← Chapters

အခန်း (၁၁၉၀)

Vol. 80 Ch. 1190

အခန်း (၁၁၉၀)

Vol. 80 Ch. 1190

ကျိုးဒူဒူသည် တကယ့်ကို အတွေ့အကြုံကြီးလှသော အကျဉ်းသားတစ်ယောက်ပင် ဖြစ်တော့၏။ သူသည် ပြိုင်စံရှားထဲ၌ ရေတွက်လို့မရအောင် များပြားလှသော အကျဉ်းသားများနှင့်အတူ ယှဉ်တွဲနေထိုင်ခဲ့ဖူး၏။ ထို့ကြောင့် ဤအကျဉ်းထောင်နှင့်ပင် အသားကျနေသည်ဟု ဆိုရမည်။

ကျွင်းချောင်ရှောင်း အနေဖြင့် သူ့အား လွှတ်ပေးလိုက် မည်ဆိုလျှင်ပင် သူသည် ထွက်ခွာသွားရန် ငြင်းပယ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် တခြားသော တစ်စုံတစ်ယောက် အယောင်ဆောင်၍ အပြင်ဘက်သို့ထွက်ကာ တခြားသူများကို လိမ်လည်သည့်အလုပ်ကို မလုပ်ချင်တော့ပေ။

ဤနေရာတွင် သူသည် ချုပ်နှောင်ခံထားရသည်ဆိုသော်လည်း အရသာရှိလှသော အစားအစာများကို နေ့စဉ် နေ့တိုင်း စားရသည့်အတွက် အလွန်တရာ ကျေနပ်နေမိတော့၏။ သူ၏ ဆောင်ပုဒ်သည် ပြိုင်စံရှားဂိုဏ်း မပျက်စီး သရွေ့ အကျဉ်းထောင်ထဲတွင် ထာဝရနေထိုင်သွားရန်ပင် ဖြစ်သည်။

သူ့အား အပြစ်တင်၍ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းထဲတွင် သာမန်လူဟူ၍ တစ်ယောက်မှ မရှိချေ။ အချုပ်သားဖြစ်သော သူသည်ပင်လျှင် သာမန်မဟုတ်ပေ။ ထို့အပြင် ကျိုးဒူဒု သည် အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုယ်သူ ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက်အဖြစ်ပင် တွေးထင်လာမိခဲ့၏။

ထောင်ထဲသို့ ရောက်လာခဲ့ကြသော အပြစ်သားများအား ဉာဏ်အလင်းပေါက်အောင် ပြောဆိုသွန်သင်ခြင်း အလုပ်ကို ပြုလုပ်ပြီးသည့်နောက်မှာတော့ တိုင်လုကဲ့သို့သောလူသည် ဒေါသတကြီးဖြင့် သူ့အား လည်ပင်းညှစ်ကာ သတ်ဖြတ်ချင်စိတ် ပေါက်နေကြောင်းကိုတော့ သူမသိရှိခဲ့ချေ။

“ခင်ဗျားတို့နှစ်ယောက်” ကျိုးဒူဒူသည် သူ၏ ထူးခြားသောစွမ်းရည်ကို အသုံးပြုကာ စတင်၍ ဆွဲဆောင်မှုကို ပြုလုပ်တော့၏။

ကျွီ

ထိုအချိန်မှာပဲ တံခါးပွင့်သွားခဲ့တော့သည်။ စိတ်လိုလက်ရဖြင့် ဉာဏ်အလင်းရရန် ကြိုးစားလျက်ရှိနေသော ကျိုးဒူဒူ သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့၏။ ထောင့်တစ်ခုဆီသို့သွား၍ ခြေချိတ်ထိုင်ကာဖြင့် အသာငြိမ်နေလိုက်သည်။

ထုံးစံအတိုင်းပင် ရှောင်ကျီသည် အခန်းထဲသို့ဝင်လာပြီး ထိုင်ခုံတစ်ခုကို ချလိုက်၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရောက်ရှိလာကာ ထိုထိုင်ခုံပေါ်တွင် ထိုင်လိုက်၏။

