ချောင်မျိုးနွယ်စု၏ကြောက်ရွံ့မှု၊ ကြယ်ခုနစ်စင်းရောက်ရှိလာခြင်း(၂)
Vol. 21 Ch. 418
“ယောက်ျား ကျွန်မတို့သူတို့ကို လိုက်ရှာပြီး ရှင်းလင်းပစ်လိုက်ကြမလား?”
အမှန်အတိုင်းဆိုလျှင် ကျန်းချန်ရွှမ်သည်လည်း ယခုလေးတင် ဤကဲ့သို့တွေးမိသွားခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် အဆုံးထိမသွားရန်တော့ ဆုံးဖြတ်လိုက်သည်။
သူတို့သည် ချောင်ရှိုယန်နှင့် အခြားသူများကို လူသိရှင်ကြားသတ်လိုက်ပါက ၎င်းသည် အမှန်တကယ်ပင် ကျန်းမျိုးနွယ်စုဆီကို ဘေးအန္တရာယ်တစ်ခု ခေါ်ဆောင်လာသကဲ့သို့ ဖြစ်နေလိမ့်မည်။
၎င်းသည် ချောင်မျိုးနွယ်စုသို့ တရားဝင်စစ်ကြေညာလိုက်ခြင်းနှင့် မည်သို့မျှ ကွာခြားမှုရှိမည်မဟုတ်ပေ။
စစ်တစ်ခါဖြစ်လိုက်သည်နှင့် ချောင်မျိုးနွယ်စုမှ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများ သေချာပေါက် ပါဝင်လာကြလိမ့်မည်။
အခြားတစ်ဖက်တွင်လည်း
ချောင်ရှိုယန်နှင့် ကျန်သည့်သူများကို လွှတ်ပေးလိုက်သော်လည်း ချောင်မျိုးနွယ်စုသည် ကျန်းမျိုးနွယ်စုကို ဖယ်ရှားရှင်းလင်းရန် ပစ်မှတ်တစ်ခုအနေဖြင့်သာ ဆက်ဆံနေဦးမည်ဖြစ်သည်။
နောက်ဆုံးတွင် ချောင်မျိုးနွယ်စုသည် သူတို့၏ နောက်ကြောင်းကိုရှာမတွေ့သွားခင်ထိ မည်သည့်ကြီးကြီးမားမားလှုပ်ရှားမှုမျိုးမှပြုလုပ်မည်မဟုတ်ပေ။
၎င်းမှာ တကယ့်အခြေအနေပင် ဖြစ်သည်။
….
ချောင်ရှိုယန်၊ ချောင်ချန်းလီနှင့် ချောင်ကျန်းချင်းတို့ ချောင်မျိုးနွယ်စုဆီသို့ပြန်ရောက်ပြီး အခြားမျိုးနွယ်စုဝင်များကိုသူတို့တွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သောအခ့ ချောင်မျိုးနွယ်စုသည် ဤကိစ္စကို ပြင်းထန်သည့်အရေးကြီးအခြေအနေတစ်ခုအနေဖြင့် ချက်ချင်းမှတ်ယူလိုက်ကြသည်။
သူတို့သည် အသေအချာပင် ဤကဲ့သို့အားကောင်းသောစွမ်းအားမျိုးနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သည် ကန်းနန်တိုက်ကြီးထဲတွင် သူတို့မသိဘဲ ပေါ်ပေါက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ဤကဲ့သို့သန်မာမှုမျိုးနှင့် ရွှေအမြုတေနောက်ဆုံးအဆင့်တွင် ရှိခဲ့သည့် နောက်ဆုံးပုဂ္ဂိုလ်မှာ လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက ရွှမ်ယန်ကောင်လေးဖြစ်သည်။
အမှန်တကယ်ပင်
ရွှမ်ယန်ကောင်လေးသည် ကျော်ကြားသည့်စံသခင်ရွှမ်ယန် ဖြစ်လာခဲ့ပြီးဖြစ်သည်။
ထိုပုဂ္ဂိုလ်ကို မည်သူမှရွှမ်ယန်ကောင်လေးအနေဖြင့် အမည်မတပ်တော့သည်မှာ အချိန်တော်တော်ကြာချေပြီ။
ထိုအချိန်က သူသည် သူတို့၏နယ်ပယ်တွင် ကျန်းချန်ရွှမ်လောက်နီးနီး မလွှမ်းမိုးနိုင်ခဲ့ပေ။
ပဏာမအခြေတည်ဝိညာဉ်အဆင့်ကို ရင်ဆိုင်နေသည့်တိုင် သူသည် ခုခံနိုင်စွမ်းရှ်ိခဲ့ပြီး ပြင်းပြင်းထန်ထန်ပင် ဒဏ်ရာရစေခဲ့သေးသည်။
ယခုမူ ရွှမ်ယန်ကောင်လေးနှင့်ဆင်တူသည့် တစ်စုံတစ်ဦးပေါ်ပေါက်လာပြီဖြစ်ရာ ချောင်မျိုးနွယ်စု၏ မျိုးနွယ်ဝင်ဟောင်းများသည် များစွာသောဆိုးရွားသည့်မှတ်ဉာဏ်များကို ပြန်လည်တွေးတောမိလိုက်ကြသည်။
ပဏာမအခြေတည်ဝိညာဉ်အဆင့်ဖြစ်သည့် ချောင်ရှိုချွင်းသည် အေးစက်စွာပြောလိုက်သည်။
“လူတိုင်းပဲ မင်းတို့စံသခင်ရွှမ်ယန်အကြောင်းကိုပြန်ပြီးတွေးမိသွားကြတယ်မဟုတ်လား?”
