← Chapters

အခန်း (၁၁၈၈)

Vol. 80 Ch. 1188

အခန်း (၁၁၈၈)

Vol. 80 Ch. 1188

နောက်တစ်ရက်မှာတော့ ရီရှင်းချန်သည် သူ့ကိုယ်သူ သူ၏အခန်းထဲတွင် သော့ခတ်လျက် ထိုင်နေမိ၏။ အရက်မူးအိပ်မက်ဝိုင်၏ ထောက်ပံ့မှုရှိသည်ဆိုလျှင်တောင်မှ သူသည် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲတွင် ကောင်းကောင်းမွန်မွန် မလေ့ကျင့်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အပြင်ထွက်ရမည်ကို ရှက်ရွံ့လွန်းသောကြောင့် ဖြစ်သည်။

“အင်း”

မနေ့တုန်းက ရီရှင်းချန်သည် ခရမ်းရောင်ဘုရင်၏ အခန်းထဲသို့ သွားကာ အိပ်ခဲ့ကြောင်းသိရှိပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါ့တပည့်ကတော့ အရက်မူးပြီးတဲ့ အချိန်မှာ ကိုယ့်အိပ်ယာမှာ မအိပ်တတ်တဲ့အကျင့် ဘယ်တော့များမှ ပျောက်မှာပါလိမ့်”

ရီရှင်းချန်သည်လည်း အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိနေသည်။ သူသည် ယခင်ဘဝက အရက်မူးသည်အချိန်တွင် များပြားလှသော သိုင်းအင်ပါယာများကို စိန်ခေါ်တိုက်ခိုက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အဘယ်ကြောင့် အရက်မူးသည့်အချိန်တွင် တွေ့ကရာ နေရာသို့သွား၍ အိပ်မောကျတတ်သည့် အလေ့အကျင့် တစ်ခု ဖြစ်လာရသနည်း။

“ဒါ ငါမဟုတ်ဘူး။ ကျိန်းသေပေါက် ငါမဟုတ်ဘူး။ ငါဝင်စီးထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က ဒီလိုအကျင့်မျိုး ရှိနေတာပဲ ဖြစ်ရမယ်” ရီရှင်းချန်သည် သူ၏ဆံပင်များကိုဆောင့်ဆွဲကာဖြင့် စိတ်ထဲမှာ အားရပါးရ အော်ဟစ်လျက် ရှိနေသည်။

သူ့အနေနှင့် သေဆုံးသွားပြီဖြစ်သော ဖေးအားညိုကိုပင် အပြစ်တင်လျက် ရှိနေသေးသည်။ တကယ်တမ်းမှာလည်း ရီရှင်းချန် ခန့်မှန်းထားသည်မှာ အမှန်ပင် ဖြစ်တော့၏။ ဤခန္ဓာကိုယ်၏ မူလဝိညာဉ်ပိုင်ရှင်သည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ၎င်း၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မရယူခဲ့သည့်အတွက် အပြစ်ပေးသည့်အနေနှင့် ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

သိုင်းပညာဆိုသည်ကိုသာ လေးစားမှုရှိသည့် ဤလောကကြီးထဲတွင် ဝဋ်ဆိုသည့်အရာမှာလည်း တည်ရှိနေသေး၏။ ဝဋ်လည်ခြင်းဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့်အရာပင် ဖြစ်ပေလိမ့်မည်။ ဘာပဲပြောပြော ရီရှင်းချန်အတွက် ထိုအရာသည် ထိုက်တန်သည်ဟုပင် ဆိုရမည် ဖြစ်၏။

................

အပြင်လောကတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် မနက်စောစောတွင် ဂိုဏ်းအသိအမှတ်ပြုဗဟို၏ ဌာနချုပ်မှ ပြိုင်စံရှားဂိုဏ်းသည် ဒုတိယအဆင့်ဂိုဏ်းတစ်ခု ဖြစ်သွားပြီဖြစ်ကြောင်း သတင်းထုတ်ဖော်ခဲ့တော့၏။ ထိုသတင်းသည် အရှေ့တောင်ရန်ကျူးတွင်ရှိသော နိုင်ငံ အသီးသီးဆီသို့ ပျံ့နှံ့သွားခဲ့တော့သည်။

“ကောင်းကင်ဘုံ.... သူတို့ရဲ့အဆင့်တက်နှုန်းက အရမ်းကို မြန်လွန်းတာပဲ”

