တာအိုနှလုံးသား အဆင့်ကျဆင်းသွားမှု
Vol. 112 Ch. 1467
ကောင်းကင်နတ်အရှင်ဟွေ့၏ မှော်စွမ်းအင်ကတရှိန်ထိုး မြင့်တက်သွားသည်။ တောင်နတ်မင်းကျုချွဲ၏ စွမ်းအားကိုလည်း စုပ်ယူထားခဲ့သောကြောင့် သူ၏ မှော်စွမ်းအင်သည် ပြိုင်ဘက်ကင်းသည့်တိုင်အောင် ကြီးမားကျယ်ပြန့်နေပြီး မီးတောက်တာအိုအပေါ် သိမြင်နားလည်မှုကလည်း ကောင်းကင်ဘုံ ၂၄ ဘုံအဆင့်သို့ ရောက်နေချေပြီ။
ဤတိုက်ကွက်က လန်ယွီတျန်း၊ ချင်မူနှင့် နတ်ဘုရင်လန်ဝူကို အရိုးပင်မကျန်အောင် ပြာကျသွားစေကာ မြှုပ်နှံ့စရာ ဂူသင်္ချိုင်းပင် ရှိစေမည်မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ဟွေ့အနေဖြင့် ချင်မူ့လှည့်ကွက်များကို သည်းမခံနိုင်တော့ပေ။ နတ်ဘုရင်လန်ဝူက အသိစိတ်အလျဉ်ပုံရိပ်ယောင်ကို သုံး၍ သူ၏ ရုပ်ဆိုးအကျည်းတန်ကာ ကောက်ကျစ်သည့် စရိုက်အား လန်ယွီတျန်း၏ အရှေ့၌ ဘူးပေါ်သလို ပေါ်သွားစေခဲ့သည်ကိုလည်း လက်မခံနိုင်ပေ။
သူ ပုံရိပ်ယောင်ထဲတွင် သစ္စာဖောက်၍ ကောင်းကင်နတ်အရှင်ယွီအား သတ်ဖြတ်ခဲ့ခြင်းအား လန်ယွီတျန်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သည်ကိုလည်း သည်းမခံနိုင်။
ထိုသူသုံးယောက်ကို သတ်လိုက်ပါက သူ့ကို ပိုမိုစွမ်းအားကြီးလာစေမည်မဟုတ်သလို အကျိုးအမြတ်လည်း ရရှိစေလိမ့်မည်မဟုတ်။ သို့သော် သူ၏ ခံစားချက်များကိုတော့ ပိုမိုကောင်းမွန်လာစေနိုင်သည်။
ချင်မူ၊ လန်ယွီတျန်းနှင့် နတ်ဘုရင်လန်ဝူတို့ သေဆုံးသွားပါက တစ်လောကလုံး သူ၏ လျှို့၀ှက်ချက်များနှင့် စိတ်ရင်းအမှန်တို့ကို သိနိုင်တော့မည်မဟုတ်ပေ။
သူ့အတွက် အခြားသူများကို စိတ်ရင်းမှန် ဖော်ပြရခြင်းက လုံး၀သည်းမခံနိုင်သော အရာပင်။
သူ၏လက်ဖဝါး သူတို့သုံးယောက်အပေါ် ဖုံးအုပ်သွားတော့မည်အချိန်တွင် နတ်ဘုရင်လန်ဝူအနောက်ရှိ ကောင်းကင်နန်းဆောင်များက ရုတ်တရက် တုန်ခါလာသည်။ အင်အားကြီးမားသော အသိစိတ်အလျဉ်သည် ပေါက်ကွဲထွက်လာပြီး ချင်မူနှင့် လန်ယွီတျန်းအား ဟင်းလင်းပြင်အလွှာ ၃၅ လွှာဆီသို့ ခေါ်ဆောင်သွားသည်။
သူမ၏ ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသော်လည်း ၎င်းသည် ကောင်းကင်နတ်အရှင်ဟွေ့ကို မတိုက်ခိုက်ပေ။ ထိုအစား အရှေ့သို့သာ ပေါက်ကွဲထွက်သွားသည်။
သူမ၏ အသိစိတ်အလျဉ် ထွက်ပေါ်လာသည်နှင့် ချင်မူ့ရုပ်ခန္ဓာမှာ ပြန့်ကားလာပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကလည်း ရှေ့သို့ ဖြာထွက်သွားလာသည်။ ရွှမ်တုက ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး ယိုတုက မြေကြီးထဲ မြုပ်၀င်သွား၏။ အရပ်လေးမျက်နှာတွင် ဝင်ရိုးစွန်းလေးခုက နေရာယူထားပြီး ယွမ်တု၊ ဘိုးဘေးနန်းတော်နှင့် အခြားကမ္ဘာလောကများလည်း တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။
သူသည် မျက်နှာလေးဖက် နတ်ဘုရားအသွင် ချက်ချင်း ပြောင်းလဲသွား၏။ သူကား အရပ်လေးမျက်နှာနှင့် ရှုထောင့်အားလုံးကို မျက်နှာမူထားချေပြီ။