ထိုအချိန်တွင် ချောင်ရှိုချွင်း၏လေသံမှာ လေးနက်သွားကာ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တစ်ခုကို သယ်ဆောင်နေခဲ့သည်။
“ငါသိသလောက်ဆိုရင် ကျန်းချန်ရွှမ်ရဲ့ တာအိုတွဲဖက် ရှန်းရူယန်ကလည်း သာမန်ပုဂ္ဂိုလ်တစ်ဦးတော့မဟုတ်နိုင်ဘူး။ သူလည်း ကျန်းချန်ရွှမ်လိုပဲအစွမ်းထက်လိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ သူမကတတိယစံသခင်ရွှမ်ယန်တောင် ဖြစ်လာနိုင်တယ်။ ငါတို့သူတို့ကို စွမ်းအားတွေတိုးပွားပြီး စုဆောင်းမိစေဖို့ အချိန်ပေးလိုက်လို့ရှိရင် သူတို့အဆင်သင့်ဖြစ်သွားပြီဆိုတာနဲ့ ငါတို့သူတို့ကို ဟန့်တားနိုင်လိမ့်မယ်လို့ ထင်ကြလား? မင်းတို့ပြန်ထိုင်နေပြီး ဒုတိယဓားဖုံးနန်းတော်တစ်ခုပေါ်ပေါက်လာတာကိုတော့ ကြည့်မနေချင်ကြဘူးမလား?”
သူစကားပြော၍ပြီးသွားသည်နှင့် လူတော်တော်များများ၏ မျက်နှာထားများမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
အသေအချာပင် သူတို့သည် ထိုအခြေအနေ၏ အကျိုးဆက်များကို တွေးမိထားကြသည်။
ချောင်ရှိုယန်၊ ချောင်ချန်းလီ၊ချောင်ကျန်းချန်းနှင့် ချောင်ရွှမ်ကွမ်း ကဲ့သို့ တချို့သူများသည် သူတို့၏မျက်လုံးထဲ၌ ဖုံးကွယ်မထားသော သတ်ဖြတ်ရန်ရည်ရွယ်ချက်များကို ပြသနေကြသည်။
ချောင်ရှိုယန်က ပြောလိုက်သည်။
“ညီအစ်ကို ရှိုချွင်းပြောတာမှန်တယ်။ အရင်က ငါတို့ချောင်မျိုးနွယ်စုက ရွှမ်ယန်ကောင်လေးကို ပေါ့ပေါ့တွေးပြီးတော့ သူ့ကိုစွမ်းအားတွေတိုးပွားလာအောင် ခွင့်ပြုပေးနေခဲ့ကြတယ်။ နောက်ပိုင်းမှာ သူကငါတို့ရဲ့မျိုးနွယ်ဝင်တွေကို သတ်ခဲ့ရုံတင်မကသေးဘဲ သူက ငါတို့ချောင်မျိုးနွယ်စုကို ပြတ်ပြတ်သားသားဖိနှိပ်ခဲ့တယ်။ ငါတို့လည်း ကျန်းစုံတွဲကို ဒီတိုင်းထားလိုက်မယ်ဆိုရင် အတိတ်ကလို တစ်ဖန်ပြန်ဖြစ်လာမလားဆိုတာ ပြောဖို့ခက်တယ်”
သူ၏စကားလုံးများသည် လူတော်တော်များများ၏ ထောက်ခံချက်ကို ရရှိခဲ့သည်။
သူတို့သည် ကျန်းစုံတွဲက ရွှေအမြုတေအဆင့်တွင်ရှိနေချိန်တွင် အကောင်းဆုံးကြိုးစားပြီး အညွန့်တုံးပစ်လိုက်သင့်သည်ဟု ခံစားမိနေကြသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အမှန်တကယ် လူသတ်သမားများဟုတ်မဟုတ်ကို မည်သူမျှ ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူတို့အားရှင်းလင်းဖယ်ရှားမည့် ချောင်မျိုးနွယ်စု၏ ဆုံးဖြတ်ချက်ကို မည်သို့မှ အကျိုးသက်ရောက်မည်မဟုတ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ ချောင်မျိုးနွယ်စု၏ လက်ရှိခေါင်းဆောင် ချောင်ချန်ဖန်းက ပြောလိုက်သည်။
“လူတိုင်းပဲ ငါမင်းတို့ပြောတာတွေက ကျိုးကြောင်းဆီလျော်တာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် မင်းတို့ ကျန်းစုံတွဲရဲ့နောက်ကွယ်မှာ လူတွေထပ်ရှိမယ်လို့ကော မတွေးမိကြဘူးလား?”
