ရတနာငှားခြင်း
Vol. 112 Ch. 1470
ရှုကျွင်း၏ ဧရာမခေါင်းကြီးက အာရုံစိုက်စရာ ဖြစ်နေသည်။ အားလုံး သူ့အား ဝိုင်းကြည့်နေသည်ကို မြင်လျှင် သူက စိတ်အေးသက်သာစွာ သက်ပြင်းချပြီးနောက် ခပ်ဩဩအသံဖြင့် ရှင်းပြ၏။ “ဒီကျောက်ယန်ခန်းမက ကျောက်စိမ်းမြို့တော်ရဲ့ အဆောက်အဦးတစ်ခုပဲ”
“ဘယ်ကျောက်စိမ်းမြို့တော်လဲ” လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြသည်။
ကျောက်စိမ်းမြို့တော်များစွာ ရှိသည်မဟုတ်လော။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကျောက်စိမ်းမြို့တော်ငယ် ရှိပြီး ကောင်းကင်နတ်ဘုံတွင်လည်း ကျောက်စိမ်းမြို့တော် ရှိသည်။ အခြားကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နန်းဆောင်များသည်လည်း ကျောက်စိမ်းမြို့တော်ကဲ့သို့ အဆောက်အဦးများ ဖြစ်ကြသည်။
“ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်”
ရှုကျွင်းက တခဏ ရပ်သွားသည်။ “ငါ ရှေးဟောင်းနတ်ဘုရင်တစ်ပါး ဖြစ်ခဲ့တုန်းက မဟာဧကရာဇ်၊ ထိုက်ချူနဲ့ တခြားနတ်ဘုရင်တွေနဲ့အတူ ထူးဆန်းတဲ့နေရာတစ်ခုဆီ သွားခဲ့တယ်.. အဲဒီနေရာက ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်ပဲ… အံ့သြစရာတွေအများကြီးကို မြင်ခဲ့ရတာပေါ့”
သူ၏မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ ယခုအချိန်ထိတိုင် ၎င်းကို မယုံနိုင်သေးသည်မှာ သိသာလှ၏။ တခဏကြာပြီးနောက် သူက ဆက်ပြောသည်။ “အဲဒီနေရာမှာ သေကြေပျက်စီးမှုတွေအများကြီး ခံစားခဲ့ရတယ်… ဒါပေမဲ့ ငါတို့ရှာတွေ့ခဲ့တာတွေက အံ့သြဖို့ကောင်းလွန်းလို့ အဲဒီနေရာကို ချိပ်ပိတ်ခဲ့တယ်… အဲဒီခရီးပြီးတော့ ငါတို့ထဲက တစ်ယောက်ယောက်က ကျောက်ယန်ခန်းမကို သယ်လာခဲ့တာဖြစ်မယ်”
ချင်မူက ကျောက်ယန်ခန်းမကို အကဲခတ်လိုက်သည်။ ၎င်းသည် ယခင်ဖန်ဆင်းရှင်များ ဖန်ဆင်းနိုင်သော ရတနာတစ်ခုမဟုတ်ပေ။
ကမ္ဘာဦးခေတ်တွင် ဖန်ဆင်းရှင်များသည် သူတို့၏အသိစိတ်အလျဉ်များကို အားကိုး၍ မြင်ယောင်ဖန်ဆင်းခဲ့ကြ၏။ သူတို့၏အဆောက်အဦးများမှာ ရိုးရှင်းလွန်းသည်။ မည်သည့်အလှပြင်ဆင်မှုမှ မရှိခဲ့သလို၊ ကိုယ်ပိုင်အနုပညာကိုလည်း မဖော်ထုတ်နိုင်ခဲ့ကြပေ။
ခေတ်တစ်ခေတ်စီတိုင်းတွင် တစ်မူထူးသော အနုပညာအမွေအနှစ်များ ရှိကြ၏။ နဂါးဟန်ခေတ်၏ ဗိသုကာပညာနှင့် အပြင်အဆင်တို့မှာ ရှေးဟောင်းနတ်ဘုရားများကို ပူဇော်ကိုးကွယ်မှုနှင့် သက်ဆိုင်ကြသည်။ ထူးဆန်းသည့် ရှေးဟောင်းနတ်ဘုရားပုံများက နေရာတိုင်းတွင် တည်နေကြလေသည်။
ချိမင်ခေတ်က ခွန်အားဗလ၏ အနုပညာကို ပြသခဲ့သည်။ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသည့် နတ်ဘုရားမိစ္ဆာများ၏ ပုံရိပ်များက နေရာတိုင်းတွင် ရှိကြပြီး ရုပ်ခန္ဓာခွန်အားကို ဖော်ထုတ်ပြခဲ့ကြ၏။
