မထိတစ်ချက် ထိတစ်ချက်
Vol. 112 Ch. 1474
“ငမိုက်ကောင်လေး… စကားကြီးစကားကျယ် ပြောနေတာပါလား”
ကျောင်းဆရာသုံးယောက်က ချင်မူ၏စကားကို စိတ်ထဲမထားဘဲ ပြောသည်။ “မင်းက သိုင်းပညာရှင်တစ်ယောက်ဆီက တာအိုသစ်ရွက် ရခဲ့လို့သာ လွတ်မြောက်နိုင်ခဲ့တာ… ငါ့ကို တစ်ခုခုလုပ်နိုင်ဖို့ကတော့ ဝေးသေးတယ်… ငါ့မှာ အထွတ်အထိပ်မှော်သိုင်းကွက်တစ်ကွက် ရှိတယ်… အခွင့်အရေးက မင်းရှေတည့်တည့်မှာပဲ… တခြားသူတွင်သာဆိုရင် ဦးညွတ်အရိုအသေပေးပြီး အဲဒီမှော်သိုင်းကွက်ကို သင်ယူနေကြလောက်ပြီ”
ကျောင်းဆရာတစ်ဦးက ကြာပွတ်ကို ဆတ်ခနဲ တစ်ချက်ခါလိုက်ရာ ကောင်းကင်ထက်တွင် ပန်းချီကားတစ်ချပ် ပေါ်လာ၏။ “ဒါက မင်းတို့လောကရဲ့ အုပ်ချုပ်သူ ငါ့ကို တွေ့ခဲ့တုန်းက ဂါ၀ရပြုခဲ့တဲ့ပုံပဲ… သူတို့တောင် အဲဒီလိုပြုမူခဲ့ကြပေမယ့် မင်းက အခြေအနေကို မသိတဲ့သူတစ်ယောက်ပါလား”
ချင်မူ ပန်းချီကားဆီ လှမ်းကြည့်လိုက်ရာ အထဲရှိ သူများသည် မဟာဧကရာဇ်၊ ကုန်းယွင်နှင့် အခြားဖန်ဆင်းရှင်များ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားအဖွဲ့ တစ်ဖွဲ့လည်း ပါဝင်ပြီး ၎င်းတို့ထဲတွင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူလည်း ရှိနေသည်။ သူတို့ကျောက်စိမ်းမြို့တော်အား စူးစမ်းလည်ပတ်ခဲ့သည့်အချိန်က ဖြစ်ပေလိမ့်မည်။
သို့သော် ရှုကျွင်း၊ ပိုယန်၊ လုံရှောင်နှင့် အခြားသူများအား ပန်းချီကားထဲတွင် မတွေ့ရပေ။ သူတို့သည် ထိုစဉ်က အခြားလမ်းသို့ သွားရောက်နေကြသဖြင့် ကျောက်ယန်ခန်းမအား ရှာမတွေ့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ပန်းချီကားထဲရှိ စာပေသမားမှာ တာအိုသစ်ပင်အောက်တွင် ထိုင်လျက် ရှိနေ၏။ မဟာဧကရာဇ်နှင့် ကျန်သူများက သူ့ကို အရိုအသေပေး၍ အထွတ်အမြတ်မှော်သိုင်းကွက်အား လွှဲပြောင်းပေးရန် တောင်းဆိုနေကြလေသည်။ ရှေးဟောင်းနတ်ဘုရားများပင်လျှင် အရိုအသေပေးနေကြပြီး ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတစ်ယောက်တည်းသာ ဘေးတွင် ရပ်၍ မဟာဧကရာဇ်အား မုန်းတီးခါးသီးစွာ ကြည့်နေသည်။
ပန်းချီကားမှာ ပြတ်သားကာ အသက်ဝင်လွန်း၏။ အားလုံး၏ မျက်နှာအမူအရာများသာမက အတွေးအခေါ်များကိုပါ ပြသထားသဖြင့် အလိမ်အညာ မဟုတ်နိုင်ပေ။
ထိုအချိန်တုန်းက မဟာဧကရာဇ်၊ ကုန်းယွင်နှင့် ကျန်သူများအနေဖြင့် အမှန်တကယ်ပင် မီလော့နန်းတော်၏ တန်ခိုးရှင်အား အယူအသေပေးကာ အထွတ်အမြတ်သိုင်းကွက်ကို သင်ကြားပေးရန် တောင်းဆိုခဲ့ကြသည်။
