အခန်း (၁၁၈၂)
Vol. 80 Ch. 1182
မိုးကြိုးအပြစ်ပေးမှုကျဆင်းလာပြီးသည့်နောက်မှာတော့ အထက်နယ်မြေ၏ အပြစ်ပေးမှုသည် အလုံးစုံပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤနေရာတွင် မေးစရာရှိသည်မှာ ကျွင်းချောင်ရှောင်းသည် မိုးကြိုးအပြစ်ပေးမှု၏ အားအင်အပြည့်နှင့် တိုက်ခိုက်လာမှုကို အဘယ်သို့သော နည်းလမ်းဖြင့် ခုခံနိုင်ခဲ့သနည်း။ စကြဝဠာကြီးထက် ပိုမို၍အားကောင်းလှသော သူ၏အသားအကေို အမှီအခိုပြုကာ ကာကွယ်ခြင်းပင်ဖြစ်ခဲ့လေသည်လား။
မဟုတ်ပေ။ စနစ်ဟာသလုပ်သကဲ့သို့ အစစ်အမှန်တရားတွင် လက်ခံသူ၏ မျက်နှာသည် ဤမျှလောက် မမာလှချေ။ ကျွင်းချောင်ရှောင်းအနေနှင့် ဤကဲ့သို့ ခုခံနိုင်ရန်အတွက် တစ်ခွက်အပို ပုလင်းနှင့်အတူ လောကအဆောင်ကို ထုတ်ဖော်အသုံးပြုခဲ့ရ၏။
တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်သိန်းကျော်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူသည် ထိုအရာကို ကြိုတင်ကာ ဝယ်ယူခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် နှင်းဆီဧကရီ၏ အကူအညီမပါဘဲနှင့် ဆိုလျှင်တောင်မှ သူသည် ထိုလောကအဆောင် အား ချိုးချေပြီးသည့်နောက် အဆင့်ကြီးတစ်ခုဆီသို့ တိုးတက်ကာ တိုက်ခိုက်နိုင်စွမ်း ရှိနေတော့သည်။
ပြည့်စုံသည့်အဆင့် သိုင်းသူတော်စင်အဖြစ် ရောက်ရှိပြီးသည့်နောက်မှာတော့ သူသည် လောကအဆောင်ကို အသုံးပြုသည့်အချိန်တွင် အဆင့်ကြီးတစ်ခုဆီသို့ ထပ်မံကာ တိုးတက်ခဲ့၏။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သိုင်းအင်ပါယာတစ်ယောက် အဖြစ်သာမက အလွန်တရာမြင့်မားသည့်အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွားခဲ့တော့၏။
ထို့အပြင် သူသည် ရွှမ်ယွမ်နတ်ဘုရားချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားခဲ့၏။ ထို့ကြောင့် အထက်နယ်မြေဆီမှ ၁၀၀ ရာခိုင်နှုန်း အားအင်ပါဝင်သော မိုးကြိုးအပြစ်ပေးမှုကြီးကို ခုခံနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
ဝေါ့ …
ပတ်ဝန်းကျင်တွင်ရှိနေသော အတားအဆီးအစီအရင်ကြီး ပျောက်ကွယ်သွားပြီးအချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် သွေးတစ်လုတ် အန်ထွက်လာခဲ့၏။ သူ၏ မျက်နှာများသည် ဖြူရော်လျက်ရှိနေ၏။
“ရှင်ဒဏ်ရာရသွားတာလား။” နှင်းဆီဧကရီသည် အလောတကြီးရောက်ရှိလာကာ မေးလိုက်သည်။
“………”
ကျွင်းချောင်ရှောင်းသည် ဒဏ်ရာများကို ဖိနှိပ်ကာဖြင့် ပြောလိုက်မိသည်။ “မိုးကြိုးအပြစ်ပေးမှုရဲ့ မိုးကြိုးနှစ်ခုလုံးကို ခုခံထားတာလေ။ ဒဏ်ရာမရဘူးဆိုရင် ပုံမှန်ဘယ်ဟုတ်ပါ့မလဲ။”