ချုံဧကရာဇ်ခေတ်တွင် တောင်ချုံဇကရာဇ်နှင့် မြောက်ချုံဧကရာဇ်တို့မှာ အချင်းချင်း မတည့်ကြပေ။ မြောက်ချုံဧကရာဇ်ကို နတ်ဘုရားတစ်ပိုင်းများက အုပ်ချုပ်ပြီး တောင်ချုံဧကရာဇ်တွင်တော့ လူသားမျိုးနွယ်များက အုပ်ချုပ်ကြသည်။ လူသားတို့၏ အသက်သည် ကောင်းကင်ဘုံထက်ပင် မွန်မြတ်သည်ဟု တောင်ချုံဧကရာဇ်က တွေးခေါ်ခဲ့၏။ ထို့ကြောင့် အနုပညာလက်ရာတို့မှာ လူသားများ ကောင်းကင်ဘုံကို သိမ်းပိုက်နေသည့် အသွင်သဏ္ဍာန်များသာ အများစု ဖြစ်ခဲ့ကြသည်။
ခိုင်ဧကရာဇ်ခေတ်တွင်မူ ကောင်းကင်နတ်သိုင်းများသည် ပို၍ကောင်းမွန်လာသည့်အလျောက် အနုပညာသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။ ထိုခေတ်၏ အနုပညာက အလွန်တရာရှုပ်ထွေးပြီး ကမ္ဘာခေတ်နှောင်း နေ့စဉ်ဘဝ၏ မဟာတာအိုကို ဖော်ကူးပြသလေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနုပညာမှာ မပြည့်အဝ မတိုးတက်သေးသဖြင့် ပုံစံများစွာ ရှိနေကြ၏။ ဥပမာအားဖြင့် နားကန်းနေသောသူများသည် နတ်ဘုရားများ၊ တစ္ဆေများ၊ မကောင်းဆိုးဝါးများနှင့် အမျိုးသမီးများကို ပန်းချီဆွဲရာတွင် ထူးချွန်ကြသည်။
သို့သော် ကျောက်ယန်ခန်းမ၏ အနုပညာလက်ရာများက ထိုခေတ်များနှင့် မသက်ဆိုင်ကြပေ။ ထို့ကြောင့် ကျောက်ယန်ခန်းမသည် ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်မှ ဖြစ်ကောင်းဖြစ်နိုင်နေ၏။
သို့သော် ဤအနုပညာမှာ မွေးရာပါမဟုတ်ဘဲ ဖန်ဆင်းထားခြင်းဖြစ်၏။ ဤသည်က ထူးဆန်းခြင်းပင်။
‘ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်က သဘာဝအတိုင်း ဖြစ်လာတာမဟုတ်ဘဲ ဖန်တီးထားတာများလား’
ချင်မူ့မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ ကောင်းကင်မုခ်၀လေးခု၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကောင်းကင်ပင်လယ်၊ နဂါးသွဲ့ရေကန် အစရှိသည့် အရာများကို မြင်ခဲ့ရပြီးဖြစ်သဖြင့် သူ မှန်းဆထားသော အတွေးအမြင်များ ရှိလေသည်။ ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်သည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုဖြင့် ဖွဲ့တည်ထားသော ထူးဆန်းသောနေရာ ဖြစ်၏။
သို့သော် ကျောက်ယန်ခန်းမ၏ ပုံပန်းသွင်ပြင်အရ ဤကျောက်စိမ်းမြို့တော်သည် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းထားသော အံ့ဩဖွယ်ရာအရာ မဟုတ်နိုင်ဘဲ လူသားများဖန်တီးထားသည့် နတ်ဘုရားမြို့တော် ဖြစ်နိုင်၏။
ဖန်ဆင်းရှင်များမတိုင်ခင် မည်သည့်လူနေမှုအသိုက်အဝန်းမှ မရှိခဲ့လေရာ ကျောက်စိမ်းမြို့တော်ကို မည်သည့်ခေတ်တွင် သွန်းလုပ်ခဲ့ပါသနည်း။