မီလော့နန်းတော်တန်ခိုးရှင်မှ သူတို့ကို အမှန်တကယ် သင်ကြားပေးခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုသာ မသိခဲ့ကြပေ။
‘မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံ ဖန်ဆင်းနိုင်စွမ်းနဲ့ အန္တိမဟင်းလင်းပြင်မှာ အသိစိတ်အလျဉ်ကို တံဆိပ်ခတ်နှိပ်နိုင်ခဲ့တာက မီလော့နန်းဆောင်ရဲ့ တန်ခိုးရှင်နဲ့များ ပတ်သက်နေသလား’
ချင်မူ့နှလုံးသားထဲတွင် အနည်းငယ် လှိုင်းထသွားသည်။ မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံတွင် ဧရာမအားနည်းချက်ကြီးတစ်ခု ရှိသည်။ သူသည် အန္တိမဟင်းလင်းပြင်တွင် အသိစိတ်အလျဉ်ကို ခတ်နှိပ်၍ တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးအဆင့်အထိ ကျင့်ကြံခဲ့သော်လည်း ပြီးပြည့်စုံသည့် အခြေအနေသို့ မရောက်ရှိနိုင်ခဲ့ပေ။
တာအိုကျင့်စဉ်စနစ်တွင် သူ၏အောင်မြင်မှုများက မနိမ့်လွန်း၊ မမြင့်လွန်းဘဲ သာမန်သာဖြစ်သည်။ ထိုမျှသာမက သူ့သိုင်းအခြေခံမှာလည်း အခြားဖန်ဆင်းရှင်တို့၏ ယဇ်ပူဇော်စွမ်းအားမှ စုစည်းထားခြင်းဖြစ်ကာ ကိုယ်တိုင်ကျင့်ကြံထားခဲ့ခြင်း မဟုတ်ပေ။
‘မီလော့နန်းဆောင်ရဲ့ ကမ္ဘာဦးတန်ခိုးရှင်က သိုင်းကွက်လွှဲပြောင်းပေးခဲ့တဲ့အချိန်တုန်းက အကောက်ကြံပြီးတော့ မဟာဧကရာဇ် ကျင့်စဉ်လမ်းစဉ်ကနေ ဝေးသထက်ဝေးကွာသွားအောင် ဟာကွက်တွေ တမင်ထားခဲ့တာဖြစ်မယ်…. အံ့မခန်းလိလိ စွမ်းအားကို ပိုင်ဆိုင်နိုင်ပေမယ့် တာအိုရဖို့ကတော့ ပိုပြီးဝေးသွားတယ်”
ချင်မူက အခြေအနေကို အကဲခတ်လိုက်ပြီးနောက် မျက်ဝန်းများ ဖျတ်ခနဲတောက်ပသွားသည်။ သူက ပြုံးလျက် မေးလိုက်လေသည်။ “ဒါဆိုရင် ခင်ဗျားကို ဘာလို့ ချိပ်ပိတ်ထားခဲ့ကြတာလဲ”
ကျောင်းဆရာနောက်တစ်ယောက်က ဖြေသည်။ “ပြောရရင်အရှည်ကြီးပဲ…ထိုင်နားထောင်လေ... ငါ ပြောပြမယ်”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း မြားတစ်စင်း ပစ်လိုက်၏။ “ခင်ဗျားမပြောရင်တောင် ကျွန်တော်သိပါတယ်… သူတို့က ခင်ဗျား ရိုက်တာခံရပြီးရင် ခင်ဗျား လွတ်မြောက်နိုင်ဖို့အတွက် အသုံးချခံပစ္စည်းတွေ ဖြစ်သွားတာလေ … ခင်ဗျားရဲ့ အထွတ်အမြတ်သိုင်းကွက်က တာအိုဖြစ်လာဖို့ စတေးတာ ဒါမှမဟုတ် ယုံကြည်မှုငှားယူတာ ဖြစ်နိုင်တယ်… ခင်ဗျားကို ယုံကြည်ခဲ့လို့ မဟာဧကရာဇ်ရဲ့ သိုင်းအခြေခံလည်း ပျက်စီးသွားခဲ့တာပဲ..”