မူလအားဖြင့် စိုးရိမ်လျက်ရှိနေသော နှင်းဆီဧကရီသည် သူမယောကျ်ား၏ခွန်းတုံ့ပြန်သည့်စကားကို ကြားရသည့်အချိန် မှာတော့ ရုတ်တရက်ရယ်ကာ ပြောလိုက်တော့၏။ “ဒီလို ဘုကလန့် ပြောနိုင်သေးတယ်ဆိုတော့ ကျွန်မယောကျ်ားက အန္တရာယ်မရှိလောက်သေးဘူး။”
ဝေါ့ …
ကုန်းရှန့်သည် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။
ဒဏ်ရာကြောင့်လား။ ရင်နာသောကြောင့်လား တော့ သေချာမသိနိုင်ချေ။
“သွားကြရအောင်။”
“ဘယ်ကိုသွားကြမှာလဲ။”
“ဆားတို့ကုန်းမြေတိုက်ကြီးကိုလေ။”
…….
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင်တော့ အထက်နယ်မြေ၏ အပြစ်ပေးမှုသည် သူဆက်လုပ်ရမည့်အလုပ်များ အတွက် အတားအဆီးမဖြစ်ခဲ့ချေ။ ထို့ကြောင့် သူ၏ အရင်အစီအစဉ်အတိုင်း ဆားတို့ကုန်းမြေတိုက်ကြီးသို့ သွားကာ ငွေညှစ်ရန် ကြိုးစားခဲ့တော့၏။ ထို့အပြင် ဤကဲ့သို့သောကိစ္စများကို ဖြေရှင်းရသည့်အတွက် သူသည် စည်းဖွင့်ခြင်း အဆောင်၊ တစ်ခွက်အပိုဆေးပုလင်းနှင့် လောကအဆောင်တစ်ခုတို့ကိုလည်း ကုန်ဆုံးခဲ့ရ၏။ ထို့ကြောင့် ထိုကဲ့သို့ ဆုံးရှုံးခဲ့ရသောအရာများကို ဆားတို့ကုန်းမြေတိုက်ကြီးဆီမှ ပြန်လည်ရရှိမှဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ သူ ဆားတို့ကုန်းမြေတိုက်ကြီး၏ ခံတပ်ရှေ့သို့ ရောက်ရောက်ချင်းမှာပဲ ခံတပ်၏ အဓိကအကြီးအကဲများ အားလုံးသည် အပြင်ဘက်သို့ ထွက်ကာ စောင့်စားလျက်ရှိနေကြ၏။
“ကျုပ်”
“ဂိုဏ်းချုပ်ကျွင်း …. ပြောမနေပါနဲ့တော့။ စိတ်ဝိညာဉ်ကျောက်တုံးတွေ အဆင်သင့်ပါပဲ။”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းကျော် ပါဝင်လျက်ရှိနေသော သိုလှောင်လက်စွပ်များကို ကိုင်ရင်း နဝေတိမ်တောင်ဖြစ်လျက်ရှိနေတော့၏။ သူလုပ်ခဲ့သမျှ ငွေညှစ်မှုများထဲတွင် အလွယ်ကူဆုံးသော ငွေညှစ်မှုပင် ဖြစ်သည်ဟု ပြောရမည်။
တစ်ဖက်လူများသည် ဤမျှ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နေချိန်မှာတော့ သူသည် ရှက်ရွံ့မှုကိုပင် ခံစားနေရ၏။ ထို့ကြောင့် အားနာပါးနာနှင့် စိတ်ဝိညာဉ်ကျောက်တုံး ၅ သန်းကိုပင် ပြန်ပေးခဲ့သေး၏။
ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ လိုက်နာတတ်သူ တစ်ယောက်ဖြစ်ပြီး လူဆိုးတစ်ယောက်တော့ မဟုတ်ချေ။
“နှုတ်ဆက်ပါတယ်။”
“နှုတ်ဆက်ပါတယ်။”
