ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်အရှင်ဟွေ့
Vol. 112 Ch. 1465
ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်တွင် ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်အပေါ် ဖိနှိပ်ထား၏။ လောလောလတ်လတ်တွင် ရွှမ်တုတိုက်ပွဲ ပြီးဆုံးထားပြီး ကောင်းကင်နတ်အရှင်ဟုန် သေဆုံးသွားခဲ့သည်။ ကောင်းကင်နတ်အရှင်ရှောင်မှာလည်း ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းကြောင့် နှင်ထုတ်ခံထားရသည်။ ကောင်းကင်နတ်အရှင်ရှုတစ်ယောက်တည်းသာ ကောင်းကင်နတ်ဘုံကို စောင့်ရှောက်ရန် ကျန်ရစ်နေလေသည်။
သို့သော် ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်နတ်ဘုံ၌ မနေဘဲ ကောင်းကင်ပင်လယ်မျက်နှာပြင်ပေါ်တွင် ရပ်နေကာ ပင်လယ်မျက်နှာပြင်ဆီသို့ စိုက်ကြည့်နေ၏။ ပင်လယ်ရေပြင်သည် မှန်တစ်ချပ်ကဲ့သို့ ရွှမ်တုမှ အရာအားလုံးကို ရောင်ပြန်ဟပ်နေသည်။
ရွှမ်တုတိုက်ပွဲ တည်ငြိမ်သွားသည့်အခါတွင် ကောင်းကင်နတ်အရှင်ရှုက အကြည့်လွှဲ၍ ကောင်းကင်နတ်ဘုံသို့ ပြန်သွား၏။
သူမ ကောင်းကင်နတ်ဘုံသို့ မရောက်ခင်မှာပင် ကောင်းကင်နတ်ဘုံမှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။ ကောင်းကင်နတ်ဘုံကို စောင့်ကြပ်နေကြသည့် မရေမတွက်နိုင်သော ကောင်းကင်နတ်သားများနှင့် တပ်မှူးများသည် သူမကို ရှာဖွေနေကြ၏။ ကောင်းကင်နတ်အရှင်ရှု ရောက်လာသည့် အခိုက်အတန့်တွင် နတ်တပ်မှူးတစ်ယောက်က ကပျာကယာ အစီရင်ခံသည်။ “မကောင်းတာတစ်ခု ဖြစ်သွားခဲ့ပါတယ်… ကောင်းကင်နတ်ဘုံ ဓားပြတိုက်ခံလိုက်ရပြီ… သူခိုး ဝင်သွားတယ်ဗျ”
ကောင်းကင်နတ်အရှင်ရှုက အလျင်အမြန် မေး၏။ “ဘာပျောက်သွားတာလဲ”
“တစ်ယောက်ယောက်က ကျောက်စိမ်းမြို့တော်ထဲ ခိုးဝင်လာပြီး မိဖုရားဆောင်ထဲက ရတနာခိုးသွားပါတယ်”
ကောင်းကင်နတ်အရှင်ရှု ၎င်းကို ကြားလျှင် နှလုံးသားတုန်လှုပ်သွားသည်။ ‘ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို လာခိုးတာများလား’
နတ်တပ်မှူးက ဆက်လက်တင်ပြသည်။ “သူက ရတနာခန်းမတစ်ခုကို ခိုးသွားခဲ့တာ… ကျွန်တော်တို့ အခုလေးတင် ကင်းလှည့်တော့ ကျောက်ယန်ခန်းမတစ်ခုလုံး အစအနတောင်မကျန်ဘဲ ပျောက်နေတာကို တွေ့ခဲ့ရတယ်”
ချင်မူ ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံကို လာရောက်ခိုးယူခြင်းမဟုတ်ကြောင်း ကြားလိုက်ရသည့်အခါတွင် ကောင်းကင်နတ်အရှင်ရှုမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ ကျောက်ယန်ခန်းမ အခိုးခံလိုက်ရကြောင်း ကြားလိုက်ရသည့်အခါတွင်တော့ ရင်ထဲတွင် အနည်းငယ်တင်းကြပ်လာမိ၏။ ‘ကျောက်ယန်ခန်းမ အခိုးခံလိုက်ရတာတဲ့လား’
