← Chapters

ကျောက်ယန်ခန်းမ၏ မူလအစ

Vol. 112 Ch. 1469

ကျောက်ယန်ခန်းမ၏ မူလအစ

Vol. 112 Ch. 1469

အထွတ်အမြတ်တောင်တန်းတစ်သိန်း တဖြစ်လဲ သစ်နက်တောင်တန်းသည် လူသူစည်းကားနေ၏။ ချင်မူနှင့် လန်ယွီတျန်း ရောက်လာသည့်အချိန်တွင် ထော့ကျိုးသည် သူ့ကို မည်သူမှသတိမထားမိဘဲ ကောင်းကင်နတ်ဘုံအား ခုနစ်ကြိမ်တိတိ ဝင်ထွက်နိုင်ခဲ့သည့်အကြောင်းကို မျက်ကန်းနှင့် ရွှေအအား ကြွားနေသည်။ လူသူမရှိသော လောကတစ်ခုကို သွားရောက်ခဲ့သည့်အလား လေလုံးကြီးနေပေသည်။

မျက်ကန်းက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံး‌လှန်နေပြီး ရွှေအကတော့ တိတ်ဆိတ်နေသည်။ ရှုရှန်းဟွာ၊ ကျန်းယွင်ကျန့်နှင့် တခြားသူများကတော့ လေးစားအားကျစွာ နားထောင်နေကြ၏။

ချင်မူလည်း သူတို့ဆီ လျှောက်သွားသည့်အခါ ဧရာမဥခွံကြီးတစ်ခုအပေါ်တွင် ထိုင်နေသည့် ထော့ကျိုးအား တွေ့လိုက်ရသည်။ ဥခွံထဲတွင် အသက်ရေကြည်တချို့ ရှိသေးပြီး ထော့ကျိုးက အားလုံးကို အညီအမျှခွဲဝေပေးနေလေသည်။

သူတို့ရောက်လာသည်ကို မြင်လျှင် ထော့ကျိုးက ဝမ်းသာအားရ ပြောလိုက်သည်။ “မူအာ ပြန်လာပြီ…. ဖက်တီးပုပ်လေးလည်း ပြန်ရောက်လာပြီကွ… ကျောက်ယန်ခန်းမကို ခိုးနိုင်ခဲ့လား”

ချင်မူက ရှေ့သို့ အလျင်အမြန်လျှောက်သွားပြီး ဥခွံကို မြင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက အော်ဟစ်လိုက်၏။ “ဒါက ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူရဲ့ ကျန်တဲ့ ဥခွံတစ်ခြမ်းမလား..”

ထော့ကျိုးက သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် ခါးထောက်လိုက်သည်။ “ငါ ခိုးလာတာလေ…ဒီရတနာကို ယူနိုင်ဖို့ ငါ့ရဲ့ အမြင့်ဆုံးအမြန်နှုန်းကို သုံးပြီးတော့ မရေမတွက်နိုင်တဲ့ ရတနာတွေရော၊ ဧကရာဇ်အလောင်းတချို့ကိုရော သုံးခဲ့ရတယ်”

ဥခွံဘေးရှိ လူအားလုံးမှာ အိုးခွက်ပန်းကန်များ ကိုင်ထားကြကြောင်း ချင်မူ တွေ့လိုက်ရသည်။ ထိုအိုးခွက်ပန်းကန်များထဲတွင် အသက်ရေကြည်များ ရှိနေသည်။ သူက ခြေထောက်ဆောင့်လိုက်၏။ “သောက်လိုက်ကြသေးလား”

အဘွားစစ်က အလျင်အမြန် မျက်နှာလွှဲ၍ နှုတ်ခမ်းထောာ့င်ကို သုတ်လိုက်သည်။ ထို့နောက် မှင်သေသေမျက်နှာထားဖြင့် ပြန်လှည့်လာ၏။

၎င်းကို မြင်လျှင် ဟွာရွှမ်းရှို့ကလည်း ခိုးကြောင်ခိုးဝှက် ပါးစပ်သုတ်ပြီးနောက် လူငယ်ဂိုဏ်းချုပ်၏ ခါးကို တို့လိုက်သည်။ “၀မ်ယွမ်၊ နှုတ်ခမ်းထောင့်မှာ ဥ‌ရေကြည်တွေ ပေနေတယ်…”