ထိုလင်မယားထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ဆားတို့ကုန်းမြေတိုက်ကြီးမှာရှိသော သိုင်းကျင့်ကြံသူများသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိကြ၏။ သူတို့သည် နဖူးပေါ်တွင် ရှိနေသော ချွေးစက်များအား အသာသုတ်လိုက်မိ၏။
အဘယ့်ကြောင့်သူတိုသည့် ဤကဲ့သို့ ပူးပေါင်းပါဝင်ကာဖြင့် ရက်ရက်ရောရော ပေးနေရသနည်းဆိုသော် ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသောကြောင့်ပင် ဖြစ်တော့၏။ ဤလူသည် တကယ့်အစစ်အမှန် မွန်းစတားပင် ဖြစ်သည်။
ထို့ကြောင့် တစ်ဖက်လူသည် သူ၏ ကုန်းမြေတိုက်ဆီသို့ သွားသည်ကို သိရှိပြီးသည်နှင့်တပြိုင်နက် ခံတပ်ပိုင်ရှင်သည် အလျင်အမြန်ပြေးလာပြီးသည့်နောက်မှာ ရှိရှိသမျှသော ပစ္စည်းများကို ထုတ်ယူကာ ကြိုတင်ပေးအပ်ခဲ့ခြင်းပင် ဖြစ်၏။
……
ကျယ်ပြောကုန်းမြေတိုက်ကြီးဆီမှ စိတ်ဝိညာဉ်ကျောက်တုံး သန်း ၃၀ ကို ရရှိပြီး ဆားတို့ကုန်းမြေတိုက်ကြီးဆီမှ စိတ်ဝိညာဉ်ကျောက်တုံး ၂၅ သန်းကို ရရှိခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ဝှက်ဖဲများကို ထုတ်ဖော်အသုံးပြုရသည်ဆိုလျှင်တောင်မှ အကျိုးအမြတ်တော့ ရရှိနေသေးသည်ဟု ခံစားနေမိ၏။ ထိုသို့ဆိုလျှင် သူ့အနေနှင့် နှင်းဆီဧကရီကအား မည်ကဲ့သို့ ခွဲခြမ်းပေးရမည်နည်း။
“ကျုပ်အတွက် ၄၀ သန်း၊ ခင်ဗျားအတွက် ၁၅ သန်း။”
“ကောင်းပြီ။”
…
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ သူမသည် ၅၀ ၊ ၅၀ ရာခိုင်နှုန်းအဖြစ် ခွဲခြမ်းခြင်းကို မပြုလုပ်ပေ ဘူးလား။ အဘယ်ကြောင့် ရုတ်တရက်ကြီး ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် သဘောတူညီနေရသနည်း။
နှင်းဆီဧကရီ သည် ပြုံးကာပြောလိုက်မိ၏။ “မိုးကြိုးအပြစ်ပေးမှု ကျဆင်းလာတဲ့အချိန်မှာ ကျွန်မကို ကူညီဖို့ ရှင့်ကို ဘယ်သူက ခိုင်းလို့လဲ။”
“ဒီလိုကျေးဇူးတရားကို သိတတ်ပြီဆိုလို့ရှိရင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မတောင်းနဲ့လေ။ ရှေ့ကဟာတွေပါ ပြန်ပေးတော့။” ကျွင်းချောင်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
နှင်းဆီဧကရီက ပြောလိုက်၏။ “ရှင် ကျွန်မကို ရှင့်ရဲ့ မိန်းမအဖြစ် သတ်မှတ်ထားမယ်ဆိုရင် ကျွန်မက ရှိသမျှ စိတ်ဝိညာဉ်တွေအားလုံးကို ပေးလိုက်ရလည်း ကိစ္စမရှိဘူး။”
“ရော့ … ရော့ … ရော့။”
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင်ရှိသော သိုလှောင်လက်စွပ်များကို ကမ်းပေးကာ ပြောလိုက်သည်။ “ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး သန်း ၂၀ ရှိတယ်။ ဒါတွေကို ယူပြီးသွားတော့။”