ကျောင်းဆရာသုံးယောက်က ပျံတက်လိုက်ကြပြီး သူတို့၏ကြာပွတ်များက တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။ သို့သော် ချင်မူပစ်နေသည့် မြားအလင်းစွမ်းအားကို မယှဉ်နိုင်ကြချေ။ ကြာပွတ်များမှာ မြားနှင့် ထိတွေ့သည့်အချိန်တွင် မြားအလင်းရောင်ကို လုံးဝမထိုးဖောက်နိုင်ကြ။
ဒုတ်…
မြားက အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံအပိုင်းအစထဲသို့ ဝင်ရောက်သွားပြီး တာအိုသစ်ပင်ပေါ်မှ တာအိုပန်းပွင့်ထဲသို့ ထိုးစိုက်သွားသည်။ ကျောင်းဆရာတစ်ယောက်သည် ဝုန်းခနဲအသံနှင့်အတူ ပျောက်ကွယ်သွား၏။
ချင်မူက နောက်ထပ်မြားနှစ်စင်း ပစ်လွှတ်လိုက်ပြီး တာအိုသစ်သီးနှစ်လုံးကို ကြွေကျသွားစေသည်။ ကျန်ကျောင်းဆရာနှစ်ယောက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားတော့သည်။
စာသင်ခန်းမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး လန်ယွီတျန်း၊ ထော့ကျိုးနှင့် ကျန်သူများ အသိစိတ်ပြန်ကပ်လာကြသည်။
ချင်မူက ဖန်သားကောင်းကင်စေတီ၏ အကာအရံကို အသက်သွင်းရင်း စာသင်ခန်းအား တစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေ၏။ သူက သတ်ဖြတ်ပြီးနောက် ကျန်သူအားလုံးကို ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။ “သူတို့ကို ကယ်ခဲ့တဲ့သူက ထိုက်ချူ ဖြစ်နိုင်တယ်… သူတစ်ယောက်ပဲ ခင်ဗျားလှည့်စားတာကို မခံခဲ့ရတာ… ဒါကြောင့် ခင်ဗျားထွက်မလာနိုင်အောင် ဒီနေရာမှာ ချိပ်ပိတ်ထားခဲ့ကြတာပဲ”
တာအိုသစ်သီးက နောက်တစ်ကြိမ် တာအိုသစ်ပင်ပေါ်သို့ ရောက်သွားပြန်၏။ ကျောင်းဆရာသုံးယောက်က ကြောက်စရာကောင်းသော အမူအရာများဖြင့် ထပ်မံပေါ်လာကာ အော်ဟစ်လိုက်ကြသည်။ “မင်းက မင်းအတွက် ကောင်းတဲ့အရာကို မသိဘူးပဲ… မင်းကို ဒီနေ့ အလွတ်မပေးဘူး”
ကြာပွတ်သုံးလက်သည် တစ်ခုပြီးတစ်ခု ကျဆင်းလာကြပြီး မည်သူမှ တစ်ချက်လေးပင် မခံနိုင်ကြပေ။ ၎င်းတို့က လန်ယွီတျန်းနှင့် တခြားသူများကို ပြန်လည်အရိုက်ခံရစေကာ အမိန့်နာခံနေစေ၏။
ချင်မူမှာ တချို့တစ်ဝက်ကို ကယ်တင်ခဲ့သော်လည်း သူတို့အားလုံး ကျောင်းဆရာများ၏ ကြာပွတ်ဖြင့် အရိုက်ခံလိုက်ကြရသဖြင့် ကျမ်းစာများကို ပြန်လည်ရွတ်ဖတ်နေကြရလေသည်။