လူငယ်ဂိုဏ်းချုပ်လည်း အလျင်အမြန် ပါးစပ်သုတ်ကာ မေး၏။ “ရှိသေးလား”

ဟွာရွှမ်းရွှီက အသေအချာ စစ်ဆေးကြည့်ပြီးနောက် သုတ်ပေးလိုက်ရင်း ပြောလိုက်သည်။ “မရှိတော့ဘူး”

လူငယ်ဂိုဏ်းချုပ်မှာ စိတ်အေးသွားတော့၏။

ထော့ကျိုးက တအံ့တဩ မေးလိုက်သည်။ “မသောက်ဘဲ ဘယ်လိုလုပ် သိမ်းထားရမှာလဲကွ… ဥခွံထဲမှာ ‌ဥရေကြည်တွေ အများကြီးကျန်သေးတယ်… မင်း လိုချင်ရင်လည်း နည်းနည်းယူလေ… တော်တော်မွှေးတာနော်”

ချင်မူမှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေတော့သည်။ သွေးကြောများက သူ၏နဖူးတွင် ထောင်လာ၏။ “ဒါက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ ဥရေကြည်ပဲ…သူက အချိန်မကျသေးဘဲ မွေးဖွားလာခဲ့လို့ ဥရေကြည်ကို အပြည့်အဝ မသန့်စင်နိုင်ခဲ့ဘူး… အခု ကမ္ဘာဦးကျောက်တုံးတွင်းကို ရသွားပြီဆိုတော့ ဥရေကြည်ကို ပြန်သန့်စင်နိုင်ပြီ… ဥခွံကို ခိုးလာတာ ကိစ္စမရှိပေမယ့် ဥရေကြည်ကိုပါ ဘာလို့ခိုးခဲ့ရတာလဲ… သူ တာအိုဝင်ရောက်ချင်ရင် ဥရေကြည်တွေ၊ ကျောက်တုံးရိုင်းတွေနဲ့ အသိစိတ်အလျဉ်တွေ အားလုံးကို ပြန်ယူရမှာ… ဖန်ဆင်းရှင်တွေ၊ ကောင်းကင်နတ်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ကုန်းတို့တောင် သူ အသိစိတ်အလျဉ် ပြန်ယူရင် သေကုန်ကြလိမ့်မယ်.. ဘယ်လောက်တောင် သောက်လိုက်ကြတာလဲ”

ကျန်းယွင်ကျန့် သူ၏ခွက်ထဲကို ကြည့်၍ ဖြေသည်။ “ဒီဥရေကြည်က မွှေးပေမယ့် သောက်ကြည့်တော့ အရသာလည်း မရှိဘူး…”

ချင်မူက သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ဒေါသတကြီး ပြော၏။ “ထိုက်ချူလမ်းစဉ်က ကမ္ဘာဦးချီနဲ့ အသိစိတ်အလျဉ်ကနေ ပေါက်ဖွားလာတာ… အရသာရှိနေမှ ထူးဆန်းနေမှာကွ”

ကျန့်ယွင်ကျန်းက ခေါင်းငုံ့သွားပြီး မည်သည့်စကားမှ မပြောရဲတော့ပေ။

ချင်မူသည် သူ၏မွေးစားအဖေ မဟုတ်ပါလော။ အမှားရင်လုပ်ခဲ့သဖြင့် သူ၏မိဘများအစား ချင်မူ့တွင် ဆူပူကြိမ်းမောင်းပိုင်ခွင့် ရှိသည်။

လူတိုင်းက ချင်မူ့ကို မျှော်လင့်တစား ကြည့်နေကြသည်။ သူတို့အားလုံး ဥရေကြည်အား သောက်ခဲ့ကြသည်မှာ သိသာလှသည်။

ချင်မူက ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး ရုတ်တရက် သက်ပြင်းချလိုက်၏။ “ထားလိုက်တော့… ထားလိုက်တော့.. ကောင်းကင်နတ်အရှင်ရှောင်က မဟာဧကရာဇ်နဲ့ ဖန်ဆင်းရှင်တွေကို ဖျက်ဆီးသတ်ဖြတ်ချင်နေတာဆိုတော့ အနာဂတ်မှာ ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်ကို ရင်ဆိုင်ရမှာပဲ… သောက်ပြီးပြီဆိုရင်လည်း ရှိစေတော့.. သိပ်ဆိုးရွားလာရင် သူ့ကို သတ်ပစ်လိုက်ရုံပေါ့…”

