အခန်း (၁၁၈၅)
Vol. 80 Ch. 1185
“ကြယ်ကောင်းကင်ခံတပ်ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီးနောက် စဉ်းစားလျက်ရှိနေ၏။ ဤနေရာသည် များပြားလှသော ရတနာများကို ရောင်းချသော မှောင်ခိုဈေးကွက်တစ်ခု တည်ရှိနေသည်ဟု ခေါင်းတုံးနှင့်လူက ပြောဆိုခဲ့ဖူး၏။ ထို့အပြင် လက်ရှိအခြေအနေ၌ ခံတပ်၏ အထဲတွင် သက်တန့်ရောင်စဉ်ကျမ်း အပိုင်း (၅) လည်း တည်ရှိလို့နေသေး၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အချိန်တစ်ခုရှာပြီးတော့ ငါ သွားကြည့်မှဖြစ်မယ်။”
စနစ်က စောဒက တက်လိုက်၏။ “လက်ခံသူ …. ဒါတွေကို လုပ်ချင်နေတာ ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ အတွက် မခံချိမခံသာဖြစ်နေလို့ မဟုတ်လား။”
“ဒီလိုသေးငယ်လှတဲ့ ဂိုဏ်းစုဆောင်းမှတ်လေးကို ငါက ဘာကိစ္စ ဂရုစိုက်ရမှာလဲ။” ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။”
စနစ်က ပြောလိုက်သည်။ “အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေရဲ့ အချိန်ကာလ အကန့်အသတ် ကုန်ဆုံးသွားတဲ့အချိန်မှာ မင်းအနေနဲ့ မင်းရဲ့ ဘွဲ့ထူးကို ပြန်ပြီးပြောင်းလဲဖို့ မြန်မြန်လုပ်သင့်တယ်။ ပြီးရင် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ ကို အသုံးပြုပြီး မြန်မြန် ပြောင်းတော့။ ငါထွက်ပြီး ရိုက်ချင်တဲ့ မျက်ခွက်မျိုး ဖြစ်နေပြီ”
ကျွင်းချောင်းရှောင်းသည် အတွေးနက်လျက်ရှိနေတော့၏။
…
ဂိုဏ်းစုဆောင်းမှတ်များအတွက်ဖြစ်ဖြစ်၊ ကျမ်းစာအပိုင်း (၅) အတွက်ပဲဖြစ်ဖြစ် ကျွင်းချောင်းရှောင်းသည် အချိန်တစ်ခုကို ရှာဖွေကာဖြင့် ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရန် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေ၏ အချိန်ကာလကုန်ဆုံးသွားသည်ကို စောင့်ရန်သာ ကျန်ရှိတော့သည်။
“ဂိုဏ်းချုပ်”
တနေ့မှာတော့ ဆရာဖန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တော့၏။ “အောင်မြင်ပြီ။ ကျုပ် ဒါကို အောင်အောင်မြင်မြင်နဲ့ အဆင့်မြင့်တင်နိုင်ခဲ့ပြီ။”
ကျွင်းချောင်ရှောင်းသည် ပန်းပဲခန်းမဆောင်ဆီသို့ သွားလိုက်၏။ သူအထဲသို့ လျှောက်ဝင်လာချင်းချင်းပဲ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်သည်။
“ချီးတဲ့မှ”
နောက်တစ်စက္ကန့်အတွင်းမှာပဲ ကုန်းရှန့်၏ မျက်လုံးများသည် ပြူးကျယ်သွားတော့၏။ ပန်းပဲစားပွဲပေါ်မှာတော့ ရွှေရောင်အနားသပ်များနှင့် ဒိုင်းကြီးတစ်ခု တည်ရှိလို့နေခဲ့သည်။ ထိုဒိုင်း၏ မျက်နှာပြင်ပေါ်တွင် ထူးခြားလှသော အရေးအကြောင်းများသည် ရေးဆွဲထားခဲ့တော့၏။ ကြည့်လိုက်သည်နှင့် အလွန်တရာကောင်းမွန်လှသော ပစ္စည်းတစ်ခု ဖြစ်မှန်းသိသာလွန်းလှ၏။