ဤစကားလုံးများသည် စိတ်အားထက်သန်နေသော လူအချို့၏စိတ်ကို ချက်ချင်းတည်ငြိမ်စေခဲ့သည်။
မှန်ပေသည်။
ကျန်းစုံတွဲတို့လို လူမျိုး၏နောက်တွင် ဘယ်လိုလုပ်နောက်ခံလူမရှိဘဲနေပါ့မလဲ?
ဤအချိန်တွင်ပင် ချောင်မျိုးနွယ်စုသည် သူတို့မှာ ကျန်းစုံတွဲနှင့် ကျန်းမျိုးနွယ်စု၏အကြောင်းကို လုံလုံလောက်လောက်ဘာမှမသိကြောင်း သဘောပေါက်သွားကြသည်။
ထိုအချိန်တွင် မျိုးနွယ်စုခေါင်းတောင် ချောင်ချန်ဖန်းက ဆက်၍ပြောလိုက်သည်။
“ငါမင်းတို့ရဲ့ စိတ်ကူးကို မနှစ်သက်တာမျိုးတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ သူတို့ရဲ့နောက်ကြောင်းကို အရင်စုံစမ်းစစ်ဆေးသင့်တယ်လို့ခံစားရတယ်။ အထူးသဖြင့် ငါတို့ရဲ့ဘိုးဘေးတွေက တံခါးပိတ်ကျင့်ကြံခြင်းကို ရောက်ရှိနေတဲ့အချိန်မျိုးမှာ ငါတို့သူတို့ကို မဆင်မခြင်နှောင့်ယှက်လိုက်မယ်ဆိုရင် သူတို့ကိုအမျက်ထွက်သွားစေမှာကို စိုးရိမ်မိတယ်”
ဟာကွက်မရှိသော နည်းလမ်းနှင့် ကျန်းမျိူးနွယ်စုကို ရင်ဆိုင်နိုင်ရန် သူတို့သည် သူတို့၏ဘိုးဘေးများကို အကူအညီတောင်းခံရမည်ဖြစ်သည်။
ဤအချိန်တွင် သူတို့၏ဘိုးဘေးများသည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ရောက်ရှိနေကြသည်။
သူတို့ကို မဆင်မခြင် နှောင့်ယှက်ခြင်းသည် အကြံဉာဏ်ကောင်းတစ်ခုမဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ အကူအညီမတောင်းခံမီ သူတို့တွင် လုံလောက်သောအကြောင်းပြချက်နှင့် ရန်သူကိုကောင်းစွာနားလည်နိုင်မှုရှိရမည်။
ထို့ပြင် သူတို့၏ဘိုးဘေးများက အခြေအနေအကြောင်းမေးမြန်းပြီး သူတို့တွင် အဆင်သင့်အဖြေတစ်ခုရှိမနေပါက သူတို့အပြစ်ပေးခံရလိမ့်မည်။ ပိုမိုကောင်းမွန်သည့်နည်းလမ်းမရှိတော့သည်ကို သိလိုက်သောအခါ သူတို့သည် ကျန်းမျိုးနွယ်စုအပေါ်တွင် အရင်ဆုံးအသေးစိတ်ကျကျစုံစမ်းစစ်ဆေးမှုတစ်ခု ဦးစီးပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
…..