သူ၏လက်ဖဝါးက ပြန့်လာပြီး နတ်ဘုရင်လန်ဝူက လက်ဖဝါးအလယ်တွင် ရပ်နေသည်။ သူမသည် သူ၏ ကောင်းကင်ရတနာနယ်ပယ်ဖြင့် လွှမ်းခြုံခံထားရ၏။
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာ ပြန့်ကားနေစဉ် နတ်ဘုရင်လန်ဝူက ကောင်းကင်နတ်အရှင်ဟွေ့အား မျက်နှာမူလိုက်သည်။ သူမ ရှေ့သို့ထုတ်လွှတ်ခဲ့သည့် ကောင်းကင်နတ်သိုင်းများက ကောင်းကင်နတ်အရှင်ဟွေ့အား တိုက်ခိုက်နေသည့် သိုင်းကွက်များ အဖြစ် ချက်ချင်း ပြောင်းလဲသွားကြတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ ဧရာမလက်ဖဝါးကြီးသည် ဟင်းလင်းပြင်အလွှာပေါင်းများစွာကို ဆွဲဖြဲနေပြီး အရည်ပျော်လာစေသည်။ မီးတောက်များက အဆက်မပြတ် လောင်ကျွမ်းနေသော်လည်း ချင်မူနှင့် ကျန်သူများကို အချိန်တိုအတွင်း တိုက်ခိုက်ရန် မစွမ်းဆောင်နိုင်ကြပေ။
နတ်ဘုရင်လန်ဝူ၏ မှော်စွမ်းအင်တစ်မျှင်က ဖျတ်ခနဲ သူ့ရင်ဘတ်အနား ရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။
ဤသို့ သာမန်မဟုတ်သည့် စွမ်းအင်သည် အသိစိတ်အလျဉ် ဖြစ်ကာ အသွင်သဏ္ဍာန်၊ ဒြပ်ထုဒြပ်ထည် မရှိပေ။ ကောင်းကင်နတ်အရှင်ဟွေ့မှာ နတ်ဘုရင်လန်ဝူ၏ ရှေ့မှ တိုက်ခိုက်နေသော တိုက်ကွက်များအား ခုခံနေရသဖြင့် ကာကွယ်ရန် အချိန်မရလိုက်ပေ။ အသိစိတ်အလျဉ်စွမ်းအားက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီ ဖြစ်သည်။
မှော်စွမ်းအင်ကို အရှေ့တွင် မြင်ရခြင်းက အနောက်မှ မြင်ရခြင်းနှင့် လုံးလုံးလျားလျား မတူညီပေ။ နတ်ဘုရင်လန်ဝူသာ ကောင်းကင်နတ်အရှင်ဟွေ့ကို မျက်နှာမူ၍ အသိစိတ်အလျဉ်နှင့် မှော်စွမ်းအင်တို့ကို အသုံးပြုပါက ကောင်းကင်နတ်အရှင်ဟွေ့အနေဖြင့် တခဏအတွင်း နားလည်သွားပြီး ရင်ဆိုင်နိုင်လိမ့်မည်။
နတ်ဘုရင်လန်ဝူ၏ ကောင်းကင်နတ်သိုင်းကို ဖျက်ဆီးရခြင်းက ကောင်းကင်နတ်အရှင်ဟွေ့အတွက် မခက်ခဲပေ။
သို့သော် လန်ဝူသည် ကောင်းကင်နတ်သိုင်းကို သူ့အား ကျောပေးလျက် မှန်ကန်သော အရပ်မျက်နှာသို့ ထုတ်လွှတ်ခဲ့သည်။ ထို့ကြောင့် သူ တုံ့ပြန်နိုင်သည့်အချိန်တွင် ကောင်းကင်နတ်သိုင်းမှာ ရင်ဘတ်နားသို့ ရောက်ရှိနေပြီး ဖြစ်၏။
အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ဟွေ့ထံမှ ပေါက်ကွဲထွက်လာသည်။ လန်ဝူက ၀င်ရိုးစွန်းလေးခု၏ နတ်မင်းလေးပါးကို မြင်ယောင်ဖန်ဆင်းလိုက်၏။ နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့က ကောင်းကင်နတ်အရှင်၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြချေပြီ။ နဂါးတွန်သံများ၊ ကျားဟိန်းများ၊ မီးငှက်အော်သံများနှင့် လိပ်နက်အော်မြည်သံများ ဆူညံသွားကာ သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးကြတော့၏။