“ခင်ဗျားတို့က စကြဝဠာကြီးရဲ့ မိုင်ပေါင်းထောင်ကျော်ကို ခရီးနှင်လာခဲ့တာဆိုတော့ စကြဝဠာလူဆိုးကြီး ငါးယောက် အတွက် လာပြီးတော့ ကလဲ့စားချေတာလား”

“စကြဝဠာ ဟုတ်လား” ကျိုးဒူဒူသည် မျက်လုံးပြူးသွားမိ၏။

နံရံကို မျက်နှာပေးကာ ထိုင်လျက်ရှိနေသော တိုင်လု သည်ပင် အနည်းငယ်အံ့အားသင့်သွား၏။ ပြောရမည်ဆိုလျှင် ဤအသစ်ရောက်လာသော အကျဉ်းသားနှစ်ယောက် သည် သာမန်မဟုတ်သည့်လူများသာ ဖြစ်ပေလိမ့်မည်။

“..........”

အဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ မူလအားဖြင့် ၎င်းတို့သည် ကျိုးဒူဒူ၏ စကားလုံးများကို နားမထောင်ခဲ့ကြချေ။ ဘာမှမသိ၊ ဘာမှလာမမေးဟူသော စိတ်ဓာတ်ကို အခြေခံကာဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားခဲ့ကြသည့် လူများဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် ခပ်တည်တည် ပြောလိုက်တော့၏။ “ခင်ဗျားတို့နှစ်ယောက်လုံး က သိုင်းအင်ပါယာအဆင့်ဆီရောက်ဖို့ အပြင်းအထန် ကြိုးစားခဲ့ရတာ လွယ်မှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်မေးခွန်း တွေကို ကောင်းကောင်းဖြေမှ ကောင်းမယ်။ မဟုတ်ရင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတဲ့ အရာတွေ အားလုံးက သဲထဲရေသွန် ဖြစ်ကုန်လိမ့်မယ်”

ခြိမ်းခြောက်မှု၊ ဤအရာသည် အမှန်ပင် ခြိမ်းခြောက်မှု ဖြစ်တော့၏။

သို့ပေမဲ့ ကျိုးဒူဒူသည် ထိုအရာကို ကြားသည့် အချိန်မှာတော့ မျက်လုံးများ ချက်ချင်းပဲ ပြူးထွက်သွားခဲ့တော့၏။

ဘုန်းတော်ကြီးအိုတစ်ယောက်ကဲ့သို့ တန်ခိုး ကျင့်လျက်ရှိနေသော တိုင်လုပင်လျှင် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပွင့်လာခဲ့တော့သည်။ ဤလူနှစ်ယောက် သည် သိုင်းအင်ပါယာများ ဖြစ်နေသည်လား။

မဖြစ်နိုင်ပေ။ ဤအရာသည် လုံးဝ မဖြစ်နိုင်ပေ။

သိုင်းအင်ပါယာကိုးယောက်တို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး ၏ အဆုံးစွန်သော စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ကျွင်းချောင်ရှောင်းတစ်ယောက် မည်မျှပင် စွမ်းအားကြီးသည်ဆိုဆို ထိုလူတို့အား ဖမ်းချုပ်ရန် ဆိုသည်မှာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း.။

“ဟမ့်”

သက်လတ်ပိုင်းလူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကောင်လေး... မင်းလုပ်ချင်တာရှိတာကို ကြိုက်တာလုပ်လိုက်။ ငါ မျက်မှောင်တစ်ချက် ကုတ်ခဲ့မယ်ဆိုရင် ဒီနေ့ကစပြီး ငါ့ရဲ့မျိုးရိုးနာမည်ကို ပြောင်းပစ် လိုက်မယ်”

