အဖြစ်မရှိသူ၏ အမျက်ဒေါသ
Vol. 112 Ch. 1466
ချင်မူမှာ အနည်းငယ် မှင်သက်သွားသည်။ သူက လန်ယွီတျန်းကို ကြည့်ပြီးနောက် မည်သည်မှမပြောပေ။
လန်ယွီတျန်းသည် ကျောက်ယန်ခန်းမကို ခိုးယူပြီးဖြစ်၏။ ကောင်းကင်နတ်အရှင်ယွီ၏ ကျန်ရှိသောဝိညာဉ်နှင့် ပေါင်းစည်းပြီး ကောင်းကင်နတ်အရှင်ယွီ ဖြစ်လာခြင်း၊ မဖြစ်လာခြင်းက သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ချင်မူအနေဖြင့် သူ့အတွက် ဆုံးဖြတ်ပေးလိမ့်မည်မဟုတ်ပေ။
ချင်မူ အတော်လေး ဝမ်းမြောက်လာမိသည်။ လန်ယွီတျန်းကား ရင့်ကျက်လာလေပြီ။ သူ့အနား အမြဲကပ်နေခဲ့သည့် ကောင်လေးတစ်ယောက် မဟုတ်တော့။ အချို့သောကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စိတ်ကို ပိုင်ဆိုင်ထားလေပြီ။
နတ်ဘုရင်လန်ဝူကိုတော့ ချင်မူ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ လန်ဝူသည် ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့တို့နှင့်အတူ ရွှင်ပျော်ပျော်ကျေးရွာသို့ ပြန်မသွားခဲ့ပေ။ ချင်မူ သူမကို ဖိတ်ခေါ်ခဲ့ရသည့်အကြောင်းအရင်းမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ စိတ်ရင်းအမှန်ကို အသေအချာ တွေ့မြင်၍ လက်လျှော့နိုင်ရန်ဖြစ်ပြီး လန်ယွီတျန်းလည်း ကြိုတင်သတိထားစေနိုင်ရန်ဖြစ်သည်။
နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်မှာ အားကောင်းကျယ်ပြန့်သည် မဟုတ်လော။ ချင်မူသည် ကောင်းကင်နတ်အရှင်ဟွေ့၏ စိတ်နှလုံး မတည်မငြိမ်ဖြစ်နေစဉ် လန်ယွီတျန်းအား အစားထိုးရန် ပုံရိပ်ယောင်တစ်ခု ဖန်တီးနိုင်မည်မဟုတ်ပေ။ နတ်ဘုရင်လန်ဝူနှင့် ကောင်းကင်နတ်အရှင်ကုန်းသာ ထိုသို့လုပ်နိုင်သည်။
ပြောရလျှင် ကောင်းကင်နတ်အရှင်ဟွေ့သည်လည်း တာအိုအဆင့်တွင် ထူးကဲသော အောင်မြင်မှုများ ရရှိထားသည့် ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပါလော။
သူက ကောင်းကင်နတ်မြစ်ပေါ်တွင် ရပ်၍ သူတို့အား အမဲဖြတ်တော့မတတ် ကြည့်နေသည်။
“သွားကြစို့” ချင်မူက သူ့ကို မကြည့်ဘဲ ခပ်ဖွဖွ ရေရွတ်လိုက်သည်။
သူတို့သုံးယောက် ထွက်ခွာတော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံက တောင်တန်းများနှင့် မြစ်များကို တုန်လှုပ်သွားစေ၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက အမှိုက်ကောင်ပဲ….. အဆင့်မရှိတဲ့ မင်းလိုကောင်က ငါ့ကို ဒီလို လှည့်စားရဲတယ်ပေါ့…. မင်းမှာ ဘာစွမ်းဆောင်ရည်မှ မရှိဘူး… အဲဒီလိုလှည့်ကွက်လေးတွေပဲ သုံးနိုင်တာ… မင်းလို ပေါက်လို့ပဲစားကောင်က ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား”
