အခန်း (၁၁၈၀)
Vol. 80 Ch. 1180
ဘန်း
ကောင်းကင်ယံတွင် စုဝေးလျက်ရှိနေသော အမဲရောင်တိမ်လိပ်များအား ပိုင်းဖြတ်ပြီးသည့်နောက်မှာတော့ စည်းဓားမော့ကြီးသည် မြေပေါ်သို့ ပြန်လည်ကျဆင်းလာခဲ့၏။ လက်ရှိအခြေအနေမှာတော့ အရင်ကအတိုင်း ဖရဲသီး လှီးသည့်ဓားမ မဟုတ်တော့ချေ။ နဂါးစိမ်းလခြမ်းဓားမော့ကြီးနှင့် တူညီသည့် ဓားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဓားသွား၏ မျက်နှာပြင်သည် အလွန်တရာ တောက်ပြောင်လွန်းသောကြောင့် ပတ်ဝန်းကျင်အနီးအနား တွင် ရှိနေသော ကျိုးပြတ်သည့်ချပ်ဝတ်များ၏ ပုံရိပ်ယောင်သည် ဓားသွားပေါ်တွင်ပင် ထင်ဟပ်လျက် ရှိနေသည်။
ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း ကြောင်အလျက် ရှိနေသည်။ ဤဓားမော့သည် စိတ်ဆန္ဒအတိုင်း ပုံပန်းသွင်ပြင်ကို ပြောင်းလဲလျက် ရှိနေတော့၏။
ဤအရာသည် စည်းဓားမော့ကြီးသာဖြစ်၏။ တတိယပုံစံ၏ အထူးအသက်သွင်းမှုပုံစံကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ အသုံးပြုသူ၏ စိတ်ဆန္ဒ အတိုင်း ပုံပန်းသွင်ပြင်ကို ပြောင်းလဲနိုင်စွမ်း ရှိသွားသည်။
ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်နှင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်သိန်းနီးပါး တို့သည် ကောင်းကင်ဘုံဆီမှ စစ်သည်နှင့် စစ်သားများကဲ့သို့ပင် အားကောင်းလွန်းလှ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် ဖရဲသီးလှီးသည့်ဓားမကြီးအဖြစ်သို့ အသွင်ပြောင်းကာဖြင့် သတ်ဖြတ်ခြင်းကို ပြုမူခဲ့သည်။
ထိုမှသာလျှင် ပိုမို၍ မြန်ဆန်စွာ ပိုင်းဖြတ်ရန်လွယ်ကူနေမည် မဟုတ်ပါလား။ အဆုံးသတ်မှာတော့ သူ၏ စဉ်းစားဆုံးဖြတ်မှုသည် သူ့အား စိတ်မပျက်စေရပေ။
သူ၏ တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် မည်သို့မှ မခံစားနိုင်ဘဲ အချိန်တိုအတွင်း အားလုံး သေဆုံးကုန်ကြတော့သည်။
ကောင်းကင်ယံတွင် စုစည်းလျက်ရှိနေသော တိမ်မဲများကိုတော့ သူသည် စည်းဓားမော့ကြီးအား သာမန်ဓားမော့ကြီးအဖြစ်သို့ အသွင်ပြောင်းကာ ခုတ်ပိုင်းခြင်းကို ပြုမူခဲ့ခြင်းသာ ဖြစ်တော့၏။
“ပါရမီရှင်ပဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက တကယ့်ကို ပါရမီရှင်ပဲ”
“ထူးဆန်းလိုက်တာ” ကျွင်းချောင်ရှောင်းက ဇဝေဇဝါ ဖြစ်သွားသည်။ “ငါ တိုက်ခိုက်ရေး စိတ်ဝိညာဉ် အကုန်လုံးကို သတ်ပြီးပြီလေ။ ဘာလို့ သီးခြားတာဝန်က မပြည့်စုံသေးတာလဲ”
သူ့အနေနှင့် တည်နေရာထဲမှ ထွက်ပြေးရန် ပြင်ဆင်လိုက်သည့်အချိန်တွင် သီးခြားတာဝန်သည် ပေါ်ပေါက်လာခဲ့ သည်။ ပါဝင်သည့်အကြောင်းအရာသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးကို သတ်ဖြတ်ပစ်ရန်ပင် ဖြစ်၏။ ထိုသို့ဆိုမှတော့ သူသည် စိတ်လိုက်လက်ရ တိုက်ခိုက်ရုံသာရှိတော့၏။ သေဆုံးသွားမည်ဆိုလျှင်တောင်မှ နောက်ဆုတ်နေမည် မဟုတ်ချေ။ သီးခြားတာဝန်သည် သူ မဖြစ်မနေ ပြုလုပ်ရမည့်အရာမျိုး ဖြစ်နေသည် မဟုတ်ပါလား။
“ဖြစ်နိုင်တာက”
စနစ်က ပြောလိုက်သည်။ “ထပ်ပြီးလာအုံးမှာတွေ ရှိအုံးမယ်နဲ့တူတယ်”
