← Chapters

လှည့်ကွက်

Vol. 112 Ch. 1475

လှည့်ကွက်

Vol. 112 Ch. 1475

ချင်မူမှာ စိတ်သက်သာရာရသွားတော့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်တိုက် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများကြောင့် သူလည်း ခံနိုင်ရည်မရှိတော့ပေ။ ဆက်လက်တိုက်ခိုက်ပါက ပင်ပန်းလွန်းသဖြင့် သွေးအန်လာလိမ့်မည်။

“ကျွန်တော် အဲဒီလူတွေကို လိုချင်တယ်”

သူက မျက်ဝန်းများ တောက်ပလာကာ လန်ယွီတျန်း၊ ကောင်းကင်နတ်အရှင်ယွီ၊ ထော့ကျိုး၊ တောင်နတ်မင်းနှင့် မင်ဧကရာဇ်တို့ကို ထိတို့လိုက်သည်။ စာပေသမားသည် တောင်နတ်မင်းကျုချွဲနှင့် မင်ဧကရာဇ်အား သူ ထိလိုက်သည်ကို မြင်လျှင် အနည်းငယ် တွန့်ဆုတ်သွား၏။

တောင်နတ်မင်းနှင့် မင်ဧကရာဇ်တို့မှာ စာသင်ခန်းထဲတွင် အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်ကြသောကြောင့် သူ အမြန်ဆုံးလွတ်မြောက်စေမည့် အင်အားများဟု ဆိုရမည်။

ချင်မူက သူ တွန့်ဆုတ်နေမှန်း မြင်လျှင် လေးကြိုးကို ဆွဲ၍ ထပ်မံပစ်လွှတ်ရန် ပြင်လိုက်သည်။ ကျောင်းဆရာတစ်ဦးက ချက်ချင်း ဝင်ပြောသည်။ “ခေါ်သွားလိုက်… ဒါပေမယ့် ငါ့ကို နှောက်ယှက်ဖို့ ဒီခန်းမထဲ မဝင်တော့ဘူးလို့ ကျိန်ဆိုရမယ်”

ချင်မူက ခေါင်းညိတ်ပြကာ ပြုံး၏။ “ဒီကျောက်ယန်ခန်းမက နေရာကောင်းမဟုတ်ဘူး… ကျန်တဲ့သူတွေကလည်း ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး… အမြန် ထွက်သွားချင်နေပါပြီ… ဘာလို့ ခင်ဗျားကို နှောင့်ယှက်နေရဦးမှာလဲ”

“မင်း ဒီလူတွေကို ခေါ်သွားပြီး ချက်ချင်း ထွက်သွားပါမယ်လို့ ကျိန်ရမယ်… တစ်လက်မလေးဖြစ်ဖြစ် တစ်မိုင်ဖြစ်ဖြစ် ဆက်ဝင်လာလို့မရဘူး”

ပန်းချီကားထဲရှိ စာပေသမားသည် ထရပ်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်နေ၏။ ထို့နောက် တာအိုသစ်ပင်ဆီမှ သစ်ကိုင်းတစ်ကိုင်းကို ချိုးလိုက်ရင်း လက်ညှိုးတစ်ချောင်းအရွယ် ကြိမ်တစ်လုံးအဖြစ် ဖြတ်တောက်လိုက်သည်။ ထို့နောက် ပန်းချီကားအပြင်သို့ ပစ်လိုက်လေသည်။

စာသင်ခန်းထဲရှိ ကျောင်းဆရာတစ်ဦးက ကြိမ်လုံးအား လက်နှစ်ဖက်လုံးဖြင့် ဖမ်းယူလိုက်သည်။ “ဒီကြိမ်လုံးက တာအိုသစ်ပင်ရဲ့ သစ်ကိုင်းကနေ ချိုးယူထားလို့ ငါ့မဟာတာအိုဝိညာဉ် ကိန်းဝပ်နေတယ်… ဒါကို တိုင်တည်ကျိန်ဆိုပြီးတော့ ဒီလူတွေကို ချက်ချင်း ခေါ်သွားတော့… ကြိမ်လုံးက မင်းဘယ်နေရာသွားသွား မင်းနောက်ကနေ အမြဲတမ်း လိုက်နေလိမ့်မယ်…. မင်း သစ္စာဖောက်ခဲ့ရင် မင်းကို ရိုက်လိမ့်မယ်”

