← Chapters

လောကသုံးခုတည်ရှိခြင်းကို ဖယ်ရှားခြင်း

Vol. 86 Ch. 1197

လောကသုံးခုတည်ရှိခြင်းကို ဖယ်ရှားခြင်း

Vol. 86 Ch. 1197

သူမ မေးခွန်းကို အမြဲမပြတ်မကွက်ဖြေခဲ့သော ဒိကျဲ့သည် ဘာမှမပြော ပေ။ ရှီမာယူယူသည် ခေါင်းလှည့်ပြီး သူ့ကိုကြည့်လိုက်ရာ သူ့အမူအရာသည် သွေးလင်းနို့များကို မြင်လိုက်ရသည့်အချိန်ထက်ပင် ပိုတုန်လှုပ်နေသည်။

“ဘာ…”

သူမ ဒုတိယတစ်လုံးပင် မဟလိုက်ရ ဒိကျဲ့သည် သူမကိုဆွဲကာ ကမ္ဘာ မြေကြီးနန်းတော်ဆီသို့ ပြေးလေသည်။

သူတို့နှစ်ယောက်အရင်ဝင်ပြီးသည်နှင့် နောက်တွင် ဒိလျူနှင့် တစ္ဆေသခင်တို့ လိုက်လာကြသည်။ တစ္ဆေသခင်ဝင်ပြီးသည်နှင့် သူသည် ကမ္ဘာမြေကြီးနန်းတော်တစ်ခုလုံးကို အတားအဆီးဖြင့် ဝန်းရံလိုက်သည်။

နောက်တွင် ကျန်ခဲ့သော လူ သုံးလေးငါးယောက်သည် အထဲသို့ပြေး လာကြသည်။ တခြားသူများသည် အတားအဆီးအပြင်ဘက်တွင် ပိတ်မိခဲ့ လေသည်။

“ငါတို့ကို ဝင်ခွင့်ပေး ဝင်ခွင့်ပေး”

“တောင်းပန်ပါတယ် ဝင်ခွင့်ပေးပါ”

“အာ.. ကူညီပါဦး”

“….”

ထိုလူများသည် အပြင်ဘက်တွင် အသည်းအသန်အော်ဟစ်ကြ သော်လည်း တစ္ဆေသခင်သည် သူတို့ကိုဝင်ခိုင်းမည့် စိတ်တစ်စိုးတစိမှရှိမနေ ပေ။

ရှီမာယူယူသည် သူတို့နောက်တွင် ရပ်နေသည်။ သူမတွင်လည်း သူတို့ကို ဝင်ခိုင်းမည့် စိတ်ရှိမနေပေ။

သူမ သွေးအေးလွန်းသည်မဟုတ်ပေ။ ထိုလူများသည် စောစော ကတည်းကပင် သည်နေရာမှထွက်ခွာရန် ရွေးချယ်နိုင်သည်။ သို့သော် သူတို့ သည် သူမနှင့် ဒိကျဲ့ကိုသတ်ချင်သဖြင့် နေခဲ့ပြီး ထွက်မသွားကြပေ။

သူမအား သတ်လိုသောလူများကို သူမနှင့် ဒိကျဲ့တို့၏ လုံခြုံမှုကို လစ်လျူရှုပြီး တစ္ဆေသခင်ကို ဝိညာဉ်အတားအဆီးဖွင့်ခိုင်း၍ အန္တရာယ်နှင့် ရင်ဆိုင်ကာ ကယ်လောက်သည်အထိ သူမစိတ်မှာ ဖြူစင်ပြီး ကြင်နာမှုမရှိပေ။

“ဝင်ခွင့်ပေး ဝင်ခွင့်ပေး”

ထိုလူများသည် ရူးသွပ်စွာ အော်မြည်နေကြတုန်းပင်။ တချို့မှာ မျှော်လင့်ချက်မဲ့နေပြီး ထိုထူးဆန်းသော ဘေးဒုက္ခကြီးကို အရှုံးပေးရန်ကိုသာ အာရုံစိုက်ရတော့သည်။

တချို့မှာ အနောက်သို့ပြန်ပြေးကြသည်။ သို့သော် အဝေးမရောက်ခင် မှာပင် ရပ်သွားလေသည်။ အကြောင်းမှာ တိမ်ပုံသဏ္ဍာန်အနက်ရောင်မြူခိုး သည် ဝိုင်းဝန်းသောပုံစံဖြင့် ဆန့်ထုတ်ပြီး နေရာတစ်ခုလုံးကို ဝန်းပတ်လိုက် သည်။

ထိုအခါမှပင် ဒိကျဲ့နှင့် တခြားသူများသည် အနောက်သို့ပြန်လှည့်မပြေး ဘဲ သူမကို ကမ္ဘာမြေကြီးနန်းတော်တွင်သာ နေခိုင်းသည့်အကြောင်းအရင်းကို ရှီမာယူယူ နားလည်သွားတော့သည်။