“ဘာမှန်းမသိတဲ့ ဂိုဏ်းတစ်ခုကနေပြီးတော့ ဒုတိယအဆင့်ဂိုဏ်းတစ်ခုအဖြစ်ရောက်ဖို့ ဆယ်နှစ်လောက်ပဲ ကြာတယ်တဲ့”

“မဟုတ်ဘူး။ အများဆုံးဆိုရင် ခြောက်နှစ်၊ ခုနှစ်လောက်ပဲ ရှိတယ်”

“ပြိုင်စံရှားဂိုဏ်းက ကျုပ်တို့ အရှေ့တောင်ရန်ကျူးရဲ့ ဂုဏ်ယူရတဲ့အရာတစ်ခု ဖြစ်လာခဲ့တာပဲ”

“ဘာ ပြိုင်စံရှားဂိုဏ်းလဲ။ အခု ပြိုင်စံရှားနတ်ဂိုဏ်းလို့ ခေါ်ရတော့မှာလေ”

“ဟုတ်တယ်၊ ဟုတ်တယ်”

ပြိုင်စံရှားဂိုဏ်းသည် ဒုတိယအဆင့်ဂိုဏ်းတစ်ခုဆီသို့ အဆင့်တိုးမြှင့်ပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအကြောင်းအရာကိုသော ဆွေးနွေးလျက် ရှိနေကြ၏။ တစ်နေ့လုံးလုံး ဤအကြောင်းအရာကို ပြောဆိုရင်းနှင့်သာ အချိန်ကုန်လျက် ရှိနေကြ၏။ တခြားသောမြို့နှင့် နယ်များတွင် ရှိနေကြသော ဂိုဏ်းအသိအမှတ်ပြုဟောခန်းများသည်လည်း ရက်အနည်းငယ်အတွင်းတွင် ထိုသတင်းကို ရရှိခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဆက်လက်ကာ သတင်းဖြန့်ဝေပြီးသည့်နောက် ဤသတင်းသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့တော့သည်။

“ဒါက သာမန်ပဲလေ”

မြို့တော်ဝန်ဟန်သည် ထိုအကြောင်းအရာကို သိရှိပြီးသည့်နောက်မှာတော့ တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ထူးဆန်းတဲ့အကြောင်းအရာ ဘာမှမရှိဘူး”

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ကြုံခဲ့ရသော သူ၏ အတွေ့အကြုံများအရဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် အထင်ကြီးစရာ လူတစ်ယောက်ဖြစ်ကြောင်း သူသိရှိပြီး ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုး ထိရောက်အောင် ပြုလုပ်နိုင်သည်ဆိုသည်မှာ အံ့အားသင့်စရာ ကိစ္စတော့ မဟုတ်တော့ချေ။

ထိုအချင်းအရာကို သိရှိပြီးသည့်နောက်မှာတော့ တခြားသော အဓိက ဂိုဏ်းကြီးများသည်လည်း တည်ငြိမ်အေးဆေးစွာဖြင့် ရှိနေကြ၏။ သူတို့အားလုံးသည် အနည်းငယ် ဇဝေဇဝါပင် ဖြစ်မိနေသေး၏။

ဂိုဏ်းချုပ်ကျွင်း၏ အားအင်နှင့် လုပ်ရည်ကိုင်ရည်အရဆိုလျှင် ဒုတိယအဆင့်ဆီသို့ ရောက်ရှိသည့်အချိန်သည် နှေးကွေးနေသည် ဟုပင် ခံစားမိနေကြသည်။

..............

အပြင်လောကတွင် တိုင်ပင်ဆွေးနွေးမှုများ အားလုံးသည် အချိန်အတော်ကြာမြှင့်ခဲ့တော့၏။ ဂုဏ်ပြုပွဲပြုလုပ်ပြီး သည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းရှိလူများအားလုံးသည် ပုံမှန်အတိုင်း ပြန်လည်ကာ လေ့ကျင့်ကြတော့၏။ အချိန်အနည်းငယ်ကြာ အနားယူပြီးသည့်နောက်မှာတော့ ပိုမိုကာ စိတ်အားတက်ကြွလာခဲ့ကြသည်။ ကောင်းမွန်သည့် အစားအစာများ၊ ဝိုင်များ၏ အကူအညီဖြင့် ၎င်းတို့၏ အဆင့်တက်နှုန်းသည် ပိုမိုကာ မြန်ဆန်လာ ခဲ့ကြတော့၏။