လူတိုင်းက အော်ဟစ်အားပေးလိုက်ကြသည်။ လန်ယွီတျန်း အမောတကော ရောက်လာ၍ ပြောလေသည်။ “ဘိုးဘိုးထော့ကျိုး၊ ကျွန်တော့်ကိုလည်း တစ်ဇလုံပေးပါ”

ချင်မူက ချက်ချင်း တားလိုက်သည်။ “မင်း အများကြီး သောက်လို့မရဘူးနော် … ဒီလိုအသက်ရေကြည်မျိုးက ထိုက်ချူကမ္ဘာဦးကျောက်တုံးနဲ့ သန့်စင်ရတာ… မဟုတ်လို့ မင်းခန္ဓာကိုယ်ထဲမှာ စုနေရင် ရုပ်ခန္ဓာရော မူလဝိညာဉ်တွေပါ ပြောင်းလဲလာလိမ့်မယ်… ဘာအကျိုးကျေးဇူးမှ မရှိဘူး… ငါ တွေ့ကြုံခဲ့ရပြီးပြီ”

ဝေစွေ့ဖုန်းက လှမ်းအော်သည်။ “ညီလေး၊ မင်းက အတွေ့အကြုံရှိပြီးသားဆိုတော့ မင်းကို ခွဲပေးစရာမလိုတော့ဘူးပေါ့”

လန်ယွီတျန်းက အားရဝမ်းသာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှောင်က နှင်ထုတ်ခံထားရတာဆိုတော့ ထိုက်ချူကျောက်တုံးတွင်းဆီက ထိုက်ချူကျောက်တုံးကို သွားခိုးပြီး အသက်ရေကြည်ကို သန့်စင်လို့ရတယ်”

အားလုံးက ၀မ်းသာအားရ အော်ဟစ်လိုက်ကြပြန်သည်။

ချင်မူက အလျင်အမြန် သတိပေးလိုက်၏။ “ကျွန်တော်တို့ကို ဖိနှိပ်ဖို့ ‌ထားထားတဲ့ ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ကောင်းကင်ရတနာ ရှိတယ်… အလောတကြီး လုပ်လို့မရဘူး”

ထော့ကျိုးက စိတ်လှုပ်တရှား ဝင်ပြောလေသည်။ “ငါတို့ ကောင်းကင်နတ်ဘုံက မိဖုရားဆောင်ထဲတောင် သွားနိုင်ရင် ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ရတနာနဲ့ ကျောက်တုံးတွင်းကို ဘာလို့ကြောက်နေရမှာလဲ… ဖန်သားကောင်းကင်စေတီကိုပါ ယူသွားကြမယ်… မူအာ၊ မင်း ဒီနှစ်တွေအတွင်း ဖန်သားကောင်းကင်စေတီကို သုံးလာခဲ့တာမလား”

ရွှေအက နှာခေါင်းရှုံ့လိုက်ပြီး မျက်ကန်းက လက်ပိုက်လိုက်၏။ “ဒါပေါ့ သုံးလို့ရတာပေါ့”

ချင်မူ့မျက်နှာကြီးမှာ ‌မည်းမှောင်သွားသည်။ သူတို့ သူ့အား နှိပ်စက်နေကြခြင်း ရပ်သွားသည့်အခါ ရှေ့သို့တက်၍ ဥခွံထဲရှိ အသက်ရေကြည်များကို ကြည့်လိုက်သည်။ သိပ်အများကြီး မကျန်တော့သော်လည်း ရေစည်အချို့ကိုတော့ ဖြည့်နိုင်သေး၏။

သူက ကျန်သည့် အသက်ရေကြည်များကို သိမ်းလိုက်ကာ တခဏတွေးတောနေပြီးနောက် ကျန်းယွင်ကျန့်ကို ခေါ်လိုက်သည်။ “ယွင်ကျန့်၊ ဒီအသက်ရေကြည်ကို ရွှင်ပျော်ပျော်ကျေးရွာဆီ မြန်မြန်ယူသွားလိုက်.. နတ်ဘုရင်လန်ဝူဆီ ပေးပြီးတော့ သူ မဟာဧကရာဇ်ရဲ့အသိစိတ်အလျဉ်ကို သန့်စင်နေစရာမလိုဘူးလို့ ပြော… အသက်ရေကြည်ကို သန့်စင်တာက သူ့အသိစိတ်အလျဉ်အောင်မြင်မှုတွေကို တိုးတက်လာစေလိမ့်မယ်”

