ရွေမီးဖိုဂိုဏ်း၏အပျက်အစီးနယ်မြေ
Vol. 21 Ch. 409
“ဒါက…?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့သည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ငွေရောင်ကတ်ပြားထဲမှ အနီရောင်အလင်းသည် ရုတ်တရက် သူတို့ရှေ့ရှိ ထူထပ်နေသောမြူထူထဲသို့ ပစ်လွှတ်သွားသည်။
ချက်ချင်းပင် ထူထပ်နေသောမြူသည် ပြင်းပြင်းထန်ထန် လိမ့်ထွက်သွားသည်။
ဖြည်းဖြည်းချင်းပင် သူတို့ရှေ့ ၁၀ မှ ၂၀ မီတာအကွာတွင် သိသာထင်ရှားသောလမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
တုံ့ဆိုင်းမှုမရှိဘဲ သူတို့ ထိုလမ်းကြောင်းထဲသို့ လျင်မြန်စွာဝင်သွားခဲ့သည်။
၁၀မီတာကျော်ကျော်လမ်းလျှောက်ပြီးနောက် သူတို့လမ်းကြောင်း၏ရှေ့တွင် မှုန်ဝါးဝါးဖြစ်လာသည့် အခေါက်တိုင်း ကျန်းချန်ရွှမ်၏လက်ထဲမှ ငွေရောင်ကတ်ပြားသည် ထူထပ်သောမြူများကို လမ်းကြောင်းအဝေးသို့ တွန်းပို့လျက် အနီရောင်အလင်းတစ်ခုကို ပစ်လွှတ်လိုက်ကြောင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သဘောပေါက်သွားကြသည်။
သူတို့ မည်သို့ဆက်ဖြစ်မည်ကို မသိကြသော်လည်း မရပ်တန့်ခဲ့ကြပေ။
ထိုသို့နှင့် သူတို့နှစ်ယောက် အချိန်အတော်ကြာလမ်းလျှောက်လာခဲ့ပြီး ရှေးဟောင်းကျောက်တံခါးတစ်ခု၏ရှေ့တွင် ရပ်တန့်လိုက်ကြသည်။
အလွန်လေးနက်ပြီး ခက်ခဲရှုပ်ထွေးသည့် မရေမတွက်နိုင်သော အစီအရင်ကျောက်စာများသည် ခမ်းနားကြီးကျယ်သော အော်ရာတစ်ခုကိုထုတ်လွှတ်လျက် ကျောက်တံခါးပေါ်တွင် တံဆိပ်ထွင်းခံထားရသည်။
တစ်စုံတစ်ယောက် တိုးဝင်လာချင်ပါက အစီအရင်ကျောက်စာများသည် ကြီးမားသောစွမ်းအားများထုတ်လွှတ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ကျီ--
ထိုအချိန်တွင် ကျန်းချန်ရွှမ်လက်ထဲမှ ငွေရောင်ကတ်ပြားသည် ရုတ်တရက် အခြားအနီရောင်အလင်းတစ်ခုကို ပစ်လွှတ်လိုက်ပြီး ကျောက်တံခါးပေါ်တွင် ကျဆင်းသွားသည်။
စက်ပိုင်းဆိုင်ရာတရစပ်လှုပ်ရှားမှုများ၏ အသံထွက်လာခဲ့သည်။
ထို့နောက်ချက်ချင်းပင် ၎င်းပေါ်ရှိ အစီအရင်ကျောက်စာသည် စွမ်းအားရင်းမြစ်တစ်ခုကို ချိတ်ဆက်ထားသည့်အတိုင်း လင်းလက်လာသည်။
ဂျုန်း-
ကျယ်လောင်သောမြည်သံတစ်ခုဖြင့် ကျောက်တံခါးသည် နောက်ဆုံးတွင် နက်နဲသောလမ်းကျဉ်းတစ်ခုကိုပြသလျက် သူ့အလိုလိုပွင့်လာသည်။
ထိုအရာကိုမြင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်သာ ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်သည် နက်နဲသောလမ်းကျဉ်းထဲသို့ အတူမဝင်သွားမီ တခနတော့တုံ့ဆိုင်းလိုက်သေးသည်။
