← Chapters

နှစ်ထောင်ပေါင်းများစွာမှ မဟာနတ်ဆိုး၊ သွေးအရှင်(၂)

Vol. 21 Ch. 420

နှစ်ထောင်ပေါင်းများစွာမှ မဟာနတ်ဆိုး၊ သွေးအရှင်(၂)

Vol. 21 Ch. 420

အသေအချာပင် သူတို့သည် ကြယ်ခုနစ်စင်းက ဒုန်းဆိုင်းပြီး ဝင်ရောက်သွားလိမ့်မည်ဟု မျှော်လင့်မထားကြပေ။

၎င်းကိုမြင်ပြီး ကျန်လူများလည်း သွေးရောင်တံခါးထဲသို့ တစ်ယော်ပြီးတစ်‌ယာက်ဝင်ကာ နောက်မှလိုက်လာခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ လျင်မြန်စွာပင် လူတိုင်းကို အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။

သူတို့တံခါးထဲသို့ဝင်‌သွားပြီးနောက် မြင်လိုက်ရသည့်အရာမှာ ရှေးဟောင်းနတ်ဆိုးကျင့်ကြံသူ၏ ဂူအိမ်အပျက်အစီးနယ်မြေမဟုတ်ဘဲ သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မီတာရာချီရှည်လျားသော ကြီးမားသည့် အရိုးစုတစ်ခုဖြစ်သည်။

လူ့ဝိညာဉ်တစ်ခုကိုပင် သိမ့်သိမ့်တုန်သွားစေသည့် ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ထိုအရိုးစုမှ ထုတ်လွှတ်နေသည်။

ပို၍အဓိကကျသည်မှာ ကြယ်ခုနစ်စင်းက ထိုကြီးမားသော အရိုးစုရှေ့တွင် ရိုသေကျိုးနွံစွာဖြင့် ဒူးထောက်နေခြင်း ဖြစ်သည်။

၎င်းသည် လူတိုင်းကို ဆိုးရွားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ရုတ်တရက် အရိုးစုကြီးက စကားပြောလာသည်။

“မဆိုးပါလူး မဆိုးပါဘူး။ ကြယ်ခုနစ်စင်း မင်းငါ့ကိုစိတ်မပျက်စေဘူးပဲ။ ဒီလို အဆင့်မြင့် သွေးအစာတွေနဲ့ ငါ့ရဲ့ခွန်အားတွေကို ပိုပြီးတော့ မဟုတ်ရင်လည်း နည်းနည်းတော့ ပြန်ရအောင်လုပ်နိုင်တယ်။ စိုးရိမ်မနေနဲ့ ငါ့စကားတွေကိုပြန်မရုတ်သိမ်းဘူး။ ငါမင်းကို သက်တမ်းနှစ်၃၀၀လို့ကတိ‌ပြုထားတာကို မကြာခင်ပဲပေးမယ်”

အရိုးစုကြီး၏ စကားများကိုကြားပြီးနောက် ကြယ်ခုနစ်စင်း၏မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာသည်။

သူသည် ကျေးဇူးတင်စွာဖြင့် သူ၏ခေါင်းကိုငုံ့ကာမြေကြီးနှင့်ထိလိုက်သည်။

“လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ် သွေးအရှင်။ အနာဂတ်မှာ ကျွန်တော်၊ ကြယ်ခုနစ်စင်းက အရှင့်ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပြီး အလုပ်အကျွေးပြုပါ့မယ်!”

“ဟား ဟား ဟား ဟား”

ရယ်သံများထွက်ပေါ်လာပြီး အရိုးစုကြီး၏မျက်လုံးမှ သွေးအလင်းတန်းနှစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ချက်ချင်းပင် ကြီးမားသောအဖြူရောင်အရိုးလက်သည်းတစ်ခု ထွက်ပေါ်လာပြီး ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူကို ဆွဲယူလိုက်သည်။

နတ်ဆိုးရွှေအမြုတေကျင်ကြံသူ မည်သို့မျှမတုံ့ပြန်နိုင်သေးခင်မှာပင် ကြောက်မက်ဖွယ် နတ်ဆိုးမီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းပင် ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူသည် မီးခိုးမျှင်တစ်ခုသို့ ပြောင်းလဲခံလိုက်ရပြီး အရိုးစု၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

ချွက်---

ဖြည်းဖြည်းချင်းပင် ရဲရဲတောက်နေသော သွေးလမ်းကြောင်းများ အရိုးစု၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာသည်။

ထို့နောက် သာမန်မျက်လုံးနှင့်ပင် မြင်နိုင်သည့် အလျင်တစ်ခုဖြင့် အရိုးစုပေါ်တွင် အသားများပေါ်ပေါက်လာသည်။

ရွှက်! ရွှက်! ရွှက်!