ကျောင်းဆရာသုံးယောက်၏ ကြာပွတ်က ချင်မူ့ဦးခေါင်းဆီ ရိုက်လိုက်ကြသော်လည်း သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ယီတာအိုသစ်ရွက်ကြောင့် မည်သည့်အရာမှ မလုပ်နိုင်ကြပေ။ သူဦးခေါင်းပေါ်တွင် ဖုသီးအချို့သာ ပေါ်လာကြသည်။
ကျောင်းဆရာသုံးယောက်က ဗျူဟာပြောင်းလိုက်ပြီး ကြာပွတ်ကို သုံးကာ သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ သစ်ရွက်ကို ဆွဲထုတ်နေကြသည်။ ချင်မူက လက်တစ်ဖက်ဖြင့် နဖူးအပေါ် ဖုံးထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်နေသည်။
ရုတ်တရက် အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံအပိုင်းအစများက ပြန့်ကားလာကာ သူ့ကို တိုက်ခိုက်လာကြသည်။ သစ်ပင်အောက်ရှိ စာပေသမားက ထရပ်လာပြီး သူ့ကို ကိုယ်တိုင်သတ်ဖြတ်ရန် ပြင်ဆင်နေချေပြီ။
ချင်မူမှာ ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ဆုတ်နေရသည်။
ကျောင်းဆရာများက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး စာပေသမားက သစ်ပင်ဆီ ပြန်သွားသည်။ သူက စာအုပ်ကို ကိုင်လျက် ချင်မူ့အား မကြာမကြာ လှမ်းကြည့်နေတတ်သည်။
အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံအပိုင်းအစကလည်း ပန်းချီကားအဖြစ် ပြောင်းလဲ၍ စာသင်ခန်းနံရံတွင် ပြန်ကပ်သွားသည်။
တစ်ခဏကြာပြီးနောက် ချင်မူက တာအိုသစ်သီးဆီသို့ မြားဖြင့် ပစ်လိုက်ပြန်သည်။ တာအိုသစ်သီး သစ်ပင်ပေါ်မှ ကြွေကျသွားသည့်အခါ ကျောင်းဆရာများ ဒေါသထွက်သွားကြသည်။ သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။ ချင်မူ ကျန်သူများကို သွားရောက်ကယ်တင်သည့်အချိန်တွင် တာအိုသစ်သီးက သစ်ပင်ပေါ်ပြန်ရောက်သွား၏။ ကျောင်းဆရာသုံးယောက်က ဒေါသတကြီး ပြေးဝင်လာကြပြီး နောက်တစ်ကြိမ် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြန်သည်။ လန်ယွီတျန်း၊ ထော့ကျိုး၊ ဧကရာဇ်မင်နှင့် ကျန်သူများမှာ နောက်တကြိမ် ဖိနှိပ်ခံလိုက်ရပြီး ကျမ်းစာများ ရွတ်ဆိုနေကြရပြန်သည်။
ချင်မူက စာသင်ခန်းအပြင်သို့ နောက်တစ်ကြိမ် ထွက်ပြေးကာ သူ၏အရှိန်အဝါကို ပြင်ဆင်လိုက်သည်။ ထို့နောက် လေကြိုးကို ဆွဲ၍ မြားပစ်လိုက်ပြန်သည်။
“ကောင်စုတ်လေး..”
