← Chapters

သေပြီးလျှင် အမုန်းရန်ကြွေးတို့ ချေရမည်

Vol. 112 Ch. 1464

သေပြီးလျှင် အမုန်းရန်ကြွေးတို့ ချေရမည်

Vol. 112 Ch. 1464

ပြန်လည်အသက်ဝင်လာသော ကောင်းကင်နယ်စားမင်းက ခန္ဓာကိုယ်ကို အကြောဆန့်နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အဆုံးမဲ့သောစွမ်းအားတို့ ပျောက်ကွယ်သွားပြီး သေမျိုးခန္ဓာကိုယ်ဖြင့် အစားထိုးခံလိုက်ရသောကြောင့် သူ့မှာ နေသားမကျသေးပေ။

ထိုမျှသာမက ချင်မူနှင့် ကောင်းကင်ယင်နတ်ဘုရားမတို့ သူ၏ဝိညာဉ်ကို တည်ဆောက်ခဲ့တုန်းက နတ်ဝိညာဉ်တစ်ခုအပြင် ယန်ဝိညာဉ်သုံးခု ယင်ဝိညာဉ်ခုနစ်ခုကိုပါ ထည့်ပေးခဲ့သည်။

နတ်ဝိညာဥ်မှာ ကောင်းကင်နတ်အရှင်ဟုန် မဟုတ်ပေ။ ကောင်းကင်ယင်လမ်းစဉ်ကို အသုံးပြု၍ ဖန်တီးထားသော ဝိညာဉ်တစ်ခုသာ ဖြစ်၏။ မည်သည့်အသိစိတ်မှမရှိသော စာရွက်ဖြူတစ်ရွက်ပမာ ဖြစ်နေသေးသည်။

သူသည် အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သောကြောင့် ဝိညာဉ်သုံးခုသာ ရှိခဲ့ပြီး ယန်ဝိညာဉ်သုံးခု ယင်ဝိညာဉ်ခုနစ်ခု မရှိခဲ့ပေ။ ယခုတွင် ၎င်းတို့ကို ပိုင်ဆိုင်ထားလေရာ အနည်းငယ် သိချင်စိတ် ပြင်းပြနေသည်။ ယခုထက်ထိလည်း နေသားမကျသေးချေ။

ကောင်းကင်နယ်စားမင်းမှာ အတိတ်တုန်းက မွေးရာပါနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည့်အပြင် အင်အားအကြီးမားဆုံး ရှေးဟောင်းနတ်ဘုရားဖြစ်ခဲ့သည်။ ကောင်းကင်ထက်အမြင့်တွင်သာ နေထိုင်ခဲ့ပြီး လူဝင်စားများ ခွဲထုတ်ခဲ့တုန်းကလည်း ကောင်းကင်ဘုံတို့၌သာ ပျော်ပါးနေထိုင်ခဲ့ကြသည်။ မြေပေါ် ဆင်းသက်ကြသည်မှာ ရှားပါးလှ၏။

ယခုတွင် သူ၏ခြေထောက်များက မြေပြင်ပေါ်တွင် ရပ်နေချေပြီ။ ခြေဖဝါးနှင့် ခြေချောင်းများမှ အထိအတွေ့‌က သူ့အတွက် ထူးဆန်းနေသည်။ သူက ခါးကိုင်း၍ ခြေချောင်းများကြားရှိ မြေကြီးကို ကိုင်လိုက်သည်။ ထို့နောက် နှာခေါင်းနားတွင် ကပ်ကာ အနံ့ရှူကြည့်လိုက်သည်။

ကောင်းကင်ယင်နတ်ဘုရားမ၏ မျက်နှာထက်တွင် ရွံရှာသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူမက ထိုရွံရှာသွားမှုကို ကွယ်ဝှက်မထားပေ။

မလှမ်းမကမ်းတွင် လော့ဝူရွှမ်သည် ဘာကိုမှမမြင်ရလိုက်သလို ဟန်ဆောင်နေသည်။ ကျဲ့ဟွလီ၏ မျက်လုံးများကတော့ ကျွတ်ထွက်မတတ် ပြူးကျယ်နေ၏။ သားသတ်သမားနှင့် ကောင်းကင်နတ်မင်းတျန်းရှုက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးနေကြသည်။