“လက်ခံသူက မျှော်လင့်ချက်မဲ့နေပြီ။” စနစ်က ပြောလိုက်၏။
နှင်းဆီဧကရီသည် အသာမော့ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူမ၏ မျက်လုံးထဲတွင် မချိတင်ကဲ အမူအရာ များဖြစ်တည်လျက်ရှိနေသည်။ “ရှင် ဘာလို့ ကျွန်မကို လက်မခံနိုင်ရတာလဲ။”
သူမအား မိန်းမတစ်ယောက်အဖြစ် အသိအမှတ်ပြုရသည်ထက် စိတ်ဝိညာဉ်ကျောက်တုံးများကိုပင် ရက်ရက်ရောရော ပေးအပ်လျက်ရှိနေသည်။ ထိုအရာသည် သူမအား အလွန်အမင်းဝမ်းနည်းစေ၏။
“ကျုပ်ဆီမှာ ခံစားချက်မရှိလို့ပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
နှင်းဆီဧကရီသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ သူ၏မျက်လုံးထဲကို စူးစိုက်ကြည့်လိုက်၏။ “ဒါဆိုရင် မိုးကြိုးအပြစ်ပေးမှုကြီး ကျဆင်းလာတဲ့အချိန်တုန်းက ဘာလို့ ကျွန်မကို ကယ်တာလဲ။”
“ဘာလို့လဲဆိုတော့။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုအသာလှည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားသေသွားပြီဆိုရင် တစ်ခြားလူတွေဆီကို သွားပြီးတော့ ငွေညှစ်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလေ။”
စနစ်က မည်သို့မျှ သည်းမခံနိုင်ခဲ့တော့ချေ။ အပြင်ဘက်သို့ ထွက်လာပြီး မျက်နှာကို ပိတ်ကန်ချင်စိတ်ပင် ပေါက်မိနေသည်။
“ရှင် လိမ်တာပဲ။” နှင်းဆီဧကရီက ပြောလိုက်၏။ “ရှင့် နှလုံးသားထဲမှာ ကျွန်မရှိတယ်ဆိုတာကို သေသေချာချာ မြင်ရတယ်။ ရှင် ဝန်မခံချင်တာမလား။”
“လျှောက်မပြောနဲ့။”
“ဒါဆိုရင် ကျွန်မကို သေချာကြည့်။”
“မကြည့်ဘူး။”
“ရှင် ရှောင်ပြေးချင်နေတာမလား။”
“ရှောင်ပြေးတယ်ဆိုတာ ကျုပ်ရဲ့ ဒဏ္ဍာရီထဲမှာ မရှိဘူး။”
“ရှင်”
နှင်းဆီဧကရီသည် သူမ၏ လှပလွန်းသော နှုတ်ခမ်းပါးလေးအား အသာကိုက်လျက်ရှိနေ၏။ မျက်လုံးထဲတွင် မချိတင်ကဲ အမူအရာများသည် ပိုမို၍ အားကောင်းလာခဲ့တော့၏။
“ကျေးဇူးပြုပြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့က စွမ်းအားမြင့်ကျင့်ကြံသူတွေပဲလေ။ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက်နဲ့ မပတ်သက်ဘဲ သီးခြား ရပ်တည်ကြရအောင်။”
စည်းဓားမော့ကြီး၏ အချိန်ကာလနှင့် လောကအဆောင်၏ အချိန်ကာလကုန်ဆုံးသွားတော့မည်ဖြစ်သောကြောင့် သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ရေရှည်နေထိုင်၍ မဖြစ်ချေ။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေ တိုက်ကြီးဆီသို့ အလျင်အမြန်ပျံသန်းလာခဲ့တော့၏။
“ကျွင်းချောင်ရှောင်း”
