← Chapters

အခန်း (၁၁၇၉)

Vol. 80 Ch. 1179

အခန်း (၁၁၇၉)

Vol. 80 Ch. 1179

ဝိညာဉ်မျိုးနွယ်တို့၏ နတ်ဘုရားစွမ်းရည်သည် အထောက်အပံ့အမျိုးအစားမျိုး ဖြစ်သောကြောင့် ထာဝရ တည်မြဲ နိုင်သည့်အရာမျိုး မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် ပြင်းထန်လှသည့်တိုက်ခိုက်ချက် သို့မဟုတ် စွမ်းအင်လှိုင်းများ၏ တိုက်စားမှုကို ခံရပြီးသည့်အချိန်မှာတော့ ဤ အထောက်အပံ့ သည် လွင့်စင်သွားခဲ့ရပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြု၍ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ဒါဇင်ကျော်တို့၏ တိုက်ခိုက်မှုကို ခုခံခဲ့၏။

ထို့ကြောင့် နှင်းဆီဧကရီ၏ ထောက်ပံ့ပေးထားသော စွမ်းအင် လှိုင်းများသည် ကုန်ဆုံးသွားပြီး သည့်နောက်မှာတော့ သူမသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့ရ၏။ သူမသည် အလွန်အားကောင်းလှသော စွမ်းအင်များကို ခုခံနိုင်ရန်အတွက် သူမ၏ယောက်ျားအား အပြင်းအထန် ကူညီပေးခဲ့ရ၏။ ထို့ကြောင့် တန်ပြန်မှုကို ခုခံပြီးသည့်နောက်မှာတော့ သူမ၏ မရီဒန်များသည် အနည်းငယ် ထိခိုက်သွားခဲ့ရသည်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် အတွက် စည်းဓားမော့ကြီးကို အသုံးမပြုချင်ပေ။ သို့ပေမဲ့ သူသည် အဆင်ပြေလျက် ရှိနေ သေး၏။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ ထိခိုက်ခဲ့ရ၏။

တခြားသောသူများသည် ကိုယ်ချစ်ခင်နှစ်သက်ရသည့် သူများကို ထိခိုက်နာကျင်စေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကုန်းရှန့်မှာတော့ သာမန်လမ်းစဉ်ကို လျှောက်လှမ်းသည့် လူတစ်ယောက် မဟုတ်ပေ။ သူ၏ မိန်းမကိုပင် ထိခိုက် နာကျင်စေခဲ့သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအားလည်း အပြစ်တင်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မျိုးနွယ်များ၏ အကာအကွယ် စွမ်းအင်လှိုင်းများနှင့်ပတ်သက်၍ သူသိသည့်ကိစ္စရပ်မှာ တစ်ခုမှ မရှိချေ။ ထို့ကြောင့် နှင်းဆီဧကရီသည် သူ့အား မည်မျှ ကူညီပေးနိုင်မည်။ မည်သည့်အခြေအနေသို့ရောက်လျှင် မကူညီပေးနိုင်ကြောင်းနှင့် မည်ကဲ့သို့သော အခြေအနေမျိုးတွင် ထိခိုက်ဒဏ်ရာ ရရှိစေနိုင်ကြောင်းနှင့် ပတ်သက်၍ သူသည် တစ်ခုမှ မသိရှိချေ။

ဝှစ် ဝှစ် ဝှစ်

ကောင်းကင်ယံမှာတော့ ကြောက်စရာကောင်းမွန်လှသော အားအင်လှိုင်းများ ထပ်မံကာ ကျဆင်းလှ၏။ အရှိန်အဟုန်သည် ပထမတစ်ကြိမ်ကထက် ပိုမိုကာ အားကောင်းလှ၏။

ကျွင်းချောင်ရှောင်း ဖန်တီးထားသော အကာအကွယ်အတားအဆီးသည် တည်ရှိနေသည်ဆိုသော်လည်း ပထမတစ်ကြိမ်ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အတော်အတန် အားနည်းသွားခဲ့ပြီဖြစ်၏။ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ဤကဲ့သို့ပြုလုပ်ရန် စဉ်းစားမည်ဆိုပါက သူ့အနေနှင့် ရူးမိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