ကောင်းကင်နယ်စားမင်းက ပြုံးလျက် လက်ဖဝါးဖြန့်ကာ သူ၏လက်ချောင်းငါးချောင်းနှင့် လက္ခဏာများအား အသေအချာ ကြည့်နေ၏။

ချင်မူက ထပ်ပြောသည်။ “တာအိုနောင်တော်၊ မြေအောက်ဘုံအရှင်သခင် စောင့်နေပါတယ်”

ထိုအချိန်မှသာ ကောင်းကင်နယ်စားမင်းမှာ အသိစိတ်ဝင်လာပြီး ချင်မူနှင့် ကောင်းကင်ယင်နတ်ဘုရားမကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သားသတ်သမားနှင့် ကျန်သူများကို အရိုအသေပေးလိုက်၏။

သားသတ်သမားက မေးသည်။ “ကောင်းကင်နယ်စားမင်း၊ သေမျိုးတစ်ယောက်ဖြစ်လာတော့ ဘယ်လိုခံစားရပါသလဲ… စိတ်ပျက်မိသွားလား”

“တစ်ခုခု လစ်ဟာနေသလို ခံစားရတယ်”

ကောင်းကင်နယ်စားမင်းက ဖုံးကွယ်မထားဘဲ ပြောသည်။ “အတိတ်တုန်းက ကျုပ်ရဲ့ခွန်အားက သိပ်ကိုကြီးမားခဲ့တယ်… အခုတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်တွေရဲ့ ခွန်အားကို ပဲပိုင်ဆိုင်တော့တယ်… ကျုပ်ရဲ့ရုပ်ခန္ဓာက သေမျိုးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ မထူးခြားတော့ဘူးဆိုတော့ တစ်ခုခု လိုအပ်နေသလိုပဲ…. ကျုပ် ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ ထိုက်ယီက ပြောခဲ့တယ်… သူ့လိုပဲ အဆင့်တက်ပြီး တာအိုရနိုင်မယ် ထင်ခဲ့တာ… ဒီလိုမျိုးဖြစ်သွားမယ် မျှော်လင့်မထားခဲ့ဘူး”

သားသတ်သမားက ပြောသည်။ “ခင်ဗျားက အတိတ်တုန်းက ခွန်အားကြီးခဲ့ပေမယ့် ကောင်းကင်တာအိုကို မကျော်လွန်နိုင်ခဲ့ဘူးလေ… အခု သေမျိုးတစ်ယောက် ဖြစ်သွားတော့ အခွင့်အလမ်းတွေက အမြဲတိုးတက်နေတော့မှာပါ”

ကောင်းကင်နယ်စားမင်းက ပြုံးလိုက်၏။ “အင်း ဖြစ်နိုင်ပါတယ်”

ကောင်းကင်နတ်မင်းတျန်းရှုက ထရပ်သည်။ “ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့တွေ့ဖို့ ကျုပ် ယိုတုဆီ ခေါ်သွားပေးပ့ါမယ်”

ကောင်းကင်နယ်စားမင်းသည် သူ့အနောက်မှ လိုက်သွားပြီး ကောင်းကင်ယင်ကမ္ဘာမှ ထွက်ခွာသွားကြသည်။ တျန်းရှုသည် ကောင်းကင်အလိုတော်မုခ်၀ကို ဖွင့်ရန် စီစဉ်ထားခဲ့သော်လည်း ချင်မူကပါ လိုက်လာ၏။ “ကောင်းကင်နတ်မင်း၊ ယိုတုက ကျွန်တော့်ကို သတ်ချင်နေတာဆိုတော့ ကျွန်တော် လိုက်လို့မရဘူး… ကောင်းကင်နတ်အရှင်ရုံရဲ့ ဒဏ်ရာတွေကို ကြည့်နိုင်အောင်လို့ ကူညီပေးပါ…. ကျွန်တော် ကောင်းကင်နတ်အရှင်ရုံရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်ဖို့ ခင်ဗျားကိုပါ ဘိုးဘေးနန်းတော်ဆီ ဖိတ်ခေါ်ချင်ပါတယ်…. ကူညီပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်”