သူ၏အသံက မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေသောကြောင့် ကောင်းကင်နတ်မြစ်ကိုပါ တုန်ခါလာစေသည်။ “မင်းရဲ့ လှည့်ကွက်လေးတွေကြောင့် မင်းက ငါ့မျက်လုံးထဲမှာ ဘယ်တော့မှ တည်တည်တံ့တံ့ ဖြစ်လာမှာမဟုတ်ဘူး…. ငါ့အတွက် မင်းက ဟာသတစ်ခုပဲ”
နတ်ဘုရင်လန်ဝူက ချင်မူ့ကို စူးစမ်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
ချင်မူက ခေါင်းခါရမ်းသည်။ “အဖြစ်မရှိတဲ့သူတစ်ယောက်ရဲ့ အမျက်ဒေါသပါပဲ… အာရုံစိုက်နေစရာ မလိုဘူး…. သူ အရှက်ကွဲပြီး ဒေါသထွက်လာတာကိုပဲ သတိထားရမှာ”
ကောင်းကင်နတ်အရှင်ဟွေ့သည် သူတို့၏ နောက်ကျောကို ကြည့်နေရင်း မျက်နှာပျက်ယွင်းလာ၏။ သူဦးခေါင်းအနောက်ရှိ မီးတောက်များက ကောင်းကင်ကိုသာမက၊ သူ၏မျက်နှာကိုပါ လောင်ကျွမ်းလာသည်။
သူ၏ခန္ဓာကိုယ်က ပိုပို၍ကြီးမားလာပြီး မာန်မဲကြိမ်းဝါးလိုက်လေသည်။ “လူသားမျိုးနွယ်အတွက် ငါ လုပ်ပေးခဲ့တဲ့ကိစ္စတွေ ဘယ်လောက်တောင် များလိုက်သလဲ…. ငါ့ရဲ့ကောင်းကျိုးသယ်ပိုးမှုတွေ၊ ကောင်းမှုတွေကို မင်းရဲ့ လှည့်ကွက်လေးတစ်ကွက်နဲ့ ဖယ်ရှားပစ်လိုက်လို့ မရဘူးကွ”
သူက ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည့်အခါ ချင်မူနှင့် အခြားသူများကို လိုက်မှီလာသည်။ သူ၏ခန္ဓာကိုယ်က ပိုပို၍ပူလာပြီး မီးတောက်များက သူ၏ပတ်ပတ်လည်တွင် တဟုန်းဟုန်း ကျွမ်းလောင်နေသည်။ သို့သော် သူ၏လေသံကတော့ ပို၍အေးစက်လာသည်။
“နဂါးဟန်ခေတ်ရဲ့ အစောပိုင်းနှစ်တွေ… အဲဒီနှစ်တွေက ဘယ်လောက်တောင် ဒုက္ခရောက်လိုက်သလဲ… ဟုတ်တယ် ကောင်းကင်နတ်အရှင်ယွီက ငါ့အစ်ကိုကြီး… သူ သေသွားတုန်းက ငါလည်း နာကျင်ခဲ့ရတယ်… ဒါပေမဲ့ သူ့ထက် ပိုပြီး အမြင်ကျယ်လာခဲ့တယ်”
“အဲဒီခေတ်က ရှေးဟောင်းနတ်ဘုရားတွေရဲ့ အင်အားနဲ့ ခြောက်လှန့်နိုင်စွမ်းကို ငါ မြင်ခဲ့ရတယ်… ရှေးဟောင်းနတ်ဘုရားတွေကို ဖယ်ရှားပြီး လူသားမျိုးနွယ်ကို ကာကွယ်ဖို့ဆိုရင် နတ်ဘုရားတစ်ပိုင်းတွေကို အားကိုးရုံပဲ ရှိခဲ့တယ်… အဲဒီခေတ်မှာ နဂါးဟန်ခေတ်ရဲ့ ကျန်တဲ့ကောင်းကင်နတ်အရှင်ငါးပါးတည်းနဲ့ တစ်ခုခု အောင်မြင်နိုင်မယ်လို့ ထင်နေတာလား… လုံးဝ မဖြစ်နိုင်ဘူး”
“အဲဒီအချိန်တုန်းက လင်၊ ယွဲ့၊ ရုံနဲ့ ယွင်တို့က အရေးမပါတဲ့ကောင်တွေ…. နှစ်ငါးရာကနေ ခြောက်ရာအထိ အင်အားအကြီးးဆုံး လူသားသိုင်းပညာရှင်က ဧကရာဇ်ပလ္လင်အဆင့်အထိပဲ ရောက်နိုင်ခဲ့တယ်…. ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် အကွက်ရွှေ့နေတာကိုတောင် ထည့်မတွက်ရသေးဘူး… ဘယ်ရှေးဟောင်းနတ်ဘုရားဖြစ်ဖြစ် လူသားမျိုးနွယ်နဲ့ လင်၊ ရုံ၊ ယွဲ့၊ ယွင်တို့ကို အကြိမ်ပေါင်းရာနဲ့ ချီ ဖျက်ဆီးပစ်နိုင်တယ်”
