← Chapters

တာအိုသစ်သီးနှစ်လုံး

Vol. 112 Ch. 1472

တာအိုသစ်သီးနှစ်လုံး

Vol. 112 Ch. 1472

ထေ့ကျိုးက တခဏ တုံ့ဆိုင်းနေပြီးနောက် ခပ်တိုးတိုး ပြောသည်။ “‌ဒီဆရာကို ကြည့်ရတာ တစ်ခုခု ထူးဆန်းနေသလိုပဲ… ငါ အရင်သွားကြည့်မယ်… မင်းတို့ နေခဲ့ပြီး ထူးဆန်းနေတာ ဘာလဲ ရှာထားကြ” သူက ထိုသို့ပြောပြီးနောက် စာသင်ခန်း၏တံခါးကို ဖွင့်ကာ ဝင်ရောက်သွားသည်။

ချင်မူနှင့် လန်ယွီတျန်းက အပြင်မှ စောင့်ကြည့်နေကြ၏။ ထော့ကျိုးအခန်းထဲ ဝင်ရောက်သွားပြီးနောက် ဆရာသည် သူ့အား ကြာပွတ်ဖြင့် ပတ်၍ လက်ဖဝါးထဲ ထည့်လိုက်သည်။ ထို့နောက် ဤနေရာတွင် ဖိနှိပ်ခံထားရသောသူများနှင့် အတူထိုင်ကာ ရွတ်ဖတ်နေစေ၏။ ထော့ကျိုးမှာ ရွတ်ဖတ်နေရသည့်အရာအား အကြိမ်ပေါင်းများစွာ ဖတ်ဖူးသကဲ့သို့ ရွတ်ဖတ်နေလေသည်။

ချင်မူတို့နှစ်ယောက်လုံး ကြက်သီးမွေးညှင်းများ ထသွားကြသည်။

လန်ယွီတျန်းက ခပ်တိုးတိုး မေးသည်။ “အစ်ကိုကြီး၊ ဘာလို့ ဘိုးဘိုးထော့ကျိုးကပါ ထိုင်နေတာလဲ”

ချင်မူလည်း ဤမျှ ထူးဆန်းသောအခြေအနေကို တစ်ခါမှ မတွေ့ကြုံဖူးပေ။ သူက ချက်ချင်းပင် မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ စာသင်ခန်းအား စစ်ဆေးကြည့်လိုက်သည်။ ဤနေရာတွင် ထိုင်နေကြသူအများစုမှာ ဝိညာဉ်များနှင့် မူလဝိညာဉ်များ ဖြစ်ကြကြောင်း တွေ့လိုက်ရ၏။ ထော့ကျိုးတစ်ယောက်တည်းသာ ရုပ်ခန္ဓာ ပိုင်ဆိုင်ထားလေသည်။

အခြားတစ်ဖက်တွင် စာသင်ခန်းထဲ၌ ရှိနေသည့် ဆရာသည် အမှန်တကယ်မရှိဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်၏။

ချင်မူက ပုံရိပ်ယောင်၏ အရင်းအမြစ်ကို ဂရုတစိုက် ရှာဖွေနေသည်။ တခဏကြာပြီးနောက် သူ၏အကြည့်က ထိုဆရာ၏ အနောက်ရှိ ပန်းချီကားပေါ်သို့ ကျရောက်သွားလေသည်။

ထိုပန်းချီကားထဲတွင် အမြစ်များလိမ်ကောက်နေသည့် သစ်ပင်ကြီးတစ်ပင်က နေရာယူထားသည်။ ၎င်းက ရှေးကျအိုမင်းနေပြီး သစ်ပင်ထိပ်ဖျားက ကောင်းကင်ပြာကို ထောက်ပံ့ပေးထား၏။

သစ်ပင်ပေါ်တွင် ပန်းပွင့်များနှင့် သစ်သီးများ ရှိကြသည်။ သစ်ပင်အောက်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ပုဂ္ဂိုလ်တစ်ယောက်က စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် ရပ်နေသည်။

ချင်မူ့အကြည့်က ဖျတ်ခနဲ တောက်ပသွားပြီး တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် နတ်လေးအား လန်ယွီတျန်းဆီ ပေးလိုက်သည်။ သူ၏အသိစိတ်အလျဉ်က လှိုင်းထသွား၏။ “ငါ ခဏဝင်ကြည့်မယ်… မင်းအပြင်မှာ နေခဲ့… ငါ အထဲရောက်သွားရင် ၀င်မလာခဲ့နဲ့… ဒီလေးကို သုံးပြီး သစ်ပင်ပေါ်က တာအိုသစ်သီးကို ပစ်လိုက်”