တျန်းရှုက အသိအမှတ်ပြုသည်။ “ကောင်းကင်နယ်စားမင်း သေသွားတဲ့အတွက် ကောင်းကင်တာအိုက ကောင်းကင်နတ်အရှင်ဆယ်ပါးလက်ထဲ ရောက်သွားပြီ…. သူတို့သိုင်းကျင့်ကြံခြင်းအခြေခံတွေဟာ အတော်လေးတိုးတက်လာကြတော့ ရွှင်ပျော်ပျော်ကျေးရွာအပေါ် သေချာပေါက် ဖိအားပေးကြမှာပဲ… ယိုတုမှာ ငါ ကြာကြာနေလို့မရလောက်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဆေးဆရာကို ခေါ်ပြီးရင် ရွှင်ပျော်ပျော်ကျေးရွာ‌ဆီ ပြန်ရမယ်”

ချင်မူက တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “ရွှင်ပျော်ပျော်ကျေးရွာမှာ အချိန်အကြာကြီးနေတာက အစီအစဉ်ကောင်းတစ်ခု မဟုတ်ဘူး…. ကောင်းကင်နတ်အရှင်ဆယ်ပါးအနေနဲ့ အခုလောလောဆယ် ရွှင်ပျော်ပျော်ကျေးရွာကို မတိုက်ခိုက်နိုင်ဘူးဆိုပေမယ့် အနာဂတ်မှာ တိုက်ခိုက်လာမှာပဲ… လေဟာနယ်တံတားကို ဖျက်ဆီးဖို့က အခုလက်ရှိ ကောင်းကင်နတ်အရှင်ဆယ်ပါးအတွက် မခက်ခဲတော့ဘူး”

“ဒါကြောင့် ကောင်းကင်နတ်အရှင်ယွဲ့က ရွှင်ပျော်ပျော်ကျေးရွာကို ကာကွယ်ဖို့ ခိုင်ဧကရာဇ်နဲ့ လိုက်သွားတာပဲ”

တျန်းရှုက သက်ပြင်းရှည်ကြီးချလိုက်ရင်း ပြောသည်။ “သူတို့က ပြင်ဆင်ပြီးနေပြီ… လေဟာနယ်တံတားကို ခုခံရတာလွယ်ပေမယ့် တိုက်ခိုက်ဖို့ကတော့ ခက်တယ်… ကောင်းကင်နတ်အရှင်ဆယ်ပါး အဲ့နေရာကို တိုက်ခိုက်ချင်ရင် ရွှမ်တုကို တိုက်ခိုက်တာထက်တော့ လွယ်ကူမှာ မဟုတ်ဘူး”

သူသည် ပြန်လည်အသက်ဝင်လာသော ကောင်းကင်နယ်စားမင်းအား ကောင်းကင်အလိုတော်မုခ်၀ထံ ခေါ်ဆောင်သွားပြီး ပျောက်ကွယ်သွား၏။

ချင်မူက သူတို့ထွက်သွားသည်ကို ကြည့်နေပြီးနောက် လျှောက်လာနေကြသော သားသတ်သမား၊ ကျဲ့ဟွလီ၊ လော့ဝူရွှမ်နှင့် ကျန်သူများအား ကြည့်လိုက်သည်။ သူက သူတို့သုံးယောက်ကို အရိုအသေပေးလိုက်သည်။ “ခင်ဗျားတို့အားလုံးကို အသက် စွန့်စားပြီး ကျွန်တော်နဲ့အတူ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်စေခဲ့မိပါတယ်… တစ်သက်လုံး ကျေးဇူးတင်နေမိမှာပါ”

ကျဲ့ဟွလီနှင့် လော့ဝူရွှမ်က အလျင်အမြန် ပြန်လည်အရိုအသေပေးလိုက်ကြသည်။ လော့ဝူရွှမ်က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြော၏။ “သိက္ခာနဲ့ ပတ်သက်လာရင် ဒုက္ခရောက်တယ်ဆိုတာ မရှိပါဘူး…. ကောင်းကင်နတ်အရှင်‌တောင် ကိုယ်တိုင်ဘေးကင်းဖို့ကို ဂရုစိုက်မနေတာ ငါတို့က ဘာလို့ဂရုစိုက်နေရမှာလဲ”

ကျဲ့ဟွလီက မိစ္ဆာဓားမကို ပွတ်ကာ ခပ်ဟဟရယ်သည်။ “နဂါးသွားနဲ့ ငါ ပျော်ခဲ့ရပါတယ်… ကောင်းကင်နတ်အရှင်တစ်ပါးကို ခုတ်လိုက်နိုင်တယ်ဆိုတော့ နောက်မျိုးဆက်သစ်တွေကဆီ ငါ ကြွားစရာရပြီပေါ့”

