← Chapters

မီလော့နန်းတော်၏ တန်ခိုးရှင်

Vol. 112 Ch. 1473

မီလော့နန်းတော်၏ တန်ခိုးရှင်

Vol. 112 Ch. 1473

တိုက်ကွက်က ခမ်းနားကြီးကျယ်လှသည်။ တစ်လောကလုံး၏ နံပါတ်တစ် ရတနာ ဖြစ်‌သော ဖန်သားကောင်းကင်စေတီအား ပြန်လည်ပြုပြင်ပြီးသည့်အချိန်မှစ၍ ဤသည်မှာ တိုက်ပွဲ၌ ပထမဦးဆုံး အသုံးပြုခြင်းပင်။ ၎င်း၏စွမ်းအား ပေါက်ကွဲထွက်လာသည့်အချိန်တွင် ပထဝီမြေကြီးပင် တသိမ့်သိမ့် တုန်လှုပ်သွားလေသည်။

ချင်မူ့ကြွက်သားများက ကြောက်မက်ဖွယ်ကောင်းစွာ ဖောင်းကြွလာသည်။ သူ၏မှော်စွမ်းအင်နှင့် ချီစွမ်းအင်တို့က ကောင်းကင်ဘုံ ၂၈ ဘုံထဲ ဝင်ရောက်ကာ ရတနာအားလုံးကို အသက်သွင်းလိုက်သည်။

ဖန်သားကောင်းကင်စေတီ၏ စွမ်းအားမှာ ကောင်းကင်နတ်အရှင်တစ်ပါး ပိုင်ဆိုင်သော ရတနာတစ်ခု၏ စွမ်းအားအောက် မနိမ့်ကျချေ။ လန်ယွီတျန်း ယခုလေးတင် ပစ်လိုက်သော မြားများထက် အဆပေါင်းများစွာ သာလွန်၏။

ဝုန်း….

ဖန်သားကောင်းကင်စေတီက နံရံကို ဖြတ်ကာ ပေါက်ကွဲသွားစေသည်။ ကျောင်းဆရာပင်လျှင် ပန်းချီကားသို့ ဝင်တိုက်ကာ ပေါက်ကွဲသွား၏။

ပန်းချီကားမှာ ချိတ်ထားသည်မှ ပြုတ်သွားပြီး လေထဲတွင်‌ မျောလွ့င်နေသည်။ ၎င်းက လျင်မြန်စွာ ပြန့်ကားလာပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်လျဉ် ကောင်းကင်ဘုံအပိုင်းအစများ ပျံထွက်လာကြချေပြီ။

ချင်မူ့အရှေ့ရှိ တာအိုသစ်ပင်မှာ နှိုင်းယှဉ်၍ မရနိုင်အောင် ခမ်းနားလာသည်။ ဤတိုက်ကွက်သည် သစ်ပင်ကို ဝင်တိုက်သွားသော်လည်း အမှန်တကယ်တွင် နည်းနည်းလေးမှ ဒဏ်ရာမရစေနိုင်ခဲ့ပေ။

ရှေးဟောင်းသစ်ပင်၏ အောက်တွင် စာပေသမားက ခေါင်းမော့ကြည့်လာ၏။

စာပေသမား ထရပ်လိုက်ပြီး လျှောက်လှမ်းလာသည်။ သူ၏ပုံရိပ်မှာ အလွန်တရာ အားနည်းနေသောကြောင့် ရုပ်ခန္ဓာမရှိသည့်အလား အစစ်အမှန် ဟုတ်ပုံမပေါ်ချေ။

ချင်မူမှာ အံ့ဩမှင်သက်သွားပြီး အလောတကြီး နောက်ဆုတ်လိုက်မိသည်။ သူ့လက်ထဲရှိ ဖန်သားကောင်းကင်စေတီနှင့် ကောင်းကင်ဘုံ ၂၈ ဘုံက ရှိသမျှသူအားလုံးကို ကောင်းကင်ဘုံတို့အတွင်းသို့ ဆွဲခေါ်ကာ ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကြိုးစားနေသည်။

စာပေသမားသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်လျဉ် ကောင်းကင်ဘုံအပိုင်းအစအစွန်းသို့ ရောက်ရှိလာပြီးနောက် ဆက်လက်မလျှောက်နိုင်တော့ချေ။ ချင်မူလည်း စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်စဉ် ရှေးဟောင်းသစ်ပင်ပေါ်ရှိ တာအိုသစ်သီးမှာ နှစ်ခြမ်းကွဲသွားပြီး ကျောင်းဆရာတစ်ယောက်သည် တာအိုသစ်သီးထဲမှ ထွက်ပေါ်လာ၏။

ထိုစဉ်မှာ တာအိုသစ်သီးနောက်တစ်လုံးလည်း ကွဲသွားပြီး နောက်ထပ်ကျောင်းဆရာတစ်ယောက် ထွက်လာသည်။

တာအိုသစ်ပင်ပေါ်တွင် တာအိုပန်းပွင့်များ ပွင့်လာပြီး အထဲ၌ ကျောင်းဆရာနောက်တစ်ယောက်လည်း ရှိနေ‌ပြန်သည်။

ကျောင်းဆရာသုံးယောက်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်လျဉ် ကောင်းကင်ဘုံအပိုင်းအစထဲမှ ထွက်လာ၍ ဖန်သားကောင်းကင်စေတီထဲသို့ ဝင်ရောက်လာကြသည်။

ချင်မူ ဖန်သားကောင်းကင်စေတီကို သယ်၍ ခပ်သွက်သွက် နောက်ဆုတ်နေသည်။ သူက ခပ်ဩဩ လေသံဖြင့် အော်ဟစ်လိုက်၏။ “အားလုံးပဲ… ဒီလောက် သေရေးရှင်ရေး ဖြစ်နေတာတောင် ဘာလို့မနိုးကြသေးတာလဲ”

သူ၏အသံက ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံတစ်လျှောက် ဟိန်းထွက်သွားသည်။ ရှေးဟောင်းနတ်ဘုရားများ၊ ဖန်ဆင်းရှင်များ၊ တောင်နတ်မင်းကျုချွဲ၊ မင်ဧကရာဇ်နှင့် ကောင်းကင်ဘုံ ၂၈ ဘုံထဲသို့ သူ ဆွဲသွင်းခဲ့သော ကျန်သူများ၏ ဝိညာဉ်တို့မှာ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြပြီး အံ့သြမှင်သက်စွာ ငေးကြောင်ကြည့်နေကြသည်။

ထော့ကျိုးနှင့် လန်ယွီတျန်းလည်း နိုးလာပြီး ကျောင်းဆရာသုံးယောက် ဖန်သားကောင်းကင်စေတီထဲ ဝင်ရောက်၍ သူတို့ထံ ဦးတည်လာနေကြောင်း တွေ့လိုက်ရလေသည်။

“မောင်လေးမူ…” တောင်နတ်မင်းကျုချွဲက ချင်မူ့ကို မြင်လျှင် တအံ့တဩ လှမ်းခေါ်သည်။

“မူချင်း” ကောင်းကင်နတ်အရှင်ယွီကလည်း ချင်မူ့ကို မြင်သဖြင့် တအံ့တဩ ရေရွတ်လိုက်သည်။

မင်ဧကရာဇ်သည် မူလဝိညာဉ်သာ ရှိတော့ပြီး အသွေးအသားမရှိပေ။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဒီနေရာက တော်တော်ထူးဆန်းတာပဲ… အားလုံးပဲ ငါ့နောက်က လိုက်ပြီး တိုက်ခိုက်ကြ”

သူကား ချိမင်ခေတ်၏ ဧကရာဇ်တစ်ပါး မဟုတ်လော။ သူက ရှေ့မှဦးဆောင်ကာ ကျောင်းဆရာတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်၏။ သူ့တွင် မူလဝိညာဉ်သာ ရှိတော့သော်လည်း သူ၏စွမ်းဆောင်ရည်တို့က ပေါ့သေးသေး မဟုတ်ပေ။ မူလဝိညာဉ်ကို သူ၏ရုပ်ခန္ဓာအဖြစ် သုံးကာ အနီးကပ်တိုက်ခိုက်နေသည်။

