အခန်း (၁၁၈၇)
Vol. 80 Ch. 1187
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စည်းကမ်းအရဆိုလျှင် ဒုတိယအဆင့်ဂိုဏ်းတစ်ခု၏နောက်တွင် နတ်ဂိုဏ်း ဆိုသည့် စာလုံးအား ထည့်သွင်းရ၏။
လိုင်လီနတ်ဂိုဏ်းနှင့် လောကပုန်ကန်နတ်ဂိုဏ်းဆိုသည့်အရာများကို ဥပမာထား၍ ကြည့်ရှုမည်ဆိုလျှင် သိသာနိုင်၏။ ယခု ဂိုဏ်းအသိအမှတ်ပြု အောင်မြင်သွားခဲ့ပြီဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်း သည် ဒုတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်သွားပြီ ဖြစ်ပြီး ပြိုင်စံရှားနတ်ဂိုဏ်းဟု ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကိစ္စ မရှိပေ။ ဂိုဏ်း၏နာမည်ဆိုသည်မှာ အရေးကြီးသည့်အရာတော့ မဟုတ်ပေ။ အဓိကအားဖြင့် ဂိုဏ်းထဲတွင်ရှိသော ဂိုဏ်းသားများ၏ အရည်အသွေးကသည်သာ အရေးကြီးဆုံး ဖြစ်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ရီထျန်းချန်က ပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းက ဒုတိယအဆင့် ဂိုဏ်းတစ်ခု ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်။ ကျုပ် ပြန်သွားပြီဆိုတာနဲ့ ဂိုဏ်းအသိအမှတ်ပြုဟောခန်းအနေနဲ့ အားလုံးသောသူတွေ သိအောင်လို့ သတင်းထုတ်ပြန်ပေးမယ်”
“ကျေးဇူးပါပဲ ဟောခန်းသခင်” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြုံး၍ ပြောလိုက်၏။
“နှုတ်ဆက်ပါတယ်”
“နှုတ်ဆက်ပါတယ်”
ရီထျန်းချန် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မူချန်းဟုန်နှင့် စစ်တုဟောင်ယွင်တို့ကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့က ကံကြမ္မာအလှည့်အပြောင်းကို မြင်ပြီးသွားပြီ။ ဒီတော့ ညစာ ထပ်စားမှာတော့ မဟုတ်ဘူးမို့လား”
“ဂိုဏ်းချုပ်ကျွင်းက ကျုပ်တို့ကို ညစာစားဖို့ နေစေချင်တယ်ဆိုတော့လည်း လက်ခံရမှာပေါ့”
“ခင်ဗျားတို့နှစ်ယောက် ဒီလောက် စားချင်နေမှာတော့ စားကြဗျာ”
“ကောင်းပြီ”
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ကြင်နာတတ်တာပဲ”
.....................
အရှေ့တောင်ရန်ကျူးတွင် ပထမဦးဆုံး ဖြစ်တည်ခဲ့သော ဒုတိယအဆင့် ဂိုဏ်းတစ်ခု ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ကျိန်းသေပေါက် အောင်ပွဲခံရမည် ဖြစ်တော့၏။ ထို့ကြောင့် သူသည် စားသောက်ခန်းအား ဖြစ်နိုင်သမျှ အမြန်ဆုံး ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ရန် အမိန့်ပေးလိုက်တော့၏။
ထိုအရာကို ကြားပြီးသည့်နောက် ရီရှင်းချန်၏ မျက်ခုံးများသည် တဆတ်ဆတ်နှင့် တုန်ခါလျက် ရှိနေတော့၏။ ဂိုဏ်းအနေနှင့် ဂုဏ်ပြုပွဲပြုလုပ်သည့်အခါတိုင်းတွင် သူသည် အရှက်ကွဲလျက် ရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့် ဂုဏ်ပြုပွဲဆိုသည်နှင့် စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။
“ငါသောက်လို့ မဖြစ်ဘူး။ ငါလုံးဝ သောက်လို့ မဖြစ်ဘူး”