သစ်ပင်အောက်ရှိ စာပေသမားမှာ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ သူက ထရပ်၍ စာအုပ်ကို စာလိပ်တစ်ခုထဲ ထည့်လိုက်၏။ ထို့နောက် ချင်မူ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး ကြိမ်းဝါးတော့သည်။ “မင်း ပြီးပြီလားကွ… ငါသာ ဒီနေရာမှာ မပိတ်မိနေရင် မင်းကို သစ်ရွက်တစ်ရွက်နဲ့တင် သတ်ပစ်လိုက်လို့ ရတယ်”
တာအိုသစ်ပင်ပေါ်တွင် တာအိုပန်းပွင့်နှင့် သစ်သီးမှာ လျင်မြန်စွာ ကွဲထွက်လာကြသည်။ ကျောင်းဆရာတစ်ယောက်ပြီးတစ်ယောက် တာအိုပန်းပွင့်နှင့် သစ်သီးထဲမှ ထွက်လာကြ၍ ချင်မူ့အား သတ်ဖြတ်ရန် စာသင်ခန်းထဲ ပြေးဝင်လာကြချေပြီ။
စာသင်ခန်းအပြင်ရှိ ချင်မူကား သူတို့အား တစ်စက်မှ မကြောက်ပေ။
ဝုန်း….
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ် အသက်ဝင်လာသည်။ ချင်မူသည် ဖန်သားကောင်းကင်စေတီ အကာအရံကို တူတစ်လက်အဖြစ် သုံးပြီးနောက် ထောင်ပေါင်းများစွာသော စစ်သားများနှင့် မြင်းများကို ဖြတ်ကျော်၍ ကျောင်းဆရာများအား လွင့်ထွက်သွားစေ၏။ ဖန်သားကောင်းကင်စေတီ အကာအရံ၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကျောင်းဆရာများအား အပိုင်းပိုင်း ကွဲထွက်သွားစေသည်။
ဖန်သားကောင်းကင်စေတီ အကာအရံမှာ အလွန်အမင်း အင်အားကြီးမားသည်။ ကျောင်းဆရာများမဆိုထားနှင့် ၊ ကျောက်ယန်ခန်းမပင်လျှင် တုန်ခါသွားပြီး ခန်းမထဲရှိ အဆောက်အဦးများ ပြိုလဲကုန်ကြသည်။
ထူးဆန်းသည်က ဤခန်းမသည် ပျက်စီးခံရပြီးနောက် ပြန်လည်ဖွဲ့တည်လာနိုင်ခြင်းပင်။ မည်မျှပင် အဖျက်အဆီးစွမ်းအားက ကြောက်မက်ဖွယ်ကောင်းပါစေ ခန်းမသည် မူလအခြေအနေသို့ တမုဟုတ်ချင်း ပြန်ရောက်သွားတတ်၏။
ကျောင်းဆရာများက ဆက်လက်ပြေးဝင်လာနေသည့်အလျောက် ကြာပွတ်များသည်လည်း အပေါ်အောက် ပျံသန်းနေကြသည်။ တိုက်ကွက်တစ်ကွက်ချင်းစီမှာ ထူးကဲလွန်းပြီး သူ၏ဦးခေါင်းကို ရိုက်နှက်နေကြလေသည်။
ချင်မူမှာ အရိုက်ခံရလွန်းသဖြင့် ခေါင်းပင် မူးလာတော့သည်။ သူက အားကုန်ထုတ်ထားပြီး ကြာပွတ်များကို မတားဆီးပေ။ ဖန်သားကောင်းကင်စေတီ၏ စွမ်းအားကို ထိန်းချုပ်လျက် ကျောင်းဆရာများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ရန်သာ အာရုံစိုက်ထား၏။
