အခန်း (၁၁၇၆)
Vol. 80 Ch. 1176
ဤလေးနက်လှသော အသံသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး တစ်ခုလုံးကို ပဲ့တင်ထပ်လျက်ရှိ၏။ အားလုံးသော သူများ၏ နားထဲဆီသို့ ထိုစကားသံသည် တစ်လုံးချင်းဝင်သွားတော့သည်။
အဓိကဟောခန်းထဲတွင် ထိုင်လျက် ရှိနေသော မိုရှန်ရှမ်းသည် ကျယ်ပြောကုန်းမြေတိုက်ကြီး၏ သတင်းအချက်အလက်ကို နားထောင်လျက် ရှိနေသည်။ ထိုအချိန်မှာပဲ သူ၏ပါးစပ်ထဲမှ ရေနွေးများသည် ပန်းထွက်လာခဲ့တော့၏။ စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ သူသည် စိုးရိမ်ပူပန်သွားခြင်း မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူသည် စည်းမျဉ်း စည်းကမ်းကို ချိုးဖြတ်လာခဲ့သည်မှာ အခေါက်ပေါင်း မနည်းတော့ချေ။
မိုရှန်ရှမ်းအနေဖြင့် ပို၍ အံ့အားတသင့် ဖြစ်ရသည်မှာ ကျွင်းချောင်ရှောင်းသည် ကျယ်ပြောကုန်းမြေတိုက်ကြီး၏ ခံတပ် တည်နေရာအတားအဆီးအား ချိုးဖြတ်ခဲ့သည်ဆိုသော အကြောင်းအရာပင် ဖြစ်တော့၏။ “ကောင်းကင်ဘုံ.. ဒါက အရမ်း အရမ်းကို ကြောက်ဖို့ကောင်းသွားပြီ”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ ခံတပ်အတားအဆီး ဆိုသည်မှာ အထက်နယ်မြေမှ ဖန်တီးပြုလုပ်ခဲ့သော အရာပင် ဖြစ်သည်။ ထိုခံတပ် တည်နေရာထဲသို့ မည်သူမှသည် ချိုးဖြတ်၍ မဝင်နိုင်ကြချေ။ တစ်ဖက်လူနှင့် တိုက်ခိုက်သည် ဆိုပါက တိုက်ခိုက်ရန်စိန်ခေါ်ရမှာဖြစ်ပြီး သတ်ဖြတ်ခြင်းကုန်းမြေဆီသို့ သွားရောက်ကာ သတ်ဖြတ်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက အထက်နယ်မြေ၏ အပြစ်ပေးမှုကို ခံစားရမှာ သေချာတော့သည်။
ယခု ကျွင်းချောင်ရှောင်းသည် ထိုအရာအား ချိုးဖြတ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် တခြားသောဂြိုဟ်များ ဆီသို့ လိုချင်သလို သွားချင်သလိုသွား၊ လုပ်ချင်သလို လုပ်နေနိုင် သည့်အဓိပ္ပာယ်ပင် မဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျွင်း”
မိုရှန်ရှမ်းသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်မိ၏။ “ခင်ဗျားကတော့ အခု ဒုက္ခရောက်ပြီ နဲ့တူတယ်”
ဤကဲ့သို့ အလွန်တရာ အရေးကြီးလှသည့် အခြေခံစည်းမျဉ်းစည်းကမ်းကို ချိုးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ အထက်နယ်မြေသည် ဘယ်လိုမှ သည်းခံလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ဤအရာသည် တော်ရုံတန်ရုံ အပြစ်ပေးခြင်းမဟုတ်ဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်း ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ လက်ရှိအချိန်တွင် အထက်နယ်မြေသည် အလွန်တရာ လေးလေးနက်နက်ဖြင့် ပြုမူဆောင်ရွက်နေခြင်းပင် ဖြစ်တော့၏။ သူတို့သည် ကျွင်းချောင်ရှောင်းကို သတ်ဖြတ်ချင်နေမိသည်။
“မြို့တော်ဝန်”
အကြီးအကဲတစ်ယောက်သည် အထဲသို့လှမ်းလာပြီးသည့်နောက်မှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “အပြင်ဘက် ကောင်းကင်ကြီးတစ်ခုလုံးက ပြောင်းလဲသွားပြီ”
ဆွစ် …
မိုရှန်ရှမ်းသည် အလောတကြီးဖြင့် အပြင်သို့ ထွက်သွားခဲ့ပြီးသည့်နောက် ကောင်းကင်တစ်ခုလုံးသည် အမဲရောင် တိမ်လိပ်များ တစ်လိပ်လိပ်ဖြင့် ဖြစ်တည်နေသည်ကို မြင်လိုက်ရ၏။ မူလအားဖြင့် ကြည်လင်ရှင်းလင်းနေသော ပတ်ဝန်းကျင်တစ်ခုလုံးသည် အနက်ရောင် ငရဲခန်းကြီး တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
“အထက်နယ်မြေက ဒေါသထွက်နေပြီ။ အထက်နယ်မြေက ဒေါသထွက်နေပြီ”
...........