ရီရှင်းချန်သည် သူ၏စိတ်ကို ကျိန်းသေပေါက် သန္နိဋ္ဌာန်ချလျက် ရှိနေတော့၏။ သို့ပေမဲ့ ပွဲစသည်ဆိုသည်နှင့် တပြိုင်နက် လန်ကောင်းသည် သူအဆင့်မြှင့်တင်ထားသော အရက်မူးအိမ်မက်ဝိုင်အား စတင်ကာ မိတ်ဆက်ပေး တော့၏။ ဤအရာသည် ကောင်းကင်နှင့်မြေကြီးအတွင်းတွင်ရှိသော ဓာတ်သဘာဝများကို စုပ်ယူရာတွင် ပိုမို အားကောင်းပြီး ပိုမိုနားလည်နိုင်စွမ်းရှိလာသည်ကို သိရှိပြီးသည့်နောက်မှာတော့ ရီရှင်းချန်၏ သန္နိဋ္ဌာန်သည် ပြိုလဲ သွားခဲ့တော့၏။
“လာခဲ့”
စုရှောင်မိုသည် လက်ထဲတွင်ရှိနေသော ခွက်ကို မြှောက်ကာဖြင့် သူရဲကောင်းဆန်ဆန် ပြောလိုက်၏။
အားညိုသည် ၎င်း၏စိတ်ကို လွှတ်ပေးလိုက်ပြီဖြစ်သောကြောင့် ကျိန်းသေပေါက် လီဖေးနှင့်ပြိုင်ကာ သောက်သုံး တော့မည် ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် အရက်သောက်သည့်နေရာတွင် ကျိန်းသေပေါက် ရန်သူများ ကဲ့သို့ပင် သတ်မှတ်ထားကြသည်။
“အကြီးအကဲကျန်း”
အဝေးတစ်နေရာတွင် ထိုင်လျက်ရှိနေသော လျှိုဝမ်ရှစ်သည် ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ အလောတကြီးဖြင့် မေးလိုက်မိ၏။ “အစီအရင်တွေ ဖန်တီးပြီးပြီလား”
“ဖန်တီးပြီးသွားပြီလေ” ကျန်းတယ်ကျွင်းက ပြောလိုက်သည်။
သူ့အနေနှင့် အဘယ်ကြောင့် ဤကဲ့သို့ ခိုင်ခိုင်မာမာ နှင့်ပြောဆိုနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ပေးထားသည့် အစီအရင် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီးသည့်နောက် သူသည် အစီအရင်သူတော်စင်အဆင့်ဆီသို့ပင် ရောက်ရှိနေခဲ့၏။
ရှေးအစီအရင်အင်ပါယာ သေဆုံးပြီးသည့်နောက်မှာတော့ ဤကဲ့သို့ အစီအရင် သူတော်စင်တစ်ယောက် သည် ပြိုင်စံရှားဂိုဏ်းထဲတွင် တည်ရှိနေလိမ့်မည်ဟု မူချန်းဟုန်နှင့် စစ်တုဟောင်ယွင်တို့သည် အိမ်မက်ပင် မက်မိ လိမ့်မည် မဟုတ်ချေ။
...............
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “အားလုံးပဲ ကျုပ်တို့ဂိုဏ်း ဒုတိယအဆင့်ဂိုဏ်းအနေနဲ့ အဆင့်တိုးမြှင့်ခံရတဲ့နောက် အောင်ပွဲအခမ်းအနားအတွက် တစ်ခွက်လောက် တူတူသောက်ကြရအောင်”
တပည့်များ အားလုံးသည် ခွက်ကိုမြှောက်ကာဖြင့် အရက်မူးအိမ်မက်ဝိုင်အား တစ်ခါတည်း မော့သောက်လိုက်တော့သည်။
ပြောနေစရာမလိုပေ။ လန်ကောင်းအဆင့်မြှင့်တင်ထားပြီးသည့်နောက်မှာတော့ ဝိုင်၏ အားကောင်းမှုသည် ပိုမိုကာ တိုးတက်လာသည်သာမက ဝိုင်၏ အားအင်အဆင့်ကလည်း ပိုမိုကာ တိုးတက်လာခဲ့၏။ ထို့ကြောင့် အရက်ကို သောက်လေ့သောက်ထမရှိသော တပည့်များအားလုံးသည် တစ်ခွက်သောက်ပြီးသည်နှင့်တပြိုင်နက် တစ်ခါတည်း သတိလစ်မေ့မျောသွားခဲ့ကြ၏။
ရုတ်တရက် တစ်စုံတစ်ခု လဲပြိုသည့်အသံ ထွက်ပေါ်လာခဲ့သည်။ အားလုံး ခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ စားပွဲခုံ၏အောက်တွင် လဲလျောင်းလျက်ရှိသော ရီရှင်းချန်အား မြင်လိုက်ရတော့သည်။
စုရှောင်မို “....”