သူ၏ခြေလှမ်းများက လေးလံနေသည်။ သူ ခြေထောက်ချလိုက်သည့်နေရာတိုင်းတွင် ကောင်းကင်နတ်မြစ်မှာ အငွေ့ပျံသွားပြီး ထိုရေငွေ့များမှာလည်း တာအိုမီးတောက်ကြောင့် လောင်ကျွမ်းကုန်ကြ၏။
“ဒါကြောင့် လူသားမျိုးနွယ်အတွက် ကောင်းကင်နတ်အရှင်ယွင်ကို သတ်ခဲ့ရတယ်… သူ့ကို သတ်ရတာ ငါလည်း ပျော်တယ် ထင်လား… ဒါပေမဲ့ သူက ငါ့ကို နားလည်ခဲ့တယ်… သူတစ်ယောက်ပဲ ငါ လုပ်ခဲ့တာတွေကို နားလည်တာ… ဘယ်တော့မှ ငါ့ကို အပြစ်မတင်ခဲ့ဘူး… ငါ့လုပ်ရပ်တွေက မှန်တယ်ဆိုတာ သိလို့လေ… ငါ လျှောက်ခဲ့တာက မှန်ကန်တဲ့လမ်းစဉ်ပဲ”
“ချိမင်ခေတ်မှာရော ကောင်းကင်ကို ဆန့်ကျင်ပြီး ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရင်ဆိုင်နိုင်မယ် ထင်လား… မရဘူး… ချိမင်ခေတ်မှာ ကောင်းကင်ကို ဆန့်ကျင်ချင်တဲ့ လူသားဧကရာဇ် ဆယ်ယောက်အောက် မနည်းခဲ့ဘူး… အမှန်အတိုင်းပြောရရင် လူသားမျိုးနွယ်ရဲ့ ခွန်အားက ကောင်းကင်နတ်ဧကရာဇ် ခြေတလုံးမွေးတစ်မွေးလောက်တောင် မရှိဘူးကွ….
“ဒါကြောင့် ငါကိုယ်တိုင် သွားပြီး မင်ဧကရာဇ်ကို သတ်ဖြတ်ခဲ့တာပဲ… ဟုတ်တယ်… မင်ဧကရာဇ်ရဲ့ အားနည်းချက်ကို မြင်ခဲ့လို့ ကောင်းကင်ယင်သားတော်ကို သွားသတ်ခိုင်းခဲ့တာ… ငါ ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ထားရတဲ့ အခြေအနေနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို မင်ဧကရာဇ် ဖျက်ဆီးမှာ ခွင့်မပြုနိုင်ဘူး”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ချင်မူနှင့် အခြားသူများ၏ နောက်ကျောဆီသို့ ကြည့်နေသည်။ သူ၏အသံသည် ခန္ဓာကိုယ်တွင် တောက်လောင်နေသော တာအိုမီးတောက်များကြောင့် လောင်ကျွမ်းနေသည့်အလားပင်။ “ချုံဧကရာဇ်ခေတ်ကလည်း သိပ်ကောင်းတယ်မလား… ဟမ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အာဏာက ပေါ်လွင်နေပြီးပြီ… ရှေးဟောင်းနတ်ဘုရားတွေတောင် နတ်ဘုရားတစ်ပိုင်းတွေနဲ့ မယှဉ်ပြိုင်နိုင်တော့ဘူး…. တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်တယ်… နတ်ဘုရားတစ်ပိုင်းတွေက ရှေးဟောင်းနတ်ဘုရားတွေထက်တောင် ပိုစွမ်းအားကြီးသေးတယ်…. တခြားတစ်ဖက်မှာတော့ ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်ကို ဆန့်ကျင်ပြီး နတ်ဘုရားတစ်ပိုင်းတွေကို ရှင်းလင်းပစ်ဖို့ မျှော်လင့်နေတယ်လေ… လက်တွေ့မဆန်တဲ့ အိပ်မက်ပဲ…”