“ငါ ဘယ်အချိန်မှာ အထူးတာဝန်ကို ပြည့်စုံတော့မှာလဲ”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ကာ စဉ်းစားလျက်ရှိနေ၏။ သူ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူသည် သဘောမကျလှချေ။ သူသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ အဆင့်မြင့်ဆုံးသော သိုင်းကျင့်ကြံသူအဖြစ် ရောက်ရှိရန် မျှော်လင့်နေမိ၏။ ထို့အပြင် အဓိက တာဝန်သည် အားအကောင်းဆုံးသော ပြိုင်စံရှားဂိုဏ်းတစ်ခုကို ဖန်တီးရန်ပင် ဖြစ်တော့၏။ ထိုကဲ့သို့သော ဂိုဏ်း တစ်ခု၏ ဂိုဏ်းချုပ်အနေဖြင့် အားအကောင်းဆုံးကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်မထားပါက ယုတ္တိမတန်လှချေ။

“လက်ခံသူက အခု ပြည့်စုံတဲ့အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသွားပြီပဲ။ ဒီတော့ အထူးတာဝန်ပေါ်လာဖို့အတွက် အချိန်အနည်းငယ် ကြာမယ်နဲ့တူတယ်” စနစ်က ပြောလိုက်သည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ကြယ်ကောင်းကင်ခံတပ် ဆိုသည့်အကြောင်းကို စဉ်းစားကာ ပြောလိုက်တော့၏။ “သက်တန့်ရောင်စဉ်ကျမ်းရဲ့ ကျမ်းစာက အဲမှာရှိနေတယ် ဆိုမှတော့ တခြားကောင်းတဲ့ပစ္စည်းတွေလဲ ရှိနိုင်တယ်”

“မင်း ခုထိ ဂိုဏ်းစုဆောင်းမှတ်နှစ်သောင်းကို မမေ့သေးဘူးပေါ့” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စနစ်နှင့် တုပြိုင်၍ ငြင်းမနေချေ။ ထို့ကြောင့် အသာ ပြောလိုက်၏။ “ကျမ်းစာကို စည်းခတ်ထားနိုင်ပြီး စနစ်တောင်မှ ခိုးယူလို့ မရနိုင်ခဲ့ဘူးဆိုတော့ အထဲမှာ များပြားလှတဲ့ ကျွမ်းကျင်သူတွေ ရှိနေ နိုင်တယ်လေ။ ဒီတော့ ငါသွားမယ်ဆိုရင်တောင်မှ ခိုးဖို့က မလွယ်လောက်ဘူး”

“ချီးတဲ့မှ .. တခါတလေပဲ ဖြစ်ခဲ့တာပါ” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စနစ်၏ စွမ်းရည်နှင့်ပတ်သက်၍ အစောကြီးကတည်းက သံသယဝင်နေပြီဖြစ်သည်။ ထို့ပြင် များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုခဲ့ရသည်ဆိုသော်လည်း စနစ်သည် ဒါလေးကိုတောင်မှ မခိုးယူနိုင်ခဲ့ချေ။

“နေပါအုံး။ ငါသူခိုးအားပေးများ ဖြစ်နေပြီလား”

စနစ်သည် အထင်အမြင်သေးမှုကို လက်မခံနိုင်ချေ။ ထို့ကြောင့် လေးလေးနက်နက် လေသံဖြင့် ပြောလိုက်၏။ “လက်ခံသူ ထပ်ပြီးတော့ ဝယ်ကြည့်လိုက်လေ”

“ငါ့ဆီက နှုတ်သွားတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ ပြန်ပေးလေ။ ထပ်ဝယ်လိုက်မယ်”

“ထွေးပြီးသားတံတွေးဆိုတာ ပြန်မျိုလို့မရဘူး”

“ဒါက ပိုက်ဆံလေ။ တံတွေးမှ မဟုတ်တာ။ ပိုက်ဆံဆိုတော့ ပြန်ယူသင့်ရင် ယူရမှာပဲ”

“..........”