ကျန့်ယွင်ကျန်းက အသက်ရေကြည်ကို အလျင်အမြန် ယူလိုက်ရင်း မေးသည်။ “ရွှင်ပျော်ပျော်ကျေးရွာက အခု လောလောဆယ် ချိတ်ပိတ်ထားတာဆိုတော့ ကျွန်တော် ဘယ်လိုဝင်ရမှာလဲ”

“ယွမ်တုဆီ အရင်သွားပြီး မက်မွန်တောအုပ်ဆီ သွား... အဲဒီနေရာရောက်ရင် ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ နန်းတွင်းသူတွေကို တွေ့လိမ့်မယ်… သူတို့ မင်းကို ခေါ်သွားပေးလိမ့်မယ်”

ကျန့်ယွင်ကျန်းက အမိန့်နာခံကာ ချက်ချင်း ထွက်ခွာသွားတော့သည်။

ချင်မူက သူ ယခင်က ခိုးလာခဲ့သော ဥခွံကို ထုတ်၍ ထော့ကျိုး ခိုးလာသော ဥခွံနှင့် ယှဉ်ကြည့်လိုက်၏။ သူ့မှာ ပြုံးလိုက်မိသည်။

“ရှောင်ဝေ့စု၊ ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ၊ မဟာဧကရာဇ်၊ ကျူယွီမျိုးနွယ်စု… နောက်ဆုံးတော့ ခင်ဗျားတို့အားလုံးနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ပြီ… ကောင်းကင်နတ်အရှင်လင်ကိုလည်း ကယ်တင်လို့ရပြီ”

သူက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ၏ရယ်သံက တောင်တန်းများကိုပင် လှုပ်ခါသွားစေသည့်အထိ တဖြည်းဖြည်း ကျယ်လောင်လာသည်။

“ကျွန်တော့်ညီလေးရဲ့ ရယ်သံက အကောက်ကြံစည်နေတာ အောင်မြင်တော့မယ့် မိစ္ဆာဘုရင်တစ်ယောက်လိုပဲ” ဝေစွေ့ဖုန်းက အဘွားစစ်အား ပြောနေသည်။

အဘွားစစ်က အလန့်တကြားဖြင့် မာန်မဲ၏။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ငါတို့က ကောင်းကင်တန်ခိုးရှင်ဂိုဏ်း… ကောင်းကင်မိစ္ဆာဂိုဏ်းမဟုတ်ဘူး… သူတို့က ကောက်ကျစ်ပေမယ့် ငါတို့က ဖြောင့်မတ်တယ်”

ဝေစွေ့ဖုန်းမှာ တိတ်ဆိတ်သွားတော့သည်။

ချင်မူက ထိုက်ချူဥခွံကို သိမ်းဆည်းလိုက်ပြီး သူနှလုံးသားထဲတွင် စိုးရိမ်ပူပန်နေမှုအား ငြိမ်သက်သွားစေ၏။

လန်ယွီတျန်းက ကျောက်ယန်ခန်းမကို ထုတ်လိုက်သည်။ မရေမတွက်နိုင်သော ချိတ်တံဆိပ်များက သိပ်သည်းထူထပ်စွာဖြင့် ခန်းမအား အတူတကွ ချိတ်ပိတ်ထားကြသည်။ ၎င်းတို့အထဲတွင် ရှေးဟောင်းနတ်ဘုရားများ၊ နတ်ဘုရားတစ်ပိုင်းများနှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များ၏ ချိပ်တံဆိပ်များ ပါဝင်ကြသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ချိပ်တံဆိပ်လည်း ပါဝင်၏။

သူတို့အထဲတွင် ရှေးဟောင်းနတ်ဘုရားများနှင့် ကောင်းကင်နတ်ဧကရာဇ်များ၏ ချိတ်တံဆိပ်များက အထူးခြားဆုံးပင်။

