← Chapters

စိတ်မပျက်စေရဘူး

Vol. 112 Ch. 1468

စိတ်မပျက်စေရဘူး

Vol. 112 Ch. 1468

“ငါ မဟာလေဟာနယ်ဆီ ပြန်တော့မယ်… ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို ပြန်ပို့ပေးပါ” နတ်ဘုရင်လန်ဝူက နူးညံ့ညင်သာသောအသံဖြင့် တောင်းဆိုသည်။

ချင်မူက တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ယောက်က ကောင်းကင်ပင်လယ်ပြင်ပေါ်တွင် လျှောက်လာကြသည်။ ပင်လယ်ရေပြင်မှာ အလွန်တရာ တည်ငြိမ်နေ၏။ သူတို့၏ ခြေလှမ်းများ ရေပြင်နှင့် ထိတွေ့သွားသည့်အခါမှသာ လှိုင်းကြက်ခွပ်ကလေးများ ပေါ်လာတတ်ကြသည်။

လန်ယွီတျန်းက သူတို့နောက်မှ မလိုက်ဘဲ ထိုင်ချလိုက်သည်။ ကောင်းကင်ပင်လယ်တွင် အံ့အားသင့်ဖွယ် မဟာတာအို ကိန်းအောင်းနေကြောင်း အာရုံခံမိသဖြင့် အရင်ဆုံး နားလည်သိမြင်နိုင်အောင် သူ ဆုံးဖြတ်ထားသည်။

“နင်က ကောင်းကင်နတ်အရှင်ကုန်းနဲ့ ငါ မတွေ့အောင် တားနေတာပဲ” နတ်ဘုရင်လန်ဝူက ရုတ်တရက် ပြော၏။

ချင်မူ့ခြေထောက်အောက်မှ လှိုင်းဂယက်တစ်ခု ပေါ်လာပြီး အဝေးသို့ ပျံ့နှံ့သွားသည်။ နတ်ဘုရင်လန်ဝူက အခြားလှိုင်းများကို ကျော်တက်သွားသော ထိုလှိုင်းလုံးဆီ ကြည့်၍ သက်ပြင်းချလိုက်၏။ “ငါ ထင်တဲ့အတိုင်းပဲ… ရွှမ်တုတိုက်ပွဲတုန်းက နင်က ငါနဲ့ ကောင်းကင်နတ်အရှင်ကုန်းကြားမှာ အမြဲ ရပ်နေခဲ့တာလေ… နည်းနည်းတောင် အံ့ဩခဲ့ရသေးတယ်… ဒါကြောင့် ခန့်မှန်းပြီး ပြောလိုက်တာ… နင် ဘာတွေစိုးရိမ်နေတာလဲ ကောင်းကင်နတ်အရှင်မူ”

သူမသည် ချင်မူကို အထွတ်အမြတ်ကလေးငယ်ဟုသာ အမြဲခေါ်ခဲ့သော်လည်း ရွှမ်တုတိုက်ပွဲပြီးဆုံးသည့် အချိန်မှစ၍ ကောင်းကင်နတ်အရှင်မူအဖြစ် ပြောင်းခေါ်ခဲ့သည်။

အထွတ်အမြတ်ကလေးငယ်ဟူ‌သော နာမည်သည် ဖန်ဆင်းရှင်မျိုးနွယ်၏ အထွတ်အမြတ်ကလေးငယ်ကို ကိုယ်စားပြုပြီး ကောင်းကင်နတ်အရှင်မူကတော့ ချင်မူ၏ မြင့်မားသော သရုပ်မှန်နှင့် အဆင့်အတန်းကို ဖော်ပြသည်။ ၎င်းက လေးစားမှု ပြသခြင်းလည်း ဖြစ်၏။

ချင်မူက ငြင်းမနေတော့ချေ။ ကောင်းကင်ပင်လယ်မှာ အံ့ဩမှင်သက်ဖွယ်ကောင်းသည်။ သူ ငြင်းဆိုလျှင်တောင်မှ သူ့တာအိုနှလုံးသားဆီမှ လှိုင်းဂယက်များကြောင့် အဖြစ်မှန် ပေါ်သွားပေလိမ့်မည်။