“နတ်ဘုရားတစ်ပိုင်းတွေက လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်တဲ့အထိ စွမ်းအားကြီးတယ်… ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ ... အဲဒီမိန်းမနှစ်ယောက် လူသားမျိုးနွယ်ကို ဖျက်စီးနေတာ ကြည့်မနေနိုင်လို့ ကောင်းကင်နတ်အရှင်ယွဲ့ကို ဒဏ်ရာ အပြင်းအထန် ရအောင် ငါ လုပ်ခဲ့တယ်… ကောင်းကင်နတ်အရှင်လင် သေသွားတဲ့ ကိစ္စမှာလည်း ငါ ပါဝင်ပတ်သက်ခဲ့တယ်… ချုံဧကရာဇ်ကောင်းကင်ဘုံကို စစ်တပ်စေလွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်တာလည်း ငါပဲ… ဒါပေမဲ့ အဲဒါတွေအားလုံးက လုပ်ရကျိုးနပ်တယ်”
ချင်မူနှင့် အခြားသူများသည် ကောင်းကင်နတ်မြစ် မြစ်ဖျားခံရာသို့ လျှောက်သွားရင်း ကောင်းကင်ပင်လယ်၏ မျက်နှာပြင်ပေါ် ရောက်လာကြ၏။
နတ်ဘုရင်လန်ဝူ ခြေချလိုက်သည့်အချိန်တွင် မည်သည့်လှိုင်းဂယက်မှ ထွက်ပေါ်မလာဘဲ လှိုင်းကြက်ခွက်လေးများသာ မသိမသာ ဖြစ်ထွန်းသွားသည်။
လန်ယွီတျန်း ခြေချလိုက်သည့်အခါတွင် လှိုင်းဂယက်လေးများပင် ထွက်ပေါ်မလာပေ။
ချင်မူ ခြေချလိုက်သည့်အခါတွင် လှိုင်းဂယက်များ ဖြည်းဖြည်းချင်း တည်ငြိမ်သွားကြသည်။
သူက ပင်လယ်ရေမျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရာ ရွှမ်တုကို တွေ့မြင်လိုက်ရ၏။ ကြယ်တာရာများနှင့် ကြယ်တာရာအစုအဝေများသာမက ကုဋေချီသော နဂါးငွေ့တန်းများစွာ၏ ခမ်းနားလှပမှုကို မြင်တွေ့နေရသည်။
ဝုန်း…
ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်က ကောင်းကင်ပင်လယ်ပေါ်သို့ ဆင်းသက်လာ၏။ သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လျက် ရှိပြီး သူ၏လက်ဖဝါးကလည်း ပင်လယ်ရေပြင်အား ဖိထောက်ထားသည်။ သူ ဆင်းလာလျှင်ချင်း လှိုင်းဂယက်များ အလုံးအရင်း ပေါ်ထွက်လာပြီး လေပြင်းများလည်း ထန်လာ၏။ ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးတို့ တဂျိန်းဂျိန်း မြည်ဟီးကာ လျှပ်စီးတန်းများက ကောင်းကင်တွင် ရောယှက်သွားကြသည်။ ၎င်းတို့က သိပ်သည်းထူထပ်သော မဟူရာတိမ်တိုက်များဆီမှ ဆင်းသက်၍ လှိုင်းလုံးများကို ခွင်းထွက်သွားလေသည်။
ဆူနာမီလှိုင်းလုံးကြီး၏ အနောက်တွင် ဧရာမမီးတောက်လှည်းဘီးတစ်ဘီးက လှည့်ပတ်နေသော်လည်း လျှပ်စီးကြောင်းများစွာက ၎င်းကို ဖောက်ထွက်လာသည်။ လျှပ်စီးတန်းများသည် မီးတောက်များ စွဲလောင်နေသောကြောင့် အံ့မခန်းလိလိ မီးတောက်စွမ်းအားများကို ပိုင်ဆိုင်ထားသော လျှပ်စီးတန်းများ အသွင်ပြောင်းသွားကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့က ဖြည်းဖြည်းချင်း ထရပ်လာပြီး သူ့ဦးခေါင်းအနောက်ရှိ မီးတောက်လှည်းဘီးမှာလည်း ဧရာမလှိုင်းလုံးကြီးများအကြားတွင် ပိုပို၍ မြင့်တက်လာသည်။