တစ်ချိန်တည်း၌ပင် အရိုးစုသည် ၎င်း၏ လက်သည်းများကို ထပ်မံ ဆန့်ထုတ်လိုက်သည်။

ဒီတစ်ခါ၌ သူတို့ကို ကြောက်ရွံ့မှုကြောင့်ကျယ်လောင်စွာအော်ဟစ်စေသည်အထိ အံ့ဩတုန်လှုပ်သွားစေလျက် ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူသုံးယောက်၏ ခန္ဓာကိုယ်များသည် လက်သည်းများ၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။

“လူကြီးမင်း ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်တို့ လူကြီးမင်းကို ကျွန်တော်တို့ သခင်အနေနဲ့ အလုပ်အကျွေးပြုပါမယ်။ ကျွန်တော်တို့ကို လွှတ်ပေးပါ လူကြီးမင်း”

မည်သို့ပင်ဖြစ်စေ ထိုအော်ဟစ်မှုများသည် အချည်းနှီးသာဖြစ်သည်။

နတ်ဆိုးမီးတောက်၏လောင်ကျွမ်းမှုအောက်တွင် ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူသုံးယောက်သည် ချက်ချင်းပင် ပထမလူ၏နောက်သို့ လိုက်ပါသွားခဲ့ရသည်။

ထိုအချိန်တွင် အရိုးစုပေါ်ရှိ အသားများမှာ သိသိသာသာပင် လျင်မြန်စွာ များပြားလာသည်။

လူတစ်ယောက်၏ ပုံကြမ်းတစ်ခုကဲ့သို့ပင် ဖြစ်ပေါ်နေပြီဖြစ်သည်။

“အား! ပြေးကြဟေ့”

ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူများ နောက်ဆုံးတွင် အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

ဒါက ဘယ်လိုလုပ် ရှေးဟောင်းနတ်ဆိုးကျင့်ကြံသူရဲ့ ဂူအိမ်ဖြစ်နိုင်ပါ့မလဲ?

ဤအရာသည် သေချာပေါက် သေမင်းနှုတ်ခမ်းဝပင်ဖြစ်သည်။

“ကြယ်ခုနစ်စင်း မင်းအသေဆိုးနဲ့သေရမယ်”

သူတို့ အနောက်သို့လှည့်ကာ ထွက်ပြေးလိုက်သည်နှင့် နောက်ထပ်လူနှစ်ယောက်သည် အရိုးစု၏ ချွန်ထက်သော လက်သည်းများဖြင့် ဆွဲယူခံလိုက်ရပြီး စုပ်ယူခံလိုက်ရသည့် အစာများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူတို့နှစ်ယောက်သည် မသေဆုံးခင်တွင် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သူတို့သည် ကြယ်ခုနစ်စင်းကို ယုံကြည်မိပြီး ‌‌ရှေးဟောင်းနတ်ဆိုးစွန့်ပစ်ထားသည့်နေရာတစ်ခုအတွက်နှင့် နောက်မှလိုက်ခဲ့သည်ကို နောင်တရနေကြသည်။

“ဟားဟား သွေးအရှင်ရဲ့အစာဖြစ်ရတာ မင်းတို့ရဲ့ ဂုဏ်အသရေပဲ။ ဘာလို့ဒေါသတကြီးဖြစ်နေကြတာလဲ?”

ကြယ်ခုနစ်စင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

သူသည် အရိုးစုကို ကျိုးနွံစွာဖြင့် တလေးတစားပြောလိုက်သည်။

“သွေးအရှင် ဘာလို့ကျွန်တော့်ကို အရှင့်အတွက် မဖမ်းဆီးစေတာလဲ?”