“မမကြီးနဲ့ ကောင်းကင်နတ်အရှင်ကုန်း ဆက်သွယ်မိသွားရင် သူ သွေးဆောင်တာ ခံရပြီး ကျွန်တော်တို့အကြားက မဟာမိတ် ပျက်သွားမှာ စိုးလို့ပါ”

ချင်မူက စိတ်ရင်းအတိုင်း ရှင်းပြသည်။ “ရွှမ်တိုက်ပွဲက သိပ်အရေးကြီးတယ်… ခင်ဗျား ကျွန်တော်တို့ကြားက မဟာမိတ်ကို သစ္စာဖောက်သွားရင် ကျွန်တော်တို့ ဆုံးရှုံးမှုတွေအများကြီး ခံစားရလိမ့်မယ်… အဲဒါက ကျွန်တော် ရပ်ကြည့်နိုင်တဲ့အရာ မဟုတ်ဘူး… ဒါကြောင့် ကောင်းကင်နတ်အရှင်ကုန်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်ပေးဖို့ ခိုင်ဧကရာဇ်ကို တောင်းဆိုခဲ့မိတယ်… ဒါပေမယ့် ထိုက်စုက ရွှမ်တုမှာ ပေါ်လာပြီး ဒဏ်ရာတွေကို ကုသပေးခဲ့လိမ့်မယ် ထင်မထားခဲ့ဘူး… ဒါကြောင့် ခင်ဗျားနဲ့ သူ မတွေ့ခင်မှာ တားဆီးရုံက လွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး…”

နတ်ဘုရင်လန်ဝူက သူ့ကို ဘေးတိုက်ကြည့်နေသည်။ ချင်မူ့အရေပြားမှာ ကျောက်စိမ်းအလား ကြည်လင်တောက်ပနေ၏။ သူမက တခစ်ခစ် ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ဘယ်တုန်းက ယုံကြည်ချက်မရှိတဲ့သူ ဖြစ်သွားတာလဲ… ငါ ကောင်းကင်နတ်အရှင်ကုန်းနဲ့ တွေ့ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ‌ပူးပေါင်းပြီး သူတို့ထဲကတစ်ယောက် ဖြစ်လာမယ် ထင်နေတာလား… နင့်ဆွဲဆောင်မှုက သူတို့အောက် နိမ့်ကျတယ် ထင်နေတာလား..”

ချင့်မူ့မျက်နှာက အနည်းငယ်နီရဲသွားပြီး သူ့ခြေထောက်အောက်ရှိ လှိုင်းများက လိပ်ပြာတောင်ပံများအလား တဖျတ်ဖျတ် လှုပ်ခါလာကြသည်။

“ငါ့နှလုံးသားထဲမှာ ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်တည်ထောင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါး နှိုင်းယှဉ်လို့ မရနိုင်တဲ့ ပုဂ္ဂိုလ်ပဲ… ကောင်းကင်နတ်အရှင်ရှောင်က ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ ရန်သူတော်ထိုက်ချူ… နတ်အရှင်မချန်းက မဟာဧကရာဇ်… သူနဲ့လည်း ရန်ငြိုးတွေ ရှိတယ်… ကောင်းကင်နတ်အရှင်ဟုန်ကတော့ သေသွားပြီ... လန်၊ဟွေ့နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်တို့က အားနည်းလွန်းတယ်… သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်ရင် ငါ့ကို ဘယ်လိုကာကွယ်ပေးမှာလဲ”

“ရှစ်ချီလော်နဲ့ နတ်အရှင်မယန်ကလည်း တစ်ယောက်နဲ့တစ်ယောက် အတောမသပ်နိုင်တဲ့ ရန်ငြိုးတွေ ရှိတယ်… ရှုပ်ယှက်ခတ်နေတာပဲလေ… သူတို့ကြားထဲမှာ အောင်နိုင်သူကို ဆုံးဖြတ်ဖို့တောင် ခက်နေတာလေ….ငါ ဘယ်လိုလုပ် အားကိုးလို့ရမှာလဲ… ကောင်းကင်နတ်အရှင်ကုန်းကတော့….”