နှင်းဆီဧကရီသည် သူမရပ်တန့်နေရာ နေရာတွင် မတ်မတ်ရပ်ကာဖြင့် ဒေါသထွက်လျက်ရှိသော မိန်းကလေးငယ်လေး တစ်ယောက်ကဲ့သို့ ခြေဆောင့်ကာ အော်လိုက်တော့၏။ “ရှင်နဲ့ကျွန်မက လင်မယားတွေပဲလေ။ ဒီတော့ ဘဝတစ်ခုလုံး ကျွန်မတို့က လင်မယားပဲ ဖြစ်ရမယ်။ ရှင် ဘယ်လိုပဲ ရှောင်ပြေး ၊ ရှောင်ပြေး ကိစ္စမရှိဘူး။”
“ခင်ဗျားက ရူးနေပြီပဲ။” ကျွင်းချောင်ရှောင်း၏ ပြောသံသည် ကောင်းကင်ယံထက်တွင် ပဲတင့်ထပ်လျက်ရှိနေ၏။
“……”
နှင်းဆီဧကရီသည် ဒေါသတကြီးဖြင့် မျက်မှောင်ကုတ်လိုက်မိ၏။ သို့ပေမဲ့ တစ်ဖက်လူပျောက်ကွယ်သွားသည်ကို မြင်ရ ပြီးသည့်နောက်မှာတော့ သူမသည် ရုတ်တရက် ပြုံးကာ တီးတိုးရေရွတ်လိုက်၏။ “ရှင်ဘယ်လောက်ပြေးပြေး ရှင်ပြေးတဲ့ ပုံစံက ခေါင်းတုံးပြောင်လေးနဲ့ဆိုတော့ ချစ်ဖို့ကောင်းလိုက်တာ။”
ဘုတ်
လမ်းတစ်ဝက်တွင် ပျံသန်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် အာရုံဖြန့်ကျက်နားထောင်နေခြင်း ကို မရုပ်သိမ်းထားချေ။ နှင်းဆီဧကရီ ပြောဆိုလိုက်သည့် စကားသံကို ကြားရသည့်အချိန်မှာတော့ သူသည် ကောင်းကင်ပေါ်မှ ပင် ပြုတ်ကျသွားရ၏။ “ဒီအမျိုးသမီးက တကယ့်ကို ရူးနေပြီပဲ။”
…
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ပြန်ရောက်လာပြီးသည့်နောက်မှာတော့ စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် တစ်ကိုယ်လုံး အားအင်ကင်းမဲ့သလို ဖြစ်မိနေ၏။
“ဘေးထွက်ဆိုးကျိုးနှစ်ဆက လက်ခံသူကို နှစ်အနည်းငယ်လောက် အားနည်းနေစေလိမ့်မယ်။” စနစ်က ပြောလိုက်သည်။
“ဒါကိစ္စမရှိဘူး။ ငါ့ဆီမှာ အချိန်နဲ့တည်နေရာလျှို့ဝှက်နယ်မြေရှိတယ်လေ။”
အလယ်အလတ်အဆင့် အချိန် နှင့် တည်နေရာလျှို့ဝှက်နယ်မြေ၏ အချိန်မြန်ဆန်မှုနှုန်းအရဆိုလျှင် ကျွင်းချောင်ရှောင်း သည် ဤကဲ့သို့သော အားနည်းမှုမျိုးကို လုံးဝဂရုစိုက်လိမ့်မည်မဟုတ်ချေ။
ပြီးသည့်နောက်မှာတော့ သူသည် စနစ်၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်ပြီးသည့်နောက်မှာတော့ နတ်ဘုရားလက်နက်ခန်းမဆောင် ဘွဲ့ထူးဆိုသည့် အရာအား မြင်လိုက်ရတော့၏။
“ဒါက ဘာတွေသုံးရမှာလဲ။”
သူသည် အသာနှိပ်ကြည့်လိုက်၏။
[ဤဘွဲ့ထူးအား အသက်သွင်းရန်အတွက် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ လိုအပ်နေ၏။
သဘောတူမည် သို့မဟုတ် သဘောမတူပါ။]
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “ဘာလို့ ဒီအရာကို အသက်သွင်းဖို့ ဂိုဏ်းစုဆောင်းမှတ်တွေက ထပ်ပြီးလိုရတာလဲ။”
“လောကကြီးမှာ အလကားရတယ်ဆိုတဲ့အရာ တစ်ခုမှမရှိလို့လေ။” စနစ်က ပြောလိုက်၏။
“…….”