လန်ယွီတျန်းက ခေါင်းညိတ်သည်။

ချင်မူက တံခါးတွန်းဖွင့်ကာ ဝင်ရောက်သွား၏။ ကျောင်းဆရာက လက်မြှောက်လိုက်သည့်အခါ သူ့ကြာပွတ်က ချင်မူ့လက်ဖဝါးကို ရိုက်လိုက်သည်။

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏အသံက မိုးခြိမ်းသံတမျှ ဟိန်းထွက်ပေါ်လာ၏။ “ကျုပ် ကောင်းကင်နတ်အရှင်မူက တစ်ဘ၀လုံး နာမည်ကျော်ကြားခဲ့တာ… ရှေးခေတ်မှာရော၊ လက်ရှိခေတ်မှာပါ နှစ်တစ်သန်းကြာတဲ့အထိ လှည့်ပတ်သွားလာခဲ့တဲ့ သူ.. ခင်ဗျားရဲ့ လှည့်ကွက်မှာ ကျရှုံးမယ်ထင်နေလား”

ဖြောင်း…

ချင်မူ့လက်ဖဝါးမှာ အရိုက်ခံလိုက်ရသည်။ သူ့မှာ ကြာပွတ် မည်သို့ရောက်လာ၍ သူ့အား မည်သို့ရိုက်လိုက်သည်ကိုပင် မတွေ့လိုက်ရပေ။

သူပင် မသိလိုက်ဘဲ လက်ဆန့်၍ အရိုက်ခံလိုက်ပုံပင်။

ကြာပွတ် သူ့လက်အား ရိုက်လိုက်သည့်အချိန်တွင် ချင်မူမှာ ချက်ချင်း စိတ်ရှုပ်ထွေးလာပြီး အသိစိတ်အလျဉ်များ ဖြတ်တောက်ခံလိုက်ရ၏။ သူ၏တာအိုနှလုံးသားလည်း တိမ်မြုပ်သွားကာ ဝေဝါးလာသည်။ သူ ထပ်မံနိုးထလာသည့်အချိန်တွင် သူကား ထော့ကျိုးဘေးတွင် ထိုင်နေချေပြီ။ သူလည်း ခေါင်းရမ်းလျက် ထော့ကျိုးနှင့်အတူ ကျမ်းစာရွတ်ဖတ်နေရသည်။

“ငါ့တာအိုနှလုံးသား ဖိနှိပ်ခံလိုက်ရတာလား…”

ချင်မူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူ့တာအိုနှလုံးသားက အလွန်ခိုင်မာသည့်အပြင် တာအိုအဆင့်ကလည်း နက်နဲသည်မဟုတ်လော။ တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၂၇ ဘုံအထိ ကျင့်ကြံထားပြီးဖြစ်ရာ အဘယ်ကြောင့် တခဏအတွင်း ဖိနှိပ်ခံခဲ့ရသနည်း။

ခိုင်ဧကရာဇ် လှုပ်ရှားလျှင်တောင်မှ ဖိနှိပ်ခံရလိမ့်မည်ထင်သည်။

“တာအိုသစ်သီးပဲ”

ချင်မူက ခေါင်းမော့ရန် ကြိုးစားနေသော်လည်း သူ၏ပါးစပ်ကမူ ကျမ်းစာကို ရွတ်ဖတ်နေသေးသည်။ သူ့အကြည့်သည် ကျောင်းဆရာအနှောက်ရှိ ပန်းချီကားအပေါ်သို့ ကျရောက်သွား၏။ “အဲဒီပန်းချီကားထဲက သစ်ပင်က တာအိုသစ်ပင်၊ ပန်းပွင့်တွေက တာအိုပန်းပွင့်၊ သစ်သီးကလည်း တာအိုသစ်သီးပဲ… ဒီကျောင်းဆရာက ပန်းချီကားထဲက တာအိုသစ်ပင်နဲ့ တာအိုသစ်သီးရဲ့ ပုံရိပ်ယောင်ပဲ’

သူ၏နှုတ်မှ ရွတ်ဖတ်သံက ကြည်လင်ပြတ်သားပြီး ကျယ်လောင်နေ၏။ “... အလယ်က အရာက လောကတစ်ခုလုံးရဲ့ မဟာအခြေခံတစ်ခု… အလယ်ကအရာက လောကတစ်ခုလုံးရဲ့ လမ်းစဉ်.. အလယ်ကအရာက လောကတစ်ခုလုံးရဲ့ တည်နေရာဖြစ်ပြီးတော့ သက်ရှိတွေအားလုံးကို ပျိုးထောင်ပေးတယ်…”