စနစ်၏ ပါးစပ်သည် ရွှေချထားရန်ပင် ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းပြောပြီးပြီးချင်းမှာပဲ တောက်ပသည့် အလင်းတန်း များသည် အမဲရောင်ကောင်းကင်ယံထက်ဆီမှ ကျဆင်းလာပြီးသည့်နောက်မှာတော့ ကျိုးပြတ်လျက်ရှိသည့် ချပ်ဝတ်များသည် မြေပေါ်တွင် တဖြည်းဖြည်း စုစည်းကာဖြင့် ကြီးမားလွန်းလှသော အမဲရောင်စွမ်းအင် ဘောလုံး ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဝှစ် ဝှစ် ဝှစ်
ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလွန်းလှသော အော်ရာများသည် ထိုဘောလုံးအတွင်းဆီမှ ထွက်ပေါ်လျက် ရှိနေပြီး စည်းခတ်ထားသော တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် ကွဲအက်သွားသည်။
ဘုန်း …။
ရုတ်တရက် ပေနှစ်ရာလောက် မြင့်မားလွန်းသော ကြီးမားသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြီး တစ်ကောင်သည် အမဲရောင်စွမ်းအင်လုံးထဲမှ ထွက်ပေါ်လာခဲ့တော့၏။ ၎င်း၏ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံးသည် ကျိုးပြတ်လျက်ရှိသော ချပ်ဝတ်များနှင့် ဖန်တီးပြုလုပ်ထားသောကြောင့် အလွန်တရာ အားကောင်းလွန်းလှ၏။ နီရဲလှသော မျက်လုံးနီများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အကြည့်များကို ထုတ်ဖော်လျက်ရှိနေ၏။
“ဒီအရှိန်အဟုန်”
မိုရှန်ရှမ်းသည် တုန်လှုပ်သွားမိ၏။ “ဒါက ကောင်းကင်တက်လှမ်းခြင်းအဆင့်များလား”
ကောင်းကင်တက်လှမ်းခြင်းအဆင့်ဆိုသည်မှာ ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် အားအကောင်းဆုံးသော တည်ရှိသူတစ်ယောက်ပင် ဖြစ်တော့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သိုင်းအင်ပါယာအဆင့်ဟု သတ်မှတ်နိုင်သည်။ တခြားသော ဂြိုဟ်အသီးသီးမှာရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း ဆွံ့အလျက် ရှိနေကြသည်။
အထက်နယ်မြေ၏ စည်းမျဉ်းအရဆိုလျှင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ထက် ပိုအားကောင်းသော ကျင့်ကြံသူများကို ဝင်ရောက်ခွင့် မပေးခဲ့ချေ။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းအား အပြစ်ပေးရန်အလို့ငှာ ၎င်းတို့သည် ဤကဲ့သို့အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကိုပင် ဖန်တီးကာ စေလွှတ်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်ထက် ပိုမို၍ အားကောင်းလွန်း သည်မှာ သိသာလွန်းနေသောကြောင့် ရွေးချယ်စရာ မရှိဘဲနှင့် ဤကဲ့သို့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို စေလွှတ်ကာ အပြစ်ပေးခြင်းမျိုးလည်း ဖြစ်နေနိုင်သည်။
မဟုတ်သေးပေ။ ဂိုဏ်းချုပ်ကျွင်းသည် ကြောက်မက်ဖွယ်ရာ အားအင် အဆင့်ကို ပိုင်ဆိုင်သည် ဆိုသော်လည်း ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်မှာ ၎င်းကိုင်ဆောင်သည့် လက်နက်ပင် ဖြစ်ပေလိမ့်မည်။
“သိုင်းအင်ပါယာလား” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် အထင်အမြင်သေးသည့်အပြုံးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
“...........”