ကျယ်ပြောကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲမှာတော့ အချိန်နှင့်တည်နေရာပိုးကောင် ကိုက်ဖြတ်ခံလိုက် ရသော တည်နေရာအတားအဆီးသည် တဖြည်းဖြည်းခြင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်တော့၏။ မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသော ကျန်းဟောင်ကျီသည် လေးနက်လှသည့်အသံကြီးကို ကြားရသည့်အချိန်မှာတော့ ရုတ်တရက် ကလေးငယ်လေးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင် ငိုယိုလိုက်မိတော့သည်။
“ဂိုဏ်းချုပ်” အကြီးအကဲတန်သည် စိတ်လှုပ်ရှားမှုနှင့် တုန်ယင်စွာ ပြောလိုက်၏။ “အထက် အထက်နယ်မြေက ကျုပ်တို့အတွက် လက်စားချေပေးတော့မယ်။ သူတို့က ကျုပ်တို့အတွက် တရားမျှတမှုကို ရှာဖွေ ပေးမှာပဲ”
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူတို့၏ ခံတပ်တည်နေရာအတားအဆီးအား ချိုးဖြတ် လိုက်ခြင်းနှင့်ပတ်သက်၍ တကယ်ပဲ သူတို့ စိတ်ဓာတ်ကျလျက် ရှိနေတော့၏။ ဆိုလိုသည်မှာ ကျယ်ပြော ကုန်းမြေ တိုက်ကြီးသည် တစ်ဖက်လူပြုသမျှ နုရမည့်အခြေအနေမျိုးကို ရောက်ရှိခဲ့ခြင်းပင် ဖြစ်တော့၏။
.....................
အထက်နယ်မြေဆီမှ အသံသည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာ ကြီးကို ဖုံးလွှမ်းလျက်ရှိနေသော အမဲရောင်တိမ်လိပ်များသည် စစ်တပ်ကြီးတစ်ခုကဲ့သို့ပင် တဖြည်းဖြည်း ဖြစ်တည် လာခဲ့တော့၏။ ကြည့်ရှုလျက်ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဤတစ်ကြိမ်တွင်တော့ ကျွင်းချောင်ရှောင်းတစ်ယောက် အကြီးအကျယ် ဒုက္ခရောက်ပြီ ဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်၏။
“သွားပြီ။ သွားပြီပဲ”
ကဲ့ကျင်းနန်၏ မျက်လုံးထဲတွင်တော့ စိုးရိမ်ပူပန်မှုများ ဖြစ်တည်လာခဲ့တော့သည်။ နောက်ဆုံး အကြိမ်တုန်းက သူတို့သည် သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် လိမ်ညာလှည့်စားခဲ့သောကြောင့် အပြစ်ပေးမှုကို ခံယူ ခဲ့ရ၏။ သို့ပေမဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကိုသာ စေလွှတ်၍ သူတို့အား ဖြေရှင်းခိုင်းခဲ့တော့၏။ ဤတစ်ကြိမ်လွှတ်လိုက်သည့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် များပြားလွန်းလှသည်။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ တိုက်ခိုက်ရေးဂြိုဟ်တည်နေရာကြီးထဲတွင် ရှိနေသော မည်သူမဆိုတို့သည် အမဲရောင်အရိပ်များ တိမ်မဲများဆီမှ ပျံသန်းထွက်ခွာလာစေိတ်မထိန်းနိုင်ခဲ့ကြချေ။
“နန်းတော်သခင်”
အဓိကဟောခန်းထဲမှာတော့ အကြီးအကဲတစ်ယောက် သည် မေးလိုက်သည်။ “သွားမှာလား။ မသွားဘူးလား”
စိတ်ဝိညာဉ်ကျောက်တုံးများ အညှစ်ခံလိုက်ရသောကြောင့် အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိနေသော ဟုန်ရောင် သည် သတိဝင်လာခဲ့တော့သည်။ သူသည် ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးနောက် ပြောလိုက်တော့၏။ “သွားကြည့်မယ်ကွာ”