သူ့မှာ အလန့်တကြား ဖြစ်လာပြီး နဂါးသွဲ့စင်မြင့်အောက်ရှိ အခေါင်းတလားကို ဆက်စပ်သတိရမိသွားသည်။ ထိုမျှသာမက ဘိုးဘေးနန်းတော်တစ်ခုလုံးသည် ဧရာမယဇ်ပလ္လင်ကြီးတစ်ခု မဟုတ်လော။ သူနှလုံးသားထဲတွင် မှန်းဆမိသွားချေပြီ။
‘ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်က အရင်စကြ၀ဠာရဲ့ ဖန်တီးမှုတစ်ခု ဖြစ်နိုင်တယ်… စကြ၀ဠာပျက်စီးသွားပေမယ့် မပျက်စီးသွားခဲ့သေးတာ… ဒါပေမဲ့ ဒါက မှန်းဆချက်ပဲ ရှိသေးတယ်… မှန်၊ မမှန်ကတော့ ကျောက်စိမ်းမြို့တော်ကို ဝင်ကြည့်ရလိမ့်မယ်’
သူ့အကြည့်က ကျောက်ယန်ခန်းမပေါ်သို့ ရောက်ရှိသွားပြန်သည်။ မဟာဧကရာဇ်၊ ထိုက်ချူနှင့် တခြားသူများသည် ကျောက်စိမ်းမြို့တော်သို့ သွားရောက်ကြည့်ရှုပြီးနောက် ကျောက်ယန်ခန်းမကို သယ်သွားခဲ့ကြ၏။ ထို့နောက် ကျောက်ယန်ခန်းမကိုပါ ချိတ်ပိတ်ခဲ့ပြန်သည်။
ကျောက်ယန်ခန်းမပေါ်ရှိ အအိုမင်းဆုံး ချိပ်တံဆိပ်သည် ကမ္ဘာဦးခေတ်နှင့် ပတ်သက်နေ၏။
တခြားနည်းဖြင့်ပြောရလျှင် မဟာဧကရာဇ်၊ ထိုက်ချူနှင့် အခြားသူများသည် ကျောက်ယန်ခန်းမကို ယူသွားကြပြီးနောက် ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို တွေ့ခဲ့ကြရလိမ့်မည်။ ထိုအရာက ကျောက်ယန်ခန်းမမှ လွတ်မြောက်လာလုနီးပါးဖြစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မဟာဧကရာဇ်နှင့် ထိုက်ချူပင်လျှင် ကြောက်လန့်ခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့် သိုင်းပညာရှင်အားလုံး၏ ခွန်အားကို စုစည်းကာ ကျောက်ယန်ခန်းမအား ချိပ်ပိတ်လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
‘နောက်ပိုင်းမှာ ကောင်းကင်နတ်ဧကရာဇ်က ဖန်ဆင်းရှင်တွေကို ရှင်းလင်းသတ်ဖြတ်၊ ဘိုးဘေးနန်းတော်ကို ချိတ်ပိတ်ပြီး စကြ၀ဠာကို စုစည်းခဲ့တယ်… ဒါကြောင့် ကျောက်ယန်ခန်းမကို ကောင်းကင်နတ်ဘုံမှာ ထားပြီး သူ့အမိန့်ကို နာမခံတဲ့ သူတွေကို ဖိနှိပ်ဖို့ လက်နက် အဖြစ် သုံးခဲ့တယ်… သူ့ကို ဖီဆန်တဲ့ ဘယ်သူမဆို သတ်ဖြတ်ခံရပြီး ဝိညာဉ်နဲ့ မူလဝိညာဉ်ကို ကျောက်ယန်ခန်းမထဲမှာ ဖိနှိပ်ခံရတာပဲ… နောက်ပိုင်း ကောင်းကင်နတ်အရှင်ဆယ်ပါး အုပ်ချုပ်တော့လည်း အဲဒီအတိုင်း ဆက်ကျင့်သုံးခဲ့ကြတယ်’
ချင်မူ ထိုသို့တွေးနေစဉ် ထော့ကျိုးနှင့် လန်ယွီတျန်းသည် ကျောက်ယန်ခန်းမအား လှည့်ပတ်၍ သွားလာနေကြောင်း တွေ့လိုက်ရသည်။ အတိတ်တုန်းက ချင်မူသည် နတ်ကြေးမုံ၏ စွမ်းအားကို အသုံးပြုလျက် ကျောက်ယန်ခန်းမ၏ ချိပ်တံဆိပ်အား ကြည့်ရှုခဲ့ဖူး၏။ နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ရွှေအပင်လျှင် ကျောက်ယန်ခန်းမ၏ အချက်အလက်များအတိုင်း ခန်းမတချို့ တုပကာ ဖန်ဆင်းခဲ့ဖူးသည်။