လင်မယားနှစ်ယောက်ကျောက်တံခါးထဲသို့ ခြေချလိုက်သည်နှင့် အားကောင်းသောအော်ရာများနှင့် ပုံရိပ်များသည် နိုဗာရေပြင်ရှိ ပင်လယ်ကွေးဆီသို့ လျင်မြန်စွာ ဝဲပျံသွားကြသည်။
ဤအော်ရာများ၏ပိုင်ရှင်သည် အနည်းဆုံး စတုတ္ထရွှေအမြုတေအဆင့်တော့ရှိသည်။
သူတို့အကုန်လုံးသည် မတူညီသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
သူတို့ထဲတွင် ယုနိုင်ငံမှချောင်မျိုးနွယ်စု၊ ဟိုင်စီရင်စုမှ လျူမျိုးနွယ်၊ လုတိုင်းပြည်မှလုမျိုးနွယ်စုတို့ ပါဝင်သည်။
သုံးမျိုးနွယ်စုလုံးတွင် တူညီသည့်အရာတစ်ခုမှာ သူတို့သည် အခြေတည်ဝိညာဉ်မျိုးနွယ်စုများ ဖြစ်ကြသည်။
မျိုးနွယ်တစ်ခုချင်းစီကို ပဏာမအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူက ဦးဆောင်သည်။
သူတို့၏အော်ရာများသည် စွမ်းအားကြီးမားပြီး ရွှေအမြုတေများကို လွယ်ကူစွာဖျက်စီးနိုင်သည့် အင်အားတစ်ခုကို သယ်ဆောင်ထားသည်။
ထိုအချိန်တွင် …
ချောင်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် သူတို့၏သဘောထားများကို တစ်ယောက်ကိုတစ်ယောက် ဖြန့်ကျက်နေကြသည်။
ချောင်ရွှမ်ကွမ်းကပြောလိုက်သည်။
“ဘိုးဘေး၇ ကျွန်တော်တို့တွေက လျူမျိုးနွယ်စုနဲ့ လုမျိုးနွယ်စုတို့ကို ကျွန်တော်တို့နဲ့ပူးပေါင်းခိုင်းပြီး အကျိုးအမြတ်ယူခိုင်းသလိုဖြစ်မနေဘူးလား? မျိုးနွယ်စုနှစ်ခုက အင်အားချင်းပူးပေါင်းပြီး ချောင်မျိုးနွယ်စုကို ပစ်မှတ်ထားနေရင် ဘယ်လိုလုပ်မလဲ? ကျွန်တော်တို့ ဘာလုပ်သင့်လဲ?”
သတ်လတ်ပိုင်းအမျိုးသားချောင်ရွှမ်ကွမ်း ခေါ်လိုက်သည့် ဘိုးဘေး၇သည် ဒီတစ်ကြိမ်တွင် ချောင်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သည်။
သူ၏နာမည်မှာ ချောင်ရှိုချွင်းဖြစ်ပြီး ပဏာမအခြေတည်ဝိညာဉ်အဆင့်တွင်ရှိသည်။
သူသည် ချောင်ရွှမ်ကွမ်း၏စကားများကိုကြားပြီး ခေါင်းကိုချက်ချင်းခါလိုက်သည်။
“ရွှမ်ကွမ်း၊ ငါတို့ရွှေမီးဖိုဂိုဏ်းရဲ့အပျက်အစီးနယ်မြေကို ဝင်ချင်တယ်ဆိုလို့ရှိရင် လုံလောက်တဲ့အပိုင်းအစတွေရှာရမယ်မှန်း မင်းသိသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာရှာပြီး ငါတို့လည်းနည်းလမ်းအကုန်လုံးကိုသုံးပြီးတော့ သုံးခုပဲရှာတွေ့နိုင်ခဲ့တယ်။ ဒီလိုသာဆက်သွားနေမယ်ဆိုရင် အပျက်အစီးနယ်မြေကို တခြားလူတွေရှာတွေ့တာခံရပြီး ငါတို့အတွက် ဘာမှမကျန်ဘဲနေလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ လျူမျိုးနွယ်စုနဲ့ လုမျိုးနွယ်စုမှာလည်း နှစ်ခုစီရှိကြတယ်။ ပေါင်းလိုက်ရင် ငါတို့မှာ အပျက်အစီးနယ်မြေကို ဖွင့်နိုင်ဖို့ လိုအပ်တဲ့ခုနစ်ခုရှိတယ်။ ငါတို့အပျက်အစီးနယ်မြေကို ဝင်သွားပြီးတဲ့နောက်မှာ...”