သူမက စိတ်ထဲမှ တွေးနေသည်။ ‘ကျောက်ယန်ခန်းမက ထူးကဲတဲ့ နတ်ဘုရားမိစ္ဆာတွေရဲ့ ဝိညာဉ်တွေကို ဖိနှိပ်ထားတဲ့နေရာတစ်ခုပဲ… ကောင်းကင်နတ်အရှင်ဟောင်နဲ့ တခြားသူတွေက အဲဒီအကြောင်းနဲ့ ပတ်သက်ရင် သိပ်လျှို့ဝှက်တာ… အထဲမှာ ဘာတွေဖိနှိပ်ထားသလဲ ငါ့ကို ပြောမပြခဲ့ဘူး… ချိတ်တံဆိပ်တွေ ကူညီထည့်ပေးဖို့ပဲ တောင်းဆိုခဲ့ကြတာ… ကောင်းကင်နတ်အရှင်ဟွေ့က ခန်းမကို သုံးပြီး တောင်နတ်မင်းရဲ့ ဝိညာဉ်ကို ကောင်းကင်နတ်အရှင်မူ အသက်ပြန်မသွင်းနိုင်အောင်လုပ်ခဲ့လို့ ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင်ဆိုတဲ့ နာမည်တောင် ပျက်ခဲ့ရသေးတယ်… ကောင်းကင်နတ်အရှင်မူများ ခိုးသွားခဲ့တာလား’
သူမမှာ အနည်းငယ် သံသယဝင်လာသည်။ ချင်မူသည် ရွှမ်တုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် မည်မျှပင်မြန်ဆန်ပါစေ သူ့အနေဖြင့် ဤမျှလျင်မြန်စွာ ကောင်းကင်နတ်ဘုံသို့ လာရောက်၍ ရတနာအား ခိုးယူရန် မဖြစ်နိုင်ပေ။
ထိုမျှသာမက ချင်မူ ရတနာကို လာရောက်ခိုးယူခဲ့ပါက ကောင်းကင်နတ်ဧကရာဇ်၏ မွေးဖွားရာယဇ်ပလ္လင်သို့ သွားရောက်ကာ ထိုက်ချူဥခွံကိုလည်း ခိုးယူပေလိမ့်မည်။
သို့ထိတိုင် ဤသူခိုးသည် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံကို ယူမသွားခဲ့ပေ။ ထိုအစား ကျောက်ယန်ခန်းမကိုသာ ခိုးယူသွားခဲ့၏။ ဤသည်က အနည်းငယ် ထူးဆန်းပေသည်။
ရွှမ်တုနှင့် သေမျိုးလောကတွင် ဖြတ်လမ်းတစ်ခုရှိမှန်း သူမ မသိရှာပေ။ ဖြတ်လမ်းသည်ကား ကောင်းကင်ယင်ကမ္ဘာပင်။ သူမသာ ကောင်းကင်ယင်ကမ္ဘာကို ဖြတ်သန်းသွားပါက ရွှမ်တုမှ သေမျိုးလောကသို့ အလျင်အမြန် ရောက်ရှိနိုင်ပြီး သေမျိုးလောကရှိ စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်သန်းနိုင်ပေလိမ့်မည်။ ထို့နောက် ဘိုးဘေးနန်းတော်၏ ကောင်းကင်နတ်ဘုံသို့ အတိုဆုံးအချိန်အတွင်း ရောက်လာနိုင်ပေသည်။
ကျောက်ယန်ခန်းမသည် သူမနှင့် ပတ်သက်မှု သိပ်မရှိသဖြင့် ကောင်းကင်နတ်အရှင်ရှုမှာ သိပ်မစိုးရိမ်ပေ။ သူမက စစ်ဆေးရေးအရာရှိတပ်သားများကို စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးရန် အမိန့်ပေးလိုက်သည်။ “ကျောက်ယန်ခန်းမက အတော်လေးကြီးတယ်…. အဲဒီသူခိုး ပျောက်သွားတာကို နင်တို့ ရှာတွေ့ခဲ့တယ်ဆိုရင် အချိန်မီ ထွက်သွားနိုင်မှာမဟုတ်သေးဘူး… ရုပ်ပြောင်းရုပ်လွှဲသိုင်းနဲ့ ကောင်းကင်နတ်ဘုံထဲမှာ ပုန်းနေဦးမှာပဲ… ကောင်းကင်နတ်ဘုံကနေ သူ ထွက်ခွာမသွားသရွေ့ လွတ်သွားမှာ စိုးရိမ်စရာမလိုဘူး…. ငါ့မှာ ဝိညာဉ်ဖွေရှာကြေးမုံ ရှိတယ်… သူ ဘယ်လောက်ပဲပြောင်းလဲပါစေ ဒီကြေးမုံကို သုံးပြီး သူ့ရဲ့ ပုံစံအစစ်အမှန်ကို ထုတ်ဖော်လို့ရတယ်”
နတ်စစ်ဆေးရေးတပ်သားများက ကြေးမုံကို ယူ၍ လိုက်လံရှာဖွေကြသည်။