ဖန်းရီကျိသည် မိတ်ဆက်ပေးလိုက်သည်။ “ဂိုဏ်းချုပ် … ဒါက ရှောင်ကျီရဲ့ တိမ်လှေလေ။ အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ ဒါက အိုးပုံစံအဖြစ်ကနေ ဒိုင်းပုံစံအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ခုခံခြင်း စွမ်းအင်ကလည်း ပိုပြီးတော့ တိုးသွားတယ်။”
“အဲလို ပြောင်းလဲသွားတာလား။”
ကျွင်းချောင်ရှောင်းသည် ဒိုင်းအား လက်တစ်ဖက်ဖြင့် လှမ်းကာ ကိုင်ကြည့်လိုက်၏။ သူသည် အားကုန်ထုတ်၍ ဆွဲမ လိုက်သည်ဆိုလျှင်တောင်မှ တစ်ဖက်ဒိုင်းသည် မြောက် မလာခဲ့ချေ။
ပြီးသည့်နောက်မှာတော့ သူသည် အလွန်တရာ အားနည်းနေသည့်အခြေအနေတွင် ရောက်ရှိနေကြောင်းကို သတိရလိုက်မိ၏။ ထို့ကြောင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ရှောင်ကျီ ကို သတင်းပေးလိုက်တော့။ ဒီကိုလာပြီး ပစ္စည်းကို ကြည့်ဖို့။”
…
ဘုန်း
ပြိုင်စံရှားဂိုဏ်း၏ အဓိကတောင်ထွတ်အပေါ်မှာတော့ ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ကြည့်ရှု နေကြသည့် တပည့်များအားလုံးသည် မျက်လုံးအပြူးသားဖြစ်သွားကြ၏။ အဘယ့်ကြောင့်ဆိုသော် လွင့်ပျံလျက် ရှိနေသော ဖုန်များကြားထဲတွင် အလွန်အားကောင်းလှသော ဒိုင်းကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့သောကြောင့်ပင် ဖြစ်၏။
ဟူး ဟူး
ပြင်းထန်လွန်းလှသော မြေဓာတ်စွမ်းအင်များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဤအရာသည် အစွမ်းထက်လွန်း လှသော အကာအကွယ်ရတနာတစ်ခုဖြစ်မည်မှန်း အားလုံးက သေချာနားလည်လိုက်မိကြသည်။
ရွှီ
ထိုအချိန်မှာပဲ ရှောင်ကျီသည် အဝေးတစ်နေရာဆီမှ ပျံသန်းလာခဲ့၏။ ပြီးသည့်နောက်မှာတော့ ရွှေရောင်ဒိုင်းကြီး အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူသည် လက်နှစ်ဖက်အား ဒိုင်းပေါ်သို့ တင်ပြီးသည့်နောက် အော်လိုက်၏။ “လာခဲ့စမ်း။”
ဖြောက် ဖြောက် ဖြောက် ဖြောက်
ရှောင်ကျီ၊ လီဖေး၊ ထျန်းချီ၊ လုံကျိရန်၊ စုန့်ရွှမ်ကျူးနှင့် တစ်ခြားသော အတွင်းစည်းတပည့်များအားလုံးသည် လေ့ကျင့်ရေးကွင်းပြင်၌ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။
အဓိကဟောခန်း၏အရှေ့တွင် ထိုင်လျက်ရှိနေ သော ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာဖြင့် ပြောလိုက်၏။ “သွားကြတော့။”
ဝှစ် ဝှစ် …..