ချင်မူမှာ တုံ့ဆိုင်းသွားပြီး ချက်ချင်းမယူပေ။ ထိုအစား အသေအချာ စစ်ဆေးကြည့်နေသည်။

ကြိမ်လုံးသည် ဖြောင့်တန်းနေသော်လည်း ပျော့ပြောင်းပုံပေါ်သည်။ သစ်ခေါက်ပေါ်ရှိ အမှတ်အသားများက အလွန်တရာ ထူးဆန်းနေကာ မဟာတာအိုအမှတ်အသားများနှင့် ဆင်တူပေသည်။ စကြ၀ဠာ၏ ကြီးမားကျယ်ပြန့်သော မဟာတာအိုအမှတ်အသားများနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။

ကြာပွတ်နှင့် ယှဉ်လျှင် ဤကြိမ်လုံးကား ပို၍ထူးကဲ၏။ သစ်ခေါက်ပေါ်ရှိ အမှတ်အသားများက မကြာခဏ ပေါက်ကွဲနေပြီး သာယာနာပျော်ဖွယ် တာအိုသံများကို ထွက်ပေါ်နေစေသည်။

သိသိသာသာပင် ကျောင်းဆရာ၏ ကြာပွတ်မှာ တာအိုသစ်ပင်၏ သစ်ကိုင်းများမှ ပြုလုပ်ထားခြင်း မဟုတ်ပေ။ ၎င်း၏ စွမ်းအားနှင့် ဆန်းကြယ်မှုက ဤကြိမ်လုံးအောက် နိမ့်ကျ၏။

ချင်မူက သစ်ပင်အောက်ရှိ စာပေသမားကို တစ်ချက်လှမ်း ကြည့်လိုက်ရင်း မယုံသင်္ကာပြောသည်။ “ခင်ဗျားက တာအိုသစ်ပင်က သစ်ကိုင်းတစ်လက် ချိုးပြီး ကျွန်တော့်ကို ကျိန်ဆိုခိုင်းတာလား … ဒီသစ်ကိုင်းက ကျွန်တော့်နောက် လိုက်နေလိမ့်မယ်လို့လည်း ပြောခဲ့သေးတယ်… ကျွန်တော် ကတိမဖျက်သရွေ့ ဒီကြိမ်လုံးက ကျွန်တော့်အပိုင်ဖြစ်သွားမယ့် အဓိပ္ပာယ်မလား”

သစ်ပင်အောက်ရှိ စာပေသမားက မည်သည့်စကားမှ ပြန်မပြောပေ။ ချင်မူ့အရှေ့ရှိ ကျောင်းဆရာက ပြော၏။ “မင်း ကတိမဖျက်ရင် ဒီကြိမ်လုံးကို ‌မင်းဆီ ပေးလိုက်လို့ ဘာဆိုးကျိုးမှ မရှိဘူး… ငါ့လမ်းစဉ်က မင်း ခန့်မှန်းနိုင်တဲ့ အရာမျိုးမဟုတ်ဘူး… ငါ့ကြာပွတ်က တာအိုနှလုံးသားနဲ့ မူလဝိညာဉ်တွေကို ရိုက်နှက်တဲ့နေရာမှာ သိပ်ကိုတော်တယ်… ဘယ်သူပဲဖြစ်ဖြစ် ကြာပွတ်မြှောက်လိုက်တာနဲ့ မူလဝိညာဉ်ကို ထိမှာပဲ…. မူလဝိညာဉ်ကို ထိသွားရင် တာအိုနှလုံသားဟာ အသိစိတ်ပျောက်သွားလိမ့်မယ်”

ချင်မူက သိပ်မယုံပေ။

သစ်ပင်အောက်ရှိ စာပေသမားသည် မျက်ခုံးများပင့်လိုက်ပြီး နှာခေါင်းရှုံ့၏။ “မင်းက တခြားသူတွေထက် သံသယဝင်နေတာဆိုတော့ ရေစက်မပါတာပဲ နေမှာ … ဆက်ပြီး သံသယဝင်မယ်ဆိုရင် ငါတို့အပေးအယူကို ဖျက်သိမ်းလိုက်လို့ရတယ်…. ငါ့ကို ဆက်ပြီး ပစ်နေလိုက်…. ငါ သေသွားတဲ့အထိ နှစ်ထောင်သောင်းပေါင်းများစွာ မင်း ပစ်နေတာကို မြင်ချင်တယ်”