“နှောင့်နှေးမနေနဲ့တော့”

စနစ်က အော်ဟစ်လိုက်သည်။ “မြန်မြန် စည်းကိုဖယ်လိုက်တော့”

နှင်းဆီဧကရီ၏ အထောက်အပံ့ မရှိသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို မကြောက်လန့်ဟု ဆိုသော်လည်း များပြားလွန်းလှသော စွမ်းအင်လှိုင်းများသည် သူ့အပေါ် ကျဆင်းလာသည်ဖြစ်ကြောင်းကို ကောင်းကောင်းခံစားမိ၏။ သူသည် အချိန်မီရှောင်ရှားရန် အခြေအနေ မရှိတော့ချေ။

“ချီးတဲ့မှ”

သူသည် စိတ်ထဲမှာထ၍ ဆဲလိုလိုက်ပြီးသည့်နောက်မှာတော့ စည်းဓားမော့ကြီးအား ထုတ်ယူရန်သာ ရှိတော့သည်။

“ယောက်ျား” ထိုအချိန်မှာတော့ နှင်းဆီဧကရီ၏ အသံသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့၏။ “ကျွန်မ ရှင့်ကို မကူညီ ပေးနိုင်ဘူးဆိုပေမဲ့ ရှင့်အတွက်တော့ သေပေးနိုင်တယ်”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် အေးခဲသွားတော့သည်။

ဝှစ်

ရုတ်တရက် နှင်းဆီဧကရီသည် ပျံသန်းလာပြီးသည့်နောက်မှာတော့ သူမ၏ လှပလွန်းလှသော ခန္ဓာကိုယ်သည် အစိမ်းရောင်ဓာတ်သဘာဝများအဖြစ် ပြောင်းလဲသွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် စွမ်းအင်လှိုင်းများသည် ပိုက်ကွန်တစ်ခုအဖြစ် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာသော စွမ်းအင်လှိုင်းများကို သွားရောက်ကာကွယ်တော့သည်။ သူမ၏လက်ရှိအခြေအနေတွင် ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသော အားအင် အများအပြားနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာ၏။

များပြားလွန်းလှသော မတူညီသည့်ဓာတ်သဘာဝများ အားလုံးသည် ယခင်တစ်ကြိမ် ကျဆင်းလာသည်ထက် ပိုမို၍ အားကောင်းလျက် ရှိနေ၏။ ထို့ကြောင့် နှင်းဆီဧကရီ၏ စွမ်းအင်လှိုင်းများနှင့် ထိပ်တိုက် တွေ့ဆုံမည်ဆိုပါက ချက်ချင်းပဲ အငွေ့ပျံ ပျောက်ကွယ်သွားတော့မှာ သေချာသည်။ ထိုအချိန်မှတော့ တခြားသော ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများအားလုံး၏ စိတ်ထဲတွင်လည်း ကြီးစွာသော ဇောအဟုန်ကို ခံစားလျက်ရှိနေကြသည်။

“ဒီမိန်းမ သေတော့မှာပဲ”

“ဒီလိုအရေးအကြောင်း အခြေအနေမျိုးမှာ ရှေ့ကိုထွက်ပြီးတော့ ယောက်ျားအတွက် အသေခံပစ်တယ်။ တကယ်ကို မျက်ရည်ကျလောက်အောင် ဂုဏ်ယူရတဲ့ အရာမျိုးပဲ”

နှင်းဆီဧကရီသည် အကြောက်အလန့်ကင်းမဲ့စွာဖြင့် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ များပြားလှ သည့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရှိ သိုင်းကျင့်ကြံသူများ၏ စိတ်များသည် လှုပ်ရှားသွားခဲ့ကြတော့၏။ သူတို့သည် နစ်နစ်နဲနဲ ခံစားနေရသည်။