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်သာ မရှိလျှင် နတ်ဘုရင်လန်ဝူအတွက် ဤသို့ လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ အများဆုံးအနေဖြင့် ဟင်းလင်းပြင်အလွှာ ၃၅ လွှာထံတွင်သာ ပုန်းနေနိုင်မည် ဖြစ်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့၏ စွမ်းဆောင်ရည်များမှာ အားကောင်းလာခဲ့ပြီး သူ၏မှော်စွမ်းအင်သည် တဟုန်ထိုး မြင့်တက်လာခဲ့၏။ သူ့အနေဖြင့် ဟင်းလင်းပြင်အလွှာ ၃၅ လွှာထဲသို့ ဝင်ရောက်၍ သူမအား သတ်ဖြတ်ရန် ခက်လိမ့်မည် မဟုတ်ပေ။
ချင်မူ့အကူအညီကြောင့် သူမကား တောင်ပံတပ်ပေးခံလိုက်ရသကဲ့သို့ ဖြစ်လာကာ သူမ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် လုံးဝ သစ်ဆန်းသော အဆင့်တစ်ဆင့်အထိ ရောက်ရှိလာခဲ့သည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုနှလုံးသားသည် လန်ယွီတျန်းကို တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပြင်းထန်စွာ ထိခိုက်ခဲ့၏။ နတ်ဘုရင်လန်ဝူ၏ ပုံရိပ်ယောင်ကြောင့် လှည့်စားခံခဲ့ရသည့်အခါ တာအိုနှလုံးသား၏ အဆင့်မှာ ထိုးကျသွားခဲ့သည်။ သူ၏တုံ့ပြန်မှုမှာလည်း အသက်ရှိုက်စာတစ်ဝက်မျှ နှေးကွေးနေ၏။
ဝုန်း….
ပြင်းထန်သောတုန်ခါမှုများက ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။ နတ်ဘုရင်လန်ဝူ မြင်ယောင်ဖန်ဆင်းထားသော မီးငှက်က ကောင်းကင်နတ်အရှင်ဟွေ့၏ ရင်ဘတ်ကို ဖောက်ထွက်သွား၏။ ၎င်းက သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်ပင်လယ်တစ်ခုကို ဆွဲထုတ်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
မီးငှက်က သံရှည်ဆွဲ၍ အော်ဟစ်လျက် တာအိုမီးတောက်ကို ဝါးမြိုလိုက်၏။ ၎င်းက ရှည်လျားသော လက်စွယ်ကြီးများဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးကို ကုတ်ချလိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ နောက်ကျောမှာ ကွဲသွားပြီး ကျားဖြူ၏ ဦးခေါင်း ထွက်လာ၏။ ၎င်းက ဟိန်းဟောက်ရင်း ကောင်းကင်နတ်အရှင်ဟွေ့၏ နောက်ကျောကို လက်စွယ်များဖြင့် ဆွဲဖြဲကာ ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ဧရာမမြွေကြီးတစ်ကောင်က သူ၏ပါးစပ်ထဲမှ ပျံထွက်လာ၏။ ဤက တောင်ပံတစ်ထောင်ကို ခတ်လျက် သူ၏လည်ပင်းတွင် ရစ်ပတ်ကာ လည်ပင်းပြုတ်ထွက်တော့မတတ် ဖြစ်နေစေသည်။
လိပ်နက်မှာ အလွန်အမင်း လေးလံသည့်အလျောက် ကောင်းကင်နတ်အရှင်ဟွေ့၏ ဗိုက်ကြီးသည် တဖြည်းဖြည်း ပူလာပြီး သူ၏ ရုပ်ခန္ဓာအပေါ် ဖိချနေ၏။
နဂါးတစ်ကောင်၏ တွန်သံလည်း ထွက်ပေါ်လာပြီး နဂါးစိမ်းတစ်ကောင်က သူ၏ဦးခေါင်းထိပ်မှ ဖောက်ထွက်သွားသည်။
နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်မြင်ယောင်ဖန်ဆင်းမှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
မှန်ပါသည်။ အများစုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျေးဇူးကြောင့် ဖြစ်သည်။