သူမက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ကုန်းရဲ့ဘ၀က ရှုံးနိမ့်မှုတွေနဲ့ပဲ ပြည့်နေတာ…. အောင်မြင်မှုရအောင် ယောက်ျားတွေကို အားကိုးခဲ့တာပဲ ရှိတယ်... သူကိုယ်တိုင်တော့ အစွမ်းအစ သိပ်မရှိဘူး…. ပထမဦးဆုံး မဟာဧကရာဇ်ရဲ့ အင်အားကို ငှားယူခဲ့တယ်… ပြီးတော့ ထိုက်ချူ… အခု ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အင်အားကို ငှားယူချင်နေပြန်ပြီ… ဒါပေမဲ့ အမြဲတမ်း ခွေးနားဝဲနေတဲ့ ယင်တစ်ကောင်လို ပြုမူနေကျလေ…. သူ့စကားလုံးတွေက ငါ့ကို သူ့ဆီ ဦးညွတ်ပြီး ဖန်ဆင်းရှင်တွေရဲ့ အနာဂတ်ကို လွှဲပြောင်းပေးစေမယ်လို့ ထင်နေရင် နင် နင့်ကိုယ်နင် သိပ်ကို လျှော့တွက်ထားတာပဲ… ငါ့ရဲ့ အမျှော်အမြင်ကိုလည်း လျှော့တွက်ခဲ့တယ်”

ချင်မူက ပြုံးလိုက်၏။ “ကျွန်တော် မှားသွားခဲ့ပါတယ်”

နတ်ဘုရင်လန်ဝူသည် အမြဲတမ်း လက်တွေ့ကျကျသာ ပြုမူတတ်သော်လည်း သူမနှင့် ပေါင်းသင်းဆက်ဆံရသည်က မျက်စိကို ပဿဒ ဖြစ်စေသည်။ အာရုံကို ဖမ်းယူနိုင်စွမ်းရှိသော အကြည်ဓာတ်ပိုင်ရှင်ဟု ဆိုရမည်။ မည်သည့်အကြောင်းအရာကိုပြောပြော စိတ်ကျေနပ်ရ၏။

“နင် ငါ့ကို ကောင်းကင်နတ်အရှင်ကုန်းနဲ့ ပေးတွေ့ခဲ့သင့်တာ… သူ ငါ့ကို မဖျောင်းဖြနိုင်ဘဲ ငါကတောင် သူ့ကို ဖျောင်းဖြလို့ ရကောင်းရနိုင်တယ်… လုံးဝမဖြစ်နိုင်တာ မဟုတ်ဘူး” လန်ဝူက ပြုံးလျက် ပြောသည်။

ချင်မူက ကျယ်လောင်စွာ ရယ်လိုက်၏။ “ဖြစ်နိုင်ချေ ရှိပါတယ်…. ဒါပေမဲ့ ဘာတွေဆုံးရှုံးရမလဲ ဘာတွေရယူနိုင်မလဲကိုပဲ ကျွန်တော် အာရုံစိုက်နေခဲ့မိတာ”

နတ်ဘုရင်လန်ဝူသည် သူ့စကားလုံးများ၏ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သော်လည်း ထုတ်မပြောပေ။ “အခု င့ါနှလုံးသားထဲမှာ ရှုပ်ထွေးနေတာကို ဖြေရှင်းပြီးပြီဆိုတော့ စိတ်အေးပါပြီ… နင်နဲ့ ငါ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဖမ်းမိခဲ့တုန်းက ဝေစုသုံးစု ခွဲခဲ့တယ်… နင်၊ ငါနဲ့ ဦးလေးကျွင်း တစ်စုစီ ရခဲ့ပေမယ့် နင့်ဝေစုကိုတော့ မသုံးရသေးဘူးမလား”

ချင်မူမှာ အနည်းငယ် ကြောင်သွားမိသည်။

နတ်ဘုရင်လန်ဝူက သူ၏မျက်လုံးများထဲသို့ စိုက်ကြည့်နေ၏။ “ငါက ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ အဆင့်တက်ဖို့ ခက်တယ်… မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က နင့်အတွက် အသုံးမဝင်ဘူးဆိုရင် ငါ ဒီတစ်ခါ နင့်ကို ကူညီပြီး အဲ့ဒါနဲ့ အလဲအလှယ်လုပ်လို့ ရမလား…”