ချိတ်တံဆိပ်အားလုံးထဲတွင် ရှေးဟောင်းနတ်ဘုရား အမျိုးအစား နှစ်ထောင်ကျော်၏ ချိပ်တံဆိပ်များ ပါရှိကြပြီး ၎င်းတို့အများစုကို သူတို့တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြပေ။

အမှန်ပြောရလျှင် ချင်မူသည် မဟာဧကရာဇ်၏ ချိပ်တံဆိပ်များကိုပင် တွေ့ခဲ့ရ၏။

ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားလာသည်။ ‘’ဒီကျောက်ယန်ခန်းမက ငါတို့ထင်ထားတာထက် ပိုပြီးအိုမင်းနေတာပဲ…နဂါးဟန်ကောင်းကင်နတ်ဘုံခေတ်က အဆောက်အဦးတစ်ခု မဟုတ်ဘူး… နဂါးဟန်ခေတ်မတိုင်ခင် ရှေးခေတ်ကပဲ”

လန်ယွီတျန်းက သိချင်စိတ်ပြင်းပြစွာ မေးသည်။ “ရှေးခေတ်တဲ့လား.. အဲဒါဆိုရင် ရှေးခေတ်က ရှေးဟောင်းနတ်ဘုရားတွေက ဒီခန်းမကို သုံးပြီး ဘာကိုဖိနှိပ်ခဲ့ကြတာလဲ”

ထော့ကျိုးက သူ့အား ခေါင်းခေါက်လိုက်သည်။ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားတချို့သာလျှင် ထိုသို့လုပ်ရဲကြ၏။

“မင်းကို ဖိနှိပ်ဖို့ပေါ့ကွ”

ထော့ကျိုးက မကျေမနပ် ပြောလေသည်။ “မင်းရဲ့ ကျန်တဲ့ဝိညာဉ်တစ်ပိုင်းကို အထဲမှာ ဖိနှိပ်ထားတာလေ”

ယန်အာက စိုးရိမ်ပူပန်စွာ ပြော၏။ “ငါ့အမေရဲ့ ဝိညာဉ်ရောပဲ”

ရှုရှန်းဟွာမှာ မျက်လုံးများ ဖျတ်ခနဲ တောက်ပသွားပြီး ပြောလိုက်သည်။ “လန်ယွီတျန်းက နဂါးဟန်ခေတ်ရဲ့ အစောပိုင်းနှစ်တွေမှာ ဖိနှိပ်ခံခဲ့ရတယ်…. တောင်နတ်မင်းကျုချွဲရဲ့ ဝိညာဉ်ကတော့ တောင်၀င်ရိုးစွန်းတိုက်ပွဲမှာ ဖိနှိပ်ခံခဲ့ရတာ… ရှေးခေတ်တုန်းက မဟုတ်ဘူး… အဲဒါဆိုရင် အထဲမှာ ဘာဖိနှိပ်ထားတာလဲ တွေးကြည့်သင့်တယ်… ဒီလိုခမ်းနားတဲ့ နတ်ခန်းမတစ်ခုကို ရှေးခေတ်မှာ တည်ဆောက်လို့ ရခဲ့ရဲ့လား..”

သူ၏မေးခွန်းက အားလုံးကို သဘောပေါက်သွားစေသည်။ သူတို့အားလုံးက ကျောက်ယန်ခန်းမကို အကဲခတ်လိုက်ကြ၏။

ခန်းမသည် ခမ်းနားတင့်တယ်ပြီး ရိုးရှင်းပေသည်။ ဗိသုကာပညာရပ်က လှပပြီး မြင့်မားလှသော အနုပညာအောင်မြင်မှု အဆင့်အတန်းကို ပြသထား၏။

အားလုံးက အချင်းချင်း ဆွေးနွေးနေကြသည်။ ရှုကျွင်းသည် လက်မြှောက်ထားကာ စကားပြောချင်သော်လည်း မပြောနိုင်ပေ။ သူ့မှာ စိုးရိမ်ပူပန်လွန်းသဖြင့် ချွေးသီးချွေးပေါက်များပင် ကျနေသည်။

“ဒီခန်းမက ကျောက်စိမ်းမြို့တော်ကပဲ” သူ့အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားကာ အကြည့်အားလုံးက သူ့အပေါ် ကျရောက်လာတော့သည်။

All Chapters