ကောင်းကင်နတ်အရှင်ယွီနှင့် လန်ယွီတျန်း
Vol. 112 Ch. 1476
ဝေစွေ့ဖုန်းနှင့် ကျန်သူများအနေဖြင့် သူတို့ ကျောက်ယန်ခန်းမထဲတွင် မည်သည့်အရာနှင့် ကြုံတွေ့ခဲ့ရမှန်း မသိသော်လည်း အံတင်းတင်းကြိတ်ထားသည့် ချင်မူ့အသွင်အရ အတော်လေး ရှုံးနိမ့်ခံစားခဲ့ရကြောင်း သိသာပေသည်။
ချင်မူက သူတို့အား ကျောက်စိမ်းမြို့တော်၏ တည်နေရာကို ပြောပြသည်။ ထော့ကျိုး၏ ဒဏ်ရာများကို စစ်ဆေးနေရင်း သူက ပြောနေသည်။ “အစ်ကိုကြီးတို့ အရင်သွားပြီး ကျောက်ယန်ခန်းမကို ကျောက်စိမ်းမြို့တော်ဆီ ပို့လိုက်…အစ်ကိုကြီးကို ချိပ်တံဆိပ်ကို ထိပြီးရင် ချက်ချင်း ပြန်လာခဲ့…. မနေခဲ့နဲ့”
“စိတ်မပူနဲ့… ငါ အဲ့ဒီကို အရင်က ရောက်ဖူးပါတယ်… အနက်ဆုံး နေရာအထိ မဝင်နိုင်ခဲ့ပေမယ့် အထဲက ပုံစံအနေအထားကိုတော့ နည်းနည်း သိပါတယ်…”
ရှုကျွင်းက ခပ်သွက်သွက် ပြောသည်။ “ငါ ဦးဆောင်သရွေ့ အမှားအယွင်းရှိမှာ မဟုတ်ပါဘူး”
ဝေစွေ့ဖုန်းက ကျောက်ယန်ခန်းမကို သယ်ဆောင်ပြီး ရှုကျွင်းနှင့်အတူ ထွက်ခွာသွားသည်။
ချင်မူက ပရဆေးပင်များ ထုတ်ကာ ထော့ကျိုးအတွက် ဆေးလုံးများ ဖော်စပ်နေသည်။ ထော့ကျိုး၏ အရှိန်အဝါမှာ အားနည်းနေချေပြီ။ သူသည် ချင်မူ့အား သယ်ဆောင်ရင်း ကျောက်ယန်ခန်းမ၏ ချိပ်တံဆိပ်များကို ဖြတ်သန်းခဲ့ရလေရာ အသက်ဓာတ်ကို ထိခိုက်စေခဲ့မိ၏။ ချင်မူ ကုသပေးပြီးနောက်မှသာ အနည်းငယ် သက်သာလာခဲ့သည်။
သို့သော် အကောင်းအတိုင်း ပြန်လည်သက်သာလာရန်တော့ အချိန်အနည်းငယ် လိုအပ်သေးသည်။
ချင်မူက ဆေးလုံးများ ဖော်စပ်၍ အမျိုးအစားခွဲထားသည်။ ထို့နောက် အဘွားစစ်အား ပေးကာ မည်သည့်အချိန်တွင် ထော့ကျိုးကို ဆေးတိုက်ရမည်ဟု မှာနေသည်။
ချင်မူ ဖန်သားကောင်းကင်စေတီကို ထုတ်၍ ယန်အာဆီ ပေးလိုက်သည်ကို မြင်လျှင် အဘွားစစ်မှာ အံ့သြမှင်သက်သွားသည်။ ထို့နောက် သူက တောင်နတ်မင်း၊ ကောင်းကင်နတ်အရှင်ယွီ၊မင်ဧကရာဇ်နှင့် ကျန်သူတို့၏ ဝိညာဉ်များကို ထုတ်ကာ လန်ယွီတျန်းနှင့် ရှုရှန်းဟွာအား စောင့်ရှောက်စေသည်။
အဘွားစစ်က အလန့်တကြားဖြင့် ချင်မူ့ကို ဘေးသို့ ဆွဲခေါ်သွားသည်။ သူမက စိုးရိမ်ပူပန်စွာ မေးလေသည်။ “မူအာ၊ ငါ လန့်လာပြီ… နင် ခန်းမထဲမှာ တကယ်ပဲ ကုသလို့မရတဲ့ ဒဏ်ရာ ရခဲ့တာလား”
ချင်မူက ခေါင်းခါသည်။ “ကျွန်တော် ထောင်ချောက်မိသွားခဲ့တာပါ… နောက်ရက်အနည်းငယ်အတွင်း ဗုဒ္ဓစွမ်းရည်တွေ အသုံးပြုပြီး ကမ္ဘာဦးတန်ခိုးရှင် ကျူးကျော်လာတာ တားဆီးဖို့ အိပ်စက်ရလိမ့်မယ်… ဘွားဘွားတို့ ကျွန်တော့်ကို ကာကွယ်ပေးပါ… ကျွန်တော် အိပ်မက်ထဲမှာ ကျမ်းစာတွေ ရွတ်ဖတ်နေတာမြင်ရင်…”
သူက တခဏ ရပ်သွားပြီးနောက် နတ်လေးကို ထုတ်၍ အဘွားစစ်၏ လက်ထဲ ထည့်သည်။ ထို့နောက် အံတင်းတင်းကြိတ်လိုက်ပြီး ဆက်ပြော၏။ “ကျွန်တော့်မူလဝိညာဉ်ကို မြားနဲ့ ပစ်လိုက်ပါ..”