ချင်မူက ခေါင်းခါသည်။ “မမကြီး၊ မမကြီးက မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို တစ်ခါသုံးပြီးသွားပြီဆိုတော့ အခုတစ်ခါ ထပ်သုံးလိုက်ရင် အနာဂတ်မှာ တာအိုရနိုင်ဖို့ ပိုခက်ခဲသွားလိမ့်မယ်… မဟာဧကရာဇ်အနေနဲ့ ပြိုင်ဘက်ကင်းပေမယ့် သူ့အသိစိတ်အလျဉ်ကို အားကိုးပြီး တာအိုသစ်သီးအစစ်အမှန်ကို မဖော်ဆောင်နိုင်ခဲ့တာဟာ ယဇ်ပူဇော်တဲ့ စွမ်းအားတွေကို အားကိုးပြီး သူ့အသိစိတ်အလျဉ်ကို အန္တိမဟင်းလင်းပြင်မှာ အတင်းအကြပ် တံဆိပ်ခတ်နှိပ်ခဲ့လိုပဲ… ကျွန်တော် မဟာဧကရာဇ်အသိစိတ်အလျဉ်ကို ပေးလိုက်ရင် မမကြီးကို ထိခိုက်စေလိမ့်မယ်...”

နတ်ဘုရင်လန်ဝူက တည်ငြိမ်အေးဆေးစွာ ပြုံးသည်။ “ငါ့အတွက် တိုးတက်နိုင်မယ့် အခြေအနေ ရှိသေးတယ် ထင်နေတာလား… ငါ့သိုင်းအဆင့်နဲ့ သိမြင်နားလည်မှုက အထွတ်အထိပ်ကို ရောက်နေပြီ… နင်နဲ့ ခိုင်ဧကရာဇ်ချင်ယဲ့လို ပုဂ္ဂိုလ်တွေအတွက် လျှောက်စရာလမ်း ရှိသေးပေမယ့် ငါ့အတွက်တော့ မရှိတော့ဘူး…ဒါကြောင့်မို့လို့ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပဲ”

သူမ၏ မျက်လုံးများက ကြယ်တာရာများနှင့် လမင်းအလား လင်းလက်တောက်ပနေသည်။ “နင့်သိုင်းအဆင့်ဆို တဟုန်ထိုး တိုးတက်လာနေတာ… ခိုင်ဧကရာဇ်ရဲ့ သိုင်းအဆင့်ဆိုလည်း အံ့ဩဖို့ကောင်းတယ်…” သူမက နူးညံ့ညင်သာစွာ ဆက်ပြော၏။ “အတိတ်တုန်းက ငါ သူနဲ့ ယှဉ်နိုင်ခဲ့ပေမယ့် အခုတော့ သူ့ပြိုင်ဘက်ဖြစ်ဖို့ အများကြီး ကွာခြားသွားခဲ့ပြီ… အနာဂတ်မှာ နင်လည်း ငါ့ကို လိုက်မှီပြီး ကျော်တက်သွားမှာ… ငါကတော့ နောက်ကျကျန်ခဲ့လိမ့်မယ်… တဖြည်းဖြည်း ပျောက်ကွယ်သွားမယ့်သူပေါ့လေ”

ချင်မူက ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ မပြောပေ။

“ကောင်းကင်နတ်အရှင်မူ၊ ငါ ဒီအဆင့်အထိရောက်အောင် နှစ်တစ်သန်းကြာ ကျင့်ကြံခဲ့ရတယ်… ငါ့အကန့်အသတ်ကို ငါ သိပြီးသားမလို့ ပေးလိုက်ပါ”

ချင်မူမှာ တစ်ခဏ တိတ်ဆိတ်နေပြီး သူ့နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူက အားတင်းပြုံး၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ထုတ်ကာ ပေးလိုက်၏။