စနစ်က ပြောလိုက်သည်။ “တကယ့်ကို အရှက်မဲ့တဲ့ လူတစ်ယောက်ပဲ”

“အင်း.... တော်ပါတော့”

ကျွင်းချောင်ရှောင်းက ကြုံးဝါးလိုက်သည်။ “အရှက်မဲ့တာ၊ မမဲ့တာ ကိစ္စမရှိဘူး။ ငါ့အနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ သုံးပြီးတော့ ဘာပစ္စည်းမှ မရခဲ့ဘူးလေ။ ဒီတော့ ရောင်းသူတစ်ယောက်အနေနဲ့ မင်း ငါ့ကို ရှင်းပြချက် တစ်ခုခု ပေးသင့်တယ်”

“ထပ်ဝယ်လိုက်၊ ဒါကို ကျိန်းသေပေါက် ရလိမ့်မယ်” စနစ်သည် တိကျသေချာစွာ ပြောလိုက်၏။

“တော်စမ်း” ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ဂိုဏ်းစုဆောင်းမှတ် ရာဂဏန်း၊ ထောင်ဂဏန်းလောက်သာဆိုလျှင် သူ့အနေနှင့် ဤကဲ့သို့ ရင်နာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ် များက နှစ်သောင်းတောင် တည်ရှိလို့နေခဲ့၏။ ထပ်မံကာ အလိမ်ခံရမည်ဆိုပါက သူသည် မည်သည့်နေရာသို့ သွား၍ ငိုရမည်နည်းဆိုသည်ကိုပင် မသိ ဖြစ်သွားနိုင်၏။

“လူတွေကြားထဲမှာရှိနေတဲ့ ယုံကြည်မှုက ဘယ်လို ဖြစ်သွားရတာလဲ” စနစ်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် သူ၏နားထဲတွင် အသံတစ်ခုပေါ်လာသည်ကို ကြားရသည့်အချိန်မှာတော့ ရုတ်တရက် ကြောင်အသွားမိတော့၏။ “ညီငယ်လေး... စကြဝဠာအပြင်ဘက်မှာ လှေတစ်စီးပေါ်လာတယ်”

“အမ်” ကုန်းရှန့်သည် ချက်ချင်းပဲ လေးနက်သွားခဲ့၏။ စကြဝဠာလူဆိုးကြီးငါးယောက်သည် ၎င်းတို့၏ နောက်လိုက် များနှင့် ပေါ်ပေါက်လာသည့်အချိန်တွင် ဂြိုဟ်တစ်ခုလုံး အန္တရာယ်ရှိသွားနိုင်သည်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ဖြူမဲညီနောင်တို့အား အပြင်ဘက်တွင် စောင့်ကြပ်ထားရန် တာဝန်ပေးထား၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဖြူမဲညီနောင်တို့သည် သူတို့၏ဂြိုဟ်ဆီသို့ တစ်စုံတစ်ခု ချဉ်းကပ်လာသည် ဖြစ်ကြောင်းကို သတိပြုမိသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းအား လှမ်းကာသတိပေးခဲ့ခြင်းပင် ဖြစ်တော့၏။

“ခပ်ချောချောလူရဲ့ရန်သူတွေ ထပ်ပြီး ရောက်လာတာလား”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းထဲမှ ချက်ချင်းပျံထွက်သွား၏။ ပြီးသည့်နောက်မှာတော့ ရှေးရွက်သင်္ဘောကြီးကို စီးနင်းပြီး တည်နေရာ အတားအဆီးကို ကျော်ဖြတ်ကာ မဲမှောင်လျက်ရှိနေသော စကြဝဠာထဲသို့ ရောက်ရှိသွားခဲ့ တော့သည်။

သူသည် သိုင်းသူတော်စင် ပြည့်စုံသည့်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်ဆိုသော်လည်း ဤတည်နေရာဆီသို့ ရောက်ရှိရန်အတွက်တော့ ရွက်သင်္ဘောကြီးကို အားကိုးခဲ့ရ၏။ မဟုတ်ပါက စကြဝဠာ စွမ်းအင်များ၏ ဖိအားဓာတ်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဖြူမဲညီနောင်တို့သည် တည်နေရာတွင် ခပ်မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ အကြည့်များသည် တည်နေရာ တစ်ခုဆီသို့ ရောက်ရှိနေကြ၏။ ကျွင်းချောင်ရှောင်းသည် လှမ်း၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အဝေး တစ်နေရာတွင် အလင်းစက်လေးတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။ ပထမတုန်းက ထိုအလင်းစက်လေးသည် သေးကွေးလှသည်ဆိုသော်လည်း တဖြည်းဖြည်းနှင့် ပိုမိုတောက်ပကာ ကြီးမားလာခဲ့တော့၏။

“ညီငယ်လေး”

အဖြူရောင်နတ်ဆိုးသည် ၎င်း၏အားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံ ဖြန့်ကျက်ကာဖြင့် ပြောလိုက်မိ၏။ “ဒီရွက်သင်္ဘောက နည်းနည်းသေးတယ်။ လူနှစ်ယောက်ပဲပါတာ”