အားလုံးသည် ဆွံ့အသွားခဲ့၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင်လျှင် ဂိုဏ်းချုပ်ကျွင်းသည် ပြုံးနေနိုင် သေး၏။
ရွှီး …။
ကြီးမားလှသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် ၎င်း၏လက်ကြီးကို မြှောက်လိုက်သည့်အချိန်မှာတော့ အမဲရောင် တံစဉ်ကြီးတစ်ခု လေထုထဲ၌ ပေါ်ပေါက်လာခဲ့တော့၏။ မျက်လုံးထဲတွင် ရှိနေသော အနီရောင်အလင်းတန်း များသည် ပိုမိုကာ ထွန်းလင်းလာခဲ့သည်။
“ယောက်ျား... သတိထားအုံး”
နှင်းဆီဧကရီသည် အသံပို့လွှတ်လိုက်တော့၏။ “ဒါက တကယ့်ကို မူလ ဖြစ်တည်ခြင်းအဆင့်ကို ရောက်သွားပြီပဲ။ သူ့ရဲ့ အော်ရာတွေကို သုံးသပ်ရမယ်ဆိုရင် ပထမ တိုက်ခိုက်ခဲ့တဲ့ ခပ်ချောချောလူထက် အဆမတန် အားကောင်းတယ်”
ဤတိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် ကြယ်နှင်ဘုရင်ထက် ပိုမို၍ အားကောင်းလှသည်ဖြစ်ကြောင်းကို သူမ သိရှိ နားလည်ပြီးပြီ ဖြစ်တော့၏။ ထို့ကြောင့်ပင်လျှင် သူမ၏ လဓားမော့ကြီးကို ဆင့်ခေါ်လိုက်တော့သည်။
“လာမရှုပ်နဲ့၊ ခပ်ဝေးဝေးနေ” ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်၏။
ဝှစ်
နှင်းဆီဧကရီသည် အနောက်သို့ ပျံသန်းလိုက်ပြီးသည့်နောက် စည်းအတားအဆီး၏ရှေ့တွင် မတ်မတ်ရပ်လိုက် တော့သည်။ သူမသည် တွေးလိုက်မိသည်။ ငါ့ကို သွားစမ်းလို့ မပြောတော့ပါလား။
ရွှီး ….။
ထိုအချိန်မှာတော့ ကြီးမားလွန်းလှသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကြီးသည် လက်ထဲတွင်ရှိနေသော တံစဉ်ကြီးကို ဝှေ့ယမ်းကာဖြင့် ကြီးမားသော အလင်းတန်းများအဖြစ် ဖန်တီးကာဖြင့် ကျွင်းချောင်ရှောင်းကို ခုတ်ပိုင်းတော့သည်။ လောကကြီးတစ်ခုလုံးသည် နှစ်ပိုင်းပြတ်သွားတော့မလိုပင် အားကောင်းလှသည့် အရှိန်အဟုန်မျိုး ဖြစ်ပေါ်လာခဲ့၏။
ဝှစ် …..။
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် လှစ်ကနဲ အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာဖြင့် တည်ငြိမ်စွာ ရှောင်ရှားခြင်းကို ပြုမူလိုက်တော့သည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းလှသော အလင်းတန်းများသည် တည်နေရာကြီးတစ်ခုလုံးကိုပါ ဆွဲဖြဲလိုက်သည် ဖြစ်သောကြောင့် လေဟာနယ်တစ်ခုလုံးသည် အက်ကွဲကြောင်း ကြီးအဖြစ် ဖြစ်တည်နေတော့သည်။
“ဒါက ကြောက်ဖို့ကောင်းလွန်းလိုက်တာ”
“ဒီလိုစွမ်းအင်တွေကသာ ငါတို့ဂြိုဟ်မှာ ဖြစ်ပေါ်လာမယ်ဆိုရင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးက ကြီးမားတဲ့ ကပ်ဘေးကြီးတောင် ဖြစ်သွားနိုင်တယ်”
