အပေးအယူ၊ ၁၇သန်း၊ ကျင့်ကြံသူများကြားဖြတ်ခြင်း၊ စိတ်လွတ်လက်လွတ် သတ်ဖြတ်ခြင်း
Vol. 22 Ch. 435
စံသခင်ချီယွင် စကားပြော၍ ပြီးသွားသည်နှင့် ကျင့်ကြံသူများ စတင် ဈေးခေါ်ဆိုလိုက်ကြသည်။
“ဝိညာဉ်ကျောက်တုံး၂သန်း!”
“ဝိညာဉ်ကျောက်တုံး၄သန်း!”
“ဝိညာဉ်ကျောက်တုံး၅သန်း!”
ချက်ချင်းဆိုသလိုပင် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်၏ တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး၅သန်းသို့ မြင့်တက်သွားသည်။
ထို့ပြင် ၎င်းမှာ အစသာ ရှိသေးသည်။
အချိန်ကုန်လွန်လာသည်နှင့် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်၏ တန်ဖိုးမှာ ဆက်လက်မြင့်တက်လာခဲ့သည်။
ခနကြာပြီးနောက်…
ပစ္စည်းတန်ဖိုးသည် အံ့အားသင့်စွာပင် ဝိညာဉ်ကျောက်တုံး ၈သန်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထို့ပြင် ၎င်းမှာ ဆက်လက်မြင့်တက်နေသေးသည်။
“၈.သန်း!”
“၈.၇သန်း!”
“၉သန်း!”
“၁၀သန်း!”
အဆင့်နိမ့်ကျင့်ကြံသူများက ပင့်သက်ရှိုက်လိုက်သည်။
သူတို့သည် ပစ္စည်းတစ်ခုက ဤကဲ့သို့ ကြောက်မက်ဖွယ်ပမာဏတစ်ခုကို ရောက်ရှိသွားလိမ့်မည်ဟု ဘယ်တုန်းမှ အိမ်မက်မမက်ခဲ့ကြပေ။
၎င်းသည် သူတို့ဆယ်ဘဝစာအလုပ်လုပ်ရင်တောင် မစုဆောင်းနိုင်မည့် တန်ဖိုးတစ်ခုဖြစ်သည်။
“ဝိညာဉ်ကျောက်တုံး၁၅သန်း!”
ရုတ်တရက် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
၎င်းဈေးကိုကြားပြီးနောက် တန်ဖိုးတိုးမြှင့်ခေါ်ဆိုနေကြသည့် ကျင့်ကြံသူထောင်ချီမှာ အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ လှည့်ကြည့်လိုက်ကြသည်။
၁၅သန်း ဈေးခေါ်ဆိုလိုက်သူမှာ အဌမရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူ၏ဘေးတွင် နဝမရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူအမျိုးသမီးတစ်ယောက်လည်း ရှိသည်။
၎င်းမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ ဖြစ်သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် လူတိုင်း၏ စေ့စေ့စပ်စပ်ကြည့်ရှူစစ်ဆေးမှုများ၊ အေးစက်မှုများ၊ ခြိမ်းခြောက်မှုများ၊ ဒေါသများ၊ စူးစိမ်းလိုသောအကြည့်များကို ရင်ဆိုင်လိုက်ရသည်။
သူတို့၏ မျက်နှာအမူအယာများမှာလည်း မပြောင်းလဲသွားခဲ့ပေ။
အခြားတစ်ဖက်တွင်လည်း လုမျိုးနွယ်စုမှ လုရှင်းယွင်နှင့် အခြားသူများသည် မျက်မှောင်ကြုံ့သွားကြသည်။
အသေအချာပင် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့က ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို စိတ်ဝင်စားပြီး သိသာထင်ရှားသည့်အပြုအမူမျိုးဖြင့် ၁၅သန်း ဈေးခေါ်ဆိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ထို့ပြင် သူတို့ ဒြပ်စင်ငါးမျိုးစစ်မှန်သောနည်းစနစ်ကို ရရှိရန် ကျရှုံးသွားပါကလည်း အချို့သူများ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်ဦးမည်။
ဝိညာဉ်ကျောက်တုံး၁၅သန်းသည် ဆွဲဆောင်ခြင်းမခံရစေရန်ပင် အလွန်များပြားသည့်ပမာဏဖြစ်သည်။
“ဝိညာဉ်ကျောက်တုံး၁၅သန်း! ဒီတာအိုရောင်းရင်းကတော့ ဝိညာဉ်ကျောက်တုံး ၁၅သန်း ကမ်းလှမ်းလိုက်ပါပြီ။ ထပ်မံပြီးတော့ တိုးမြှင့်ခေါ်ဆိုချင်တဲ့သူ ရှိပါသေးသလား?”
စံသခင်ချီယွင်က ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်နွင် သူ၏အသံထဲ၌ စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စ ရှိနေသည်မှာ ထင်ရှားသည်။
ဤဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်၏ တန်ဖိုးသည် သူ၏ ကနဦးအတွေ့အကြုံများထက်ပင် ပိုလွန်သွားပြီဖြစ်သည်။
သူသည် ထိုတန်ဖိုးမှာ နောက်ထပ်မြင့်တက်မှု တစ်ခုဖြစ်ရန်လည်း မျှော်လင့်နေသေးသည်။
ခနကြာပြီးနောက် တစုံတစ်ယောက်က ဈေးတစ်ခုခေါ်ဆိုလိုက်သည်။
“ဝိညာဉ်ကျောက်တုံး၁၆သန်း!”