တပည့်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ လှုပ်ရှားမှုနည်းစနစ်များကို အသုံးပြုကာဖြင့် မတူညီသည့် တည်နေရာအသီးသီးဆီမှ ရှေ့ဆီသို့ ပြေးဝင်သွားခဲ့ကြသည်။ ၎င်းတို့သည် လက်သီး ထိုးချက်၊ လက်ဝါးရိုက်ချက်၊ ခြေထောက်ကန်ချက်နှင့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာ အဆင့်မြှင့်တင်ထားသော တိမ်လှေရတနာကြီးအား ဝင်ရောက်ကာ တိုက်ခိုက်တော့သည်။
ဘုန်း
ရှောင်ကျီသည် လက်ကို ယမ်းခါလိုက်၏။ ရွှေရောင်တောက်ပလျက်ရှိသော ဒိုင်းကြီးသည် တောင်ကြီးတစ်ခုကဲ့သို့ ခိုင်မာလွန်းလှ၏။ ဒိုင်း၏ မျက်နှာပြင်ပေါ်တွင် ရေးဆွဲထားသော အရေးအကြောင်းများအားလုံးသည် ရှေးဟောင်း သားရဲကြီးတစ်ခုကဲ့သို့ အသွင်ဖြစ်တည်ကာ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ကာကွယ်လိုက်တော့သည်။
ဘုန်း ဘုန်း
ချက်ချင်းပဲ လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် အလင်းတန်းများနှင့် ပြည့်နှက်သွားခဲ့တော့၏။ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့သို့ ပေါက်ကွဲထွက်သွား၏။
ကံကောင်းစွာဖြင့် တိုက်ပွဲမစခင်ကတည်းက ကျန်းတယ်ကျွင်းသည် အလွန်အဆင့်မြင့်လှသော အကာအကွယ်အတားအဆီးကြီးတစ်ခုကို ဤတည်နေရာထဲတွင် ဖန်တီးတည်ဆောက်ထားခဲ့၏။ ထို့ကြောင့် အပြင်ဘက်တွင်ရှိနေသော တပည့်များအား မသက်ရောက်ခဲ့ချေ။
“ကောင်းကင်ဘုံ … စီနီယာအစ်ကိုတွေက အရမ်းအားကောင်းတာပဲ။”
တလက်လက်တောက်ပနေသော စွမ်းအင်လှိုင်းများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ တပည့်များအားလုံးသည် ဆွံ့အလျက်ရှိနေကြ၏။
လှုပ်ရှားတိုက်ခိုက်မှုကို မပြုလုပ်ရသေးသော လီချင်းယန်သည် အရှေ့၌ မတ်မတ်ရပ်ကာဖြင့် ပြောလိုက်သည်။ “သူတို့အားလုံး ဂိုဏ်းထဲကို ဝင်လာတဲ့အချိန်မှာ မင်းတို့လောက်တောင် အားမကောင်းဘူးလေ။ ဒါပေမဲ့ ဇွဲရှိရှိနဲ့ ကျင့်ကြံ ခဲ့ကြတာ။ ဒါကြောင့် ဒီနေ့လိုမျိုး အားကောင်းလာခဲ့ကြတာပဲ။”
“ဒုတိယစီနီယာအစ်ကို”
အားလုံးသည် သံပြိုင်ပြောဆိုလိုက်ကြ၏။ “ကျုပ်တို့နားလည်ပါပြီ။”
“ချင်းယန်က တကယ့်ကို ယုံကြည်ရတဲ့လူပဲ။”
အဓိကဟောခန်း၏ ရှေ့တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။ သို့ပေမဲ့ အဝေးတစ်နေရာ တွင် မတ်တပ်ရပ်လျက်ရှိသော အေးစက်စက်မျက်နှာသွင်ပြင်ဖြင့် အကြီးဆုံးတပည့်ကြီးအား မြင်လိုက်သည့် အချိန်မှာ တော့ သူသည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ “သူမကတော့ ဘယ်တော့မှ ဉာဏ်အလင်းပေါက်မှာပါလိမ့်။”