မိစ္ဆာဓားမမှာ သက်သောင့်သက်သာ ဖြစ်နေသည်။ ကောင်းကင်နတ်အရှင်၏ သွေးကို သောက်ပြီးနောက် မိစ္ဆာဓားမမှာလည်း ကြီးထွားလာခဲ့လေသည်။

သားသတ်သမားက ရှေ့တက်လိုက်ပြီး ပြောသည်။ “မင်း ပိုပြီးသတိထားသင့်တယ်… နောက်‌နောင် ဓားနဲ့ ခုတ်ချင်တဲ့လူ ရှိရင် ငါတို့ကို ခေါ်လိုက်”

ချင်မူက လေးပင်စွာ ခေါင်းညိတ်လိုက်လေသည်။

သူတို့သုံးယောက်က ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားကြ၏။ ကျဲ့ဟွလီက ပြန်လှည့်ကြည့်လာပြီး လက်ဝှေ့ရမ်းပြသည်။ “ခေါ်ဖို့ မမေ့နဲ့နော်”

ချင်မူက တဟားဟား ရယ်လျက် သူတို့ထွက်သွားသည်ကို ကြည့်နေသည်။ သူတို့၏လူရိပ်များ ပျောက်ကွယ်သွားသည့်အခါတွင် ချင်မူက ပြောသည်။ “သွားကြစို့”

“အင်း”

အေးစက်၍ ကြည်လင်ပြတ်သားသော အသံတစ်သံက သူ့ဘေးမှ ထွက်ပေါ်လာသော်လည်း အသံပိုင်ရှင်ကို မမြင်ရပေ။ ချင်မူ့ခြေထောက်ဘေးတွင် အရိပ်တစ်ခုကိုသာ မြင်ရသည်။

ယိုတုတွင်….

တျန်းရှုသည် ကောင်းကင်နယ်စားမင်းအား မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပို့ဆောင်ပြီးနောက် ချက်ချင်းပင် တျန်းချိကျွင်း၏ စံအိမ်သို့ သွားရောက်ကာ ကောင်းကင်နတ်အရှင်ရုံ၏ ဒဏ်ရာများကို သွားရောက်စစ်ဆေးသည်။

မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားရှိ စင်မြင့်ပေါ်တွင် ကောင်းကင်နယ်စားမင်းမှာ မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်နှင့်ယှဉ်လျှင် သေးငယ်လွန်းနေသည်။ သူက ခေါင်းမော့ပြီး သူ့တာအိုမိတ်ဆွေအား ကြည့်နေ၏။

“ခင်ဗျား လွတ်မြောက်သွားခဲ့ပြီပဲ…. ကျုပ် အားကျမိပါတယ်”

မြေအောက်ဘုံအရှင်သခင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများထဲတွင် မီးတောက်များ လောင်ကျွမ်းနေသည်။ သူက ပြော၏။ “ခင်ဗျားက အခု သက်ရှိတစ်ယောက်ဖြစ်သွားပြီ… ယန်ဝိညာဉ်သုံးခု ယင်ဝိညာဉ်ခုနစ်ခုအပြင် ကိုယ်ပိုင်အတွေးတွေ၊ လမ်းစဉ်တွေ၊ ခံစားချက်တွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ပိုင်ဆိုင်သွားပြီ… မဟာတာအို ထိန်းချုပ်တာကို မခံရတော့ဘူး… ကျုပ်လည်း ဘယ်အချိန်မှ ခင်ဗျားလို လွတ်မြောက်နိုင်မလည်း မသိဘူး”

ကောင်းကင်နယ်စားမင်းက တုံ့ပြန်သည်။ “ဟုတ်တယ်... ငါ အခု တစ်လောကလုံးမှာရှိတဲ့ အနန္တခံစားချက်တွေကို ခံစားလို့ရပြီ… ငါတောင် မသိလိုက်ဘဲ ကောင်းကင်တာအိုအပေါ် နားလည်ထားတာက နောက်တစ်ဆင့် တက်သွားခဲ့တယ်… အတိတ်တုန်းက ငါဟာ ကောင်းကင်တာအိုကနေ မွေးဖွားပြီး ကောင်းကင်တာအိုကို ထိန်းချုပ်ခဲ့တယ်… ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ မသိခဲ့ဘူး… အခုတော့ မဟုတ်တော့ဘူး…. ငါ့ရဲ့သိမြင်နားလည်မှုက ပိုပြီးလေးနက်လာခဲ့ပြီ… တစ်ခု ရရင် တစ်ခုတော့ ဆုံးရှုံးရတာပဲတဲ့... ဒါပေမဲ့ စိတ်ထဲမှာ ထူးဆန်းနေသလိုပဲ”