ထွက်ပြေးလွတ်မြောက်ကာ ကျန်ရှိနေသော ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူများသည် ကြောက်ရွံ့မှုဖြင့် တသိမ့်သိမ့် တုန်နေခဲ့ကြသည်။

တစ္ဆေနတ်ဆိုးရှီဖေးယန်၏ စိတ်တွင် တုန်လှုပ်သွားခဲ့သည်။

သူသည် ဆက်သွားရမည့်အစား ရပ်တန့်လိုက်ကာ အရိုးစုဆီသို့ ပြန်လှည့်လာခဲ့သည်။

ထို့နောက် သူသည် ကြယ်ခုနစ်စင်းကဲ့သို့ လေးပင်စွာဒူးထောက်လိုက်ပြီး မြေကြီးကို ခေါင်းနှင့်ထိလိုက်သည်။

“သွေးအရှင်ကို နှုတ်ဆက်ပါတယ်။ ကျွန်တော်က ရှီဖေးယန်ပါ။ ကျွန်တော် လူကြီးမင်းရဲ့ အထက်ဆုံးဓားတစ်လက်နဲ့ သစ္စာအရှိဆုံး အစေခံတစ်ယောက် ဖြစ်လာပါ့မယ်”

ရှီဖေးယန်၏ ရုတ်တရက် လုပ်ရပ်များသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

မီးတောက်များဖြင့် ပျော်ရွှင်မြူးထူးနေသည့် အရိုးစု၏ မျက်လုံးများပင်လျင် စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ”

သူသည် သူ၏လက်သည်းများဖြင့် ရှီဖေးယန်ကို ဆွဲယူလိုက်သည်။

ထို့နောက်သူသည် ရှီဖေးယန်ကို အနီးသို့ယူလိုက်ကာ စိုက်ကြည့်လိုက်သည်။

သူသည် စိတ်ဝင်စားစွာ မေးလိုက်သည်။

“ငါမင်းကို တခြားသူတွေလိုပဲ အစာအနေနဲ့ပြောင်းပစ်လိုက်မှာ မကြောက်ဖူးလား?”

ရှီဖေးယန်၏မျက်နှာမှာ အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်သွားသော်လည်း သူသည် စိတ်ငြိမ်ငြိမ်ထားရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။

“အရှင့်ရဲ့အစာဖြစ်ရတာ ကျွန်တော့်ရဲ့ ဂုဏ်အ‌သရေပါ”

“ဟားဟားဟားဟား”

အရိုးစုသည် ပြက်ရယ်ပြုလိုက်သည်။

“စိတ်ဝင်စားစရာပဲ တကယ့်ကို စိတ်ဝင်စားစရာပဲ”

စကားပြောနေစဉ်တွင်ပင် အရိုးစုသည် ရှီဖေးယန်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“မင်းအလိုရှိတဲ့အတိုင်းပဲ။ မင်းငါ့‌အစေခံဖြစ်လာနိုင်တယ်။ မင်းရဲ့အသိဉာဏ်ပင်လယ်ကိုဖွင့်လိုက်ပြီး ငါကကန့်သတ်ချက်တစ်ခု ချမှတ်လိုက်တာပေါ့”

၎င်းကိုကြားကာ ရှီဖေးယန်လည်း တုံ့ဆိုင်းမနေတော့ပေ။

သူသည် ညွှန်ကြားချက်ကို လိုက်နာလိုက်ပြီး အရိုးစုကို သူ၏အသိဉာဏ်ပင်လယ်ကို ဖွင့်စေကာ ကန့်သတ်ချက်များ ချမှတ်စေခဲ့သည်။

သူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေရင်တောင်မှ ဒီနေ့သေသွားနိုင်ကြောင်း ကောင်းကောင်းကြီးသိသည်။

ဤကိစ္စမှာ တကယ့်အခြေနေဖြစ်သည်။

အရိုးစုသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“မဆိုးပါဘူး မင်းငါ့ကို စိတ်မပျက်စေဘူးပဲ”

သူစကားပြော၍ပြီးသွားသည်နှင့် သူ၏လက်သည်းများကိုထပ်မံထုတ်လိုက်သည်။

နောက်ဆုံးလက်လျှော့အရှုံးပေးတော့မည့် အနည်းငယ်သာကျန်ရှိသော ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူများသည် ချက်ချင်း နှလုံးသားကို ထိုးဖောက်ခံလိုက်ရသည်။

“သွေးအရှင် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ကို လွှတ်ပေးပါ။

ကျွန်တော်တို့လည်း အရှင့်ရဲ့ လက်အောက်ငယ်သားတွေနဲ့ သစ္စာအရှိဆုံး အစေခံတွေဖြစ်လာပါ့မယ်”