နတ်ဘုရင်လန်ဝူက ကျောက်စိမ်းပုလင်းကို ယူ၍ ပြောသည်။ “မဟာမိတ်တစ်ယောက်အနေနဲ့ နင့်ကို ဆွဲမချပါဘူး… ဖန်ဆင်းရှင်မျိုးနွယ်ကိုလည်း စိတ်မပျက်စေရဘူး”

ချင်မူက တည်တည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

နတ်ဘုရင်လန်ဝူက ထွက်ခွာသွားလေသည်။

ချင်မူသည် သူမ၏ပုံရိပ် ဟင်းလင်းပြင်ထဲ ဝင်ရောက ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး‌နောက် လန်ယွီတျန်းအနား ပြန်လျှောက်လာ၏။

လန်ယွီတျန်းသည် ဤအခိုက်အတန့်တွင် တာအိုကို သိမြင်နားလည်နေသည်။ သူ့ခန္ဓာကိုယ်မှ တာအိုစည်းချက်များလည်း ထွက်ပေါ်လာနေ၏။ ကောင်းကင်ပင်လယ်မှာ တည်ငြိမ်အေးဆေးနေပြီး ကောင်းကင်တာအိုသည်လည်း အလားတူပင်။ ရွှမ်တုတွင် ကောင်းကင်တာအို ဗလာကျင်းသွားသော်လည်း ကောင်းကင်ပင်လယ်တွင်တော့ ကောင်းကင်တာအိုများ မြင့်တက်လာနေ၏။

ဤသည်က လျန်ယွီတျန်းကြောင့် ဖြစ်ပေါ်လာခဲ့သော ကောင်းကင်တာအို မူမမှန်မှုပင်။ ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်နှင့် လူသားအကြားရှိ ဆက်နွှယ်မှုကို ခံစားနေရပြီး အတိတ်မှ ကောင်းကင်နယ်စားမယ့်အလား မြင့်မြတ်တည်ကြည်နေ၏။

ချင်မူ သူ့ဘေးသို့ ရောက်လာပြီး တစ်ခဏကြာသော် နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူပင် မသိလိုက်ဘဲ တာအိုထဲ ရောက်ရှိလာခဲ့လေသည်။

သူတို့နှစ်ယောက်တွင် တစ်ယောက်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ထိုင်နေပြီး နောက်တစ်ယောက်ကတော့ ရပ်နေသည်။ သူတို့ရှေ့သို့ စောင်းလိုက်သည့်အချိန်တွင် ကောင်းကင်နှင့် ရွှမ်တုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွား၏။

အချိန်တစ်ခုကြာပြီးနောက် ချင်မူမှာ သူ၏လမ်းစဉ်မှ နိုးထလာပြီး လက်နှစ်ဖက်နောက်ပစ်၍ အစိတ်စိတ်အမွှာမွာ ကွဲနေသော ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မဟာစိတ်ဆန္ဒက ကောင်းကင်ပင်လယ်ကို လွှမ်းခြုံပြိး သစ်ပင်တွေ၊ မြက်ပင်တွေတောင် မချန်ခဲ့ဘဲ ဖြစ်လာလိမ့်မယ် … ငါအနေနဲ့ ရှုခင်းကို ခံစားရုံတင်မကဘဲ စင်ကြယ်တဲ့ နှလုံးသားကိုပါ ဖော်ပြချင်မိတယ် … ဒီကောင်းကင်ပင်လယ်တာအိုနှလုံးသားက ကောင်းကင်တာအိုနှလုံးသားလည်း ဟုတ်သလို လူသားမျိုးနွယ်ရဲ့ နှလုံးသားဆိုလည်း မှန်တယ်”

သူ့အကြည့်က တောက်ပနေပြီး ထရပ်လာသည့် လန်ယွီတျန်းကို ကြည့်လိုက်သည်။

ချင်မူသည် ကောင်းကင်ပင်လယ်မှ ထွက်လာခဲ့၏။

“အထွတ်အမြတ် တောင်တန်းတစ်သိန်းဆီ သွားကြစို့… ကျောက်ယန်ခန်းမထဲမှာ ဘာရှိလဲ ကြည့်ရအောင်...”

All Chapters