မြေအောက်ဘုံအရှင်သခင်က ဝမ်းသာအားရ ပြော၏။ “ခင်ဗျား တာအိုရ‌ဖို့ ခြေတစ်လှမ်း နီးလာတာပဲလေ… ဒါဆိုရင် ကျုပ် ခင်ဗျားကို ဖိတ်ခေါ်ခဲ့ရတဲ့ အကြောင်းအရင်းကို သိနေလောက်ပြီမလား”

ကောင်းကင်နယ်စားမင်းက ပြုံးလိုက်ပြီး ဖြေသည်။ “မင်း အသက်ရှင်ခဲ့တုန်းက မကောင်းတာတွေ လုပ်ခဲ့တယ်…. သေသွားပြီးတဲ့နောက်တော့ အပြစ်‌ကြွေး ပြန်ဆပ်ခဲ့တယ်… ဒါက ယိုတုရဲ့ စည်းမျဉ်းပဲ…. ကောင်းကင်နယ်စားမင်း သေသွားရင် သူ အသက်ရှင်ခဲ့တုန်းက ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် အပြစ်ကြွေးပြန်ဆပ်ရမယ်… မြေအောက်ဘုံအရှင်သခင်က တရားမျှတတယ်…. ငါ့ကို ဒီနေရာခေါ်လိုက် ဒီကိစ္စကြောင့်ပဲ ဖြစ်ရမယ်လေ”

မြေအောက်ဘုံအရှင်သခင်က တည်ကြည်လေးနက်စွာ ပြောသည်။ “ရွှမ်တုတိုက်ပွဲမှာ ကောင်းကင်နတ်အရှင်ဟုန်က မရေမတွက်နိုင်တဲ့သူတွေကို သတ်ဖြတ်ခဲ့တယ်… သူ့လက်ထဲမှာ သေဆုံးခဲ့ရတဲ့သူတွေ အများကြီးပဲ… ရွှမ်တုမှာ သေဆုံးခဲ့တဲ့သူတွေရဲ့ ခါးသီးမုန်းတီးမှုက ပြင်းထန်လွန်းတယ်.. ယိုတုစည်းမျဉ်းတွေအရ ကျုပ်တို့ သူ့ကို ဖမ်းဆီးအပြစ်ပေးပြီး ခန္ဓာကိုယ်ပေါ်က အပြစ်တွေကို ဆေးကြောပစ်ရမယ်… ကောင်းကင်နတ်အရှင်ဟုန်က သေသွားခဲ့ပြီ… ဒါပေမဲ့ သူနဲ့ နောင်တော်က ခန္ဓာကိုယ်တစ်ခုတည်းပဲ… ဝိညာဉ်ပဲ မတူကြတာ… ဒါကြောင့် တာအိုနောင်တော် ရှေ့တက်လာပြီး ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ကိစ္စကို မေးပါ… “

ကောင်းကင်နယ်စားမင်းက ခေါင်းခါရမ်း၍ ခပ်ပြတ်ပြတ် ပြောသည်။ “တာအိုမိတ်ဆွေ၊ ငါ့အပေါ် မျက်နှာသာပေးဖို့ မလိုပါဘူး… ငါကငါ၊ ကောင်းကင်နတ်အရှင်ဟုန်ကလည်း ငါပါပဲ…. မရေမတွက်နိုင်တဲ့သူတွေ ရွှမ်တုတိုက်ပွဲမှာ သေဆုံးခဲ့ကြရတယ်… ငါ့ကိုပဲ အပြစ်တင်သင့်တာ… အပြစ်ဒဏ်ခံယူဖို့ အဆင်သင့်ပါပဲ”

မြေအောက်ဘုံအရှင်သခင်း တုံ့ဆိုင်းနေသည်။ “ခင်ဗျားက အခု သက်ရှိတစ်ယောက်ဖြစ်သွားပြီ… ယိုတုက သက်ရှိတွေကို အပြစ်ဒဏ်ပေးတာ ရှားတယ်”