တပည့်များအားလုံးထဲတွင် သူ့အနေနှင့် စိုးရိမ်ပူပန်မိဆုံးလူများသည် လုချင်းချင်းနှင့် ရီရှင်းချန်တို့သာ ဖြစ်၏။ တစ်ယောက်သည် အေးစက်သည့် ကိုယ်အမူအကျင့်ရှိပြီး တစ်ခြားတစ်ယောက်မှာတော့ ဂုဏ်ယူဝင့်ကြွားလွန်းလှ၏။ ထို့ကြောင့် ဂိုဏ်း၏ ပျော်ရွှင်သည့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်သလို ဖြစ်နေကြသည်။
ဘုန်း ဘုန်း
လေ့ကျင့်ရေးကွင်းပြင်ဆီမှ ထွက်ပေါ်လာသော ပြင်းထန်သည့် တိုက်ခိုက်သံများသည် ကျွင်းချောင်ရှောင်းအား သတိ ပြန်ဝင်သွားစေ၏။
ထို့ကြောင့် သူသည် အသာလှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ရှောင်ကျီသည် များပြားလှသော တိုက်ခိုက်ချက်များအားလုံးကို လွယ်လွယ်ကူကူဖြင့် ကာကွယ်ထားနိုင်သည်။
“အဲလောက် အားကောင်းတာလား။”
ကုန်းရှန့်သည် အနည်းငယ်အံ့အားသင့်မိသွား၏။ ယခုဝင်ရောက်တိုက်ခိုက်နေကြသော အတွင်းစည်းတပည့်များ အားလုံးသည် ကျင့်ကြံခြင်းအရာ၌ ရှောင်ကျီနှင့် သိပ်ကွာလှသည့် လူများမဟုတ်ချေ။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် တခြားသောဂိုဏ်းများဆီသို့ စေလွှတ်လိုက်မည်ဆိုပါက ထိုအတွင်းစည်းတပည့် များအားလုံးသည် တော်ရုံဂိုဏ်းများလောက်ကတော့ အေးအေးသက်သာဖြင့် ဖျက်ဆီးပစ်နိုင်သောအစွမ်းကို ပိုင်ဆိုင်သူများဖြစ်ကြ၏။ သို့ပေမဲ့ ထိုသို့သောသူများ ပူးပေါင်းတိုက်ခိုက်သည်ဆိုတောင်မှ အကာအကွယ် အတားအဆီးအား မချိုးဖြတ်နိုင်ခဲ့ချေ။
ဘုန်း ဘုန်း ….။
တိုက်ပွဲသည် ဆက်လက်ဖြစ်တည်လျက်ရှိနေ၏။ ၂နာရီကြာ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ဒိုင်းကို ကိုင်ထားသော ရှောင်ကျီသည် လေ့ကျင့်ရေးကွင်းပြင်၏ အစပ်နားသို့ သွားခဲ့၏။ ပြီးနောက် သူပြောလိုက်သည်။
“ကျုပ် … ကျုပ် မခံနိုင်တော့ဘူး။ ဆက်မတိုက်နိုင်တော့ဘူး။”
စုရှောင်မိုသည် ကိုယ်ကိုယ် ကွေးမြှောက်ကာဖြင့် ဒူးပေါ်သို့ လက်တင်ကာ အသက်ကို ပြင်းပြင်းထန်ထန်ရှုနေရ၏။ “ဂျူနီယာညီလေးရှောင် …. မင်းရဲ့ ဒိုင်းအကာအကွယ်က အရမ်းကို အားကောင်းလွန်းတယ်။”
လီဖေး၊ ထျန်းချီနှင့် တစ်ခြားသူများအားလုံးသည်လည်း မောပန်းလျက်ရှိနေကြတော့၏။ ဤမွန်းစတားတစ်ဖွဲ့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ရှောင်ကျီအား အနောက်သို့ ဆုတ်ခွာရန်သာ ပြုလုပ်နိုင်ခဲ့ကြ၏။