လီချင်းယန် “...”
လန်ကောင်း၏ မျက်နှာကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ခါလျက် ရှိနေ၏။ “ဒီလောက်လေးသောက်တာနဲ့ တစ်ခါတည်း မှောက်သွားတာလား”
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “ဒီကောင့်ကို ပြန်ခေါ်သွားတော့”
“ကောင်းပါပြီ ဂိုဏ်းချုပ်” ရှောင်ကျီသည် အသာလျှောက်ပြီးသည့်နောက်မှာတော့ အရက်မူးလျက်ရှိသော ရီရှင်းချန် အား ထမ်းပိုးလိုက်၏။
လီချင်းယန်သည်လည်း စိတ်လက်ပူပင်စွာဖြင့် ထွက်လာခဲ့ကြ၏။ ဂျူနီယာညီလေးရီသည် သူ၏ အခန်းဆီသို့ မပြန်ဘဲ တခြားနေရာဆီသို့ သွား၍ မူးကာ အိပ်နေမည်ကို စိုးရိမ်သောကြောင့် သူကိုယ်တိုင် လိုက်ပို့ခြင်းပင် ဖြစ်တော့သည်။
သို့ပေမဲ့ အဆောင်၏ တည်နေရာထဲကို ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် ရုတ်တရက် မျက်လုံးများ ပွင့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ ပြန်တော့”
“............” လီချင်းယန်နှင့် ရှောင်ကျီတို့သည် ဆွံ့အသွားခဲ့၏။ ကြည်လင်ရှင်းလင်းပြီး အေးစက်လှသည့် မျက်လုံးအကြည့်များ ကို မြင်ရသည့်အချိန်မှာတော့ အရက်နံ့ နံနေသည်မှလွဲလျှင် ဂျူနီယာညီလေးရီသည် လုံးဝ မမူးသေးကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။
“ဂျူနီယာညီလေးရီ… အများကြီးသောက်တာ မဟုတ်ဘူးမို့လား”
“မဟုတ်ဘူး” ရီရှင်းချန်က ခပ်တည်တည်ဖြင့် ပြောလိုက်၏။ ပြီးသည့်နောက်မှာတော့ လှည့်ကာ ထွက်ခွာသွားခဲ့ သည်။ သူ၏ခြေလှမ်းများကို ကြည့်ရှုမည်ဆိုလျှင် သူသည် အရက်မမူးကြောင်း သိရှိနိုင်၏။
“ဒါက” ရှောင်ကျီသည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေသည်။
လီချင်းယန်က ပြုံးလိုက်မိ၏။ “ဂျူနီယာညီလေးရီက ပြောင်းလဲသွားပြီ။ သူက တကယ့်ကို လူလည် ဖြစ်နေပြီပဲ”
ရီရှင်းချန်သည် အရက်မူးဟန်ဆောင်ခဲ့သည် ဖြစ်ကြောင်း သူတို့ အကြမ်းဖျင်း နားလည်သွားခဲ့ကြတော့သည်။
မှန်ပေသည်။ အားညိုသည် အရက်မူးဟန် ဟန်ဆောင်ခဲ့ခြင်းပင်ဖြစ်၏။ အဆင့်မြှင့်တင်ထားသော အရက်မူး အိမ်မက်ဝိုင်အား သောက်သုံးပြီးသည့်နောက်မှာတော့ ထိုအရာသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည့် နေရာတွင် ပိုမိုအားကောင်းသည်ဖြစ်ကြောင်းကို သူသိရှိပြီးဖြစ်နေ၏။ ထို့ကြောင့် အခွင့်အရေးကို အရယူကာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ကြံစည်ခဲ့ခြင်းပင် ဖြစ်တော့၏။
သူ၏အခန်းဆီမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ရှိရာသို့ ဦးတည်သွားခဲ့တော့သည်။