ချောင်ရွှမ်းကွမ်သည် ထိုအချက်ကို လှောင်ပြောင်သရော်လိုက်သည်။
“အဲ့ဒီအချိန်မှာ ကျွန်တော်တို့ကောင်းမွန်တာတစ်ခုခုရှာတွေ့ခဲ့မယ်ဆိုရင်တောင် လျူမျိုးနွယ်စုနဲ့ လုမျိုးနွယ်စုက အဲ့ဒီအရာကိုခွဲယူဖို့ အင်အားပူးပေါင်းကြလိမ့်မယ်လို့ထင်နေတာလား? မဟုတ်ရင်လည်း လျူ ဒါမှမဟုတ် လုမျိုးနွယ်စုကို ကျွန်တော်တို့က အင်အားပူးပေါင်းမယ့်အစား လျူနဲ့လုမျိုးနွယ်စုတွေက လာပူးပေါင်းကြလိမ့်မယ်လို့ ဘာလို့ထင်ရတာလဲ?”
သူတို့စကားပြောနေစဉ်တွင် အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ကိုဖြတ်ကာပျံသန်းနေရင်း အရှိန်တင်လိုက်ကြသည်။
ရက်အနည်းငယ်ကြာပြီးနောက်….
ချောင်၊ လျူနှင့် လုမျိုးနွယ်စုမှကျင့်ကြံသူများသည် ပင်လယ်ကွေးသို့ ရောက်ရှိနေပြီးဖြစ်သည်။
နတ်အာရုံဖြင့်မထိုးဖောက်နိုင်သည့် ထူထပ်သော မြူများကိုကြည့်ရင်း ချောင်ရှိုချွင်းသည် ပဏာမအခြေတည်ဝိညာဉ်အဆင့်များဖြစ်ကြသည့် လျူနှင့် လုမျိုးနွယ်စုမှခေါင်းဆောင် လျူဝမ်လိနှင့် လုရှင်းယွင်တို့ကို ကြည့်လိုက်သည်။
“အစ်ကိုဝမ်လိ၊ အစ်ကိုရှင်းယွင် ကျွန်တော်တို့ဒီနေ့ဒီမှာရောက်နေပြီဆိုတော့ ခင်ဗျားတို့ အပျက်အစီးနယ်မြေကိုဝင်ဖို့ မြူတွေသူ့အလိုလိုပျောက်သွားတာကိုနှစ်ချီပြီးစောင့်မနေချင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ပူးပေါင်းရလိမ့်မယ်”
သူစကားပြောနေစဉ်တွင် ချောင်ရှိုချွင်း၏လက်ထဲ၌ ငွေရောင်အပိုင်းအစသုံးခု ရောက်ရှိလာသည်။
၎င်းတို့သည် ငွေရောင်ကတ်ပြား၏ အပိုင်းအစများ ဖြစ်သည်။
လျူဝမ်လိနှင့် လုရှင်းယွင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လျူဝမ်လိကပြုံးလိုက်သည်။
“ညီအစ်ကို ရှိုချွင်းမှန်ပါတယ်”
သူစကားပြောနေစဉ်တွင် သူလည်းသူ၏လက်ကို လှန်ကာဖြန့်လိုက်သည်။
ငွေရောင်ကတ်ပြားအပိုင်းအစနှစ်ခု ရောက်ရှိလာသည်။
ထိုနည်းတူစွာပင် လုရှင်းယွင်သည်လည်း သူ၏ကိုယ်ပေါ်မှ ငွေရောင်ကတ်ပြားအပိုင်းအစနှစ်ခုကို ထုတ်လိုက်သည်။
ငွေရောင်အပိုင်းအစခုနစ်ခုလုံး တစ်ချိန်ထဲတွင် စုံလိုက်သည့်အခါ အချင်းချင်းပဲ့တင်ထပ်သွားကြသည်။
ထို့ပြင် မှိန်ပျသောအနီရောင်အလင်းတစ်ခုကိုလည်း စတင်ထုတ်လွှတ်ခဲ့သည်..
***