ထိုအခိုက်အတန့်တွင် ပန်းချီကားထဲရှိ သစ်ပင်အောက်ရှိ ပုံရိပ်များ တဖြည်းဖြည်း ပြတ်သားလာသည်ကို ချင်မူ တွေ့မြင်လိုက်ရသည်။ ပန်းချီကားထဲရှိ သူများသည် သူတို့ရွတ်ဖတ်နေစဉ် ပန်းချီကားထဲမှ ဖြည်းဖြည်းချင်း ထွက်လာနိုင်ကြသည့်အလားပင်။

ချင်မူ့နှလုံးသားမှာ တုန်လှုပ်သွားသည်။ ဤစာသင်ခန်းသည် ဝိညာဉ်များနှင့် မူလဝိညာဉ်တို့ဖြင့် ပြည့်နှက်နေခဲ့၏။ သူတို့တွင် ရုပ်ခန္ဓာမရှိသောကြောင့် မသန်မာကြချေ။ အကြိမ်ပေါင်းများစွာ ရွတ်ဖတ်ပြီးသည့်တိုင် ပန်းချီကားထဲရှိ ပုဂ္ဂိုလ်သည် ထွက်မလာနိုင်ခဲ့သေးပေ။

အခြားတစ်ဖက်တွင် ချင်မူနှင့် ထော့ကျိုးကတော့ သက်ရှိပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထော့ကျိုးသိုင်းအဆင့်က မမြင့်မားသော်လည်း ချင်မူ့သိုင်းအဆင့်က ဧကရာဇ်ပလ္လင်အဆင့် ဧကရာဇ်သုံးယောက်မှ ငါးယောက်နှင့် ညီမျှ၏။

သူ၏သိုင်းအဆင့်နှင့် စွမ်းဆောင်နိုင်စွမ်းတို့မှာ တောင်နတ်မင်းကျူချွဲနှင့် မင်ဧကရာဇ်တို့၏ ဝိညာဉ်ထက်ပင် မြင့်မားလေသည်။

စာသင်ခန်းထဲတွင် သူ၏စွမ်းဆောင်နိုင်စွမ်းတို့သည် အခြားသူများစုစုပေါင်းထားသည်ထက် အဆပေါင်းများစွာ သာလွန်၏။

ချင်မူ ရောက်လာခြင်းက ပန်းချီကားထဲရှိ ပုဂ္ဂိုလ်ကို ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် ထွက်လာစေနိုင်ခဲ့သည်။

ချင်မူ့နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏တာအိုနှလုံးသားမှာ စုစည်းမရနိုင်တော့သည်အထိ ပြန့်ကျဲနေအောင် ဖိနှိပ်ခံထားရ၏။ သူ ကျင့်စဉ်ကို အသက်သွင်းလိုက်သည့်အချိန်တွင် သူ့ချီစွမ်းအားတို့သည်လည်း လှည့်ပတ်ရန် ခက်ခဲနေတော့သည်။

သူက တာအိုနှလုံးသားကို အတတ်နိုင်ဆုံး ကြိုးစားစုစည်းကာ ဖြည်းဖြည်းချင်း လက်ဖဝါးမြှောက်လိုက်၏။ သူလက်ထဲတွင် သစ်ရွက်တစ်ရွက် ရှိနေပြီး ၎င်းက ထိုက်ယီ၏ မဟာတာအိုသစ်ပင်မှ သစ်ရွက် ဖြစ်သည်။

သူ့အတွက် လက်ဖဝါးမြှောက်ရန်ပင် အလွန်တရာ ခက်နေသည်။ သူရှေ့ဆက်တိုးလိုက်တိုင်း ဖိအားများစွာ သက်ရောက်နေသည်ကို ခံစားနေရသည်။ နောက်ဆုံးတွင် သစ်ရွက်က သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွား၏။

ကျောင်းဆရာက ထရပ်လိုက်ပြီး သူ့ဘေးသို့ ရောက်ချလာသည်။ ထိုသူက ကြာပွတ်ဖြင့် ချင်မူ့ခေါင်းကို ရိုက်ပြီးနောက် ဒေါသတကြီး ဆူတော့သည်။ “စာသင်နေတာ အာရုံမစိုက်ဘူးပေါ့လေ… အရိုက်ခံချင်နေတာလား”

ချင်မူမှာ အရိုက်ခံလိုက်ရသဖြင့် သူ့လက်ထဲရှိ တာအိုသစ်ရွက်မှာလည်း ချက်ချင်း ပြုတ်ကျသွားသည်။ သူ စုစည်းထားခဲ့သည့် တာအိုနှလုံးသားမှာလည်း နောက်တစ်ကြိမ် ပြန့်ကျဲသွားပြန်သည်။