ဤဒိုင်းကြီးအား အသုံးပြု၍ တိုက်ခိုက်မည်ဆိုပါက ကုန်းမြေတိုက်ကြီး သို့မဟုတ် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ဖျက်ဆီး၍ မရနိုင်သော လှုပ်ရှားနေသည့်ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေမှာ သေချာတော့၏။
“ရှောင်ကျီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ကျေနပ်ရဲ့လား။”
“ကျေနပ်ပါတယ်။ ကျေနပ်ပါတယ်။”
ရှောင်ကျီသည် သူ၏ လက်နက်ရတနာအား ချစ်မြတ်နိုးစွာဖြင့် ပွတ်သပ်လျက်ရှိ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးများ နှင့် ပြည့်နှက်လျက်ရှိနေတော့သည်။
သူ၏ နတ်ဘုရားလက်နက်သည် သွင်ပြင်အမူအရာ ပြောင်းလဲသွားသည်သာမက ပိုမို၍လည်း အားကောင်းလာခဲ့တော့၏။ ထို့အပြင် အိုးတစ်ခု၏ ပုံစံမဟုတ်သည်နှင့်ပင် သူ့အနေနှင့် ပျော်ရွှင်သင့်နေ သည် မဟုတ်ပါလား။
“ငါ့ တကယ့်ကို ကြမ်းပြီ။ ငါ အခုကို တကယ်ကြမ်းပြီကွ။”
…
“ဘာ”
ရီရှင်းချန်က ပြောလိုက်သည်။ “အိုးကြီးကို အဆင့်မြှင့်တင်လိုက်တယ်ဟုတ်လား။”
“ဟုတ်တယ်။”
ရှောင်ကျီက ခေါင်းညိတ်လိုက်သည်။
ရွှီး ….
ရီရှင်းချန်သည် ချက်ချင်းပဲ အဓိကတောင်ထွတ်ဆီသို့ သွားကာ ကျွင်းချောင်ရှောင်းအား ရှာဖွေတော့၏။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ် .. တပည့်ရဲ့ နတ်ဘုရားလက်နက်ကိုလည်း အဆင့်မြှင့်တင်ပေးနိုင်မလား။”
သူသည် အလွန်တရာ ဂုဏ်ရှိန်ဝင့်ထည်လှသည့် လူတစ်ယောက်ဖြစ်သောကြောင့် တိုက်ခိုက်သည့် အချိန်၌ ဝိုင်ဂျားကြီးအား ကိုင်ကာ တိုက်ခိုက်ရခြင်းသည် သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့၏။ ထို့ကြောင့် ရှောင်ကျီတောင် ပြောင်းလဲနိုင်သည်ဆိုလျှင် သူသည်လည်း ထိုအရာကို ပြောင်းလဲပစ်ချင်မိ၏။
“စိတ်မပူနဲ့။ စိတ်မပူနဲ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟောခန်းသခင်ဖန်းက အခု အဆင့်မြှင့်တင်ပေးနေတယ်။”
ပြီးသည့်နောက်မှာတော့ အားညိုသည် စောင့်မျှော်ရုံသာ တတ်နိုင်တော့၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ တော့ သူသည် ပန်းပဲဟောခန်း၏ အရှေ့၌ တုံတိဘာဝပုံစံအမူအရာမျိုးနှင့်မတ်တပ်ရပ်လျက်ရှိနေ၏။