ကောင်းကင်နတ်အရှင်ရှုက ထိုင်လျက် တွေးနေ၏။ “သူတို့ ရွှမ်တုမှာ အကျိုးအမြတ်တွေ ခွဲယူနေပေမယ့် ငါတော့ မရဘူး… အာ ဟုတ်သားပဲ…. သူခိုးတစ်ယောက်ကတောင် ကျောက်ယန်ခန်းမကို ခိုးသွားသေးတာ… ငါကရော ဘာလို့ ခိုးလို့မရမှာလဲ”
သူမက မိဖုရားဆောင်ထဲသို့ ဝင်ရောက်သွားကာ ကောင်းကင်နတ်ဧကရာဇ် မွေးဖွားခဲ့သည့် ပလ္လင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
“ထိုက်ချူဥခွံကို ယူပြီးရင် ကျောက်ယန်ခန်းမကို ခိုးသွားတဲ့သူခိုး ခိုးသွားတာပါလို့ ပြောလိုက်ရုံပဲ… ဒီလိုရတနာတစ်ခုက ရွှမ်တုက အကျိုးအမြတ်တွေအောက် နိမ့်ကျမနေဘူး”
သူမသည် ထိုက်ချူဥခွံ၏ ကျန်တစ်ဝက်ကို ခိုးယူရန် သွားနေသည်။ ကောင်းကင်နတ်ဧကရာဇ် မွေးဖွားခဲ့သော ယဇ်ပလ္လင်ဆီသို့ ရောက်သည့်အခါတွင် ကောင်းကင်နတ်အရှင်ရှု လှမ်းကြည့်လိုက်ရာ တစ်ကိုယ်လုံး အေးခဲသွား၏။ ပလ္လင်မှာ ဗလာကျင်းနေချေပြီ။
ထိုက်ချူဥခွံတစ်၀က်မှာလည်း ပျောက်နေ၏။
“ဘယ်သူက ငါ့ရတနာကို ခိုးရဲတာလဲ” ကောင်းကင်နတ်အရှင်ရှုမှာ ဒေါသူပုန်ထနေတော့သည်။
ကောင်းကင်နတ်ဘုံထဲတွင် အဆက်မပြတ် ပြောင်းလဲနေသည့် ပုဂ္ဂိုလ်တစ်ယောက် ရှိ၏။ တစ်ခါတစ်ရံ ငှက်တစ်ကောင် သို့မဟုတ် သားရဲတစ်ကောင် ဖြစ်သွားပြီး တစ်ခါတစ်ရံတွင်တော့ ငါးတစ်ကောင် သို့မဟုတ် တီကောင်တစ်ကောင် ဖြစ်သွားတတ်သည်။ နံရံထောင့်နေရာများသို့ ရောက်ရှိသည့်အခါတွင် မြက်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသလို၊ ဥယျာဉ်ထဲတွင်တော့ ပန်းပွင့်တစ်ပွင့် ဖြစ်နေတတ်၏။ သူက အမျိုးမျိုးအဖုံဖုံ ပြောင်းလဲရင်း ကောင်းကင်နတ်ဘုံမှ ထွက်ခွာနေသည်။
နတ်စစ်ဆေးရေးတပ်သားများက ဝိညာဉ်ဖွေရှာကြေးမုံကို အသက်သွင်းကာ ဟိုဟိုသည်သည် တောက်ပနေစေ၏။ ရုတ်တရက် ကြေးမုံမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ကောင်းကင်ပေါ်တွင် ဝှစ်ခနဲ လွင့်မြောသွားသည်။ ၎င်းက ထွန်းလင်းတောက်ပလာပြီး အလင်းရောင်တို့သည် အလွန်ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံသွား၏။ ဝီခနဲ အသံနှင့်အတူ ကျောက်စိမ်းမြို့တော်တစ်ခုလုံးမှာ ကြေးမုံအလင်းရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရတော့သည်။
ကောင်းကင်နတ်အရှင်ရှုမှာ အသတ်အဖြတ်ဆန္ဒတို့ဖြင့် ပြည့်နှက်လျက် ဝိညာဉ်ဖွေရှာကြေးမုံပေါ်တွင် ရပ်ကာ ကြေးမုံမျက်နှာပြင်မှတစ်ဆင့် ကျောက်စိမ်းမြို့တော်တွင် ဖြစ်ပျက်နေသည့်အရာများကို ကြည့်ရှုနေ၏။
ရုပ်ပြောင်းရုပ်လွှဲသိုင်းကွက်ကို အသုံးပြုသည့် မည်သူမဆို ကြေးမုံအလင်းရောင် ထိုသူများအပေါ် ကျရောက်သွားသည်နှင့် မူလပုံစံ ပြန်ပြောင်းသွားလိမ့်မည်။