အရက်မူးအိမ်မက်ဝိုင်၏ အစွမ်းသက်ရောက်မှု အောက်မှာတော့ ကောင်းကင်နှင့်မြေကြီး အတွင်းတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်မှုသည် ပိုမိုကာ တိုးတက်လာခဲ့၏။ ထို့ကြောင့် သူသည် ပိုမိုအားကောင်းလာရန် အလို့ငှာ ဤအစီအရင်ထဲတွင် တစ်ညလုံး အချိန်ဖြုန်းရန် စဉ်းစားထားခဲ့၏။
သို့ပေမဲ့ ဤနေရာတွင် မတော်တဆမှုတစ်ခုက ဖြစ်ပွားခဲ့သည်။ ရီရှင်းချန်သည် တစ်နာရီကြာ လေ့ကျင့်ပြီးသည့်နောက် သူ၏ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေသော အရက်မူးအိမ်မက် ဝိုင်၏ အစွမ်းသက်ရောက်မှုများ သည် ရုတ်တရက် ပြန်လည် နိုးထလာခဲ့၏။ အရက်ဓာတ်များသည် လှိုင်းကဲ့သို့ပင် တလိပ်လိပ် တက်လာပြီးသည့်နောက် သူ၏ သိစိတ်ပင်လယ်ထဲသို့ တိုးဝင်ကာ သူ့အား သတိလစ် မေ့မျောသွားစေ ခဲ့တော့သည်။
..................
“လာစမ်း လာစမ်း ဒီဝိုင်တစ်ခွက်ကို အပြီးသောက်လိုက်ရအောင်”
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ မီးပုံကြီး ထွန်းလင်းလျက် ရှိနေ၏။ တပည့်များအားလုံးသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် သောက်စားလျက် ရှိနေသည်။
အမြဲတမ်း သီးသန့်နေတတ်သည်ဖြစ်သော လုချင်းချင်းပင်လျှင် လျှိုဝမ်ရှစ်နှင့် ယောင်မုန့်ယဉ်တို့ အတင်းဆွဲခေါ်လာသော ကြောင့် ဤနေရာတွင်ထိုင်ကာ ဝိုင်တစ်ခွက်ကို ဇိမ်ကျကျနှင့် သောက်လျက် ရှိနေ၏။
.................
ကျွီ
ညရောက်သည့်အချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ဖြည်းညှင်းစွာဖြင့် သူ၏အခန်းတံခါးအား ဖွင့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဖျက်ဆီး၍ မရနိုင်သော ၎င်း၏ ဝတ်စုံအား အသာချွတ်ပြီးသည့်နောက်မှာတော့ အိပ်ယာ ပေါ်သို့ ကျောဆန့်လိုက်တော့သည်။
သူသည် သားရဲမျိုးနွယ်တစ်ယောက် ဖြစ်သောကြောင့် လူသားတို့ သောက်တတ်သည့် ဝိုင်များနှင့်ပတ်သက်၍ သိပ်မကြိုက်ချေ။ သို့ပေမဲ့ ပွဲလုပ်သည် ဖြစ်သောကြောင့် ယနေ့တွင် တော်တော်သောက်သုံးလာခဲ့မိသည်။ ထို့အပြင် စုရှောင်မို၊ လီဖေးနှင့် တခြားသူများနှင့် အတူတူ မီးပုံကြီး၏ရှေ့၌ အတူတူသောက်စား၍ ကခုန်ခဲ့သေး၏။
“ဒီကောင်လေးတွေ ငါနဲ့များ လာယှဉ်ပြီးတော့ အရက်သောက်နေသေးတယ်။ တကယ့်ကောင်တွေပဲ”
ခရမ်းရောင် ဘုရင်သည် တီးတိုး ရေရွတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အမှတ်မထင်ဖြင့် သူ၏လည်ပင်းပေါ်သို့ ရောက်လာသောအရာအား အသာဆွဲဖယ်လိုက်မိ၏။ “ဘာကြီးလဲ။ လက်ကြီးပါလား”