ထိုအခိုက်အတန့်တွင် ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရပြီး မြားတစ်စင်းက စာသင်ခန်းအပြင်မှ ဝင်ရောက်လာကာ ပန်းချီကားထဲ ထိုးစိုက်သွားသည်။

ချင်မူ့မျက်လုံး‌ထောင့်စွန်းများ တွန့်သွား၏။ “လန်ယွီတျန်း၊ မင်း လွဲသွားပြီ…”

လန်ယွီတျန်း၏ မြားသည် တာအိုသစ်သီးကို မထိဘဲ ပင်စည်တွင်သာ ထိုးစိုက်သွားသည်။

ဤမြား၏ စွမ်းအားမှာ အလွန်တရာ သန်မာသည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးကို မသတ်ဖြတ်နိုင်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။ သို့သော် ပန်းချီကားအား ထိုးစိုက်သွားသည့်အချိန်တွင် ထိုမြား၏ စွမ်းအားမှာ အလွန်တရာ သေးငယ်သည့်အလား မည်သည်မှဖြစ်ပွားမသွားခဲ့ပေ။

ချင်မူ့မျက်လုံးထောင့်စွန်းများ ထပ်မံတွန့်သွားပြန်၏။ “ပန်းချီကားထဲမှာ တာအိုသစ်ပင်တစ်ပင်ပဲ ရှိတာမဟုတ်ဘူး… မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံ အပိုင်းအစတစ်ခုလည်း ပါတယ်… အရင်စကြ၀ဠာရဲ့ အင်အားကြီးသိုင်းပညာရှင်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံ အပိုင်းအစကို ပန်းချီကားတစ်ခုအဖြစ် သန့်စင်ပြီး ခိုးဝင်ဖို့ ကြိုးစားနေတာပဲ…”

သူ့မှာ လန်ယွီတျန်းကို စိတ်ပူမိသွားသည်။ သို့သော် ထိုအခိုက်အတန့်တ၌င် နောက်ထပ်မြားနှစ်စင်းက စာသင်ခန်းသို့ ဝင်ရောက်လာပြန်၏။ လန်ယွီတျန်းသည် ယခင်ကတစ်ခါမှ မြားမပစ်ဖူးသဖြင့် ပထမမြားက လွဲချော်သွားခဲ့၏။ သို့သော် ဒုတိယမြားနှင့် တတိယမြားတို့ကတော့ ဝာာအိုသစ်ပင်ရှိ သစ်သီးအား တိကျစွာ ထိုးစိုက်သွားချေပြီ။

လန်ယွီတျန်း၏ ပါရမီက မြင့်မားလွန်းပေသည်။ ပထမမြားဖြင့် မြားအတတ်ကို နားလည်နိုင်ခဲ့ပြီး နောက်ထပ်မြားနှစ်စင်းဖြင့် ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်ခဲ့သည်။

မြားနှစ်စင်း၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလာသည်။ ၎င်းတို့က တစ်စင်းပြီးတစ်စင်း တာအိုသစ်သီးထဲသို့ ထိုးစိုက်သွားကြ၏။

ကျောင်းဆရာက တာအိုသစ်သီး ပြုတ်ကျသွားသည်ကို လှမ်းကြည့်လိုက်ပြီး မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏။ ထို့နောက် သူ၏ပုံရိပ်မှာ ဖောက်ခနဲ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သစ်ပင်အောက်ရှိ စာပေသမားမှာလည်း အံ့သြမှင်သက်နေသည့် မျက်နှာအမူအရာဖြစ်နေ၏။ သူက တာအိုသစ်သီးကို မော့ကြည့်နေသည်။

“အစ်ကိုကြီး၊ ကျွန်တော် တာအိုသစ်သီးကို ပစ်လိုက်ပြီဗျ”

လန်ယွီတျနိးက နတ်လေးကို ကိုင်ရင်း ပြုံးဖြဲဖြဲဖြင့် စာသင်ခန်းထဲသို့ ဝင်ရောက်လာ၏။ “ဒီနတ်လေးက တကယ်ကို စွမ်းအားကြီးတာပဲနော်….”

“၀င်မလာနဲ့...”