ကောင်းကင်နတ်ဘုံတွင် နတ်ဘုရားများဖြစ်လာခဲ့သော မိစ္ဆာများစွာ ရှိကြသည်။ မိစ္ဆာသိုင်းကျင့်ကြံသူများစွာလည်း ရှိကြ၏။ သူတို့၏ပုံပန်းသွင်ပြင်များမှာ များသောအားဖြင့် ရက်စက်ကြမ်းတမ်းကြသည်။ ယခု ကြေးမုံအလင်းရောင် တောက်ပလာသောအချိန်တွင် သူတို့၏ အစစ်အမှန်ပုံရိပ်များမှာ ထွက်ပေါ်လာကြလေသည်။ ကောင်းကင်နတ်ဘုံ ကျောက်စိမ်းမြို့တော်တွင် မိစ္ဆာများနှင့် သားရဲများစွာ ကူးလူးသွားလာနေကြသည်။
ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်ထဲတွင် အလွန်လှပသော ကိုယ်လုပ်တော်များနှင့် နန်းတွင်းသူများ ရှိကြ၏။ သူတို့ထဲမှ တချို့မှာ ရေချိုးနေကြပြီး တချို့ကတော့ ကောင်းကင်နတ်ဘုရားများနှင့် ချစ်တင်းနှောနေကြသည်။ ကြေးမုံအလင်းရောင် ထွက်ပေါ်လာသည့်အချိန်တွင် သူတို့အားလုံးမှာ ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။
ကောင်းကင်နတ်အရှင်ရှု၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ ကောင်းကင်နတ်ဘုံသည် ပုံမှန်အခြေအနေတွင် မြင့်မြတ်တည်ကြည်သော အသွင်အပြင်ဆောင်၏။ သို့သော် ကြေးမုံအလင်းရောင် တောက်ပလာသည့်အချိန်တွင်တော့ အမှောင်ခြမ်းများစွာ ပေါ်လာလေသည်။ ရှင်းလင်းရန်ပင် ခက်ခဲလှသည်။
ရုန်းရင်းဆန်ခတ် ကိစ္စများက နေရာတိုင်းတွင် ဖြစ်ပွားနေလေရာ ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံနှင့် ကျောက်ယန်ခန်းမကို ခိုးယူခဲ့သော သူခိုးကိုပင် ရှာမတွေ့နိုင်ပေ။
ဤအချိန်တွင် လူငယ်တစ်ယောက်သည် ကောင်းကင်နတ်မြစ်ထဲသို့ ခုန်ချကာ ဧရာမငါးကြီးတစ်ကောင်အသွင် ပြောင်းလျက် ကောင်းကင်နတ်ဘုံထဲမှ ကူးခတ်သွားသည်။
တောင်ကောင်းကင်မုခ်ဝသို့ ရောက်ရှိချိန်တွင် ဧရာမငါးကြီးက မုခ်၀ကို ခုန်ကျော်လိုက်သည်။ တောင်ကောင်းကင်မုခ်၀ကို စောင့်ကြပ်နေကြသော နတ်ဘုရားများမှာ ဤမြင်ကွင်းကို မြင်လျှင် ချီးကျူးအော်ဟစ်လိုက်ကြ၏။
ဧရာမငါးကြီးက ကောင်းကင်နတ်မြစ်ထဲ ခုန်ချ၍ ရေများကို ဗွမ်းခနဲ လွင့်စင်သွားစေသည်။ ၎င်း ရေအောက်ထဲ ရောက်ရှိသည့်အခါတွင် ငါးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကူးခတ်ဖြတ်သန်းသွား၏။
ငါးနဂါး မည်မျှအကွာအဝေးအထိ ကူးခတ်လာမှန်း မသိရပေ။ ၎င်းက ဧရာမဂဏန်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲပြီးနောက် မြစ်ကမ်းပေါ် တက်လာသည်။ ဧရာမဂဏန်းကြီးက ခန္ဓာကိုယ်ပေါ်မှ ရေများကို ခါထုတ်လိုက်ပြီးနောက် လူငယ်တစ်ယောက် ဖြစ်သွားသည်။ ထိုလူငယ်က သက်ပြင်းရှည်ကြီးတစ်ချက် ချကာ ကျောက်ယန်ခန်းမကို ထုတ်ကြည့်လိုက်သည်။ သူက ကျေနပ်ပျော်ရွှင်နေသော အမူအရာဖြင့် သိုလှောင်အိတ်ထဲ ပြန်ထည့်ပြီးနောက် ခပ်သုတ်သုတ် ထွက်ခွာလာ၏။
လူငယ်မှာ အလွန်တရာ မြန်ဆန်သည်။ သူသည် ကောင်းကင်နတ်ဘုံမှ ထွက်ခွာလာပြီးနောက် ကောင်းကင်နတ်မြစ်အတိုင်း ကောင်းကင်ပင်လယ်ဆီသို့ ဦးတည်သွားရန် ရည်ရွယ်ထား၏။