ဝှစ် …။

ရုတ်တရက် ထူးဆန်းလှသော စွမ်းအင်လှိုင်းများသည် တိုက်ခိုက်ရေးတည်နေရာထဲ ပျံ့နှံ့သွားပြီးသည့်နောက်မှာ တော့ ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့သော စွမ်းအင်လှိုင်းအဟုန်တို့သည် ရုတ်တရက် ရပ်တန့်ကုန်ကြ၏။

အားလုံးသည် ဆွံ့အသွားကြသည်။ လက်ရှိအခြေအနေမှာတော့ စွမ်းအင်လှိုင်းများသည်သာ ရပ်တန့်သွားသည် မဟုတ်၊ တိုက်ခိုက်လျက်ရှိနေကြသော တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်သောင်းကျော်တို့ အားလုံးသည်လည်း တည်နေရာထဲတွင် ရပ်တန့်လျက်ရှိနေ၏။ လေထုထဲတွင် လွင့်မျောလျက်ရှိနေသော ဖုန်များ၊ သဲများပင်လျှင် ငြိမ်သက်လျက် ရှိနေသည်။

ဘာတွေ ဖြစ်ကုန်သနည်း။

ကြည့်ရှု့နေကြသူများအားလုံးသည် ထူးဆန်းသည့် စွမ်းအင်လှိုင်းများသည် တရိပ်ရိပ် ဖြစ်တည်နေသည်ကို မြင်လိုက်ရပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို မြင်လိုက်ရ၏။ သူ ဘယ်ရောက်သွားသနည်း။

“အပေါ်မှာဟ”

ရွှီး ရွှီး

အားလုံးတို့သည် ခေါင်းကိုမော့၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကောင်းကင်ယံအထက် အမြင့်ပေါ်တွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ လွင့်မျောလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ကြရ၏။

ရှေ့ဆီသို့ လှမ်းတက်ပြီးဖြစ်နေသည့် နှင်းဆီဧကရီသည်လည်း မျက်လုံးအပြူးသား ဖြစ်သွားသည်။ လက်ရှိအခြေအနေမှာ တော့ သူမသည် နေနှင့်အတူ ထွန်းလင်းတောက်ပလျက်ရှိနေသော သူမယောက်ျား၏ ဦးခေါင်းကို ဂရုမစိုက်နိုင်တော့ချေ။ သူမစိတ်ဝင်စားနေသည်မှာ သူမယောက်ျား၏ ညာဘက်လက်တွင် ကိုင်ထားသည့် လက်နက်ပင်ဖြစ်သည်။

ဓား၏ထိပ်နှင့် ဓားသွားသည် အလွန်တရာ တောက်ပလျက်ရှိနေပြီး အေးစက်သည့်အလင်းတန်းများပင်လျှင် ထွန်းလင်းလျက် ရှိ၏။ သို့ပေမဲ့ လက်နက်၏ ပုံပန်းသွင်ပြင်သည် အလွန်တရာ ဆိုးရွားလွန်းလှ၏။ အဘယ်ကြောင့် ဆိုသော် ဖရဲသီး လှီးသည့် ဓားမကြီးနှင့် ဆင်တူနေသောကြောင့်ဖြစ်၏။ လက်ကိုင်တွင် အနီရောင်ဖဲပြားတစ်ခု တည်ရှိနေပြီး ထိုဖဲပြား၏ကြိုးသည် ကျွင်းချောင်ရှောင်း၏ လက်ကောက်ဝတ်တွင် ချိတ်ဆွဲထားသည်။ ဓားအလင်းတန်းသည် ဖြတ်သန်းသွားခဲ့၏။