သို့သော် ထိုသည်မှာလည်း အတည်ငြိမ်ဆုံး အစီအစဉ်မဟုတ်ပေ။ မဟုတ်လျှင် တစ္ဆသခင်သည် နေရာကို အတားအဆီးဖြင့် ဝိုင်းပတ်မည် မဟုတ်ပေ။

“ဒီမှာ ဘာတွေဖြစ်နေတာလဲ”

“နတ်ဆိုးသွေးဖြစ်မယ်” ဒိကျဲ့ ပြောလိုက်သည် “ဒီနေရာ နတ်ဆိုးသွေး ဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ၊ အဲဒါကြောင့် အစောပိုင်းတုန်းက သွေး လင်းနို့တွေက အဝေးကြီးထိထွက်ပြေးကြတာကိုး”

“နတ်ဆိုးသွေးက အဲလောက် အားကောင်းလား” ရှီမာယူယူသည် ဆွံ့အသွာေးလသည်။ ထိုသွေးလင်းနို့များပင် ကြောက်စရာကောင်းနေသည် ကို ထိုအရာ၏ တည်ရှိမှုက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်မလဲ။

“ဟုတ်တယ် အဲအရှေ့မှာဆိုရင် ငါတို့က ဘာမှမလုပ်နိုင်တဲ့ အင်အားမဲ့ တွေပဲ” ဒိကျဲ့သည် ဖြူဖျော့သော မျက်နှာထားဖြင့်ပြောလေသည် “နတ်ဆိုး သွေးသာ ဒီမှာရှိတယ်ဆိုတာ သိရင် အံ့ဖွယ်နယ်မြေကို လာခဲ့မှာတောင် မဟုတ်ဘူး အဲဒါကိုရင်ဆိုင်ရတာက သေမင်းကို ရင်ဆိုင်ရသလိုပဲ”

“အဲဒါက ကမ္ဘာမြေအောက် သားရဲလား” ရှီမာယူယူ မေးလိုက်သည်။

“မဟုတ်ဘူး အဲဒါကို အမှောင်ဝိညာဉ်သားရဲလို့ ပြောလို့ရတယ် အဲလို သတ္တဝါက တစ္ဆေနဲ့ နတ်ဆိုးလောကမှာပဲဖြစ်နိုင်တယ် ပြီးတော့ လောကသုံးခု ကိုလည်း ဖြတ်သန်းနိုင်တယ် ဘယ်သူပဲဖြစ်ဖြစ် စံတင်အဆင့် ကျွမ်းကျင်သူ ဆိုရင်တောင် အောင်မြင်ဖို့ အခွင့်အရေးက မသေချာဘူး ဧကရာဇတ်မဟုတ် ရင် မတိုက်ခိုက်နိုင်ဘူး” ဒိကျဲ့ ရှင်းပြလေသည်။

“အားကောင်းလိုက်တာ” ရှီမာယူယူသည် လေအေးများ စုပ်သွင်းမိ သည်။ ဧကရာဇ်တစ်ပါးသည် ထိုနှစ်များတွင် မပေါ်ထွက်လာခဲ့ပေ။ သို့သော် ထိုမျှအားကောင်းအသာအရာသည် အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့သည် “အဲဒါကြီးသာ ဒီနေရာကနေထွက်ပြီး အပြင်ကိုသွားမယ်ဆိုရင် တိုင်းပြည် တစ်ခုလုံးက လူတွေကို ဝါးမျိုမပစ်နိုင်ဘူးလား”

ဒိကျဲ့နှင့် တစ္ဆေသခင်တို့သည် နှုတ်ဆိတ်နေကာ သူမ ပြောသည်များ ကို သဘောတူနေသည်။

ထိုအရာကြီး မည်သည့်နေရာသို့သွားစေကာမူ တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်။

“အဲဟာကြီး အရင်တုန်းက တစ်ခါမှ မပေါ်လာဖူးဘူးလား”

“ပေါ်လာဖူးတယ် ရှေးတုန်းက တစ်ခါပေါ်လာတယ်လို့ ကောလဟလ ရှိတယ် ဆုံးရှုံးမှုတွေကတော့ ဆိုးဆိုးရွားရွားပဲ သေဆုံးမှုတွေလည်း မရေတွက်နိုင်လောက်အောင်ပဲ ဒါပေမဲ့ အဲတုန်းက ဧကရာဇ်တွေလည်းများ တယ် သူတို့က အဲဟာကြီးကို ချေမှုန်းနိုင်လိုက်တယ်” တစ္ဆေသခင် ပြောပြ လေသည်။