ကောင်းကင်နတ်မြစ်သည် ကောင်းကင်ပင်လယ်ဆီမှ မြစ်ဖျားခံလာခြင်း မဟုတ်လော။ သူ လမ်းတစ်ဝက်သို့ ရောက်ရှိသည့်အချိန်တွင် ကောင်းကင်မှာ ပူလာသည်ကို ခံစားလိုက်ရလေသည်။
လူငယ်လည်း ကပျာကယာ မော့ကြည့်လိုက်ရာ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းနှင့် ကောင်းကင်နတ်အရှင်တစ်ပါး သူ့အရှေ့တွင် ရပ်နေသည်အား တွေ့လိုက်ရသည်။ ထိုကောင်းကင်နတ်အရှင်၏ ဦးခေါင်းနောက်တွင် မီးတောက်များက လှည်းဘီးတစ်ဘီးအသွင် ဖွဲ့တည်နေ၏။ ထိုသူက သူ့ကို ကြည့်နေလေသည်။
“ဟွေ့လား…”
လူငယ်၏ အကြည့်သည် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ သူက အနည်းငယ် လန့်သွားသော်လည်း ပြုံးကာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ မင်းလား”
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူက လူငယ်ကို ငေး၍ ကြည့်နေပြီးနောက် အက်ကွဲနေသည့်အသံဖြင့် ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွီ၊ အစ်ကိုကြီး…. တကယ်ပဲ ပြန်အသက်ဝင်လာတာပါလား”
သူ့ခန္ဓာကိုယ်က ကျုံ့၀င်သွားပြီး နဂါးသွဲ့ရေကန်ပေါ်ရှိ ကောင်းကင်နတ်အရှင်ဟွေ့ ပြန်ဖြစ်သွားသယောင် ထင်ရသည်။ သူက သူ လေးစားအားကျရသော အစ်ကိုကြီးကို ငေးကာ ကြည့်နေ၏။
ထိုလူငယ်မှာ လန်ယွီတျန်းပင်။ သူသည် ကောင်းကင်နတ်အရှင်ဟွေ့ကို မြင်လျှင် ဝမ်းသာအားရ ဖြစ်သွားပြီး စိတ်အားတက်ကြွလာ၏။ သူ၏အကြည့်က နွေးထွေးတည်ကြည်နေသည်။ သူက ပြုံးလျက် ပြော၏။ “ဟုတ်တယ် ငါ ပြန်ရောက်လာပြီ… ကောင်းကင်နတ်အရှင်ဟွေ့၊ ငါ့ရဲ့ ကျန်တဲ့ဝိညာဉ်အပိုင်းအစကိုလည်း ခိုးလာခဲ့ပြီ… အရင်တုန်းက ငါ ပြန်ရောက်လာပြီကွ”
သူသည် အတော်လေး တက်ကြွနေပြီး ပြုံးလျက်ပင် ဆက်ပြော၏။ “နှစ်တစ်သန်းကြာခဲ့ပြီဆိုတော့ ငါတို့နှစ်ယောက် အခုလို ထပ်တွေ့ရလိမ့်မယ် ထင်မထားခဲ့ဘူး… ဒီလောကမှာ နတ်ဘုရားတစ်ပိုင်းတွေ အုပ်စိုးနေတုန်းပဲ…. နတ်ဘုရားတစ်ပိုင်းနဲ့ ရှေးဟောင်းနတ်ဘုရားတွေဆိုတာ ဘာကွာလို့လဲ… ငါတို့လူသားတွေက သူတို့ရဲ့အစာ ဖြစ်နေတုန်းပဲလေ”
သူ၏မျက်လုံးများက နဂါးသွဲ့ရေကန်ပေါ်ရှိ ကောင်းကင်နတ်အရှင်ယွီ၏ အင်အားကြီးသော လွှမ်းမိုးမှုကို ပြန်လည်ထုတ်ဖော်နေသကဲ့သို့ လင်းလက်တောက်ပနေသည်။ သူ၏ပုံပန်းသွင်ပြင်မှာ ထူးခြားနေကာ တခြားသူများကို ရင်းရင်းနှီးနှီး ခင်မင်မိသလို ခံစားရစေသည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အသွင်အပြင်၊ စိတ်နေစိတ်ထားကို သဘာဝအတိုင်း ပိုင်ဆိုင်ထားသူ ဟုပင် ဆိုရမည်။
“ကောင်းကင်နတ်အရှင်ဟွေ့၊ ငါ မင်းကို လိုအပ်တယ်”
လန်ယွီတျန်းက လက်ဆန့်လိုက်ပြီး စိတ်ရင်းဖြင့် ပြောသည်။ “လာပါ တူတူလုပ်ကြစို့… လူသားမျိုးနွယ်အတွက် ဒီပုပ်သိုးနေတဲ့ လောကကြီးကို တွန်းလှန်လိုက်ရအောင်”