တောင်နတ်မင်းကျုချွဲက အော်ဟစ်လိုက်ရင်း မီးငှက်အသွင်ပြောင်းကာ ကျောင်းဆရာနောက်တစ်ဦးနှင့် တိုက်ခိုက်နေသည်။ သူမက အသတ်အဖြတ်တိုက်ကွက်မှန်သမျှ အသုံးပြုနေချေပြီ။

အခြားတစ်ဖက်တွင် ထော့ကျိုးနှင့် လန်ယွီတျန်းက ပြေးလွှားနေကြသည်။ ရှေးဟောင်းနတ်ဘုရားများကလည်း တတိယမြောက် ကျောင်းဆရာကို ဝိုင်းကာ တိုက်ခိုက်နေကြ၏။ ထော့ကျိုးနှင့် လန်ယွီတျန်းက ဘေးမှ မြားဖြင့် ပစ်နေကြသည်။

ချင်မူက ဖန်သားကောင်းကင်စေတီထဲရှိ ရတနာများ၏ စွမ်းအားကို စုစည်းလိုက်သည်။ မျက်ကန်းနှင့် ရွှေအတို့ ပြုပြင်ပေးခဲ့ပြီးနောက် ၎င်းတို့၏စွမ်းအားမှာ ပြိုင်ဘက်ကင်းလာခဲ့၏။ ၎င်းတို့က ကျောင်းဆရာသုံးဦးကို အဆက်မပြတ် တိုက်ခိုက်ကြတော့သည်။

ကောင်းကင်ဘုံ ၂၈ ဘုံလုံးတွင် ဖရိုဖရဲဖြစ်နေကြပြီး လူတိုင်းမှာ ကြာပွတ်များဖြင့် ရိုက်ခံနေကြရသည်။ အရိုက်ခံရပြီးလျှင် ဇဝေဇဝါဖြစ်သွားကာ တိုက်ခိုက်နေခြင်းအား ရပ်ကြရသည်။ ထို့နောက် ကျမ်းစာများကိုသာ ကျယ်လောင်စွာ ရွတ်ဆိုနေကြလေသည်။

ကျောင်းဆရာသုံးဦး၏ ကြာပွတ်များသည် မည်သည့်ကောင်းကင်နတ်သိုင်း၊ လမ်းစဉ်နှင့် ကျင့်စဉ်ကိုဆို ချိုးဖောက်နိုင်သည့်အလားပင်။ ကြာပွတ်ဖြင့် လူတစ်ယောက်ကို လှမ်းထိလိုက်တိုင်း ထိုသူမှာ မရှောင်နိုင်ပေ။

အရိုက်ခံရပြီးပါက သူတို့မှာ တာအိုနှလုံးသားများ ပျက်စီးပြန့်ကျဲသွားသောကြောင့် အမိန့်နာခံကြလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း ရှေးဟောင်းနတ်ဘုရားများနှင့် ဖန်ဆင်းရှင်များစွာ အရိုက်ခံလိုက်ကြရသည်။ မင်ဧကရာဇ်၊ တောင်နတ်မင်းနှင့် လန်ယွီတျန်းတို့သာ တောင့်ခံနိုင်ကြ၏။ ထော့ကျိုးကတော့ ထွက်ပြေးနေစဉ် ခေါင်းတည့်တည့် အရိုက်ခံလိုက်ရသဖြင့် ကျမ်းစာများ ရွတ်ဖတ်နေရသည်။

ရုတ်တရက် မင်ဧကရာဇ်၏ အော်သံ ထွက်ပေါ်လာပြီး ကြာပွတ်ရိုက်ချက်ကြောင့် မြေပေါ် လဲကျသွားသည်။ ထို့နောက် တောင်နတ်မင်းမှာလည်း အရိုက်ခံလိုက်ရ၏။ လန်ယွီတျန်းက တာအိုသိုင်းကွက်တစ်ကွက်ကို ထုတ်သုံးလိုက်သည်။ သိုင်းကွက်ပြီးဆုံးသွားသဖြင့် နောက်တကြိမ် အသက်သွင်းတော့မည့်အချိန်တွင် အရိုက်ခံလိုက်ရပြန်၏။