ချင်မူက ချက်ချင်း ပြုံးလိုက်သည်။ “ကျွန်တော် ကျိန်ဆိုပါတယ်…” သူက ထိုသို့ပြောပြီးနောက် ကြိမ်လုံးအား လက်တစ်ဖက်တည်းဖြင့် ဆွဲယူလိုက်သည်။

ကျောင်းဆရာက လွှတ်ပေးချင်စိတ်မရှိဘဲ ချက်ချင်း ပြောလေသည်။ “ဒီကြိမ်လုံးက ငါ့လက်ထဲမှာ ရှိရမယ်…ငါ့လက်ထဲမှာ ထားပြီး ကျိန်လိုက်..”

ချင်မူက အတင်းဆွဲယူလိုက်ရင်း ပြုံးလိုက်သည်။ “ကျွန်တော်ကိုယ်တိုင် ကိုင်ပြီး ကျိန်တာ ပိုကောင်းပါတယ်…. ကမ္ဘာဦးတန်ခိုးရှင်ကို မယုံတာ မဟုတ်ပါဘူး… အဲ တကယ်လည်း မယုံဘူး”

သူက ကြာပွတ်ကို ဆွဲယူ၍ အသေအချာ စစ်ဆေးကြည့်နေသည်။ ထို့နောက် ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ပြီး စစ်ဆေးကြည့်ကာ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်၏ တစ်၀က်ကို ဖယ်ကြည့်၏။ ထို့နောက် မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို သုံးကာ ကြာပွတ်ထဲတွင် ငုပ်လျှိုးနေသော လှည့်ကွက်များ ရှိ၊မရှိ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်မှသာ စိတ်အေးသွားပြီး မိုးမခသစ်ရွက်ကို သေချာပြန်သိမ်းလိုက်သည်။

ကျောင်းဆရာက ဒေါသတကြီး အော်တော့သည်။ “မင်းက သူခိုးလားကွ… တခြားသူတွေ လှည့်စားမှာကို အမြဲတမ်း စိုးရိမ်နေတာ….”

“ဟုတ်တယ်… ကျွန်တော်က သူခိုးပဲလေ”

ချင်မူက မငြင်းဆိုဘဲ သစ်ပင်အောက်ရှိ စာပေသမားအား လန်ယွီတျန်းနှင့် အခြားသူများကို အရင်လွှတ်စေသည်။ အားလုံး အသိစိတ်ပြန်ဝင်လာပြီး သူ့အနောက် ရောက်လာသည့်အခါမှသာ ချင်မူသည် ကျိန်ဆိုပြီး ထွက်ခွာသွားတော့၏။ သူ့အနေဖြင့် ကျောက်ယန်ခန်းမထဲသို့ နောက်ထပ်ခြေတစ်လှမ်းပင် လှမ်းတော့မည် မဟုတ်ပေ။

သစ္စာဖွဲ့တည်သွားသည်နှင့် ချင်မူလည်း သူ၏အသိစိတ်အလျဉ် ကြိမ်လုံးနှင့် ချိတ်ဆက်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏အသိစိတ်အလျဉ်သည် ကြိမ်လုံးနှင့် ချိတ်ဆက်သွားသည်သာ မဟုတ်ဘဲ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲရှိ တာအိုသစ်ပင်၊ တာအိုသစ်သီးနှင့် တာအိုပန်းပွင့်တို့နှင့်ပါ ချိတ်ဆက်သွားသည်။

ချင်မူ့မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏အသိစိတ်အလျဉ်ကို ချက်ချင်း ဖြတ်တောက်လိုက်၏။ သူက အေးစက်စွာ ခနဲ့သည်။ “ခင်ဗျား ကျွန်တော့်ကို အကောက်ကြံတယ်ပေါ့လေ..”