အထက်နယ်မြေသည် ကျွင်းချောင်ရှောင်းအား အပြစ်ပေးတော့မည်ဖြစ်၏။ ထို့ကြောင့် သူတို့အနေနှင့် ကျိန်းသေပေါက် ဤနေရာတွင် ထိုင်၍ မနေနိုင်ချေ။ သွားကိုကြည့်မှ ဖြစ်ပေလိမ့်မည်။
“အင်း” အမာရွတ်ပျောက်ပြီဆိုသည်နှင့် နာကျင်မှုကို သူမေ့လျော့သွားပြီ ဖြစ်၏။ ဟုတ်ပေသည်။ ဟုန်ရောင် အနေနှင့် အနီးကပ်သွားကြည့်ရန် စိတ်ဆန္ဒတော့ မရှိခဲ့ချေ။ သူ၏ အတိုင်းအထွာကို သူကောင်းကောင်းသိသည်။ မြင်ရလောက်သည့်နေရာဆီသို့သွား၍ ကြည့်ရှုရလျှင်ပင် ကျေနပ်အားရနိုင်နေပြီ ဖြစ်၏။
ဝှစ် ဝှစ် …။
ထိုခဏမှာပဲ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် တိမ်မဲများ ဖုံးအုပ်လျက်ရှိနေသော တည်နေရာကြီးဆီသို့ အမြန်ဆုံးသောနှုန်းဖြင့် ပျံသန်းရောက်ရှိလာခဲ့ကြတော့၏။ ကျွင်းချောင်ရှောင်းတစ်ယောက် အထက်နယ်မြေ၏ အပြစ်ပေးမှုကို ခံရသည့်အချိန်တွင် ဂြိုဟ်တိုက်ပွဲတည်နေရာ ကြီးတွင် ရှိရှိသမျှသော လူများအားလုံးသည် တက်ကြွလှုပ်ရှားလာခဲ့ကြသည်။
အမြဲတမ်း သတိအပြည့်ဖြင့် နေထိုင်တတ်သည်ဆိုသော မိုရှန်ရှမ်းသည်ပင်လျှင် တည်နေရာတွင် ထိုင်၍ မနေနိုင် တော့ချေ။ သူ၏ ဂိုဏ်းအကြီးအကဲများနှင့်အတူ အပြင်ဘက်ဆီသို့ ထွက်ခွာလာခဲ့ကြ၏။ သို့ပေမဲ့ မြင်ကွင်း တည်နေရာကြီးဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ သူတို့အားလုံးသည် ဆွံ့အသွားခဲ့ကြတော့သည်။ သူတို့၏ မြင်ကွင်းထဲတွင် အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တံစဉ်ကြီးများကို ကိုင်ဆောင်ထားခဲ့ကြသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များအားလုံးသည် သပ်သပ်ရပ်ရပ်ဖြင့် စီတန်းရပ်လျက် ရှိနေကြ၏။ ၎င်းတို့သည် အလွန်တရာ များပြားလွန်းသောကြောင့် မြေပြင်တည်နေရာကြီးတစ်ခုလုံးပင်လျှင် မဲနက်လျက် ရှိနေတော့သည်။
“ဟူး...” မိုရှန်ရှမ်းသည် သက်ပြင်းရှည်ကြီး ချလိုက်မိတော့၏။ သူ၏ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုဖြင့် ကြည့်ရှု လိုက်မည်ဆိုလျှင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်အရေအတွက်သည် တစ်သိန်းနီးပါးခန့်ပင် အနည်းဆုံး တည်ရှိ တော့၏။ တစ်ဖက်လူများသည် ခေါင်းများ ငုံ့ထားသည်ဆိုသော်လည်း ထွက်ပေါ်နေသည့်အော်ရာများကို ကြည့်ရှု လိုက်မည်ဆိုပါက အနည်းဆုံး အမဲရောင်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ရနိုင်သော အားအင်ကို ပိုင်ဆိုင်ကြောင်း သိသာသည်။
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်သောင်းကျော်တို့သည် လက်နက်အပြည့်ကို ဝတ်ဆင်ထားခဲ့ကြပြီး မတ်တပ်ရပ်လျက်ရှိနေသည်မှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းလှသည့် ပမာဏပင် မဟုတ်ပါလား။ ထို့အပြင် ဤအထဲတွင် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ရာကျော်ကလည်း အနည်းဆုံး တည်ရှိလို့နေသေး၏။
ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့၏ တည်ရှိမှုကို သိရှိပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူများ၏ စိတ်ပိုင်းဆိုင်ရာများသည် ပြိုလဲသွားခဲ့တော့သည်။ သူတို့အားလုံးသည် အံ့အားသင့်စရာ မရှိတော့သလို တွေဝေငေးငိုင်စွာဖြင့် ရှိလို့နေခဲ့တော့သည်။