သူ နိုးထလာသည့်အချိန်တွင် မင်ဧကရာဇ်၊ ထော့ကျိုးနှင့် ကျန်သူများ အတူတကွ စုဝေးနေကြကြောင်း တွေ့လိုက်ရသည်။ ကျောင်းဆရာသည် ရုတ်တရက် ပေါ်လာပြီး သူတို့မှာ စာသင်ရန် စာသင်ခန်းထဲတွင် ထိုင်နေကြသည်။

‘ထူးဆန်းလိုက်တာ’

လန်ယွီတျန်းမှာ သူ၏နှလုံးသားထဲတွင် အော်ဟစ်နေပြီး သူနှင့်ချွတ်စွတ်တူသော တခြားသူဆီ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီလည်း ထိုင်လျက် ကျမ်းစာရွတ်ဖတ်နေရသည်ကိုသာ တွေ့လိုက်ရသဖြင့် ချက်ချင်း လက်လျှော့လိုက်တော့သည်။

‘တခြားငါတောင် ဒီနေရာမှာ နှစ်တစ်သန်းကြာ ပိတ်မိနေခဲ့ပြီး မလွတ်မြောက်နိုင်ခဲ့တာ… ငါလည်း မလွတ်နိုင်တော့ဘူး ထင်ပါတယ်”

ချင်မူက ကောင်းကင်ထဲတွင် ပြေးလွှားနေပြီး အတွေးတစ်ချက်ဖြင့် နတ်လေးကို ဆင့်ခေါ်လိုက်သည်။ သူက လှည့်၍ ကျောင်းဆရာသုံးယောက်ထံသို့ ပစ်လိုက်၏။

ထိုသုံးယောက်သည် သူ့ကို လိုက်ဖမ်းနေပြီး အရပ်သုံးမျက်နှာမှ တိုက်ခိုက်နေကြသည်။ ချင်မူလည်း အချိန်မီ မပြေးလွှားနိုင်တော့၍ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ကျောင်းဆရာသုံးယောက် မည်သည့်အရပ်မျက်နှာမှ တိုက်ခိုက်လာသည်ဖြစ်စေ အရှေ့အရပ်မှသာ တိုက်ခိုက်နိုင်ပေလိမ့်မည်။

ကြာပွတ်သုံးလက်က အပေါ်အောက် ရွေ့လျားနေကြသည်။ ချင်မူက သူလက်ထဲရှိ နတ်လေးကို ဘေးသို့ ခဏပို့၍ သူ၏မူလဝိညာဉ်အား နောက်ကျောတွင် ထွက်ပေါ်လာစေသည်။ ထို့နောက် နတ်လေးကို ပြန်ဆွဲ၍ မြားပစ်လွှတ်ပြီးနောက် လက်နှစ်ဖက်လုံးဖြင့် ဖန်သားကောင်းကင်စေတီကို ကိုင်ကာ ကျောင်းဆရာသုံးယောက်ကို တိုက်ခိုက်နေ၏။

ကျောင်းဆရာသုံးယောက်က အပေါ်အောက် ပျံသန်းလျက် အဆက်မပြတ် တိုက်ခိုက်နေကြဆဲပင်။ ရုတ်တရက် ချင်မူမှာ မခုခံနိုင်တော့ဘဲ နဖူးအား ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရသည်။

ချင်မူက ခေါင်းခါရမ်းလိုက်ပြီး ကျောင်းဆရာတစ်ယောက်အား တချက်တည်းဖြင့် နောက်သို့လွင့်သွားစေသည်။ ဝုန်းခနဲ အသံနှင့်အတူ ကျောင်းဆရာမှာ ပေါက်ကွဲသွားတော့သည်။