ရွှီး …။
ခရမ်းရောင်ဘုရင်သည် ချက်ချင်း ထထိုင်လိုက်ပြီးသည့်နောက်မှာတော့ သူ၏ ဝေဝါးလျက်ရှိနေသော အမြင်အာရုံ များကို ကြည်လင်အောင် ကြိုးစားလိုက်တော့သည်။
ပြီးသည့်နောက်မှာတော့ သူ၏ အိပ်ယာဘေးတွင် တစ်စုံတစ်ယောက်လဲလျောင်းနေသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ သူ၏ မူးနေသော စိတ်များသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ရုတ်တရက်ထကာ အော်လိုက်တော့၏။ “ဘယ်ကောင် ငါ့အိပ်ရာမှာ လာအိပ်နေတာလဲကွ”
………………
တပည့်များ နားနေရာ အိပ်ခန်းမှာတော့ အဝတ်များချွတ်ကာဖြင့် အိပ်ရန်ပြင်လျက်ရှိနေသော လီချင်းယန်သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်လိုက်သည့်အချိန်မှာတော့ ဂျူနီယာညီလေးရီသည် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ထဲတွင် မရှိတော့ကြောင်းကို မြင်လိုက်ရ၏။ သူသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဂျူနီယာညီလေးရီ ဘယ်ရောက်သွားတာလဲ”
“မကောင်းတော့ဘူး”
စုရှောင်မို၏ အသံသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာသည်။ “ဒုတိယစီနီယာအစ်ကို... ဂျူနီယာညီလေးရီ မရှိတော့ဘူး”
ကျွီ
လီချင်းယန်သည် ချက်ချင်းပဲ သူ၏အခန်းထဲမှ လျှောက်ထွက်လာပြီးနောက် ပြောလိုက်သည်။ “မြန်မြန်၊ မြန်မြန် မွေးမြူရေးခြံတွေဘက်ကို သွားကြည့်တော့”
“ကောင်းပါပြီ”
ရွှီး ရွှီး
ထိုအချိန်မှာတော့ လီဖေး၊ ထျန်းချီ၊ လုံကျိရန်နှင့် တခြားသောသူများ အားလုံးသည်လည်း အလန့်တကြား ဖြစ်သွားကြ၏။ ၎င်းတို့၏ အတွေ့အကြုံအရ အားလုံးသောသူတို့သည် မွေးမြူရေးခြံဆီသို့ ဦးတည်ကာ ပြေးကြ တော့၏။
သို့ပေမဲ့ စိတ်ဝိညာဉ်သားရဲတောင်ထွတ်ဆီသို့ ဖြတ်သန်းသွားသည့်အချိန်မှာတော့ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လူတစ်ယောက်သည် ၎င်းတို့၏အရှေ့ တည်နေရာရှိရာသို့ ဘုန်းကနဲ ပြုတ်ကျလာသည်ကို မြင်လိုက်ရ၏။ အားလုံးသည် သေသေချာချာ ကြည့်ရှု လိုက်သည့်အချိန်မှာတော့ သူတို့ရှာဖွေလျက်ရှိနေသည့် ရီရှင်းချန် ဖြစ်ကြောင်းကို သိရှိလိုက်ကြသည်။
“ချီးတဲ့မှ”
စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် ခါးထောက် ကာဖြင့် အော်ဟစ်လျက် ရှိနေသည်။ “ဘာလို့ ဒီဟောခန်းသခင်ရဲ့ အိပ်ရာထဲ ညနက်သန်းခေါင်ကြီး လာအိပ် နေရတာလဲ။ ဒီကောင် နှာဗူးလားကွ”
“.........”
အားလုံး၏ အမူအရာများသည် နဝေတိမ်တောင်နှင့် ဖြစ်သွားကြ၏။