ဟုတ်ပေသည်။ ဤအရာသည် စည်းဓားမော့ကြီး၏ တတိယ တိုက်ခိုက်မှုပုံစံပင်ဖြစ်တော့ပြီး အသွင်ပြောင်း စိတ်ဝိညာဉ်ကျောက်တုံးနှင့် အသွင်ပြောင်းပြီးနောက် ဖြစ်တည်လာခဲ့သည့် ဓားပုံစံပင် ဖြစ်သည်။ ဓား၏ ပုံပန်း သွင်ပြင်သည် အနည်းငယ်ထူးဆန်းလှသည်ဆိုသော်လည်း ၎င်းဆီမှ ထွက်ပေါ်လာသည့်အားအင်နှင့် တည်နေရာနှင့် အရာအားလုံးကို စည်းခတ်သည့်နေရာတွင် ဒုတိယပုံစံထက် ပိုမိုကာ အားကောင်းလွန်းလှသည်။

သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အလျက် ရှိနေသည်။ အားလုံးကို သတ်ဖြတ်တော့မည် အခြေအနေမျိုးဖြင့် ခုန်ဆင်းလာခဲ့သော ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ ဖရဲသီးလှီးသည့် ဓားမကြီးပင် ဖြစ်တော့သည်။ ထိုအချင်းအရာသည် သူတို့အား အံ့အားတသင့် ဖြစ်စေ၏။

“သေကြစမ်း”

“အနောက်ကိုသွားတော့”

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီအား ကျောပေးကာ ပြောလိုက်၏။ သူ၏ စကားလုံးများသည် ဓားသွားကဲ့သို့ပင် အေးစက်လွန်းလှ၏။ သနားငြင်သာမှု၊ လိုက်လျောညီထွေမှုနှင့် ကြင်နာမှု များ တစ်ခုမှ မရှိချေ။

“အင်း”

နှင်းဆီဧကရီသည် ချက်ချင်းပဲ လိုက်နာလိုက်ပြီးသည့်နောက်မှာတော့ သူမထုတ်ဖော်ထားသော စွမ်းအင် လှိုင်းများကို ရုတ်သိမ်းကာဖြင့် အနောက်ဘက်သို့ ဆုတ်ခွာလိုက်၏။

အောက်တွင်ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် တည်နေရာတွင် ရပ်တန့်လျက် ရှိနေကြ၏။ ထို့ကြောင့် ၎င်းတို့သည် သူမအား အန္တရာယ် မပေးနိုင်ချေ။

ဤအမျိုးသမီး လုံခြုံသည့် တည်နေရာဆီသို့ ရောက်ရှိသွားသည်ကို အတည်ပြုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယံတွင် ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးကို ကြည့်ရှုကာ ပြောလိုက်၏။ “အားလုံးကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ”

ဆွစ် ဆွစ် ဆွစ်

စည်းဓားမော့ကြီး၏ ဝှေ့ယမ်းမှုနှင့်အတူ ဓားသွားများသည် တည်နေရာကို ဖြတ်သန်းကာဖြင့် ရောက်ရှိသွားခဲ့၏။ ကောင်းကင်ယံတွင်ရှိနေသော လေဟာနယ်တစ်ခုလုံးကိုပင် ဆွဲခွဲရလောက်အောင် အားကောင်းလွန်းလှသော ဓားမော့၏ အလင်းတန်းများအားလုံးသည် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် အားလုံးကို ခါးမှ နှစ်ပိုင်းပြတ်သွားစေခဲ့သည်။

စည်း၏ အပြင်ဘက်တွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ် ဖြစ်နေကြ၏။ ကျွင်းချောင်ရှောင်းသည် ဓားကို အသာဝှေ့ယမ်းရုံသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ အရှေ့တွင်ရှိနေသော အားကောင်းလှပါသည်ဆိုသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံး သည် နှစ်ပိုင်းပြတ်ကာ သေဆုံးကုန်ကြ၏။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ဓားကိုသာ ထပ်တလဲလဲ ဝှေ့ယမ်းနေ၏။ ဓား၏ အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ် များ၏ တောက်ပနေသည့် မျက်လုံးများသည် မှေးမှိန်ကုန်ကြသည်။