သူ၏ မျက်လုံးထဲတွင် သံမဏိကဲ့သို့ပင် ခိုင်ကျည်လှသော စိတ်ဓာတ်၏ အရှိန်အဝါများကိုပင် မြင်နေရသည်။ ဤအရာမှာ နားလည်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် သိုင်းအင်ပါယာများဆိုသည်မှာ သေမျိုးလောကတွင် ထိပ်တန်း စွမ်းအားမြင့်ကျင့်ကြံသူများ ဖြစ်နေကြသည် မဟုတ်ပါလား။ သူတို့အနေနှင့် အစစ်အမှန် ဂုဏ်ယူရလောက်သည့် စိတ်ဓာတ်များကို ပိုင်ဆိုင်ကြသည့်လူများပင် ဖြစ်တော့သည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းများသည် စကားလုံးများကို အသုံးပြု၍ အချိန်မဖြုန်းတော့ချေ။ လီချင်းယန်အား ခေါ်ယူ၍ သက်လတ်ပိုင်းလူနှင့် အဘိုးအိုတို့အား လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဆွဲခေါ်စေခဲ့၏။

“ဟင်း”

ကျိုးဒူဒူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလူတွေ တကယ့်ကို ကံဆိုးပြီပဲ”

သူ့အနေနှင့် များပြား လှသော သံမဏိကဲ့သို့ စိတ်ဓာတ်ပိုင်ရှင်များကို မြင်ဖူးခဲ့ဖူး၏။ အဆုံးသတ်မှာတော့ ဘာတစ်ခုမှ ကောင်းမွန်သွားသည့်လူဟူ၍ မရှိခဲ့ချေ။

..............

“ခင်ဗျားတို့ ကျုပ်ကို ပြောမှာလား”

“မပြောနိုင်ဘူး” လေ့ကျင့်ရေးကွင်းပြင်မှာတော့ သက်လတ်ပိုင်းလူသည် သံမဏိကဲ့သို့ မာကျောလှသည့် စိတ်ဓာတ်ကို ထုတ်ဖော်ပြသကာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနိုင်မခံ၊ အရှုံးမပေး ဟူသော အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်။

ဆွစ် …။

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။ ပြီးနောက် ၎င်းတို့အား ဖုံးလွှမ်းသွားခဲ့တော့သည်။ သူသည် သုန်မှုန်သည့်လေသံဖြင့် ပြောလိုက်တော့သည်။ “အားရာ... ဒီလူတွေကို သင်ခန်းစာ ပေးလိုက်တော့”

ဆွစ် ဆွစ် …။

ပုံရိပ်ယောင်မြင်ကွင်း၏ တည်နေရာကြီးထဲမှာတော့ ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်နှင့် ဝိညာဉ်ဖိနှိပ်ခြင်း ဖယောင်းတိုင်တို့သည် ရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ အားရာသည် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး လှမ်းလျှောက်လာခဲ့သည်။ သူမ၏လက်နှစ်ဖက်လုံးတွင် လက်နက်နှစ်ခုလုံးကို ကိုင်ကာဖြင့် အတွဲလိုက် တိုက်ခိုက်မှုမျိုးကို ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်တော့၏။

ဖြောင်း ဖြောင်း ဖြောင်း

ဇွိ ဇွိ ဇွိ

အား အား အား

.................

တိုက်ခိုက်ချက်ပေါင်း ကိုးရာကိုးဆယ့်ကိုးချက် ပြုလုပ်ပြီးသည့်နောက်မှာတော့ အားရာသည် ရပ်တန့်ကာ မေးလိုက်၏။ “သခင်... ဒီလောက် ရက်စက်တာ လုံလောက်ရဲ့လား”

“မဆိုးပါဘူး။ ဒါပေမဲ့ ဆက်လုပ်ရမယ်” ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြုံးလိုက်မိသည်။

တစ်ချိန်လုံး ထောင့်တစ်နေရာတွင် ပုန်းအောင်းလျက် ကုပ်ကုပ်လေး ရပ်လျက်ရှိသော ဆဋ္ဌမ ေအေးစက်သွားသည်အထိ ကြောက်လန့်လျက် ရှိနေမိသည်။ ဤမိန်းကလေးသည် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသည့် နှိပ်စက်ရေးနည်းလမ်းများကို ပိုင်ဆိုင်နေသေး၏။ ကံကောင်းစွာဖြင့် သူ့အား ထိုအရာများ အသုံးမပြုခဲ့သေးချေ။ မဟုတ်ပါက အလွန်ပြင်းထန်သည့် နာကျင်မှုမျိုးကို ခံစားနေရမှာ သေချာ၏။

ဝေါ့ …..

