့ဇ်ကိုကျောခိုင်းလိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ရဲဝီစီသံကြားလိုက်ရပြီး စကော့တလန်ယော့ခ် ယူနီဖောင်း ဝတ်ထားတဲ့ ဆံပင်အညိုရောင်၊ အညိုရောင်မျက်လုံးတွေနဲ့ ဒေါင်ကောင်းကောင်း ခပ်ချောချောအစ်ကိုကြီးတစ်ယောက် ရောက်လာပြီး ဝါ့ဇ်ကို လက်ထိပ်ခတ်လိုက်တယ်။
“ရဲအရာရှိ၊ ကျွန်တော် ဘာမှမလုပ်ဘူးလေဗျာ။” ဝါ့ဇ်က အခုလိုပြောလိုက်ပေမဲ့ ရဲအရာရှိကတော့ ယုံတဲ့ပုံမပေါ်ဘဲ သူ့လက်ထဲကိုင်ထားတဲ့ ဖမ်းဝရမ်းစာရွက်ကို ထောင်ပြ လိုက်တယ်။
[မာရာဒင် ဝါ့ဇ်၊ အသေရရ အရှင်ရရ အလိုရှိသည်။ ဆုငွေ ပေါင်နှစ်သိန်း။ ပန်ဒရာဂွန်မိသားစု သခင်မလေးကို ပြန်ပေးဆွဲသွားသော ကလေးသူခိုး လိုလီကွန်းကောင်။]
အဲဒီနောက်တော့ အရာရှိက ရဲအရာရှိတိုင်းရွတ်နေကျ စကားတွေကို စရွတ်တာပဲ။ “တရားခံ မာရာဒင် ဝါ့ဇ်။ ခင်ဗျားမှာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးနဲ့အညီ နှုတ်ဆိတ်နေပိုင်ခွင့်ရှိတယ်။ ရှေ့နေငှားပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အမှုက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီမလို့ လွတ်မယ်တော့မထင်ဘူး။”
အဲဒီနောက် ရဲအရာရှိက ဖားချင်နေတဲ့မျက်နှာနဲ့ ဖရာလီတာနား ရောက်သွားပြီးတော့ လက်နှစ်ဖက်ကို ပူးကပ်ကာ အခုလိုပြောလိုက်လေရဲ့။
“သခင်မလေးဖရာလီတာ။ ဒီနိမ့်ကျတဲ့ ရဲအရာရှိနာမည်က လစ် ဂရီဂိုရီပါ။ အိမ်ရောက်ရင် ကျေးဇူးပြုပြီး သခင်မကြီး အော်သာရီယာကို နှုတ်ဆက်လိုက်ကြောင်း ပြောပေးပါဦး။”
“....” ‘ သူများတွေကမ္ဘာက လင်ဒါတွေက အမိုက်စားလေ။ ဘာလို့ငါ့ကမ္ဘာကျမှ ကပ်ဖားလျက်ဖား ရဲအရာရှိအထီးကြီး ဖြစ်နေရတာလဲ။' ဝါ့ဇ်တစ်ယောက် ကျိန်ဆဲမိလုမတတ်ပဲ။
...
ရေမွန်က အပြိုင်ကမ္ဘာစစ်ပွဲ ပြီးတဲ့နောက် အထီးကျန်စရာ ကောင်းလှတဲ့ သူ့ကမ္ဘာဆီကို ပြန်လာခဲ့တယ်။ ပြောရရင် သူအရင်နေခဲ့တဲ့ ဂလော်ရီးယားစံအိမ်ကိုပေါ့။
အိမ်ကြီးက ခြောက်ကပ်ပြီး လူသူမရှိတော့ပေမဲ့ အမှတ်တရတွေ အများကြီးတော့ ရှိနေဆဲပါ။ “ကြည့်ရတာ ငါက တစ်ယောက်တည်းနေဖို့ ကံဇာတာ ပါလာတယ်နဲ့ တူတယ်။”
တခြားမက်ဒါနာတစ်ယောက်ကို သူထပ်ပြီးတော့ ချစ်မိ သွားခဲ့တယ်ဆိုပေမဲ့ ဟိုက သူ့ကိုနှုတ်မဆက်ဘဲနဲ့ ထွက်သွားခဲ့တယ်လေ။ ဒါကြောင့် သူနည်းနည်းလေး စိတ်ဓာတ်ကျနေတာ။
ဒါပေမဲ့ အိမ်ထဲကို ဝင်လာမိတယ်ဆိုရင်ပဲ တစ်ခုခု ထူးခြားနေတာကို သတိထားလိုက်မိတယ်။ အိမ်အတွင်းပိုင်းက တစ်ယောက်ယောက် သန့်ရှင်းရေး လုပ်ထားသလိုမျိုး သန့်ရှင်းနေပြီး မွှေးကြိုင်နေတဲ့ ဟင်းနံက လေထုထဲမှာရှိနေတယ်။
“မဖြစ်နိုင်တာ...” ရေမွန်က စိတ်လှုပ်ရှားလာပြီးတော့ မီးဖိုချောင်ထဲကို ပြေးဝင်သွားတယ်။ မီးဖိုချောင်ထဲမှာ ရှည်လျားလှတဲ့ ဆံပင်ဖြူရှည်တွေရှိပြီး အိမ်စေဝတ်စုံ ဝတ်ထားတဲ့ မိန်းမလှလေးတစ်ယောက်ကို သူမြင် လိုက်ရတယ်။
“အစ်မကြီး...” သူ့ပါးစပ်ကနေ စကားလုံးတစ်လုံး ထွက်ကျလာတယ်။ ဟင်းချက်နေတဲ့ ကောင်မလေးက ရေမွန်ကို လှည့်ကြည့်လိုက်ပြီး ချက်ချင်းပြုံးပြတယ်။ သာမန် မက်ဒါနာနဲ့မတူစွာပဲ ခေါင်းမှာ အန်းဒရိုက်စက်ရုပ်တွေမှာရှိတဲ့ အင်တာနာတစ်စုံရှိနေပြီး မျက်လုံးတွေထဲမှာ မှန်ဘီလူးတွေ ရှိနေတာ မြင်နိုင်ပေမဲ့ ရေမွန်က လစ်လျူရှုထားလိုက်တယ်။
မက်ဒါနာကလည်း ရေမွန်ကိုမြင်တာနဲ့ ပြုံးပြလိုက်ပြီး အခုလိုပြောလိုက်ပါလေရော။
“သခင်လေးရေမွန် အိမ်ပြန်လာပြီလား။ ညစာအရင်စားမလား၊ ရေအရင်ချိုးမလား၊ ဒါမှမဟုတ်...”