တာအိုဘိုးဘေးကြီးသည် ကောင်းကင်နတ်ဘုံတာအိုဂိုဏ်းကို ဦးဆောင်ကာ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်မင်းလေးပါး၏ မဟာတာအိုကို အစမှအဆုံး လေ့လာခဲ့ပြီး သင်္ကေတစနစ်ကို တီထွင်ဖန်တီးခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဂိုဏ်းမှ တာအိုသခင်လင်းရွှမ်၊ ရှုရှန်းဟွာနှင့် အခြားသူများကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ချာပညာရှင်များကို ဦးဆောင်ခဲ့ကြ၏။ သူတို့က အဏုမြူသင်္ချာကို သုံး၍ ရှေးဟောင်းနတ်ဘုရားများ၏ တာအိုသင်္ကေတများကို ထပ်မံလေ့လာဖော်ထုတ်နိုင်ခဲ့ကြသည်။ ဤအခြေအနေတွင် မဟာတာအိုသင်္ကေတစနစ်သည် ပြီးပြည့်စုံလာခဲ့၏။
တာအိုဘိုးဘေးကြီးပင်လျှင် သူ၏ကိုယ်ပိုင်ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပြီးပြည့်စုံလာစေရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်သင်ယူခဲ့ရသည်။
ကောင်းကင်နတ်အရှင်ကုန်းအပါအ၀င် အခြားဖန်ဆင်းရှင်များနှင့် ယှဉ်လျှင် နတ်ဘုရင်လန်ဝူက ရွှင်ပျော်ပျော်ကျေးရွာ၏ ကျင့်စဉ်စနစ်နှင့် ဆောလျင်စွာ ထိတွေ့ခဲ့ရသောကြောင့် ပိုမိုအမြင်ကျယ်သည်။ သူမသည် ကောင်းကင်ရတနာ၊ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များကို ထိတွေ့ခဲ့ရ၏။ ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကိုလည်း စုပ်ယူကာ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကျင့်စဉ်စနစ်နှင့် ပေါင်းစည်းနိုင်ခဲ့သည်။
မဟာလေဟာနယ် ဖန်ဆင်းရှင်များသည် သူမ၏ အသိစိတ်အလျဉ်ကို မဟာတာအိုသင်္ကေတများ၏ ကောင်းကင်နတ်သိုင်းအဖြစ် ပြောင်းလဲစေခဲ့သော ကောင်းကင်ရတနာ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်ကြံကြလေသည်။
သူမ ပိုမိုဉာဏ်အလင်းပွင့်နေရခြင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို ကောင်းကင်နတ်အရှင်ဆယ်ပါးထက် ပိုမိုစောစီးစွာ တွေ့ကြုံခဲ့ရသောကြောင့်ပင်။ ဖန်ဆင်းရှင်များအတွက် အကျိုးရှိသရွေ့ သူမသည် အရာအားလုံးကို သင်ယူပေါင်းစည်းမည်သာ ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မဟာတာအိုနှင့် သင်္ကေတစနစ်ကို သင်ယူခဲ့ပြီးနောက် အသိစိတ်အလျဉ်စွမ်းအားနှင့် ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားကို တိုးမြှင့်ရန်လည်း ကြိုးစားခဲ့သည်။
အတိတ်တုန်းက ဖန်ဆင်းရှင်များသည် သူတို့မြင်ယောင်ဖန်ဆင်းသည့် အရာဝတ္ထုများကို ပြီးပြည့်စုံစေရန် အတတ်နိုင်ဆုံး ကြိုးစားကြသော်လည်း မဟာတာအို၏ ရှုထောင့်မှ မဖန်ဆင်းခဲ့ကြပေ။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မဟာတာအိုသင်္ကေတစနစ်ကြောင့် သူတို့၏ ကောင်းကင်နတ်သိုင်းစွမ်းအားတို့ကား ထိုးတက်သွားပြီး ပိုပို၍ သန်မာလာကြလေသည်။