“အဲ့ဒီလိုလား ကံမကောင်းစွာပဲ။ အရမ်းနောက်ကျသွားပြီကွ”

ရက်စက်သောအကြည့်တစ်ခု အရိုးစု၏ မျက်လုံးထဲသို့ ဖြတ်ပြေးသွားသည်။

ထို့နောက် သူ၏လက်သည်းပေါ်ရှိ မီးတောက်များ လင်းလက်လာခဲ့သည်။

ခနအတွင်းပင် နောက်ဆုံးကျန်ရှိသော ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူအနည်းငယ်သည် သူ၏ခန္ဓာကိုယ်အတွက် အစာများ ဖြစ်သွားခဲ့ကြသည်။

ချီ! ချီ! ချီ! ချီ!

တစ်ချိန်တည်း၌ပင် ပြည့်စုံသွားသောအသားများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ‌အရေပြားတို့သည် အရိုးစုပေါ်တွင် တည်ရှိပြီးသားဖြစ်သွားသည်။

သူ၏ခန္ဓာကိုယ်သည် အရွယ်အစားအရလည်း ရှုံ့ကျသွားသည်။

ခနကြာပြီးနောက်…

သူ၏ခန္ဓာကိုယ်အရွယ်အစားသည် သာမန်လူတစ်ယောက်ကဲ့သို့ လျော့ကျသွားသည်။

တစ်ချိန်တည်း၌ပင် သူသည် သတ်လတ်ပိုင်းအမျိုးသားတစ်ဦးသဖွယ် ပြောင်းသွားသည်။

မည်သို့ပင်‌ဖြစ်စေ သူသည် အနည်းငယ်ပိန်လှီကာ သူ၏မျက်နှာမှာ ဖြူဖပ်ဖပ် ဖြစ်နေဆဲဖြစ်သည်။

သူ၏မျက်လုံးတွင်သာ ကြောက်မက်ဖွယ်နီမြန်းသော အရောင်ရှိသည်။

ထိုအချိန်တွင် သူသည် အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ဖြစ်သည့် ကြယ်ခုနစ်စင်းနင့် ရှီဖေးယန်တို့ကိုကြည့်ကာ အားရကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီကောင်တွေဆီကနေ အကြာကြီးချိပ်ပိတ်ခံရပြီးတဲ့နောက်မှာ ငါ၊ သွေးအရှင်က နောက်ဆုံးမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြန်ရခဲ့ပြီ။ ကောင်းပြီ အခုငါ့ကိုပြောစမ်း။ နီးနီးနားနားမှာ သေမျိုးတွေနေထိုင်တဲ့မြို့ကြီးတွေ မဟုတ်ရင်လည်း ကျင့်ကြံသူဂိုဏ်းကွဲတွေမရှိဘူးလား?”

သွေးအရှင်၏ စကားများကို ကြားပြီး ရှီဖေးယန် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။

သူမှတ်မိတာသာမှန်မည်ဆိုလျှင် သွေးအရှင်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မဟာနတ်ဆိုးတစ်ကောင်ဖြစ်သည်။

သူ၏လက်ထဲတွင် သေဆုံးသွားသည့် ပဏာမအခြေတည်ဝိညာဉ်စံသခင်အချို့လည်းရှိသည်ဟု ပြောစမှတ်ပြုကြသည်။

ထို့နောက် များစွာသော ပဏာမအခြေတည်ဝိညာဉ်စံသခင်များသည် သူ့ကိုချိပ်ပိတ်ထားရန် စုပေါင်းခဲ့ကြသည်။

ရှီဖေးယန်သည် သူယနေ့ရင်ဆိုင်ရမည့်သူသည် ဤကဲ့သို့ ကျော်ကြားသော နတ်ဆိုးတစ်ကောင် ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် ဤမဟာနတ်ဆိုးကို သူ၏အသုံးဝင်ပုံကိုပြသနိုင်ပြီး အရေးတယူလုပ်ခံရပါက အနာဂတ်တွင် သူ၏အခြေတည်ဝိညာဉ်ကို သိပ်သည်းစေမည့် အခွင့်အလမ်းတစ်ခုရှိနိုင်လိမ့်မည်။

ဤကဲ့သို့တွေးတောကာ သူသည် လက်ရှိကျင့်ကြံရေးလောက၏ အခြေအနေများကို ထိုနတ်ဆိုးအား ပြောပြလိုက်သည်။

***

စာစဉ် ၂၁ ပြီးပါပြီ။

All Chapters