ဤမျှကြောက်မက်ဖွယ်ရာကောင်းလှသော အားအင် အဆင့်သည် ဂြိုဟ်တစ်ခုလုံးကို မပြောနှင့် ဂြိုဟ်ပေါင်း ဆယ်ခုလောက်ကိုပင် ဖျက်ဆီးနိုင်လောက်သည့် လူအရေ အတွက်နှင့် ပမာဏပင် ဖြစ်နေသည် မဟုတ်ပါလား။ အလွန့်အလွန် ကြီးမားလှသည့် လူစာရင်း ပမာဏပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် မည်သို့ပင် စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ဆိုသော်လည်း အနာဂတ် မျိုးဆက်သစ်လူငယ်တစ်ယောက်ဟု အသိအမှတ်ပြုနိုင်၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ရှိသော တည်နေရာ အတားအဆီးကို ဖွင့်လှစ်လိုက်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဤမျှလေးနက်လှသည့် အပြစ်ကို ပေးခြင်းမှာ ယုတ္တိမတန်လှချေ။
“အခုမှပဲ ခံစားရတာ ကောင်းသွားတော့တယ်”
ဟုန်ရောင်နှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ရှိနေသော တခြားသောဆရာကြီးများအားလုံးသည် မျက်နှာပြင်တွင် တည်ငြိမ်လျက်ရှိနေသည်ဆိုသော်လည်း စိတ်ထဲမှာတော့ ကြိတ်ကာပျော်ရွှင်လျက်ရှိနေကြ၏။ ဤကဲ့သို့သော အပြစ်ပေးမှုသည် ကြောက်မက်ဖွယ်ရာကောင်းလှ၏။ တစ်ဖက်လူ အနေနှင့် အသက်ရှင်လွတ်မြောက်နိုင်ရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
မြင်ကွင်းကို ပြန်လည်ပြောင်းလဲ၍ ကြည့်ရှုရမည်ဆိုလျှင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် အလွန်တရာ များပြားသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းမှာတော့ တည်ငြိမ်လျက်ရှိနေတော့၏။ သူသည် စိတ်ဝင်တစား လည်း ဖြစ်လို့နေခဲ့တော့၏။ အထက်နယ်မြေသည် သူ့အား အပြစ်ပေးတော့မည်ဟု ကြားလိုက်ရချိန်တွင် သူသည် ခပ်တည်တည်ဖြင့် ရှိလို့နေခဲ့သည်။ ထို့ပြင် ဤကဲ့သို့ အပြစ်ပေးမှုများကို သူသည် အကြိမ်ပေါင်းများစွာ ကြုံဆုံခဲ့ရ ဖူးသည် မဟုတ်ပါလား။ သူ့အတွက် တိုက်ခိုက်ရေး အတွေ့အကြုံများပင် ရရှိသည်ဟု တွက်ခဲ့သေး၏။
သို့ပေမဲ့ များပြားလွန်းလှသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်အရေအတွက်ကို မြင်ရသည့်အချိန်မှာတော့ သူ၏နှလုံးသားထဲတွင် တော့ မတည်ငြိမ်နိုင်ခဲ့တော့ချေ။
“အထက်နယ်မြေ... ခင်ဗျားတို့က အရမ်းကို ရက်စက်လွန်းတယ်”
ဝှစ် …။
နှင်းဆီဧကရီသည် သူမ၏ လဓားမော့ကြီးကို ထုတ်ယူလိုက်၏။ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်ချပ်ဝတ်ကြီး တစ်ခုက ဖြစ်တည်လာခဲ့သည်။ သူမသည် ကျွင်းချောင်ရှောင်း၏ အနားသို့ ကပ်သွား၏။ သူမ၏ လှပလွန်းသော မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။
“အစ်မကြီး.... သူတို့နဲ့ တိုက်မလို့လား”
သို့ပေမဲ့ ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ရာကျော်ရှိပြီး မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် သည် တစ်သိန်းနီးပါးခန့်ပင် ရှိလို့နေခဲ့၏။ ဤအရာသည် ကိစ္စသေးသေးလေး မဟုတ်တော့ချေ။ တစ်ခါတည်း သေဆုံးသွားနိုင်သည့် အခြေအနေမျိုးသို့ပင် ရောက်ရှိသွားခဲ့သည်။