...
“ ရေမွန်ကို ငါ့အိပ်မက်ထဲက မှတ်ဉာဏ်တွေပါတဲ့ စက်ရုပ်တစ်ရုပ် လက်ဆောင်ပေးဖို့ တခြားမက်ဒါနာက တောင်းဆိုခဲ့တာ ထူးဆန်းသလိုထင်ရပေမဲ့ အလုပ်ဖြစ်မယ်ထင်တာပဲ။”
ပင်မကမ္ဘာက မက်ဒါနာလည်း ဆုဗာနာမှာ ပြန်ရောက်နေပြီ ဖြစ်ပြီးတော့ အိပ်ခန်းထဲက ဆိုဖာမှာထိုင်နေရင်းကနေ လက်ရှိအခြေအနေတွေကို သုံးသပ်နေတယ်။ ဖရာလီတာက သော့ခတ်မထားတဲ့ အိပ်ခန်းတံခါးကိုဖွင့်ပြီး အထဲကို ဝင်လာလေရဲ့။
အဲဒီနောက် မက်ဒါနာရဲ့အိပ်ရာပေါ်တက်ထိုင်ပြီး... “ မက်ဒါနာ။ နင်လုပ်စရာတစ်ခုရှိတာ မေ့နေတယ်လို့ မထင်ဘူးလား။”
“ဘာများလဲ။” မက်ဒါနာက လှည့်ကြည့်လိုက်တော့ ဖရာလီတာက သေတ္တာအနက်ရောင်လေးကို ထောင်ပြ လိုက်ပြီးတော့...
“ဟောဒါလေးကို လက်တွေ့စမ်းဖို့လေ။”
မက်ဒါနာရဲ့မျက်နှာက ချက်ချင်းဇောချွေးတွေနဲ့ ဖုံးလွှမ်း သွားပါလေရောလား။
...
ရထားဘူတာတစ်ခု။
ဦးထုပ်ကို နောက်ပြန်ဆောင်းထားပြီး တီရှပ်အဖြူရောင် ဝတ်ဆင်ထားတဲ့ ဆံပင်ဖြူနဲ့ကောင်မလေးက ခုံတန်းရှည် တစ်ခုမှာထိုင်နေရင်း ဖုန်းနဲ့ သီချင်းနားထောင်နေပါတယ်။ အရင်က ခါးအထိရှည်ခဲ့တဲ့ ဆံပင်ရှည်တွေက အခုဆိုရင် ဂုတ်နားအထိပဲ ရှိတော့တာဖြစ်ပြီး ဂျင်းဘောင်းဘီတိုနဲ့ High Fiveလို့ရေးထားတဲ့ စတေကာပါ တီရှပ်ခဲရောင်ကို ဝတ်ဆင် ထားပါတယ်။
“ အတိတ်မှာပိတ်မိမနေဘဲ ရှေ့ကို ဆက်လျှောက်ပါတဲ့လား။” မက်ဒါနာက ပြုံးလိုက်တယ်။ ရထားလည်း ဘူတာပလက်ဖောင်းမှာ လာရပ်ပြီ။ ကောင်မလေးက တခြားသူတွေနဲ့အတူ ရထားပေါ်ကို တက်လိုက်ရင်း ပြုံးလိုက်ပါတယ်။
“အရာအားလုံးကို သုညကနေ ပြန်စကြတာပေါ့။”
[ခရီးသည်များရှင့်၊ နယူးယောက်မှ ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဘေးလ်မြို့သို့ထွက်ခွာမည့်ရထားမှာ မကြာမီ စတင်ထွက်ခွာတော့မည် ဖြစ်ပါသဖြင့် နေရာတကျ ထိုင်ပေးကြပါရန်။]
ပြီးပါပြီ။
[စာရေးသူ၏မှတ်စု။ ။ မော့စ်ကုတ်တွေကိုကူပြီး Translaor တစ်ခုခုထဲ ထည့်လိုက်ရင် အေမီဘာပြောလဲ သိရပါလိမ့်မယ်။ ARG ဆန်ဆန်လေး လုပ်ချင်ခဲ့လို့ပါ။]