ဖြန်း.. ဖြန်း…

ကြာပွတ်နောက်နှစ်လက်က သူ၏ဦးခေါင်းပေါ် ကျရောက်လာပြန်သည်။ ချင်မူက ဖန်သားကောင်းကင်စေတီတိုင်လုံးကို မြှင့်တင်ကာ လွှဲရမ်းလိုက်သဖြင့် ကျောင်းဆရာနှစ်ဦးမှ လွင့်ထွက်သွားကြ၏။ သူတို့နှစ်ယောက်သည် လေထဲတွင် နှစ်ပိုင်းပြတ်သွားကြသည်။

ချင်မူမှာ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ရင်း ဖန်သားကောင်းကင်စေတီတိုင်လုံးပေါ်တွင် ရပ်နေသည်။ နောက်ထပ်ကျောင်းဆရာများသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်လျဉ် ကောင်းကင်ဘုံအပိုင်းအစဆီမှ လျှောက်လှမ်းလာနေမှန်း မြင်လိုက်ရသည့်အခါ သူ့နှလုံးသားမှာ အေးခဲသွားချေပြီ။

သို့သော် ကျောင်းဆရာသုံးယောက်သည် သူ့ကို ထပ်မံမတိုက်ခိုက်တော့ပေ။ တစ်ယောက်က အင်္ကျီလက်စကို ခါလိုက်ရင်း ပြော၏။ “မင်းမှာ သိုင်းပညာရှင်တစ်ယောက်ရဲ့ တာအိုသစ်ပင်က သစ်ရွက် ရှိနေတော့ မင်းကို ဘာမှမလုပ်နိုင်တော့ဘူး… ထားလိုက်တော့… သွားတော့”

ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ထိကာ သက်ပြင်းချလိုက်သည်။ “ဒီနေရာကို မလာခင် မမကြီးယန်အာကို လန်ယွီတျန်းနဲ့အတူ ထိုက်ယီဆီ သွားပြီး သစ်ရွက်တစ်ရွက် တောင်းခိုင်းခဲ့တာ မှန်သွားတယ်… မဟုတ်ရင် ငါလည်း ဒီနေရာမှာ ပိတ်မိနေတော့မှာ”

ထိုကျောင်းဆရာများ၏ စွမ်းဆောင်နိုင်စွမ်းတို့မှာ နှိုင်းယှဉ်မရနိုင်အောင် ထူးဆန်းပေသည်။ ချင်မူအနေဖြင့် သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလိုက်သည့်အချိန်တွင် ပြိုင်ဘက်ကင်း၏။ သူ့ကို ဖိနှိပ်နိုင်သည့် မှော်စွမ်းအင်များစွာ မရှိသရွေ့ သူ၏ခံစစ်ကို မည်သူမျှ ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ပေ။

ဤသို့နယ်ပယ်မျိုးမှာ မင်ဧကရာဇ်၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ထက်ပင် ပြီးပြည့်စုံသော်လည်း ကျောင်းဆရာသုံးယောက်ကား အလွယ်တကူပင် ချိုးဖျက်ပစ်ခဲ့သည်။ ကံကောင်းစွာဖြင့် ကြာပွတ်၌ စွမ်အားများ မရှိခဲ့ပေ။ မဟုတ်လျှင် ချင်မူ့ဦးခေါင်း ကြေမွသွားခဲ့သည်မှာ ကြာလေပြီ။

သူ ဖျက်ဆီးခဲ့သည့် ကျောင်းဆရာက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အထဲမှ ကျမ်းစာရွတ်ဖတ်သံကို ကြားရနိုင်သည်။

ချင်မူမှာ အသက်တစ်ရှိုက်ကို တုန်ရီစွာ ရှူထုတ်ရင်း ဖန်သားကောင်းကင်စေတီကို မှီလျက် စာသင်ခန်းထဲသို့ ပြန်ဝင်လာ၏။ “တာအိုနောင်တော်၊ နောင်တော်က တာအိုရပြီးထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ… ကျွန်တော်တို့ သေမျိုးတွေကို ဘာအတွက် ခက်ခဲအောင် လုပ်နေရတာလဲ… အရင်စကြဝဠာက ဖြစ်တည်မှုတွေအားလုံးက အနိုင်ကျင့်တတ်တဲ့သူတွေများလား”