ချင်မူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သစ်ရွက်ကို ကောက်ယူလိုက်သည်။ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာ၏။ “အဲဒီသစ်ပင်ပေါ်မှာ တာအိုသစ်သီးက တစ်လုံးတည်း မဟုတ်ဘူး”

လန်ယွီတျန်း၏ မျက်နှာပေါ်ရှိအပြုံးမှာ အေးခဲသွားပြီး မျက်လုံးထောင့်မှ နေ၍ ပန်းချီကားဆီသို့ လှမ်းကြည့်လိုက်သည်။ ရှေးဟောင်းသစ်ပင်တစ်ပင်သည် ပန်းချီကားထဲတွင် မနှေးလွန်း၊ မမြန်လွန်းသော အမြန်နှုန်းဖြင့် လည်ပတ်နေကြောင်း တွေ့လိုက်ရ၏။ သစ်ပင်အနောက်က အရှေ့သို့ လှည့်ပတ်လာသည့်အခါ တွဲလောင်းကျနေသည့် တာအိုသစ်သီးတစ်လုံး ပေါ်လွင်လာသည်။

ဤတာအိုသစ်သီး အရှေ့သို့ ရောက်လာချိန်တွင် ကျောင်းဆရာသည် လန်ယွီတျန်းအရှေ့၌ ရုတ်တရက် ပေါ်လာပြီး ခက်ထန်သော မျက်နှာထားဖြင့် အော်ဟစ်လိုက်၏။ “စာသင်နေတာကို နှောင့်ယှက်နေတယ်ပေါ့… လက်ဖြန့်စမ်း..”

လန်ယွီတျန်းက ပြုံးသည်။ “ကျွန်တော်က ခင်ဗျားရဲ့ ကျောင်းသားမဟုတ်…”

ဖြောင်း…

သူ၏လက်ဖဝါးမှာ အရိုက်ခံလိုက်ရပြီး လွတ်နေသော ထိုင်ခုံတွင် ငူငိုင်စွာ ထိုင်ချလိုက်သည်။ ဤအခိုက်အတန့်တွင် ချင်မူကား သစ်ရွက်အား ကောက်၍ သူ၏မျက်ခုံးနှစ်ဖက်ကြားထဲသို့ ထိုးထည့်ပြီးဖြစ်၏။ ချက်ချင်းပင် သူ၏တာအိုနှလုံးသား ပြန်လည်စုစည်းသွားသည်။ တစ်ချိန်တည်းမှာပင် သစ်ပင်ပေါ်မှ ပြုတ်ကျသွားခဲ့သော တာအိုသစ်သီးက လှုပ်ရမ်းလျက် ပျံတက်သွား၏။ ၎င်းက သစ်ပင်ပေါ်တွင် ပြန်လည်တွဲခိုနေပေတော့မည်။

ချင်မူက လက်ဆန့်တန်းကာ ထော့ကျိုးနောက်ရှိ ဖန်သားကောင်းကင်စေတီအမိုးခုံးကို လှမ်းဆွဲ၏။ ၎င်းက စာသင်ခန်းအလယ်ဗဟိုသို့ ဒုတ်ခနဲ ကျရောက်လာသည်။ သူက လက်နှစ်ဖက်လုံးတွင် အားအပြည့်ထည့်ပြီးနောက် လွဲရမ်းကာ အော်ဟစ်လိုက်သည်။ “ပွင့်စမ်း..”

ဝုန်း….

ဖန်သားကောင်းကင်စေတီ၏ အမိုးခုံးက ပွင့်လာပြီး ကောင်းကင်ဘုံ ၂၈ ဘုံက ဝုန်းခနဲ ထွက်ပေါ်လာကြသည်။ ချက်ချင်းဆိုသလို စာသင်ခန်းထဲရှိ ပုဂ္ဂိုလ်အားလုံးမှာ နေ၊လ၊ ကြယ်တာရာတို့ဖြင့် ဖုံးအုပ်ခံလိုက်ရပြီး ကောင်းကင်ဘုံ ၂၈ ဘုံထဲတွင် ပေါ်လာကြ၏။ ‌မျက်ကန်းနှင့် ရွှေအတို့ သွန်းလုပ်ထားကြသော မရေမတွက်နိုင်သောရတနာတို့၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး စာသင်ခန်းတစ်ခုလုံးကို စိစိညက်ညက် ကြေသွားစေသည်။

ချင်မူက မာန်အပြည့်ဖြင့် ဟိန်းဟောက်ရင်း ဖန်သားကောင်းကင်စေတီနှင့် ကောင်းကင်ဘုံ ၂၈ဘုံကို ဆွဲယူလိုက်သည်။ ဖန်သားကောင်းကင်စေတီအား တူတစ်လက်ပမာ သုံးရင်း မပြိုသေးသည့် တစ်ခုတည်းသောနံရံဆီသို့ ထုချလိုက်ချေပြီ။

All Chapters