ကျွင်းချောင်ရှောင်း၏ ဖရဲသီးလှီးသည့်ဓားမကြီး သည် အလွန်အားကောင်းလှသည်ဖြစ်ကြောင်း ကြည့်ရှုသူများက သိရှိလိုက်ကြပြီဖြစ်သည်။ သို့ပေမဲ့ မည်မှ အားကောင်းလှသည်ဆိုဆို အဘယ်ကြောင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအားလုံးသည် ရှောင်ရှားခြင်း၊ ခုခံခြင်းကို မပြုလုပ်ရသနည်း။ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ငြိမ်ငြိမ်သက်သက်ဖြင့် ခံယူလျက် ရှိနေ၏။

ဆွစ် ဆွစ် …။

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းကျော်ကို ထပ်မံသတ်ဖြတ်ပြီးသည့်နောက်မှာ တော့ ထိုတိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ ကြားထဲတွင် အပျင်းပြေလမ်းလျှောက်သလို လှမ်းလျှောက်ကာ တိုက်ခိုက်နေလေသည်။

ဆွစ် ဆွစ် ဆွစ်

ဓားအလင်းတန်းများသည် ဖြတ်သန်းသွားပြီးသည့်နောက် ထိုအလင်းတန်းများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ အလောင်းများ ပြည့်နှက်ကုန်တော့၏။

ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ ကံကောင်းစွာဖြင့် ၎င်းတို့အားလုံးသည် အထက်နယ်မြေမှ ဖန်တီးထားသည့်သတ္တဝါများသာ ဖြစ်နေသည်။ လူသား ကျင့်ကြံသူများသာ ဖြစ်နေမည်ဆိုပါက ဤမြေတည်နေရာတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် သွေးသံရဲရဲ မြင်ကွင်းမျိုးကို ပိုမိုပြီးမြင်ရမှာ သေချာတော့၏။

“မယုံကြည်နိုင်စရာပဲ”

နှင်းဆီဧကရီသည် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ် ရှစ်သောင်း ကျော်နှင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့ နီးပါးအားလုံးတို့သည် သူမယောက်ျား၏ ဖရဲသီးလှီးသည့်ဓားမကြီးဖြင့် သတ်ဖြတ်ခြင်းကို ခံနေရသည်။

“ကျွင်းချောင်ရှောင်း”

ရုတ်တရက် တလိပ်လိပ် ဖြစ်တည်လျက်ရှိနေသော တိမ်မဲများဆီမှ လေးနက်သည့်အသံ တစ်ခု ထွက်ပေါ်လာသည်။ “မင်းအသုံးပြုနေတဲ့လက်နက်က ဒီလောကကြီးက လက်နက် မဟုတ်ဘူး။ ဒါက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာပဲ”

“နားငြီးလိုက်တာကွာ”

ကျွင်းချောင်ရှောင်းသည် မော့ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ဓားကြီးအား အသာဝှေ့ယမ်းကာ ပစ်လွှတ်လိုက်တော့သည်။

ဝှစ်

ဓားသွားသည် ကောင်းကင်ယံထက်ဆီသို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ မဲနက်နေသည့် တိမ်ကြီးကို ထွင်းဖောက်ပြီးမှ အောက်သို့ ပြန်လည်ပြုတ်ကျလာခဲ့သည်။ မဲနက်နေသည့်တိမ်ကြီးသည် နှစ်ပိုင်းပြတ်သွားခဲ့သည်။

သို့ပေမဲ့ ကြည့်ရှုနေကြသူများ အံ့အားသင့် ကြရသည်မှာ အပေါ်ဘက်သို့ လွင့်စင်သွားခဲ့သည်မှာ ဖရဲသီးလှီးသည့် ဓားမကြီး ဖြစ်သည်ဆိုသော်လည်း အောက်ဆီသို့ ပြန်လည်ကျဆင်းလာသည့်အချိန်မှတော့ ကြီးမားလှသည့် အစိမ်းရောင်ဓားမော့ကြီး တစ်စင်းဖြစ်လို့ နေခြင်းပင်။

“ဖြစ်နိုင်တာ သူ့ရဲ့လက်နက်က စိတ်ခံစားချက်အရ ပြောင်းလဲလို့ရတဲ့ လက်နက်လား”

All Chapters