“ငါ တာအိုရပြီးတာကို မင်း သိရင် ငါက သူတို့လို ငတုံးတွေ မဟုတ်တာလည်း မင်း မြင်မှာပါ”

ကျောင်းဆရာတစ်ယောက်က လှည့်ကြည့်လာသည်။ “ငါက မီလော့နန်းတော်ရဲ့ ကမ္ဘာဦးတန်ခိုးရှင်တစ်ယောက်ပဲ…” သူက ပြော၏။ “သူတို့ရဲ့ ရွတ်ဖတ်သံကို ငှားယူပြီး လွတ်မြောက်လာအောင် လုပ်နေတာ… မင်းကို အမှန်အတိုင်း ပြောမယ်… ငါက အရင်စကြ၀ဠာက လာတဲ့သူ မဟုတ်ဘူး… စကြ၀ဠာသုံးခုအထိ နေထိုင်ခဲ့ပြီးတော့ တာအိုကို နှစ်ကြိမ်တိတိ ရခဲ့တဲ့သူပဲ … ဒါကြောင့် ငါ့မှာ တာအိုသစ်သီးနှစ်လုံး ရှိနေတာ”

ကျောင်းဆရာနောက်တစ်ယောက်က ဆက်ပြော၏။ “ငါ့ရဲ့ တတိယဘဝမှာ တာအိုကို မရခဲ့ဘူး… တာအိုသစ်ပင်ကနေ တာအိုပန်းပွင့်တဲ့အထိပဲ ကျင့်ကြံနိုင်ခဲ့တယ်… စကြ၀ဠာ ပျက်စီးပြီး ကပ်ဘေးကြီး ဆိုက်ရောက်လာတဲ့အချိန်မှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်မှာ မဟုတ်မှန်း သိခဲ့ရတယ်… လောကသစ်ပင်ကိုလည်း တစ်ယောက်ယောက်က ခုတ်ပစ်ခဲ့ပြီး အနာဂတ်စကြ၀ဠာဆီ သွားနိုင်မယ့်လမ်းကို ဖြတ်တောက်ပစ်ခဲ့တယ်… ဒါကြောင့် ငါ့အနေနဲ့ မီလော့နန်းတော်က အရှင်သခင်ထံမှာ တောင်းပန်ပြီး မီလော့နန်းတော်မှာ ပုန်းခိုခဲ့ရုံအပြင် ရွေးချယ်စရာ မရှိခဲ့ဘူး… သူ့အကူအညီနဲ့ ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တယ်”

တတိယမြောက် ကျောင်းဆရာက ပြောသည်။ “စကြ၀ဠာတစ်ခု ဖြစ်တည်နေထိုင်ပြီး ပျက်စီးသွားဖို့ အဆင့်လေးဆင့် ရှိတယ်… မင်းရဲ့ စကြ၀ဠာက ဒီအဆင့်မှာပဲ ရှိသေးပြီးတော့ ဆိုးရွားတဲ့ အဆင့်နှစ်ဆင့်ကို မကြုံတွေ့ရသေးဘူး… မဟာကပ်ဘေးကြီးဆိုတာ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းမှန်း မင်း မသိဘူး… ငါ လွတ်မြောက်လာအောင် မင်း ကူညီပေးရင် တာအိုရနိုင်မယ့် နည်းလမ်း သင်ပေးမယ်… အနာဂတ်မှာ ဒီစကြ၀ဠာ ပျက်စီးသွားတဲ့အချိန်ကျရင် မင်းလည်း ကပ်ဘေးကနေ လွတ်မြောက်နိုင်တာပေါ့”

ချင်မူက ဖန်သားကောင်းကင်စေတီထဲတွင် ရပ်ပြီး ပြုံးနေသည်။ “ဒီလိုလုပ်.. ခင်ဗျား ကျွန်တော့်ကို တာအိုရနိုင်မယ့်နည်းလမ်း သင်ပေး… အဲဒါဆိုရင် ကျွန်တော် ခင်ဗျားကို မသတ်ဘဲ ထွက်သွားပေးမယ်.. ဘယ်လိုလဲ”

All Chapters