ဤတည်နေရာကြီးသည် စည်းခတ်ထားသည့်တည်နေရာကြီးထဲတွင် ဖြစ်သောကြောင့် ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများကို မသက်ရောက်ချေ။ သို့ပေမဲ့ အထဲတွင် ဖြစ်ပေါ်နေသည့်အရာများကိုတော့ ၎င်းတို့သည် ကောင်းကောင်း အာရုံခံစားနိုင်ခဲ့ကြ၏။ လက်ရှိဖြစ်ပေါ်နေသည့် မြင်ကွင်းသည် လောကကြီးတစ်ခုလုံးကို ဖျက်ဆီး ပစ်နိုင်သည့် စွမ်းအင်မျိုးနှင့် ဖြစ်တည်နေသည် မဟုတ်ပါလား။
ဘုန်း
တံစဉ်ဆီမှ ထွက်ပေါ်လာသည့်အလင်းတန်းများသည် မြေပြင်နှင့် ထိမှန်ပြီးသည့်နောက်မှာတော့ ကြီးမားသည့် မြောင်းကြီးအဖြစ် ဖြစ်တည်လာခဲ့၏။
တည်နေရာ၏အစပ်တွင် တည်ရှိနေသော နှင်းဆီဧကရီသည် သူမ၏ရှေ့တွင် စည်းအတားအဆီး အစီအရင်ကို ဖန်တီးကာဖြင့် ကာကွယ်ထားရသည်။ သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဘယ်လောက် အားကောင်းလိုက်တဲ့ စွမ်းအင်တွေလဲ”
နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမ၏ မျက်နှာပေါ်ရှိ အမူအရာများသည် တွေဝေငေးငိုင်သွား၏။ အဘယ်ကြောင့် ဆိုသော် သူမ၏ အမြင်အာရုံထဲတွင် ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကြီး ရှိရာဆီသို့ ခုန်လွှား ဝင်ရောက်သွားခဲ့သောကြောင့်ပင်ဖြစ်တော့၏။ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီး အရှေ့တွင်တော့ သူမ၏ ယောက်ျား သည် အားနည်းသေးငယ်လွန်းလှသော ပုရွက်ဆိတ်လေးတစ်ကောင်နှင့် ဆင်တူလွန်းလှသည်။
“ဘာလို့ အပေါ်ကို ပျံသွားတာလဲ။ သေချင်နေတာလား”
သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း ထိုအရာကို သတိပြုမိကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ရှိနေသော အမူအရာများသည် ပိုမိုကာလေးနက်သွားခဲ့သည်။
ဤမျှကြောက်မက်ဖွယ်ရာကောင်းပြီး အားကောင်းလွန်းလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အဘယ်ကြောင့် ရှောင်ရှား၍ တိုက်ခိုက်ရသည့်နည်းလမ်း ကို မပြုဘဲ ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို အသုံးပြုနေရသနည်း။
အားလုံး ထင်မှတ်ထားသည့်အတိုင်းပင် ကြီးမားလွန်းလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြီးသည် သူ၏ ပစ်မှတ်မှာ ရှေ့တည့်တည့်၌ ပေါ်ပေါက်လာသည်ကို သိရှိပြီးသည့်နောက်မှာတော့ ကြီးမားလှသော တံစဉ်ကြီးကို မြှောက်ကိုင်ကာဖြင့် ကြီးမားလှသည့် အားအင်လှိုင်းနှင့်အတူ ခုတ်ပိုင်းခြင်းကို ပြုမူတော့၏။
ဝှစ် ဝှစ် ဝှစ် ဝှစ်
တံစဉ်ဆီမှ ထွက်ပေါ်လာသည့် လေများပင်လျှင် လေဟာနယ်ကြီးတစ်ခုလုံးကို ထိုးခွင်းနိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ထိုအလင်းတန်းများသည် ကျွင်းချောင်ရှောင်းနှင့် ထိမှန်ရမည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ရှိနေသော စည်းဓားမော့ကြီးသည် တံစဉ်ကြီးတစ်ခု၏ အသွင်သဏ္ဍာန်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ လေဟာနယ်ကို ခုတ်ပိုင်းလိုက်တော့သည်။