သို့သော် ကောင်းကင်နတ်အရှင်ဟွေ့က လက်ပြန်ကမ်းမလာချေ။ သူ့မျက်လုံးထဲရှိ မီးတောက်များက တဖြည်းဖြည်း မှိန်လာပြီး တိုးညှင်းစွာ ပြောသည်။ “အစ်ကိုကြီးလန်၊ ခင်ဗျားဟာ အတိတ်တုန်းက ကျွန်တော်အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တယ်… လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သလို ကောင်းကင်နတ်အရှင်တွေအားလုံးရဲ့ အစ်ကိုကြီးတစ်ယောက်ဆိုလည်း ဟုတ်ခဲ့တယ်… ခေါင်းဆောင်ဖြစ်တဲ့ အစ်ကိုကြီးကို ဘယ်သူကမှ မဖီဆန်ခဲ့ကြဘူး… ကျွန်တော်တို့ဆိုတာ အသက်ကို စတေးရရင်တောင်မှ အစ်ကိုကြီးနောက်လိုက်ပြီး တိုက်ပွဲဝင်ကြမယ့်သူတွေပါ”
လန်ယွီတျန်းက လက်ပြန်မရုတ်ချေ။ သူသည် တုံ့ပြန်စကားကို တက်ကြွစွာ စောင့်ဆိုင်းနေ၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ တရှုံ့ရှုံ့ ငိုတော့သည်။ “အစ်ကိုကြီး သေသွားတုန်းက ကလဲ့စားချေပေးမယ်လို့ ကျွန်တော် ကျိန်ဆိုခဲ့တယ်… အစ်ကိုကြီးကို သတ်ခဲ့တဲ့ လူသတ်သမားကို သွေးကြွေးပြန်ပေးဆပ်ရအောင် လုပ်မယ် ဆိုပြီးတော့ ကြိမ်းဝါးခဲ့ပါတယ် … ဒါပေမဲ့ အစ်ကိုကြီးရယ်… အစ်ကိုကြီးရဲ့ အိပ်မက်တွေက ဝေဝါးလွန်းပြီး စိတ်ကူးယဉ်ဆန်လွန်းတယ် …. အစ်ကိုကြီးဖြစ်ချင်တာတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး… ဘယ်လိုနေနေ အသတ်ခံရမှာပဲ”
သူ၏အသံက ပိုမိုကျယ်လောင်လာသည်။ သူဦးခေါင်းအနောက်ရှိ မီးတောက်လှည်းဘီးမှာလည်း ပိုပို၍လျင်မြန်စွာ လှည့်ပတ်လာ၏။ ၎င်းက ကောင်းကင်နတ်မြစ်၏ ရေများကို လှိုင်းထန်၍ အငွေ့ပျံစေသဖြင့် ကောင်းကင်နတ်မြစ်တွင် မြူခိုးများ ဖုံးလွှမ်းသွားတော့သည်။
လန်ယွီတျန်းက မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ပြန်သည်။ “ဟွေ့၊ မင်းနဲ့ငါ အတူတူလုပ်သရွေ့… ငါတို့လူသားတွေ အတူတူပူးပေါင်းကြသရွေ့ မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး…”
“မဟုတ်ဘူး…. ကျွန်တော်တို့ မလုပ်နိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က အော်ဟစ်လိုက်သည်။ “လူသားတွေက တခြားမျိုးနွယ်တွေထက် နိမ့်ကို နိမ့်ကျတယ်… ဘယ်တော့မှ တွန်းလှန်နိုင်မှာမဟုတ်ဘူး… ကိုယ့်ကိုယ်ကိုတောင် အားကိုးလို့မှ မရတာ… နတ်ဘုရားတစ်ပိုင်းတွေကို အားကိုးနေရတာလေ… နတ်ဘုရားတစ်ပိုင်းတွေကို အားကိုးမှ ဒီရက်စက်တဲ့ လောကကြီးမှာ ရှင်သန်နိုင်ကြမှာဗျ…”
“ကျွန်တော့်ရဲ့ လမ်းစဉ်ကသာ မှန်ကန်တဲ့ လမ်းစဉ်ပဲ…. လက်ရှိလူသားမျိုးနွယ်က အစ်ကိုကြီးခေါင်းဆောင် ဖြစ်ခဲ့တုန်းကထက် အဆပေါင်းများစွာ ပိုကောင်းနေပြီ…. ကောင်းကင်နတ်ဘုံကို ဆက်ပြီး အာခံမနေပါနဲ့တော့”