ချောင်မျိုးနွယ်စုသည် ကျန်းချန်ရွှမ်နှင့် သူ၏မိန်းမအကြောင်းကို ဆွေးနွေးနေကြစဉ်..
ကန်းနန်တိုက် လျှိုစောက်နီ၌
ဤနေရာသည် ကျင်းနှင့် ရှူနိုင်ငံတို့ ဆက်စပ်နေသည့် နေရာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် တစ်နှစ်ပတ်လုံး အနီရောင်ပိုးချည်ကဲ့သို့ အဆိပ်ရှိသောမြူများ ရှိနေသောကြောင့် ဖြစ်သည်။
၎င်းကို အနီရောင်အဆိပ်သင့်ချောက်နက်ဟုလည်း ခေါ်သည်။
သာမန်ကျင့်ကြံသူတစ်ယောက်သာ ဤနေရာထဲသို့ ကာကွယ်ရေးရတနာမရှိဘဲ ဝင်ရောက်သွားပါက နာရီဝက်အတွင်းပင် သေဆုံးသွားလိမ့်မည်။
ဤအချိန်တွင် ထိုနေရာ၌ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ကျင့်ကြံသူများဖြင့် သိပ်သည်းသောနတ်ဆိုးချီများ ဝန်းရံနေခဲ့သည်။
ပူစီမိုးမခပန်းများနှင့်တူသည့် အဆိပ်သင့်အနီရောင်မြူများသည် သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ဆင်းသက်လာပြီး သူတို့၏လက်များထဲမှ အဖြူရောင်ချပ်ပြားဝိုင်းများထံသို့ စုပ်ယူခံလိုက်ရသည်။
သေချာဂရုတစိုက်ကြည့်ပါက တုန်ခါခြင်းတစ်ခုကိုပြုလုပ်လျက် အဖြူရောင်အရိုးချပ်ပြားဝိုင်းများထဲတွင် သွေးများစီးဆင်းနေသည့်အမျှင်တန်းများ ရှိနေသည့်အတိုင်း မြင်ရသည်။
“ငါပြောမယ် ကြယ်ခုနစ်စင်း။ ငါတို့အဲ့ဒီကိုရောက်ဖို့ဘယ်လောက်လောက်ကြာနိုင်သေးလဲ? ငါတို့ခင်ဗျားနောက်ကို နေရာတော်တော်များများထိလိုက်လာခဲ့တာ။ ဒါပြီးရင် ငါတို့နောက်တစ်နေရာကို ဆက်သွားရမယ်လို့တော့ မပြောနဲ့တော့”
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူများထဲမှ နတ်ဆိုးမျက်နှာနှင့် လူငယ်တစ်ယောက်သည် သူ၏မျက်လုံးထဲရှိ အစိမ်းရောင်အလင်းများဖြင့် လူအိုကြီးကို ရုတ်တရက် ကြည့လိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အန္တရာယ်ပြုနိုင်မည့်လက္ခဏာနှင့် နတ်ဆိုးအော်ရာများ ထုတ်လွှတ်လျက်ရှိသည်။
ရှန်းကွမ်းမန်ဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သာ ဤနေရာတွင်ရှိနေပါက သူတို့သည် အကြည့်တစ်ချက်နှင့်ပင် ဤလူကို သတိထားမိသွားမည်ဖြစ်သည်။
ထူးဆန်းသည့်နတ်ဆိုးအော်ရာများကို ထုတ်လွှတ်ပြသနေသည့်လူအိုကြီးသည် ရှန်းကွမ်းမန်ဂိုဏ်း၏ ယခင်ရွှေအမြုတေအဆင့်အကြီးအကဲချုပ်ဖြစ်သည်။
ကြယ်ခုနစ်စင်း…
သူသည် နတ်ဆိုးလူငယ်၏စကားများကို ကြားသောအခါ သူ၏ အိုစာနေသောမျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သူသည် နတ်ဆိုးလူငယ်ဘက်သို့ လှည့်လိုက်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်သူသည် ခပ်အက်အက် အသံနိမ့်တစ်ခုဖြင့် ပြောလိုက်သည်။
“တစ္ဆေနတ်ဆိုး မစိုးရိမ်ပါနဲ့။ ငါတို့ပန်းတိုင်နဲ့ သိပ်မဝေးတော့ပါဘူး။ ငါတို့ဒီနေရာရဲ့ အနက်ဆုံးနေရာကို ရောက်တဲ့အခါ မင်းစိတ်မပျက်စေရဘူး”
***