ပိုပို၍များသော ကျောင်းဆရာများက တာအိုသစ်သီးဆီမှ တဝေါဝေါ ထွက်လာကြသည်။ သူတို့ထဲမှအများစုက ချင်မူ့ခံစစ်အား ထိုးဖောက်၍ သူ့အရှေ့ ရောက်လာက မျက်ခုံးနှစ်ဖက်ကြားရှိ တာအိုသစ်ရွက်အား ဆွဲထုတ်ရန် ကြိုးစားကြသည်။
သူတို့ သစ်ရွက်အား ဆွဲထုတ်နိုင်တော့မည့်အချိန်တွင် ချင်မူ၏မူလဝိညာဉ်က နောက်ကျောတွင်ပေါ်လာပြီး ဧရာမလက်ကြီးဖြင့် နဖူးကို ကာထားလိုက်၏။
ကျောင်းဆရာများမှာ အမျက်တစ်ချောင်းချောင်း ထွက်ကုန်ကြကာ ချင်မူနှင့် မူလဝိညာဉ်အား ခေါင်းတွင် ဖုသီးများ ပြည့်နှက်နေသည်အထိ ရိုက်နှက်ကြတော့သည်။
ခန်းမအပြင်တွင် အဘွားးစစ်၊ မျက်ကန်း၊ ရွှေအနှင့် အခြားသူများမှာ ခန်းမအား စိုးရိမ်ပူပန်စွာ စိုက်ကြည့်နေကြလေသည်။ ခန်းမအထဲတွင် ဧရာမမိစ္ဆာကြီးများ တရစပ် တိုက်ခိုက်နေသကဲ့သို့ တုန်လှုပ်နေသည်ကိုသာ သူတို့မြင်နေကြရသည်။ အားလုံးမှာ အံ့ဩတုန်လှုပ်နေကြသည်။
ဤသို့ ခြောက်ရက်၊ ခုနစ်ရက်ကြာသည်အထိ တုန်လှုပ်နေပြီးနောက်ဆုံးတွင် ခန်းမမှာ ငြိမ်သက်သွားသည်။
“လောကမှာ ဂိုဏ်းသခင် မချိုးနှိမ်နိုင်တဲ့အရာတွေ ရှိနေသေးတာပဲ” ရှုရှန်းဟွာက သက်ပြင်းချလိုက်၏။
ခန်းမထဲရှိ တာအိုသစ်ပင်အောက်တွင် စာပေသမား၏ မျက်နှာမှာ ပိုပို၍ ဖျော့တော့လာသည်။ သူသည် ဤခုနစ်ရက်အတွင်း စွမ်းအင်များ မရေမတွက်နိုင်အောင် သုံးစွဲခဲ့ရ၏။ သို့ထိတိုင် ချင်မူ့ကို မသတ်နိုင်သေးသဖြင့် ခေါင်းကိုက်နေတော့သည်။ သူက ကျောင်းဆရာများကို ပြန်ခေါ်လိုက်ပြီး ချင်မူ့အား မတိုက်ခိုက်တော့ပေ။
ချင်မူက သူ့ကို နှောက်ယှက်ရန် ပြန်ဝင်လာပြီး တာအိုသစ်သီးအား မြားဖြင့် ပစ်လိုက်ပြန်သည်။ စာပေသမားမှာ သူ့ကို ကြောက်ရွံ့လာမိ၏။ ကျောင်းဆရာတစ်ယောက်က ပြောသည်။ “မင်းက အရှက်မရှိ ငါ့ကို နှောက်ယှက်နေတာပဲ… မင်းက ဘာမှထူးခြားတဲ့ကောင် မဟုတ်ဘူး… ငါ မင်းနဲ့ မတိုက်ခိုက်ဘူးဆိုရင် ဘယ်သူတွေကို ကယ်သွားမှာလဲ… အဲဒီလူတွေကို ပေးမယ်… ကျန်တဲ့သူတွေကိုတော့ ထားခဲ့ရမယ်”