“သူတို့က ဘယ်လောက်အားကောင်းလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “နှစ်ယောက်လုံးက ခပ်ချောချောလူထက်ပိုပြီးတော့ သန်မာကြတယ်လေ”

ကြယ်နှင်ဘုရင်သည် သေဆုံးသွားခဲ့သည်ဆိုသော်လည်း ကျိန်းသေပေါက် ပျော်ရွှင်နေပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် သူသည် သေဆုံးခဲ့သည်ဆိုသော်လည်း အချိန်တိုင်းဆိုသလိုပဲ တခြားသောသူများ၏ နှိုင်းယှဉ်၍ စံနမူနာအဖြစ် ဥပမာပေးခြင်းကို ခံနေရသည် မဟုတ်ပါလား။

“သူတို့က ဘယ်သူတွေလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

အဖြူရောင်နတ်ဆိုးက ပြောလိုက်၏။ “ဒီရွက်သင်္ဘောပေါ်မှာ ကြယ်ကောင်းကင်ခံတပ်ဆိုတဲ့ စာတမ်းကို ရေးထိုး ထားတယ်လေ”

“ကြယ်ကောင်းကင်ခံတပ် ဟုတ်လား” ကျွင်းချောင်ရှောင်း၏ အမူအရာများသည် လေးနက်သွားခဲ့၏။ အသားမဲမဲနှင့် ခပ်တောင့်တောင့်လူပြောသလိုပင် ၎င်းတို့ငါးယောက်သည် ကြယ်ကောင်းကင်ခံတပ်၏ ဒုတိယ တန်းစားဧည့်သည်များ ဖြစ်ကြပြီး ကြယ်ကောင်းကင်ခံတပ်၏ ကာကွယ်ခြင်းကိုလည်း ခံထားရသည်။ ယခု နှစ်ယောက် သတ်ဖြတ်ခံရပြီး သုံးယောက်မှာ ဖမ်းဆီးခံရသည်ဖြစ်သောကြောင့် အကူအညီများ ရောက်ရှိလာခဲ့ခြင်း ဖြစ်နေသည်လား။

ဝှစ်

ထိုအချိန်မှာပဲ ခံတပ်၏ ရွက်သင်္ဘောကြီးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့၏။ ပြီးသည့်နောက် တည်နေရာတစ်ခုသို့ ရောက်ရှိချိန်မှာတော့ ရပ်တန့်လိုက်၏။ အလွန်အားကောင်းလွန်းလှသော အော်ရာများ ထွက်ပေါ်နေသည့် စွမ်းအားမြင့် ကျွမ်းကျင်သူများသည် အံ့အားတသင့်ဖြင့် ဖြစ်နေကြ၏။ ၎င်းတို့၏ ရှေ့တွင် အဆင့်နိမ့်ဂြိုဟ်တစ်ခု တည်ရှိနေသည်ဆိုသော်လည်း ထိုအဆင့်နိမ့်ဂြိုဟ်၏အပြင်ဘက်တွင်တော့ အလွန် အဆင့်အတန်းမြင့်လွန်းလှသော ရွက်သင်္ဘောကြီးတစ်စင်းသည် တည်ရှိလို့နေခဲ့၏။ ထိုအရာသည် မမျှော်လင့်ထား သည့်ကိစ္စပင် ဖြစ်တော့သည်။

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းက ကျယ်လောင်စွာ အော်ပြောလိုက်တော့၏။ “ကြယ်ကြွေကုန်းမြေ တိုက်ကြီးကို ဘာလာလုပ်တာလဲ”

ပိုမိုအားကောင်းသည့်အဆင့်နှင့် အသက်ကြီးကြီး အဘိုးအိုသည် ထူးမခြားနားသလို ပြောလိုက်၏။ “မင်းကကော ဘယ်သူလဲ”

“ကျုပ်က”

ကျွင်းချောင်ရှောင်းသည် မူလအားဖြင့် သူ့ဂိုဏ်း၏နာမည်ကို ထုတ်ဖော်ပြောရန် ပြင်လိုက်၏။ သို့ပေမဲ့ ဤအရာသည် ကြီးမားလှသည့် ခံစားချက်များကို မရရှိစေနိုင်ကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် သူသည် စကားကို ပြောင်းကာ ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့သခင် ကျွင်းချောင်ရှောင်းပဲ”

All Chapters