သူ၏မျက်နှာအမူအရာမှာ ရူးသွပ်နေသည့် လူတစ်ယောက်အလားပင်။ သူက လန်ယွီတျန်းအား အော်နေ၏။ “ခင်ဗျားရဲ့ မျှော်လင့်ချက်တွေနဲ့ လူသားမျိုးနွယ်ကို ပုံမသွင်းပါနဲ့တော့…. ထပ်ပြီး အသတ်ခံရဦးမှာပဲ… လူသားမျိုးနွယ်ကလည်း ခင်ဗျားကြောင့် ဒုက္ခရောက်လိမ့်မယ်… ခင်ဗျားလို သူတွေကြောင့် ဒုက္ခရောက်လိမ့်ဦးမယ်လို့”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ခက်ထန်စွာ ပြောသည်။ “အာဏာ… ဒီလောကရဲ့ အမှန်တရား … ဒီလောကရဲ့ မဟာာတာအိုက အာဏာပဲ… လူသားမျိုးနွယ်မှာ အာဏာမရှိဘူး… အာဏာရှိတဲ့သူကို အားကိုးရလိမ့်မယ်”
“မင်း ပြောင်းလဲသွားပြီပဲ” လန်ယွီတျန်းက တည်ငြိမ်အေးဆေးစွာ ရေရွတ်လိုက်သည်။
“ကျုပ် မပြောင်းလဲဘူး…”
ကောင်းကင်နတ်အရှင်ဟွေ့က ဟိန်းဟောက် အော်ဟစ်လိုက်သော်လည်း ဖြည်းဖြည်းချင်း စိတ်ငြိမ်လာသည်။ သူက ရွဲ့သလို တစ်ချက်ရယ်လိုက်ရင်း ဆက်ပြောသည်။ “ကျွန်တော် ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး… ပါးနပ်လာတာပဲ ရှိတာ… အစ်ကိုကြီးက ကျွန်တော် အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ… မျှော်လင့်ချက်တွေကို စွန့်လွတ်ပြီး ကျွန်တော်နဲ့ ပူးပေါင်းပါ…. သေချာကာကွယ်ပေးပါ့မယ်… အနာဂတ်မှာ အစ်ကိုကြီးရဲ့ ရန်သူတွေကိုလည်း သတ်ပေးမယ်”
လန်ယွီတျန်းက သူ့ဘေးမှ ဖြတ်သွားပြီး ခေါင်းရမ်းလိုက်သည်။ “မတူညီတဲ့ လမ်းတွေက ဘယ်တော့မှ မဆုံကြဘူး…. ကောင်းကင်နတ်အရှင်ဟွေ့၊ ဒီနေ့ကစပြီး မင်း ငါ့ကို အစ်ကိုကြီးယွီလို့ ခေါ်စရာ မလိုတော့ဘူး…. ငါ့အတွက် ကလဲ့စားချေပေးစရာ…..”
ဖောက်
လက်ဖဝါးတစ်ဖက်က သူ၏နောက်ကျောမှ ရင်ဘတ်ကို ဖောက်ထွက်သွား၏။ လက်ချောင်းငါးချောင်းက သူ၏နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ထိုလက်မှာ တုန်ရီနေသလို သူ့အနောက်ရှိ ကောင်းကင်နတ်အရှင်ဟွေ့မှာလည်း အလားတူပင်။ လန်ယွီတျန်းမှာ မယုံကြည်နိုင်ဖြစ်နေသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာတွင် မျက်ရည်များ စီးကျနေသည်ကို တွေ့လိုက်ရ၏။ မျက်ရည်များမှာလည်း ကောင်းကင်နတ်မြစ်၏ ရေများနှင့်အတူ အငွေ့ပျံသွားသည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးက သေပြီးသားမလား…. ဟုတ်တယ်မလား… ဘာလို့ အသက်ရှင်နေရတာလဲ… အစ်ကိုကြီး သေသွားတာ မကောင်းဘူးလား”
ကောင်းကင်နတ်အရှင်ဟွေ့သည် လန်ယွီတျန်း၏ကျောအား မှီကာ နားအနီးတွင် မောဟိုက်စွာ အသက်ရှူနေသည်။ သူ၏မျက်နှာက ပုံပျက်ရှုံ့တွနေလေသည်။ သူက ခပ်ယဲ့ယဲ့ ရယ်လျက် ပြောပြန်သည်။ “အစ်ကိုကြီးက သေသွားပြီ… ကျွန်တော်နှလုံးသားထဲမှာ အစ်ကိုကြီးက ပြီးပြည့်စုံတဲ့ အစ်ကိုကြီး ဖြစ်ခဲ့တယ်... အစ်ကိုကြီးပြန်ရှင်လာရင် ကျွန်တော့်အတွက် ခက်ခဲသွားလိမ့်မယ်… အစ်ကိုကြီးကို ဘာလုပ်ရမလဲ သိမှာမဟုတ်တော့ဘူး…. သေသွားတာပဲ ကောင်းပါတယ်… ပြာဖြစ်ရင်ဖြစ် မဖြစ်ရင် ကျွန်တော့်နှလုံးသားထဲက ပြီးပြည့်စုံတဲ့အစ်ကိုကြီးပဲ ဖြစ်နေရမယ်….”