ကိုးရာကိုးဆယ့်ကိုးကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသော သက်လတ်ပိုင်းလူသည် သွေးတစ်လုတ် အန်ထုတ် လာခဲ့တော့၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့လျက် ရှိနေသည်။

“ခင်ဗျားက ယောက်ျားတစ်ယောက်မှန်း ကျုပ်သိပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီတော့ လေးစားမှုကို ပြသတဲ့အနေနဲ့ ထပ်ပြီးတော့ နှိပ်စက်ပေးရမယ်။ အားရာ…”

“ကောင်းပါပြီ”

အားရာသည် အလွန်တရာ စိတ်လှုပ်ရှားလျက် ရှိနေ၏။ ထို့ကြောင့် တခြားသော နှိပ်စက်နိုင်သည့် ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ဖော်တော့သည်။ ဝိညာဉ်နှင့် ဓာတ်သဘာဝများကို နှိပ်စက်ရသည်ထက် ဤကဲ့သို့ ဝိညာဉ်နှင့် ခန္ဓာကိုယ်နှစ်ခုလုံးကို ပိုင်ဆိုင်သည့် တစ်စုံတစ်ယောက်ကို နှိပ်စက်ရခြင်းသည် သူမအား ပိုမို၍ စိတ်လှုပ်ရှားမှု ရရှိစေ၏။

“မလုပ်... မလုပ်ပါနဲ့”

သက်လတ်ပိုင်းလူ၏ အသံသည် ခြောက်ကပ်ကပ် ထွက်ပေါ်လာ၏။ ထိုအသံသည် အလွန် တရာ အားပျော့လွန်းလှ၏။ “ကျုပ် ပြောပြမယ်။ ကျုပ် အရာအားလုံးကို ပြောပါ့မယ်”

“အခုမှ ဘာလုပ်လို့ ရတော့မှာလဲ”

ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်သည်။ “ဆက်ရိုက်တော့”

ဖြောင်း ဖြောင်း ဖြောင်း

နောက်ထပ် တစ်နာရီလောက် နှိပ်စက်ရိုက်နှက်ပြီးသည့်နောက်မှာတော့ ဂုဏ်ယူဝံ့ကြွားရလောက်သည့် သိုင်းအင်ပါယာ သည် ခွေးသေတစ်ကောင်ကဲ့သို့ပင် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေသည်။ ၎င်း၏ ခြေထောက်များသည် တဆတ်ဆတ်နှင့် တုန်ခါလျက်ရှိသည်။ သူ၏ဝိညာဉ်တစ်ခုလုံးသည်လည်း ကြာပွတ်ရိုက်ချက် ကြောင့် ပျက်စီးလုမတတ် ဖြစ်နေတော့၏။

....................

ကျွီ

အကျဉ်းထောင်တံခါးသည် ပွင့်သွား၏။ သက်လတ်ပိုင်းလူသည် ရွံ့ကဲ့သို့ပင် မြေပေါ်သို့ ဘုတ်ကနဲ လဲကျသွား၏။ အားရာ၏ ကြာပွတ်သည် ဝိညာဉ်တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှတော့ မရှိချေ။

ကျိုးဒူဒူသည် တိတ်တဆိတ် ကြိတ်ကာ လှမ်းကြည့်ပြီးသည့်နောက် ခေါင်းကို ခါယမ်းလိုက်မိသည်။ “ဘယ်လိုဖြစ်လို့ အစောကြီးကတည်း ငြင်းဆန်နေရတာလဲ”

ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက်မှာတော့ ပြောလိုက်တော့သည်။ “ခင်ဗျားတို့က ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ရောက်လာတာက စကြဝဠာလူဆိုးကြီး ငါးယောက်ကြောင့် လာပြီးတော့ စုံစမ်းတာလား”

..........