သို့သော် ထော့ကျိုးနှင့် လန်ယွီတျန်းမှာ ဤခန်းမကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။
ရွှေအ ဖန်တီးခဲ့သည့် ချိပ်တံဆိပ်မှာ ကျောက်ယန်ခန်းမ၏ ချိပ်တံဆိပ်လောက် မသန်မာချေ။ ခန်းမထဲသို့ ဝင်ရောက်ချင်ပါက နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးသော ချိပ်တံဆိပ်များစွာအား ကျော်ဖြတ်ရလိမ့်မည်။
ထိုမျှသာမက ဝင်ရောက်ခြင်းက ကိစ္စတစ်ခု၊ ပြန်လည်ထွက်လာခြင်းက နောက်ထပ်ကိစ္စတစ်ခုပင်။
ဝင်ရောက်နိုင်စွမ်းရှိသော်လည်း ပြန်ထွက်မလာနိုင်ပါက ဒုက္ခရောက်ပေလိမ့်မည်။
“အလျင်စလို မလုပ်ကြနဲ့”
ချင်မူက သတိပေးပြီးနောက် ယန်အာကို ခေါ်သည်။ “ထိုက်ယီက အထွတ်အမြတ်တောင်တန်းမှာ ရှိနေတုန်းလား”
ယန်အာက ဖြေ၏။ “သူ အခုလေးတင် တောင်ကို ပြုပြင်နေတာ… ပြီးပြီလားတော့ မသိဘူး”
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “လန်ယွီတျန်းကို သူနဲ့တွေ့ဖို့ ခေါ်သွားလိုက်ပါ… ပြီးရင် မိုးမခသစ်ကိုင်းကို သုံးခွင့်ပေးဖို့ တောင်းဆိုလိုက်ပါ မမကြီး”
ယန်အာက ချက်ချင်း နဂါးစာကလေးအဖြစ် ပြောင်းလဲကာ လန်ယွီတျန်း၏ လက်မောင်းကို ဆွဲ၍ ထိုက်ယီထံ ခေါ်သွားသည်။
အားလုံးမှာ ခန်းမပတ်ပတ်လည်တွင် ရပ်ကာ ချိပ်တံဆိပ်မျိုးစုံကို မှတ်သားနေကြပြီး မျက်ကန်း၏နေရာတွင် ဝိုင်းအုံနေကြသည်။ မျက်ကန်း၊ အဘွားစစ်၊ ရှုရှန်းဟွာနှင့် ကျန်သူများက ချိပ်တံဆိပ်များအား ချိုးဖျက်နိုင်မည့်နည်းလမ်းကို ရှာဖွေနေကြသည်။
ဝေစွေ့ဖုန်းက ခန်းမအပြင်ရှိ ချိပ်တံဆိပ်များကို ချိုးဖျက်ရန် ကြိုးစားနေသော်လည်း ချင်မူက တားသည်။ “ကျောက်ယန်ခန်းမ ကျွန်တော်တို့ဆီ ရောက်လာတာကို ကောင်းကင်နတ်အရှင်ဟွေ့ပဲ သိသေးတယ်… ကျန်တဲ့ကောင်းကင်နတ်အရှင်တွေ မသိကြသေးဘူး…. သူတို့ရဲ့ ချိပ်တံဆိပ်ကို ထိလိုက်ရင် အာရုံခံမိသွားနိုင်တယ်…. ရွေးချယ်စရာမရှိတော့မှ ချိပ်တံဆိပ်ကို ချိုးဖျက်ကြည့်ဖို့ ကြိုးစားတာ ကောင်းမယ်”
ဝေစွေ့ဖုန်း၏ အကြည့်က တောက်ပသွားပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ဘာအဓိပ္ပာယ်လဲ”
“ကျွန်တော်တို့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ သွားပြီး အဲဒီနေရာမှာ ပိတ်မိနေတော့မှ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်ကြည့်ဖို့ ကြိုးစားသင့်တယ်”
ချင်မူက မျက်တောင်ခတ်ပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါး ကျွန်တော်တို့ကို လာကယ်တယ်ဆိုရင် သေချာပေါက် ဝှက်ဖဲတွေ ရှိနေမှာပဲလေ...”