သူ၏လက်ဖဝါးက တဖြည်းဖြည်း အားထည့်လိုက်ရင်း လန်ယွီတျန်း၏ နှလုံးသားကို ဖြစ်ညှစ်လိုက်သည်။ တာအိုမီးတောက်များက လန်ယွီတျန်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံလာကြချေပြီ။
“ကျွန်တော့်ကို နားလည်တယ်မလား… နားလည်ပေးမယ်မလားဟင်”
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာအမူအရာမှာ ပို၍ပင် ပျက်ယွင်းလာသည်။ သူသည် အသက်ရှိုက်လျက် ရယ်လိုက်ရင်း ပြော၏။ “စိတ်မပူပါနဲ့… ကျွန်တော် ကလဲ့စားချေပေးမှာပါ… သေချာပေါက် ချေပေးမှာ… ကောင်းကင်မှာ အစ်ကိုကြီးရဲ့ ဝိညာဉ်ရှိရင်… မဟုတ်သေးဘူး…. ကောင်းကင်နတ်အရှင်မူက အစ်ကိုကြီးရဲ့ ဝိညာဉ်ကို ထပ်ဆင့်ခေါ်နေလိမ့်မယ်… အစ်ကိုကြီးရဲ့ ဝိညာဉ် ကောင်းကင်မှာ ရှိနေလို့မဖြစ်ဘူး…”
သူက လန်ယွီတျန်း၏ အလောင်းအား လှန်လှောရှာဖွေနေသည်။ “ကျောက်ယန်ခန်းမရော… မြန်မြန်ထုတ်လိုက်… အစ်ကိုကြီးကို ခန်းမထဲမှာ ချိတ်ပိတ်ထားမှ သူ ပြန်အသက်မသွင်းနိုင်မှာ… ကျောက်ယန်ခန်းမ…”
လောင်ကျွမ်းနေသော သိုလှောင်အိတ်ထဲ၌ ကျောက်ယန်ခန်းမကို ရှာတွေ့သွား၏။ ၎င်းမှာ မီးလောင်နေချေသည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ကြောင်အသွားသည်။ ကျောက်ယန်ခန်းမကား အင်အားအကြီးဆုံး နတ်ဘုရားစွမ်းအင်တို့ဖြင့် ဖွဲ့တည်ထားသော အချုပ်အနှောင်ခန်းမတစ်ခု ဖြစ်သည်။ သူ၏တာအိုမီးတောက်ကြောင့် မီးမလောင်နိုင်ချေ။
သူက လန်ယွီတျန်း၏ အလောင်းကို ကြည့်လိုက်၏။ အလောင်း၏ အသွေးအသားများက ပြာကျသွားသည့်တိုင် ပြာများပါ ပျောက်ကွယ်သွားပြီး မည်သည်မှ မကျန်ရစ်ခဲ့ပေ။
“အသိစိတ်အလျဉ် ပုံရိပ်ယောင်”
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာမှာ တဆတ်ဆတ် တုန်ရီလာတော့သည်။
ဝေါ….
မီးတောက်လေပြင်းတို့က ကောင်းကင်နတ်မြစ်ပေါ်ရှိ မြူခိုးများကို ပျောက်ကွယ်သွားစေသည်။
ထိုအခိုက်အတန့်တွင် အဝေးရှိ မြစ်ပြင်ထက်၌ ရပ်နေသည့် လန်ယွီတျန်းအား တွေ့လိုက်ရသည်။ သူ့အနောက်တွင် ချင်မူ၊ သူ့ဘေးတွင်တော့ နတ်ဘုရင်လန်ဝူက နေရာယူထား၏။
ကောင်းကင်နတ်မြစ်ပေါ်တွင် လေပြေများက တဝေါဝေါ တိုက်ခတ်နေသော်လည်း အချိန်ကြာမြင့်သည်အထိ မည်သူကမှ စကားမပြောကြပေ။
နတ်ဘုရင်လန်ဝူက တည်ငြိမ်မှုကို ဖြိုခွင်းကာ ညင်သာစွာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် တောင်းဆိုတဲ့အတိုင်း လုပ်ခဲ့ပြီးပြီ… စိတ်ကျေနပ်ရဲ့လား”
“ကျေနပ်ပါတယ်”
ချင်မူက မှင်သေသေ ပြောသည်။ “ကျွန်တော် အခု လက်လျှော့လိုက်လို့ရပြီ… ကောင်းကင်နတ်အရှင်ယွီကရော…”
လန်ယွီတျန်းက ခေါင်းရမ်းလိုက်သည်။ “ဒီနေရာမှာ ဘယ်ကောင်းကင်နတ်အရှင်ယွီမှ မရှိပါဘူး အစ်ကိုကြီး”