အဘိုးအိုသည် မျက်လုံးကို စုံမှိတ်ထားပြီး မည်သည့်စကားမှ မဆိုချေ။

“အမှန်ပါပဲ” သက်လတ်ပိုင်းလူသည် ကြီးမားသည့် သူ၏ဝိညာဉ်နာကျင်မှုကို အောင့်အည်းသည်းခံကာဖြင့် ပြောလိုက်သည်။

“ကွမ်ကျူ”

အဘိုးအိုသည် မျက်လုံးကို ဖွင့်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “မင်း ….”

သက်လတ်ပိုင်းလူသည် ထိုအဘိုးအိုကာ လျစ်လျှူရှုကာဖြင့် ဆက်ပြောလိုက်သည်။ “စကြဝဠာ လူဆိုးကြီး ငါးယောက်တို့က ကျုပ်တို့ခံတပ်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိတယ်လေ။ နှစ်ယောက်က သေသွားပြီး သုံးယောက်က ပျောက်နေတော့ သခင်က ကျုပ်တို့ကို စုံစမ်းဖို့ စေလွှတ်လိုက်တာ”

၎င်းသည် အမှန်ပင် ပူးပေါင်း၍ ဖြစ်ပျက်သမျှ အရာအားလုံးကို ပြောဆိုနေပြီ ဖြစ်၏။ အရင်တုန်းက ရှိခဲ့သည့် မာကျောသည့် သံမဏိကဲ့သို့ စိတ်ဓာတ်သည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားရပြီ ဖြစ်တော့သည်။

“သခင် ဟုတ်လား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်သူလဲ”

“ခံတပ်သခင်ပါ”

သက်လတ်ပိုင်းလူသည် နှောင့်နှေးခြင်းမရှိဘဲ တန်းကာ ဖြေဆိုသည်။ သူသည် အားရာ၏ ရိုက်နှက်မှုကိုခံခဲ့ရသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း တစ်စုံတစ်ခုကို မေးမြန်းလိုက်သည် ဆိုသည်နှင့်တပြိုင်နက် သူသိပါက ချက်ချင်းပြန်လည်ဖြေဆိုတော့၏။

အဘိုးအို၏မျက်နှာသည် ဒေါသအရိပ်အယောင်များနှင့် ပြည့်နှက်လာခဲ့၏။ သူ၏ခန္ဓာကိုယ် အားနည်းနေသည်သာမဟုတ်ပါက သူ၏ အဖော်အား ထ၍ ကန်ကျောက်မိချင်စိတ်များပင် ပေါက်လျက်ရှိ နေသည်။

“ခင်ဗျားတို့ ခံတပ်သခင်ရဲ့ နာမည်က ဘာလဲ။ သူ့ရဲ့အားအင်အဆင့်က ဘယ်လောက်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “သခင်ရဲ့နာမည် ဘယ်သူမှ မသိပါဘူး။ သူ့ရဲ့အားအင်အဆင့်က ခန့်မှန်း လို့တောင် မရဘူး”

“ခန့်မှန်းလို့မရဘူး ဟုတ်လား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ကြယ်နှင်ဘုရင်ကို ခင်ဗျား ကြားဖူးတယ် မဟုတ်လား”

“ကြား …. ကြားဖူးပါတယ်”

“သူ့ကို ခင်ဗျားတို့သခင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုရှိလဲ”

ကြယ်နှင်ဘုရင်သည် တခြားသော သိုင်းကျင့်ကြံသူများ၏ အားအင်အဆင့်နှိုင်းယှဉ်သည့်နေရာတွင် စံယူနစ် တစ်ခုအဖြစ် သတ်မှတ်ခံနေရပြီ ဖြစ်တော့၏။

သက်လတ်ပိုင်းလူသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့် နောက် သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်လာခဲ့တော့သည်။ “ဒီလို အမှိုက်မျိုးက ကျုပ်သခင်ရဲ့ဖိနပ်ကိုတောင် သယ်ဖို့ အရည်အချင်း မရှိဘူး”