အထူးသဖြင့် နတ်ဘုရင်လန်ဝူကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်။ သူမ၏ ပြိုင်ဘက်ကင်းစွမ်းအားကြီးသော အသိစိတ်အလျဉ်သည် အံ့မခန်းလိလိ စွမ်းအားကို တစ်ခဏအတွင်း စုစည်း၍ ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးအား မြင်ယောင်ဖန်ဆင်းနိုင်ပေသည်။
“ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး”
နတ်ဘုရင်လန်ဝူ၏ တိုက်ကွက်သည် အောင်မြင်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟွေ့အား အပြင်းအထန် ဒဏ်ရာရစေခဲ့၏။ သို့သော် သူမ၏အကြည့်က ကောင်းကင်နတ်အရှင်ဟွေ့အပေါ်တွင် မဟုတ်ဘဲ ဟင်းလင်းပြင်အလွှာများအား ဖြတ်၍ သူတို့ထံ ဦးတည်လာနေသော လက်ဖဝါးကြီးဆီသို့ ကြည့်နေသည်။ သူမက ခေါင်းခါရမ်းသည်။ “ဒီတိုက်ကွက်ကြောင့် ငါတို့အကုန် သေလိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးမှာ ပိုပို၍ကြီးမားလာသည်။ သူ၏ ပိုလျှံနေသော မှော်စွမ်းအင်များ၏ ထိန်းချုပ်မှုအောက်တွင် လက်ဖဝါးစွမ်းအားမှာ လျော့ကျမသွားဘဲ ပို၍ပင် တိုးပွားလာသေးသည်။
သူ၏မှော်စွမ်းအင်မှာ ကောင်းကင်နတ်အရှင်ဟုန်နှင့် နှိုင်းယှဉ်၍မရပေ။ ကောင်းကင်နတ်အရှင်ဟုန်သည် ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို တစ်ချက်တည်း ပျက်စီးသွားစေပြီး ရန်သူများအား ဒဏ်ရာရစေခဲ့သည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ဟုန်နှင့် မယှဥ်နိုင်သော်လည်း အဆပေါင်းများစွာ ကွာခြားနေခြင်းတော့ မဟုတ်ပေ။
“ကျွန်တော် သေမှာမဟုတ်ဘူး”
ချင်မူက ခြေထောက်ကို လှုပ်ရှားလျက် ပရမတ္တလှေကို အသက်သွင်းကာ ကောင်းကင်အား ဖြတ်သန်းသွားသည်။ သူက ဟင်းလင်းပြင်ထဲတွင် အလျားလိုက် ရွေ့လျားနေပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးကြီးသည် ကျဆင်းလာကာ ဟင်းလင်းပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေ၏။ သို့သော် သူတို့သုံးယောက်ကို သယ်ဆောင်ထားသည့် ပရမတ္တလှေမှာ လက်ဖဝါးထိပ်မှ သီသီကလေး လွတ်မြောက်သွားသည်။
ဝှစ်…
ပရမတ္တလှေက ဟင်းလင်းပြင်အလွှာများထဲမှ ထွက်ခွာ၍ ကောင်းကင်ပင်လယ်ရေပြင်ထက်သို့ ရောက်ရှိလာသည်။ အဝေးတွင် ကောင်းကင်နတ်အရှင်ဟွေ့က မကျေမနပ် အသံပြုလိုက်၏။ သူ၏ ဦးခေါင်းအနောက်ရှိ မီးတောက်လှည်းဘီးက လှည့်ပတ်နေရင်း မီးငှက်၊ လိပ်နက်၊ နဂါးစိမ်းနှင့် ကျားဖြူတို့ကို ပြာကျသွားစေသည်။ သူက ကောင်းကင်ပေါ်သို့ ပျံတက်၍ မီးတန်းတစ်တန်းအသွင် ပြောင်းကာ ပျောက်ကွယ်သွားတော့၏။
“သူ ဘာလို့ ကျွန်တော်တို့ကို မသတ်တာလဲ” လန်ယွီတျန်းက ကောင်းကင်နတ်အရှင်ဟွေ့ကို ကြည့်၍ တအံ့တဩ မေးသည်။
“သူ့တာအိုနှလုံးသားက အဆင့်ကျသွားပြီ”
ချင်မူက မျက်ဝန်းများ တောက်ပနေပြီး ဖြေသည်။ “ငါတို့ကို တစ်ချက်တည်းနဲ့ မသတ်နိုင်တဲ့အတွက် ယုံကြည်မှု မရှိတော့ဘူး… ဒါ့အပြင် ဒဏ်ရာရထားသေးတော့ နောက်ထပ် ဒဏ်ရာရသွားနိုင်ချေလည်း ရှိသေးတယ်… သူသာ ဒဏ်ရာရသွားရင် ကောင်းကင်နတ်အရှင်ဆယ်ပါးက အခွင့်အရေးကို အသုံးချပြီး သူ့ကို သတ်မှာ စိုးရိမ်နေတာ”