ဝုန်း…

သူက ဖန်သားကောင်းကင်စေတီကို မြှောက်ကာ သူ့အရှေ့ရှိ ကျောင်းဆရာအား ပေါက်ကွဲသွားစေ၏။

သစ်ပင်အောက်ရှိ စာပေသမားက တဟားဟား ရယ်မောလိုက်သည်။ “ငါ့နာမည်ကို ကိုးကွယ်ရင် မင်းကို ထာ၀ရရှင်သန်နိုင်စေမယ်… မင်းထင်တာ အမှန်ပဲ… ငါ၊ ကမ္ဘာဦးတန်ခိုးရှင်က ယုံကြည်ကိုးကွယ်မှုကနေ တာအိုရခဲ့တာ…. မင်း ငါ့နာမည်ကို ကျိန်ဆိုလိုက်ရင် ငါ လွတ်မြောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်…. မင်းရဲ့စိတ်နဲ့ အသိစိတ်အလျဉ်ကို ဆုံးရှုံးသွားရရင်တောင်မှ သစ္စာတည်ရှိနေသရွေ့ ဘယ်နေရာပဲရောက်ရောက် ငါ့အတွက် အားဖြည့်ပေးနေရမှာပဲ…”

ချင်မူ့မျက်နှာအမူအရာမှာ ဖြူဖတ်ဖြူလျော် ဖြစ်လာတော့သည်။ သူက အင်္ကျီလက်စကို လွှဲရမ်း၍ လန်ယွီတျန်းနှင့် ထော့ကျိုးတို့အား သူ၏တတိယမျက်လုံးထဲ ထည့်လိုက်သည်။ ထို့နောက် ချာခနဲ လှည့်ကာ ထွက်ခွာသွား၏။

စာသင်ခန်းထဲမှ ရွတ်ဖတ်သံအား နောက်တစ်ကြိမ် ကြားရနိုင်ပြီး ၎င်းက ချင်မူ့စိတ်ထဲတွင် အချိန်အတော်ကြာသည်အထိ စွဲထင်ကျန်ခဲ့သည်။

ထော့ကျိုးက စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ခပ်တိုးတိုး မေးလေသည်။ “မူအာ၊ အဲ့ဒီသူက မင်းကို အကောက်ကြံခဲ့တာမလား… ဟုတ်တယ်မလား…”

“အေးဆေးပါ... အပြင်ရောက်မှ ပြောကြတာပေါ့”

သူတို့သုံးယောက်က ခန်းမ၏ အရှေ့ဘက်သို့ ရောက်လာကြသည်။ အပြင်ဘက်တွင် ချိပ်တံဆိပ်အလွှာ‌ပေါင်းများစွာ ရှိပြီး သူတို့၀င်လာတုန်းကထက်ပင် ပို၍ ရှုပ်ထွေးနေချေပြီ။

ချင်မူက လန်ယွီတျန်းနှင့် ထော့ကျိုးဆီ ကြည့်လိုက်သည်။ “ကျွန်တော် ဘိုးဘိုးတို့ကို ကူညီနိုင်မယ်မထင်ဘူး…” သူက ပြော၏။ “ကမ္ဘာဦးတန်ခိုးရှင်က ကျွန်တော် သစ္စာကျိန်ဆိုခဲ့တာကို အခွင့်ကောင်းယူပြီးတော့ စာသင်ခန်းထဲက ရွတ်ဖတ်သံတွေကို ကျွန်တော့်တာအိုနှလုံးသားထဲမှာ ခတ်နှိပ်ခဲ့တယ်…. ကျွန်တော်ကိုယ်တိုင် စိတ်မပါ‌ဘဲ ရွတ်ဆိုနေအောင် လုပ်ခဲ့တာ… အခု သက်ရောက်မှု မရှိသေးပေမယ့် အချိန်ကြာလာလေလေ သက်ရောက်မှု ကြီးလေလေပဲ…. အခု ဒီနေရာကနေ ထွက်သွားဖို့ ယုံကြည်ချက် မရှိတော့ဘူး… ကျွန်တော့်ကို ခေါ်သွားပေးလို့ရမလား”

ထော့ကျိုးက ချင်မူ့ကို ကျောပိုးလိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “စိတ်မပူပါနဲ့.. ငါ ပင်ပန်းပြီး သေသွားရင်တောင် မင်းကိုတော့ အပြင်ရောက်အောင် ပို့ပေးမယ်…”

သူတို့နှစ်ယောက်က နောက်ဆုတ်ပြီးနောက် ရုတ်တရက် အရှိန်မြှင့်တင်ကာ ချိပ်တံဆိပ်အလွှာများထဲ ၀င်ရောက်သွားကြသည်။