၎င်း၏စကားများကို သုံးသပ်ရမည်ဆိုလျှင် ခံတပ်သခင်ထံတွင် များပြားလှသည့် ကြယ်နှင်ဘုရင်ကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေသည်ဖြစ်ကြောင်းကို နားလည်လိုက်မိတော့၏။ သူသည် တဆက်တည်း မေးခွန်း အနည်းငယ်ကို ထပ်မံကာ မေးမြန်းခဲ့၏။ သို့ပေမဲ့ သက်လတ်ပိုင်းလူသည် အနည်းငယ်ကိုသာ သိရှိပြီး တခြား တန်ဖိုးကြီးမားလှသော သတင်းအချက်အလက်များကို ဘာတစ်ခုမှ မသိရှိပေ။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း နားလည်ထားသည်မှာ တစ်ခုတော့ ရှိသေး၏။ စကြဝဠာ လူဆိုးကြီး ငါးယောက် ဖြစ်ခဲ့သည့် အဖြစ်အပျက်များ အားလုံးကို ခံတပ်ဆီသို့ သတင်းပေါက်ကြားသွားခဲ့ပြီဖြစ်၏။ လက်ရှိ အခြေအနေတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို စုံစမ်းရန် လူနှစ်ယောက်ကို စေလွှတ်လိုက်၏။ ဤအရာမှာ စုံစမ်းခြင်းသာဖြစ်ပြီး သတ်ဖြတ်ရန် စေလွှတ်လိုက်ခြင်း မဟုတ်ပေ။

“ဒါက နည်းနည်းတော့ ပြဿနာများတယ်”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ရင်း သူ၏ ကုပ်ပိုးကို ပွတ်သပ်လျက် ရှိနေသည်။

ခေါင်းမာလှသော အဘိုးကြီးအတွက်ကတော့ သူသည် ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်းစေတီထဲသို့ စေလွှတ်ပြီးသည့်နောက်မှာတော့ အားရာအား ရိုက်နှက်ခိုင်းလိုက်သည်။ ပြီးသည့် နောက်မှာတော့ မကြာခင်မှာပဲ အညံ့ခံသွားခဲ့တော့၏။

“ခင်ဗျားတို့နှစ်ယောက်”

ကျိုးဒူဒူသည် နံရံကို အသာမှီကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့က တကယ်ပဲ သိုင်းအင်ပါယာတွေလား”

ကျွမ်းကျင်သူနှစ်ယောက်တို့သည် ဝိညာဉ်ကြာပွတ်၏ ရိုက်နှက်မှုကို ခံရပြီးသည့်နောက် အလုံးစုံ ပြန်လည် မကောင်းမွန်သေးချေ။ ထို့ကြောင့် ဤစကားများလှသောကောင်အား လျစ်လျှူရှုထားကြ၏။

အကျဉ်းထောင်တံခါးကို ပိတ်ရန်ပြင်နေသည့် လီချင်းယန်သည် မထွက်သွားသေးချေ။ တံခါးဝတွင် မတ်မတ်ရပ်ကာ ပြောလိုက်သည်။ “ဒီလူနှစ်ယောက်က သိုင်းအင်ပါယာတွေတောင်မဟုတ်ဘူး။ တခြားဂြိုဟ်က ရောက်လာကြတာ”

ဤစကားလုံး ထွက်ပေါ်လာလာခြင်းမှာပဲ ကျိုးဒူဒူသည် ဆွံ့အသွားမိတော့၏။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းတွင် အကျဉ်းချ ခံနေရသည့်အတောအတွင်း လီချင်းယန်၏ အမူအကျင့်နှင့်ပတ်သက်၍ ယေဘူယျအားဖြင့် နားလည် နေပြီဖြစ်၏။

လီချင်းယန်သည် ဘယ်သောအခါမှ သူ့ကို လိမ်ပြောလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အိပ်ယာပေါ်သို့တက်ကာ ခွေခွေလေး လှဲနေလိုက်တော့သည်။ သူသည် ပြတင်းပေါက်တံခါးကို မော့ကြည့်လိုက်မိသည်။

သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလျက် ရှိနေလေသည်။ “အမေ... မြင်ပြီမဟုတ်လား။ အမေ့သားက အခု သိုင်းအင်ပါယာတွေနဲ့ အခန်းဖော်ဖြစ်နေတာ။ ပြီးတော့ ကျုပ်က တန်းစီး”

All Chapters