ဇွိ
တံစဉ်ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကြီး၏ လက်ကောက်ဝတ်သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။
ဝှစ် ဝှစ် ဝှစ်
ဟန်ချက်ပျက်ယွင်းသွားသောကြောင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြီးသည် ယိမ်းယိုင်သွားခဲ့၏။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အလွန်တရာ အေးစက်ပြီး မောက်မာလှသည့် မျက်နှာအသွင်အပြင်ဖြင့် မာန်သွင်းကာ ခုတ်ပိုင်းခြင်းကို ပြုလုပ်တော့သည်။ တံစဉ်သည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ညာဘက်လက် တစ်ခုလုံး ထပ်မံကာ ခုတ်ပိုင်းနိုင်ခဲ့ပြန်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလွန်းလှသော တိုက်ခိုက်ရေး နည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေခြင်းမဟုတ်ပေ။ သူ၏ တံစဉ်ကြီးကို အသာအယာ ဝှေ့ယမ်းခြင်းသာ ပြုမူနေခြင်း ဖြစ်သည်။ ၎င်း၏ မျက်နှာပေါ်တွင်တော့ ခံစားချက်များသည် ကင်းမဲ့လျက်ရှိနေ၏။
နှင်းဆီဧကရီသည်လည်း ဆွံ့အလျက်ရှိနေသည်။ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများဆိုလျှင် ပါးစပ် အဟောင်းသားဖြင့် ဖြစ်မိနေကြ၏။ အလွန်အားကောင်းလွန်းလှသည်ဆိုသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကောင် ကြီးသည် လွယ်လွယ်ကူကူဖြင့် လက်အား ခုတ်ပိုင်းခြင်းကို ခံခဲ့ရတော့သည်။ ဂိုဏ်းချုပ်ကျွင်း၏ လက်နက်သည် အလွန်ပင် ထက်ရှလွန်းနေ၏။
ဆွစ် ဆွစ် ဆွစ်
တံစဉ်၏ အလင်းတန်းများသည် တလက်လက် ဖြစ်တည်နေခဲ့၏။ ကြမ်းတမ်းသည့် တိုက်ခိုက်ချက်များကို အလုံးစုံ ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တံစဉ်ကြီးအား အောက်ပိုင်းဆီသို့ ကောက်ကာ ပိုင်းလိုက်ပြန်သည်။
ဇွိ ….။
ဇွပ် ဇွပ် ဇွပ် ဇွပ်
လေဟာနယ်တစ်ခုလုံး ကွဲအက်လာသည့်အသံကြီးသည် အားလုံးသောသူများ၏ နားထဲသို့ ဝင်ရောက်လာခဲ့ကြ သည်။ အားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွား၏။
သေသေချာချာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဒေါင်လိုက်နှင့် အလျားလိုက် မျဉ်းကြောင်းများ ပေါ်ပေါက်လာ ခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ အစိတ်အပိုင်းတုံးလေးများအဖြစ် အောက်ဆီသို့ တဘုတ်ဘုတ်နှင့် ပြုတ်ကျသွားလေသည်။
ဘန်း ဘန်း ဘန်း ဘန်း
ဘုတ် ဘုတ် ဘုတ် ဘုတ်
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ တောင်တစ်ခုနီးပါး ကြီးမားလှသော အထူးတိုက်ခိုက်ရေး စိတ်ဝိညာဉ် ကောင်ကြီးသည် အစိတ်စိတ် အပိုင်းပိုင်းဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
ဟူး ….