ကောင်းကင်နယ်စားမင်းက ပြောသည်။ “ငါလည်း သက်ရှိတွေကို အပြစ်ပေးခဲ့ဖူးတာပဲလေ… အပြစ်ဒဏ်ခံယူခွင့်ပေးလိုက်ပါ… မင်းကိုယ်မင်း အခက်တွေ့အောင် မလုပ်နဲ့”

မြေအောက်ဘုံအရှင်သခင်က ခေါင်းညိတ်ပြီး တစ္ဆေဘုရင်တစ်ပါးကို ဆင့်ခေါ်လိုက်သည်။ “ရွှမ်တုမှာ သေသွားတဲ့တွေက အဆုံးအသတ်မဲ့ ကံကြမ္မာမီးတောက်ကို ဖွဲ့တည်ထားကြတယ်… ကျေးဇူးပြုပြီး သွားလောင်ကျွမ်းလိုက်ပါ”

ကောင်းကင်နယ်စားမင်းက ထရပ်ကာ တစ္ဆေဘုရင်နောက်မှ လိုက်သွား၏။

မြေအောက်ဘုံအရှင်သခင် သူ ထွက်ခွာသွားသည်ကို ကြည့်နေစဉ် ကောင်းကင်နတ်မင်းတျန်းရှုက လျှောက်လာသည်။ ကောင်းကင်နယ်စားမင်းအား တစ္ဆေဘုရင်မှ ခေါ်သွားသည်ကို မြင်လျှင် အံ့အားသင့်စွာ မေးလိုက်သည်။ “သူ ဘယ်ကိုသွားနေတာလဲ”

“သူက ကိုယ်ပိုင်လမ်းစဉ် ရှာတွေ့သွားပြီ... အခု အပြစ်တွေပေးဆပ်ဖို့ သွားနေတာ… သူ့ကိုယ်သူ အဖတ်ဆယ်ဖို့လည်း ဟုတ်တယ်”

မြေအောက်ဘုံအရှင်သခင်က သူ့ကို ကြည့်၍ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော်မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ မုခ်၀ကို ဖွင့်ခဲ့တယ်… ကောင်းကင်နတ်အရှင်ရုံရဲ့ ဒဏ်ရာကို ကုသဖို့လည်း လူတွေလွှတ်ပြီးနေလောက်ပြီ… သူ ယိုတုဆီ ဝင်လာလို့မရဘူး … ဆိုတော့ မင်း သွားကြိုလိုက်ပါ”

ကောင်းကင်ဘုရင်တျန်းရှုက သူ၏လက်ဖ၀ါးထဲတွင် ရပ်လိုက်သည့်အခါ မကြာမီ ဘိုးဘေးနန်းတော်၏ ယိုတုထဲသို့ ရောက်လာသည်။ ထိုနေရာတွင် ကောင်းကင်မုခ်ဝတစ်ခု ဖွဲ့တည်နေပြီး ဆေးဆရာသည် တံခါး၀၌ရပ်ကာ ဟိုဟိုသည်သည် ကြည့်နေ၏။ သို့သော် ချင်မူ့ကိုတော့ မတွေ့ရပေ။

“ကောင်းကင်နတ်အရှင်မူရော..” တျန်းရှုက မေးသည်။

“ထွက်ပြေးသွားပြီး ဒီနေရာမှာ ကောင်းကင်နတ်သိုင်း ထားခဲ့တာပဲ”

ဆေးဆရာက ဆူပုတ်စွာဖြင့် ဖြေသည်။ “သိပ်ကိုအလောကြီးနေတာ… ဘာလုပ်ဦးမှာလဲ မသိဘူး”

သူက ရေရွတ်လိုက်၏။ “ဒီယိုတုက တစ္ဆေချီတွေနဲ့ ပြည့်နေတာပဲ…”

တျန်းရှုမှာ ဇဝေဇဝါဖြစ်သွားမိသည်။ “ကောင်းကင်နတ်အရှင်မူက ရွှမ်တုတိုက်ပွဲကနေ ပြန်လာတာမကြာသေးဘူးလေ… ဒီတစ်ကြိမ် ဘယ်ကိုရောက်သွားပြန်တာတုန်း”

All Chapters