ချင်မူက မျက်လုံးမှိတ်၍ သူ့စိတ်ထဲမှ ထွက်ပေါ်လာနေသော ရွတ်ဖတ်သံများကို ခုခံရန် အာရုံစိုက်နေသည်။ သူက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းပြီး သူ၏ ကိုယ်ပိုင်မှော်စွမ်းအင်ကို‌ ‌သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲ လောင်းထည့်ရင်း သိုင်းအဆင့်နိမ့်ကျနေခြင်းအား ဖြည့်တင်းပေးနေသည်။

သူတို့သည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးလွှားနေပြီး ထော့ကျိုးက အဆုံးအစွန်အထိ အရှိန်မြှင့်တင်ထားလေသည်။ သူ့ခြေထောက်ရှိ အရေပြားတို့ပင် ပေါက်ကွဲလာပြီး သွေးစိမ်းရှင်ရှင်ကျနေသော်ငြား လန်ယွီတျန်းအား လိုက်မှီနိုင်ရန် အားကုန်ပြေးလွှားနေသည်။

ဆယ်ရက်ကျော်ကြာပြီးသော် ချင်မူ့မှော်စွမ်းအင်၏ ထောက်ပံ့ပေးမှုဖြင့်ပင် သူ့ရုပ်ခန္ဓာမှာ အမှီမလိုက်နိုင်ချေ။ သူ့ရုပ်ခန္ဓာမှာ ပင်ပန်းနွမ်းနယ်လာပြီး စိတ်ဆောင်သောကြောင့်သာ အားတင်းနိုင်နေသေးခြင်းဖြစ်သည်။

လန်ယွီတျန်းက အရှိန်လျှော့လိုက်သောကြောင့် ထော့ကျိုးက အံကြိတ်လိုက်သည်။ “မရပ်နဲ့…မင်း ရပ်လိုက်ရင် ဘယ်သူမှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး…”

လန်ယွီတျန်းမှာ အားတင်းလျက် ရှေ့ဆက်ပြေးတော့သည်။

နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားပြီး လန်ယွီတျန်းသည် ကျောက်ယန်ခန်းမ၏ ချိပ်တံဆိပ်အလွှာများထဲမှ ပြေးထွက်လာနိုင်ခဲ့၏။။ သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ထော့ကျိုးရော၊ ချင်မူ့ကိုပါ မတွေ့လိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။

ဝုန်း….

ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သွေးများ စိုရွှဲလျက် မီးတောက်များဖြင့် လောင်ကျွမ်းခံနေရသည့် လူရိပ်တစ်ခုက ချိပ်တံဆိပ်များထဲမှ ထွက်လာသည်။ သူက ဒယိမ်းဒယိုင်ဖြင့် အနက်ရောင်တောင်တစ်လုံးအား ဝင်တိုက်သွား၏။ ခန်းမအရှေ့ရှိ လူအားလုံး အလောတကြီး ပြေးသွားကြသည်။ ‌ထော့ကျိုး၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ မီးသွေးတုံးအလား မည်းခြောက်လောင်ကျွမ်းနေပြီး ချင်မူလည်း ဘေးတွင် လဲကျနေကြောင်း တွေ့လိုက်ကြရသည်။

အားလုံးက အပြေးလာကြည့်ရန် ပြင်လိုက်ကြသော်လည်း ချင်မူ ထရပ်လာသည်။ သူ၏လက်ဆယ်ချောင်းက ပြန့်ကားလာပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်တော့မည့် ထော့ကျိုး၏ ဝိညာဉ်ကို ပြန်လည်စုစည်းလိုက်သည်။ ထို့နောက် ဖန်ဆင်းခြင်းသိုင်းကွက်အား အသက်သွင်းလျက် ထော့ကျိုး၏ ရုပ်ခန္ဓာကို ကုသကာ ချီနှင့်သွေး လျော့နည်းသွားမှုကို ပြန်လည်ဖြည့်တင်းပေးလိုက်သည်။

“ရှုကျွင်း… အစ်ကိုကြီး…”

ချင်မူက အံကြိတ်ထားပြီး အေးစက်စွာ ပြောသည်။ “ကျောက်ယန်ခန်းမကို ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ပို့လိုက်ပါ… ‌ခန်းမအပေါ်က ချိပ်တံဆိပ်ကို အသက်သွင်းပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးကို မျှားခေါ်လိုက်… သူတို့လက်တွေနဲ့ ဒီခန်းမကို လုံးဝဖျက်ဆီးပစ်စေရမယ်… ကမ္ဘာဦးတန်ခိုးရှင်… ခင်ဗျား ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”

All Chapters