“၁၇သန်း!”
မမျှော်လင့်ထားစွာပင် ဈေးတန်ဖိုးကို ၁၆သန်း ကမ်းလှမ်းလာသည်နှင့် ကျန်းချန်ရွှမ်သည် ၁၇သန်းဟု ချက်ချင်း အော်လိုက်သည်။
ဤတစ်ကြိမ်တွင် မည်သူမှ နောက်ထပ်ခေါ်ဆိုမှုတစ်ခု မပြုလုပ်ခဲ့ပေ။
လူတစ်ချို့၏မျက်လုံးများ ဝင်းလက်တောက်ပသွားခဲ့သည်။
အသေအချာပင် သူတို့သည် အစီအစဉ်တစ်ခု ဆွဲနေကြသည်။
အဓိပ္ပာယ်ပါသောအကြည့်များဖြင့် သရော်ပြုံးပြုံးနေကြသည့် တချို့သူများလည်း ရှိသည်။
သူတို့မည်သို့ စဉ်းစားနေသည်မှာ သိသာထင်ရှားသည်။
ခနကြာပြီးနောက်..
လေလံပွဲကိုစီစဉ်တင်ဆက်ရန် တာဝန်ရှိသည့် စံသခင်ချီယွင်သည် သူ၏လက်ထဲမှ အသေးစားတူကို ပြင်းထန်စွာခေါက်လိုက်သည်။
“၁၇သန်းတစ်ကြိမ်! ၁၇သန်းနှစ်ကြိမ်! ၁၇သန်းသုံးကြိမ်!
တာအိုရောင်းရင်း ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်တဲ့ ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်!”
“ဟူး...”
တစ်ချိန်တည်း၌ပင် ကျန်းချန်ရွှမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ခု ချလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ဈေးတန်ဖိုးသာ ဆက်လက်မြင့်တက်နေပါက သူသည် သူ၏ရတနာအချို့ကို ရောင်းချရန် ထည့်သွင်းစဉ်းစားရပေလိမ့်မည်။
ထို့ပြင် ဤလေလံပွဲတွင် ဝိညာဉ်ကျောက်တုံးသန်း၂၀ထက်ပို၍ အသုံးပြုခြင်းသည် သူ၏အတိုင်းအတာဖြစ်ကြောင်း ထင်ရှားသည်။
အခြေတည်ဝိညာဉ်စံသခင်များပင်လျှင် သူကဲ့သို့ များများစားစား မရှိနိုင်ပေ။
ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို ရရှိပြီးနောက် သူနှင့် ရှန်းရူရန်သည် ဆက်လက်၍မနေတော့ဘဲ လေလံပွဲကျင်းပရာနေရာမှ လျင်မြန်စွာ ထွက်ခွာခဲ့ကြသည်။
တစ်ချိန်တည်း၌ပင် လင်မယားနှစ်ယောက်သည် သူတို့ လေလံပွဲနေရာမှ ထွက်ခွာလာချိန်၌ များလှစွာသော အကြည့်များ သူတို့အပေါ်တွင် စူးစိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
ဘယ်သူက အခြေတည်ဝိညာဉ်အဆင့်ကျင့်စဉ်နည်းစနစ်တစ်ခုကို အလကား လုမယူဖို့ လှုံ့ဆော်မခံရဘဲ နေပါ့မလဲ?
ထို့ပြင် ဤလေလံပွဲအတွင်းတွင် သူတို့သည် သူတို့မှာ ချမ်းသာကြွယ်ဝသည်ဟူသည့်သတင်းတစ်ခုကိုလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။
သူတို့ ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို ရရှိရန် ကျရှုံးသွားရင်တောင် သူတို့၏ကြွယ်ဝမှုသည် လူများ သူတို့အပေါ်တွင် မျက်စိကျစေရန် လုံလောက်သည်။
နောက်ပိုင်းတွင် ရင်ဆိုင်ရမည့် တစ်စုံတစ်ခု ရှိလာဟန်တူသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့သည် တိမ်မီးတောက်မြို့ရှိ သူတို့၏ဂူအိမ်သို့ ပြန်လာခဲ့ကြသည်။
မည်သို့ပင်ဖြစ်နေပါစေ သူတို့ တိမ်မီးတောက်မြို့မှ မထွက်မခွာမီအထိ မည်သူမှသူတို့ကို မတိုက်ခိုက်ရဲကြပေ။
၎င်းမှာ တကယ့်အခြေအနေဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ ဂူအိမ်ထဲကို ဝင်သွားသည်ကို မြင်သောအခါ နောက်မှနီးကပ်စွာလိုက်လာကြသည့်သူများမှာ ချက်ချင်း သူတို့ကိုယ်သူတို့ ပုန်းကွယ်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့သဘောမပေါက်လိုက်သည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို နောက်ယောက်ခံလိုက်ရသည်မှာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ပေ။
***