ပြေး ….. အမြန်ဆုံးပြေးမှ ဖြစ်ပေလိမ့်မည်။
ကုန်းရှန့်တစ်ယောက် ထိတ်လန့်ကြောက်ရွံ့သည်ဆိုသည်မှာ အလွန်တရာ ရှားပါးလွန်းသည့် ကိစ္စပင် ဖြစ်တော့၏။
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ အမဲရောင်တိမ်များဆီမှ တည်နေရာအတားအဆီးကြီးတစ်ခုသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် မှာတော့ ကောင်းကင်ယံထက်မှတဆင့် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ တည်ရှိရာ တည်နေရာတစ်ခုလုံးကို စည်းခတ်လိုက်တော့သည်။
“ထွက်ပြေးဖို့ မျှော်လင့်ချက် မရှိတော့ဘူးပဲ” စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပိုမိုကာ လေးနက်လာခဲ့တော့၏။ အထက်နယ်မြေ၏ ပြုမူဆောင်ရွက်မှုသည် သူ့အား သတ်ဖြတ်ချင်ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။
“ယောက်ျား”
နှင်းဆီဧကရီက ပြောလိုက်သည်။ “မကြောက်နဲ့။ ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်”
“........”
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမသည် သူ့အား ကာကွယ်ပေးရန် အခြေအနေ မရှိချေ။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ကာကွယ်သင့်နေသည့် မဟုတ်ပါလား။
“ကျွင်းချောင်ရှောင်း”
ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ အသံကြီးတစ်ခု ဖြစ်တည်လာခဲ့တော့၏။ “မင်းက စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ကပြောင်းကပြန် ဖြစ်အောင် ပြုလုပ်ခဲ့တယ်။ ကျယ်ပြောကုန်းမြေတိုက်ကြီးရဲ့ ခံတပ်ကိုလည်း တရားမဝင် ဖျက်ဆီးခဲ့သေးတယ်လေ။ ဒီတော့ မင်း အပြစ်လုပ်ခဲ့တယ်ဆိုတာကို ဝန်ခံမလား”
အမဲရောင်တိမ်များသည် ကောင်းကင်ယံအထက်၌ တလိပ်လိပ် တက်လျက်ရှိနေ၏။ အောက်တွင်တော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်သိန်းကျော်တို့သည် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ဤမြင်ကွင်းသည် ကျွင်းချောင်းရှောင်း အနေဖြင့် ကောင်းကင်စစ်သားပေါင်း တစ်သိန်းကျော်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေမျိုးပင် ဖြစ်နေတော့၏။
ဘန်း
လေထုထဲတွင်တော့ နတ်ဘုရားအထက်အဆင့် လှံကြီးသည် ဖြစ်တည်လာခဲ့တော့သည်။ လှံသည် မြေပြင်တွင် စိုက်ဝင်သွားခဲ့တော့၏။ ရှန်ဝမ်နတ်ဘုရားချပ်ဝတ်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ကျွင်းချောင်ရှောင်း၏ တောက်ပြောင်လျက်ရှိနေသော ခေါင်းတုံးသည် တည်နေရာကြီးထဲတွင် လက်ကနဲ ဖြစ်သွား တော့၏။ သူသည် လက်တစ်ဖက်တွင် လှံကိုကိုင်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေတော့၏။ သူက ပြောလိုက်သည်။
“ကျုပ်က ဘာကိစ္စ အပြစ်ကို ဝန်ခံရမှာလဲ”
သူ၏စကားလုံးသည် တည်နေရာကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံသွား၏။
လက်ရှိအခြေအနေမှာတော့ ကြည့်ရှုလျက် ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံး၏ နှလုံးသားထဲတွင် ကျွင်းချောင်ရှောင်းအား အလွန်တရာ လေးစားသည့် ခံစားချက်မျိုး ကိန်းဝင်လာခဲ့ကြတော့သည်။