သူ၏ဧရာမမျက်နှာကြီးက ပင်လယ်ပေါ်တွင် ရပ်နေသည့် ချင်မူနှင့် အခြားသူများဆီသို့ ငုံ့ကြည့်နေသည်။ သူ၏အသံကို မိုးကြိုးသံနှင့် လှိုင်းလုံးသံများပင်လျှင် မဖုံးလွှမ်းနိုင်ချေ။
“ခိုင်ဧကရာဇ်ခေတ်ဆိုတာ ရှေးဟောင်းနတ်ဘုရားတွေ ထောက်ပံ့ထားတဲ့ ရုပ်သေးခေတ်ပဲ… ခိုင်ဧကရာဇ်ကလည်း ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ နတ်မင်းလေးပါးရဲ့ ရုပ်သေးရုပ်… ချင်ယဲ့ကတော့ နာမည်ကြီးချင်တဲ့သူတစ်ယောက် … သူသာ အသက်ရှင်နေရင် လူသားမျိုးနွယ်က နဂါးဟန်ခေတ်ကို ပြန်ရောက်သွားလိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟွေ့က ရှေ့သို့ တစ်လှမ်းတိုး၍ ချင်မူတို့အနောက် ရောက်လာသည်။ မီးတောက်များက ကောင်းကင်ပေါ်သို့ ဖြာတက်လျက် ကောင်းကင်အား အနက်ရောင်ပန်းချီကားသဖွယ် လောင်ကျွမ်းနေစေပြီး ဧရာမအပေါက်ကြီးများ ပေါက်လာစေသည်။
“ငါ ကောင်းကင်နတ်ဘုံမှာ နေရာရအောင် ခြေကုပ်ယူပြီး တောင်ကောင်းကင်မှာ အောင်မြင်မှုရရုံပဲရှိသေးတယ်… မင်းတို့တွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြန်တယ်… မင်းတို့က တွန်းလှန်ပြီး ငါ့ကိုပါ ဆွဲချချင်နေကြတာပဲ”
“ငါ့အတွက်ရော ထည့်တွက်ကြရဲ့လား”
ကောင်းကင်နတ်အရှင်ဟွေ့က အသားကုန် အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများက ရဲရဲတောက်နီနေပြီး တာအိုမီးတောက်များက ၎င်းတို့ထဲတွင် အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေကြ၏။ သူက ခက်ထန်စွာ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ခြေကုပ်လေး နည်းနည်းရလိုက်ရုံ ရှိသေးတယ် မင်းတို့အားလုံးက ပုန်ကန်ချင်နေကြပြီ… ကောင်းကင်နတ်အရှင်ယွင် ပုန်ကန်ခဲ့တယ်… ချိမင်ဧကရာဇ် ပုန်ကန်ခဲ့တယ်… ကောင်းကင်နတ်အရှင်ယွဲ့နဲ့ လင်တို့လည်း ပုန်ကန်ခဲ့တယ်… ချင်ယဲ့လည်း ပုန်ကန်ခဲ့တယ်… ချင်မူ မင်းတောင်မှ ငါ့ကို ပုန်ကန်နေပြီ… မင်းနဲ့အတူ ပူးပေါင်းပုန်ကန်ဖို့ ငါ့ရဲ့အစ်ကိုကြီး ကောင်းကင်နတ်အရှင်ယွီကိုတောင် ပြန်အသက်သွင်းလိုက်သေးတယ်… မင်းမှာ ဘာလုပ်နိုင်စွမ်းတွေ ရှိနေလို့လဲ”
ဝှစ်…
သူ၏ လက်ဖဝါးက မိုးကြိုးတိမ်တိုက်များစွာကို ဖောက်ထွက်၍ မီးတောက်များ လောင်ကျွမ်းလိုက်စေသည်။ ထိုတိမ်တိုက်များသည် မီးတောက်တိမ်တိုက်များအဖြစ် ပြောင်းလဲလာကာ ကောင်းကင်တွင် အပြည့်အဝနေရာယူလျက် ချင်မူတို့ဆီ ဦးတည်သွား၏။ သူက နှာခေါင်းရှုံ့လိုက်သည်။ “ငါ ကြိုးစားတည်ထောင်ခဲ့ရတဲ့ အရာကို ဖျက်ဆီးပြီး ပုန်ကန်ချင်နေမှတော့ မင်းတို့အားလုံးကို သတ်ပေးရတာပေါ့”