အားလုံးသောသူများသည် သက်မကြီးပင် ရှိုက်မိလိုက်ကြ၏။ ဂိုဏ်းချုပ်ကျွင်းသည် လေထဲသို့ ခုန်တက်သွားပြီး သည့်နောက်မှာတော့ ကြီးမားပြီး အားကောင်းလှပါသည်ဆိုသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြီးအား ဤကဲ့သို့ပင် သတ်ဖြတ်ပစ်ခဲ့သည်။
“ဒင်... သီးခြားတာဝန် ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအား ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၇၀၀၀၀ / ၇၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသည် ဖြစ်သောကြောင့်...”
“ဒင်.. သီးခြားတာဝန်ပြည့်စုံသည် ဖြစ်သောကြောင့် ဖုံးကွယ်ထားသည့် ဆုလာဘ်အား ရရှိပါသည်။ လင်းရန် ခန်းမဆောင်၏ နတ်ဘုရားလက်နက် အဆင့်မြှင့်တင်ခြင်း ကျောက်တုံးနှစ်တုံး၊ ဖုံးကွယ်ထားသည့် ဘွဲ့ထူးပေးအပ် နိုင်ခြင်း”
ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်မိ၏။ ဤလူသည် နောက်ဆုံးတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
ဟူး ဟူး
ထိုအချိန်မှာတော့ နှစ်ပိုင်းပြတ်သွားသော အမဲရောင်တိမ်လိပ်ကြီးသည် ထပ်မံကာ ဖြစ်တည်လာခဲ့တော့၏။ ၎င်းသည် စည်းအတားအဆီး အစီအရင်တွင် ပြည့်နှက်လျက် ရှိနေ၏။ အားကောင်းလွန်းလှသော လျှပ်စီးတန်းများ သည် ထိုအထဲတွင် ဖြစ်တည်နေခဲ့၏။ တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးသည် မိုးကြိုးလှိုင်းများနှင့် ပြည့်နှက် လာခဲ့တော့၏။
“ကျွင်းချောင်ရှောင်း.... စည်းမျဉ်းစည်းကမ်းတွေကို ထပ်တလဲလဲ ချိုးဖြတ်ပစ်ခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးက ဒါကို သည်းခံနိုင်မှာ မဟုတ်ဘူး။ ဒီတော့ မိုးကြိုး အပြစ်ပေးမှုက အသက်ဝင်ခဲ့ပြီ”
လေးနက်သည့်အသံသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဖုံးလွှမ်းသွားခဲ့သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက ဒေါသတကြီး ပြောလိုက်သည်။ “ဒါဆို အဆုံးအစ မရှိတော့ဘူးပေါ့”
ဘုန်း ဘုန်း
ချက်ချင်းပဲ အားကောင်းလွန်းလှပါသည်ဆိုသော မိုးကြိုးလှိုင်းကြီးနှစ်ခုသည် ကောင်းကင်ယံထက်ဆီမှ ကျဆင်း လာခဲ့သည်။ တစ်ခုသည် သူ့အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး တခြားတစ်ခုမှတော့ ..
ဘုန်း ဘုန်း
အထက်နယ်မြေဆီမှ ကျဆင်းလာခဲ့သော မိုးကြိုးစွမ်းအင်နှစ်ခုသည် စည်းတည်နေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့တော့သည်။ ဤအချင်းအရာသည် နျူကလီးယာဗုံးကြီး ပေါက်ကွဲသွားသကဲ့သို့ပင် ကြမ်းတမ်းလွန်းလှ၏။
အလင်းတန်းများသည် တလက်လက်တောက်ပနေပြီး စူးရှလွန်းသောကြောင့် သိုင်းကျင့်ကြံသူများ အားလုံးပင် သေသေချာချာပင် ကြည့်ရှု၍ မရနိုင်ခဲ့ချေ။ ၎င်းတို့၏ အမြင်အာရုံများကို ကာကွယ်ရန်အတွက် မျက်လုံးရှေ့တွင် လက်ကိုပင် ကာထားရတော့၏။