အဘယ့်ကြောင့်ဆိုသော် သူ၏ ဝိုင်ဂျားကြီးသည် အဆင့်မြှင့်တင်ပြီးသည့်နောက်မှာတော့ ဝိုင်ထည့်သည့် ဘူးသီးခြောက် တစ်ခု၏ ပုံပန်းသွင်ပြင်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ချီးတဲ့မှ … ဘယ်လိုဖြစ်ပြီးတော့ ငါ့ရဲ့ နတ်ဘုရားလက်နက်က ဒီ အရက်ထည့်တဲ့အရာအဖြစ်ကနေ ကွဲထွက်ပြီး မသွားရတာလဲ။”
“အားညို”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “မင်းရဲ့ နတ်ဘုရားလက်နက်ကို ခရမ်းရွှေနီဘူးသီးခြောက်လို့ခေါ်တယ်။ ဒါက ကွမ်းလုံတောင်တန်းရဲ့ တောင်ခြေမှာ ရှိတဲ့ နတ်ဘုရားသွေးကြော ကနေပြီးတော့ ဖန်တီးထုတ်လုပ်ထားတာလေ။ ပြိုင်စံရှားဂိုဏ်းရဲ့ ရှေးဘိုးဘေးတွေ အစဉ်အဆက် ကိုင်စွဲလာခဲ့တဲ့ လက်နက်ပဲ။ ဒီတော့ မင်းအနေနဲ့ ဒါကို ဂုဏ်သိက္ခာရှိရှိနဲ့ ကိုင်နိုင်တယ်။”
“……”
ရီရှင်းချန်၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ယင်နေ၏။
“ဂိုဏ်းချုပ် ဒါကြီးက အဖြူရောင်ကြီးလေ။ ဘယ်လိုဖြစ်ပြီး ခရမ်းရွှေနီဘူုးဖြစ်ရတာလဲ”
“ဟုတ်တယ်။ နှစ်တွေကြာသွားတော့ အရောင်ဖျော့သွားတာပေါ့ကွာ။” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ရှင်းပြလိုက်သည်။
“……..”
ရီရှင်းချန်သည် နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။ သို့ပေမဲ့ ထိုလက်နက်၏ အားအင်ကို စမ်းသပ်ပြီးသည့်နောက်မှာတော့ အလွန်အားကောင်းသည်ဟူသော အမူအရာမျိုးသည် သူ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့တော့၏။
ရှောင်ကျီနှင့် ဖေးညိုတို့၏ နတ်ဘုရားလက်နက်သည် အဆင့်ပြန်လည်မြှင့်တင်ပြီး ဖြစ်နေတော့၏။ ထို့အပြင် ပုံပန်း သွင်ပြင်များသည်လည်း ပြောင်းလဲသွားခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဟာသပြုလုပ်စရာ ပုံပန်းသွင်ပြင်မျိုးတော့ မဟုတ်ကြတော့ချေ။
သို့ပေမဲ့ ဖန်းရီကျိသည် လီချင်းယန်၏ မိုးကြိုးဓားအား အဆင့်မြှင့်တင်လိုက်သည့်အချိန်မှာတော့ ပုံပန်းသွင်ပြင်သည် အရင်ကနှင့် တစ်ပုံစံတည်းပင်ဖြစ်နေ၏။ အားအင်အဆင့်သည်သာ တိုးပွားသွားခဲ့သည်။
“အင်း”
စနစ်က သက်ပြင်းချလိုက်၏။ “ကြည့်ရတာ ဂိုဏ်းထဲမှာ ဒုတိယတပည့်တစ်ယောက်ကပဲ သာမန်ဖြစ်နေတာကိုး။ ကျန်တဲ့ကောင်တွေက တလွဲတွေကြီးပဲ။ လက်ခံသူကတော့ အဆိုးဆိုးပေါ့”
………
အဆုံးအစမဲ့သော စကြဝဠာကြီးထဲမှာတော့ စကြဝဠာလူဆိုးကြီးငါးဦး ပျောက်ဆုံးနေမှုကြောင့် စုံစမ်းရန် တာဝန်ရှိထားသော စွမ်းအားမြင့်ကျင့်ကြံသူများသည် သင်္ဘောကြီးနှင့်အတူ ၎င်းတို့၏ ခရီးစဉ်ကို စတင်ကြပြီ ဖြစ်သည်။