ပြီးနောက် အခုချိန်တွင် သူတို့တွင် ဧကရာဇ်တစ်ပါးမှ ရှိမနေပေ။ လူသား နတ်ဆိုးနှင့် တစ္ဆေ ထိုလောကအသုံးခုသည် အန္တရာယ်ကျရောက်နေ ပြီဖြစ်သည်။

“ဒီကောင်ကြီး ကြီးထွားဖို့ လိုသေးလို့တော်သေးတယ် ဧကရာဇ်အဆင့် တစ်ဝက်လောက်ရောက်နေတဲ့သူတွေ အတူပေါင်းတိုက်ရင် ချေမှုန်းလို့ရနိုင် သေးတယ်”

ဧကရာဇ်အဆင့် တစ်ဝက်ရောက်တဲ့သူတွေ… တစ်ဝက်ရောက်နေသော သူများကို လိုလျှင်တောင် တစ္ဆေဘုရင်နှင့် နတ်ဆိုးဘုရင်မှလွဲ၍ တခြားသူ မရှိပေ။

လုံးဝ မရှိတာတော့ မဟုတ်ဘူးလေ။ သူတို့က နှိမ့်ချနေတတ်လို့ သတင်း မပြန့်သေးတာလည်းဖြစ်နိုင်တယ်။

သို့သော် ဧကရာဇ်အဆင့် ရောက်ဖို့ ခြေလှမ်းတစ်ဝက်လောက်ရောက် တဲ့သူတွေက ဘယ်နယောက်ရှိမလဲ။ သူတို့ အခုဒီကိုအလောတကြီးလာပြီး အဲဒါကြီးကို ချေမှုန်းဖို့ဆိုတာ နည်းလမ်းမရှိသေးဘူး။

“ဘာတွေဖြစ်နေတာလဲ” ရှီမာမျိုးနွယ်များသည် ဂူမျိုးနွယ်ကို ဖြေရှင်းခြင်း မပြီးပြတ်သေးခင်မှာပင် ပြေးလာကြသည်။ သူတို့သည် တိုက်ပွဲ ဖြစ်နေရာမှ အသံများကြားသောအခါ တိုက်ပွဲရပ်ပြီး ပြေးလာကြည့်ကြသည်။

ရှီမာမျိုးနွယ်သည် အစပိုင်းတွင် တိုက်ပွဲကို အဆုံးထိ တိုက်ချင်သည်။ ဂူမျိုးနွယ်၏ သစ္စာဖောက်မှုသည် သူတို့ကို ဒေါသထွက်စေကာ လွှတ်မပေးချင် ပေ။

သို့သော် ဂူမျိုးနွယ်ပြောသည်မှာ မှန်သည်။ အကယ်၍ တစ်ခုခုဖြစ်လာ ပါက သူတို့သည် အတူတကွရင်ဆိုင်ရျွည်။

“ယူယူ မင်းတို့အပြင်သွားလိုက်ပြီမဟုတ်ဘူးဘား ဒီမှာဘာလုပ်နေသေး တာလဲ” ရှီမာလွီဖန်သည် ရှီမာယူယူကိုကြည့်ရင်း လျှောက်လာကာ မေးလေ သည်။

ရှီမာယူယူသည် ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့ကို လှည့်ကြည့်လိုက် သည်။ သူမ၏ မျက်နှာလေးသည် ဖြူဖျော့နေကာ ပြန်ဖြေလိုက်သည် “ကျွန်မ တို့ ပြဿနာတက်ပြီ”

“ဘာပြဿနာလဲ”

ရှီမာယူယူသည် တစ္ဆေသခင်ပြောပြခဲ့သည် အကြောင်းများကို ပြန်ပြော ပြရာ ရှီမာမျိုးနွယ်နှင့် ဂူမျိုးနွယ်တို့သည် ကြောက်ရွံ့ကြလေသည်။

သေစမ်း။ သူတို့က ဒီကိုရတနာလာရှာတာမလား။ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ဟာကြီးနဲ့ လာတွေ့နေတာလဲ။

“အာ…”

အပြင်မှ အော်သံများထွက်လာရာ ကမ္ဘာမြေကြီးနန်းတော်မှလူများသည် အဖြစ်အပျက်ကို ထွက်ကြည့်ကြလေသည်။ သူတို့ရှေ့မှ မြင်ကွင်းမှာ ကြောက်စရာပင်။

အစောပိုင်းက ရှီမာယူယူ၏ စကားများသည် မည်မျှပင်ကြောက်မက် ဖွယ်ကောင်းစေကာမူ သူတို့မျက်လုံးနှင့် မြင်ရသည်နှင့် ယှဉ်မရပေ။

“ဟူး ဟူး…”