ဝေစွေ့ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ချိပ်တံဆိပ်များကို မထိတော့ပေ။
ချင်မူက နတ်လေးကို ထုတ်လိုက်ပြီး သူ၏ကျောတွင် သယ်လိုက်သည်။
ထော့ကျိုးက စမ်းကြည့်ချင်နေသော်လည်း ချင်မူက တခဏ တုံ့ဆိုင်းနေပြီးနောက် လက်ဆန့်းကာ ဆွဲယူလိုက်၏။ ဖန်သားကောင်းကင်စေတီအမိုးက တဝုန်းဝုန်း မြည်ဟီးသွားပြီး ကောင်းကင်ဘုံ ၂၈ ဘုံ ပိတ်သွားသည်။ ထို့နောက် ပေသုံးဆယ်ရှည်လျားသော အမိုးတစ်ခုသဖွယ် ပြောင်းလဲသွား၏။
“ဘိုးဘိုးထော့ကျိုး၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒီရတနာကို ယူသွားပါ”
ချင်မူက ဖန်သားကောင်းကင်စေတီကို သူ့အား ပေးပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူက ချက်ချင်း ပြောလိုက်၏။ “ငှားလိုက်တာနော်… အပိုင်ပေးတာ မဟုတ်ဘူး… ဒီနတ်ခန်းမကနေ ထွက်လာပြီးရင် ကျွန်တော့်ဆီ ပြန်ပေးရမယ်”
“ကပ်စေးနည်းချက်ပဲ”
ထော့ကျိုးက ဖန်သားကောင်းကင်စေတီကို ယူပြီးနောက် အကဲခတ်ကြည့်လိုက်သည်။ သူက ချီးကျူး၏။ “ကောင်းလိုက်တဲ့ ရတနာ… ငါကိုယ်တိုင် ခိုးခဲ့တာမဟုတ်လို့ အပိုင်မယူပါဘူး… စိတ်မပူပါနဲ့ ပြန်ပေးမှာပါ”
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ မကြာမီ ယန်အာက လန်ယွီတျန်းနှင့်အတူ ပြန်ရောက်လာ၏။ “ဖက်တီးလန်က သနားခံလို့ ထိုက်ယီက မပေးချင်ပေးချင်နဲ့ ခေါင်းညိတ်ပြီး သစ်ရွက်တစ်ရွက် ငှားလိုက်တယ်”
“အဓိပ္ပာယ်မရှိလိုက်တာ… ကျွန်တော်က ငှားပြီးရင် ပြန်မပေးတတ်တဲ့လူကျနေတာပဲ”
ချင်မူက သစ်ရွက်ကို ယူလိုက်သည်။ သစ်ရွက်၏ သွေးကြောများမှာ ရှုပ်ထွေးနေပြီး ထိုက်ယီတာအိုသစ်ပင်မှ သစ်ရွက်တစ်ရွက် ဖြစ်မှန်း သိသာည်။ သူ့မှာ စိတ်ထဲတွင် နောင်တရနေမိသည်။ ‘အဲဒီသစ်ကိုင်းကိုသာ ရရင် ယူထားလို့ရတယ်… အခုက တစ်ရွက်ပဲရတော့ ဖွက်ထားလို့ မရတော့ဘူး..”
သူ့မှာ စိတ်ဓာတ်တက်ကြွလာပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ “ဒီတစ်ကြိမ် ကျွန်တော်၊ ဘိုးဘိုးထော့ကျိုးနဲ့ လန်ယွီတျန်းတို့ ခန်းမထဲကို ၀င်မယ်… ကျန်တဲ့သူတွေက အပြင်မှာစောင့်နေကြပါ” သူက တည်ကြည်လေးနက်စွာ ပြော၏။ “ကျွန်တော်တို့ အထဲမှာ ပိတ်မိနေပြီး ထွက်မလာနိုင်ရင် အစ်ကိုကြီးဝေက ခန်းမကို ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ယူသွားပါ… ကျွန်တော်တို့ ကျောက်စိမ်းမြို့တော်ကို ရောက်ရင် အပြင်ဘက်က ချိပ်တံဆိပ်တွေကို ချိုးဖျက်ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါး ကျွန်တော်တို့ကို လာကယ်မိအောင် မျှားခေါ်မယ်..”