ကျွင်းချောင်ရှောင်းသည် အတွေးနက်လျက်ရှိနေ၏။ သို့ပေမဲ့ သူ့အား ပိုမို၍ စိတ်ဓာတ်ကျဆင်းစေသည်မှာ ဤနေရာ တွင် တစ်ခြားနှိပ်စရာမရှိချေ။ သဘောတူညီနှင့် သဘောမတူဆိုသည့် နှစ်ခုသာပါ၏။ ပြီးတော့ အခွင့်အရေးက တစ်ခုပဲ ရှိတယ်။
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒါကို နှိပ်မှာလား။ မနှိပ်ဘူးလား။ ရိုးရိုးလေးပဲ။”
“……..”
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်မှာတော့ သဘောတူညီလိုက်ရ၏။ ထို့အပြင် ဘွဲ့ထူးဆိုသည့်အရာတစ်ခုသည် ဘာမှန်းမသိဘူးသော်လည်း ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ တောင် ကုန်ကျ နေသည်ဆိုမှတော့ အကျိုးထူးတစ်ခုတော့ ရှိမှာသေချာတော့၏။ ထို့ကြောင့် သူ့အနေနှင့် လောင်းကစား ပြုလုပ်ရပေ လိမ့်မည်။
ဒင်
“လက်ခံသူသည် ဘွဲ့ထူးလုပ်ဆောင်မှုပုံစံအား အသက်သွင်းလိုက်ခဲ့၏။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၇၀၀၀၀ / ၇၀၀၀၀”
တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်သိန်းနီးပါးခန့်ကို သတ်ဖြတ်ခြင်းကြောင့် ရရှိခဲ့သော ဂိုဏ်းစုဆောင်းမှတ်များသည် အခု သဲထဲရေသွန်ဆိုသလို ပျောက်ကွယ်သွားရပြီဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံကို အသာမှီကာဖြင့် အကူအညီမဲ့စွာ ပြောလိုက်မိ၏။ “ငါလုပ်ခဲ့သမျှ အရာအားလုံးက အလကားဖြစ်သွားပြီပဲ။”
သူသည် ဂိုဏ်းစုဆောင်းမှတ်ကို အသုံးပြုပြီးသည့်နောက်မှာတော့ ဘွဲ့ထူးဆိုသည့် အရာတစ်ခုသည် အသက်ဝင်လာခဲ့ တော့၏။ ထို့ကြောင့် အထဲကို နှိပ်ကာ သေသေချာချာ ကြည့်ရှုလိုက်၏။
အထဲတွင်တော့ များပြားလှသည့် ဘွဲ့နာမည်များ တည်ရှိလို့နေခဲ့၏။ ဥပမာအားဖြင့် မျက်နှာလှနဂါးပျံ၊ နဂါးသွေး စိတ်ထား၊ ရှုပ်ထွေးခြင်းနတ်ဆိုးဘုရင်။
“….……”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “ဒါက တရုတ်သိုင်းကားထဲက သိုင်းကွက်နာမည်တွေပါလား။”