လေသံများကြားရသည်မှာ သားရဲများ ကြောက်လန့်တကြားအော်သည် နှင့်မတူသော်လည်း ကမ္ဘာမြေကြီးနန်းတော်မှလူများသည် အသည်းအူထဲ အထိ ကြောက်ရွံ့မိကြလေသည်။

ထိုသည်မှာ ဝိညာဉ်သားရဲများနှင့် ပြင်းထန်သော တိုက်ပွဲထက်ပင် ကြောက်စရာကောင်းသည့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတစ်မျိုးပင်ဖြစ်သည်။

“ဒီအတားအဆီးက ဘယ်လောက်ကြာအောင် ခံနိုင်မလဲ” အကြီးအကဲ တစ်ယောက်မေးလိုက်သည်။

“အဲဒါက ငါ့အတားအဆီးကို ဖျက်နေတယ် လက်ရှိအခြေအနေကို တွက်မယ်ဆိုရင် အများဆုံးက နာရီဝက်ပဲ” တစ္ဆေသခင် ပြောလိုက်သည်။

နာရီဝက်…

ဆိုတော့ သူတို့မှာ နာရီဝက်ပဲကျန်တော့တာလို့ သူပြောနေတာလား။

“ငါတို့အတူပူးပေါင်းလိုက်ရင်ရော” ဂူမျိုးနွယ်မှ လူတစ်ယောက် အကြံ ပေးလေသည်။

အားလုံးသည် သူ့ကို ငတုံးတစ်ယောက် သဖွယ်ကြည့်ကြလေသည်။

တစ္ဆေသခင်သည် တစ္ဆေမျိုးနွယ်ဝင်ဖြစ်သည်။ အားလုံး၏ ဝိညာဉ် စွမ်းအင်သည် သူ့စွမ်းအားနှင့် ထိပ်တိုက်တွေ့သည်။ သူနှင့် လက်တွဲလိုက်ပါ က ပိုပြီးပြဿနာမဖြစ်စေဘူးလား။

ထိုလူသည် သဘောပေါက်သွားပြီး ရှက်သွားလေသည်။

“တခြားရွေးချယ်မှု တကယ်ပဲမရှိတော့ဘူးလား”

အဆုံးမသတ်နိုင်သော တိတ်ဆိတ်မှုသည် လေထဲတွင် အုံခဲလာသည်။

“တစ္ဆေသခင် ငါတို့တကယ်ပဲ…” ဒိလျူသည် တစ္ဆေသခင်ကို ကြည့်ပြီး အဖြေရရန် အသည်းအသန်မျှော်လင့်နေသည်။

သို့သော် တစ္ဆေသခင်သည် ခေါင်းသာ ခါရမ်းလေသည်။

တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား။

တိတ်ဆိတ်မှု… ထိုအရာသည် သူတို့မျှော်လင့်ချက်ကို အချိန်နှင့်အတူ တဖြည်းဖြည်း တိုက်စားနေသည်။

“အာ…”

တစ္ဆေသခင်၏ နောက်မှလိုက်လာသူများထဲမှ တစ်ယောက်သည် စိတ်ပျက်အားငယ်နေသည့် လေထု၏ ဖိနှိပ်မှုကို မခံနိုင်တော့ကာ အော်ဟစ် ငိုကြွေးလေသည်။

“ငါတို့ တကယ်ပဲ ဒီမှာသေရတော့မှာလား” နောက်တစ်ယောက်သည် မျက်ရည်များဖြင့် ဝဲနေသည်။ ထိုဘေးဒုက္ခနှင့် ရင်ဆိုင်လိုက်ရသောအခါ သူတို့သည် မတွန်းလှန်နိုင်ပေ။ သေမင်းတံခါးရောက်လာသည်ကို မျက်လုံးဖွင့်ပြီးကြည့်နေရုံသာ တတ်နိုင်တော့သည်။

“ပါးစပ်ပိတ်” ရှီမာယူယူသည် သူတို့၏ မျက်ရည်များဖြင့် အော်ဟစ်မှု ကြောင့် ထိုနှစ်ယောက်လုံးကို အော်လိုက်သည်။ သူမ၏ ရက်စက်တတ်သော အကျင့်သည် အားလုံးကို မှင်တက်သွားစေသည်။

ဒီမိန်းကလေးရဲ့ အကျင့်က ဘယ်လိုများဖြစ်မလဲ။

ရှီမာယူယူသည် ထိုလူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ တစ္ဆေသခင်၏ အနားသို့သွားကာ မေးလိုက်သည် “တစ္ဆေသခင် အမှောင်သတ္တဝါတွေက မီးနဲ့ လျှပ်စီးကိုကြောက်ကြတယ် ဒီကောင်ကြီးကရော ဘယ်လိုလဲ သူလည်း အဲဒါတွေကို ကြောက်လား”

***

All Chapters