အဘွားစစ်မှာ အကြီးအကျယ် မျက်နှာပျက်သွားပြီး နတ်လေးကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
ချင်မူက အလျင်အမြန် ပြော၏။ “ကျွန်တော့်မူလဝိညာဉ် သေသွားရင်တောင်မှ ကျွန်တော်သေမှာ မဟုတ်ဘူး ဘွားဘွားရဲ့ … ဝိညာဉ်ကို ပြန်အသက်သွင်းလို့ ရတယ်.. အဆိုးဆုံးအနေနဲ့ မူလဝိညာဉ်ကို ဖျက်စီးပြီး ပြန်ကျင့်ကြံရုံပဲ ရှိတာပါ… အဲ့ဒီကမ္ဘာဦးတန်ခိုးရှင် ကျွန်တော့်ရဲ့ စွမ်းအားကို ငှားယူပြီး ကျောက်ယန်ခန်းမထဲက ထွက်လာခဲ့ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးတောင် သူ့ကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး… မတွေဝေပါနဲ့နော်”
အဘွားစစ်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေသည်။ သူမက နတ်လေးကို ကောက်ယူ၍ မျက်ကန်းအား ပေးလိုက်သည်။ မျက်ကန်းက နတ်လေးကို ယူထားရင်း တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းခါသည်။ “ငါ မလုပ်နိုင်ဘူး”
သူသည် နတ်လေးအား ရွှေအထံ လှမ်းလိုက်သော်လည်း ရွှေအ,ကပါ ခေါင်းခါသည်။ “ငါ ပျိုးထောင်ပေးခဲ့တဲ့ ကလေးတစ်ယောက်အပေါ် မလုပ်နိုင်ဘူး….”
“ငါ လုပ်မယ်”
အဘွားစစ်က နတ်လေးကို ပြန်ယူပြီးနောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမက ပြတ်သားစွာ ပြော၏။ “မူအာကို သွားကောက်ခဲ့တဲ့သူက ငါ ဆိုတော့ ငါကိုယ်တိုင်လုပ်တာ ပိုကောင်းတယ်… ငါက ရက်စက်တဲ့ မိန်းမကြမ်းကြီးပဲဟာ ”
သူမမှာ အသက်ကို ပြင်းစွာ ရှုနေရသည်။ သူမ၏နှလုံးသားမှာ သူမ ပြောသကဲ့သို့ မရက်စက်သည်မှာ သိသာပေ၏။
ချင်မူက လန်ယွီတျန်းကို မှာသည်။ “မင်း ကျန်တဲ့ဝိညာဉ်အပိုင်းအစနဲ့ ပေါင်းစည်းတာ၊ မပေါင်းစည်းတာက မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ့်အရာ … ဘယ်သူမှ မင်းအစား ဆုံးဖြတ်ပေးလို့ မရဘူး”
လန်ယွီတျန်းမှာ တွေဝေနေပြီး ခေါင်းညိတ်သည်။
ယန်အာသည် တောင်နတ်မင်းကျုချွဲ၏ ဝိညာဉ်အား ခေါ်သွားလေ၏။ သားအမိ ပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သဖြင့် ပြောစရာစကားများစွာ ရှိနေလိမ့်မည်။
မင်ဧကရာဇ်၏ ဝိညာဉ်တစ်ခုတည်းသာ မရင်းနှီးသော နယ်မြေတွင် ဇဝေဇဝါဖြင့် မျောလွင့်နေသည်။ “ဒါက ဘယ်နေရာလဲ… ငါ သေသွားပြီ မဟုတ်လား”
သူက ကောင်းကင်နှင့် မြေကြီးဆီသို့ မော့ကြည့်လိုက်သည်။ ဤလောကသည် သူ့အတွက် အစိမ်းသက်သက် ဖြစ်နေ၏။ သူ မည်မျှကြာကြာ သေဆုံးနေခဲ့မှန်း မသိသလို ၊ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာခဲ့ရမှန်းလည်း မသိပေ။
“ဒီနေရာက ထွက်မသွားနဲ့”
ကလေးမလေးတစ်ယောက်က သူ့အရှေ့တွင် လာရပ်ပြီး သူ့အား မော့ကြည့်နေသည်။ သူမ၏အသံလေးက ကြည်လင်ချိုသာလှသည်။ “ဒါက အထွတ်အမြတ်တောင်တန်းတစ်သိန်းပဲ… ယိုတုမရောက်နိုင်တဲ့ နေရာပေါ့… ရှင်က ဝိညာဉ်ဆိုတော့… ဒီနေရာကနေ ထွက်သွားတာနဲ့ မြေအောက်ဘုံအရှင်သခင်က ယိုတုဆီ ခေါ်သွားလိမ့်မယ်… ရှင်က ကျောက်ယန်ခန်းမထဲမှာ ချုပ်နှောင်ခံခဲ့ရတာ… အသက်ရှင်တုန်းက မကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်မလား… မြေအောက်ဘုံအရှင်သခင်က ရှင့်ကို ပညာပြလိမ့်မယ်”
မင်ဧကရာဇ်မှာ ငိုရခက်၊ ရယ်ရခက်ဖြစ်နေသည်။ သူက မေးလိုက်၏။ “မင်းက ဘယ်သူတုန်း… ဘာလို့ ငါ့ရှေ့မှာ ပိတ်ရပ်နေတာလဲ”
“ကျွန်မနာမည်က ဟွာရွှမ်းရှို့ ... သူက ကျွန်မရဲ့အစ်ကိုတော် ၀မ်ယွမ်ပဲ…”
ကလေးမလေးက ချောမောနူးညံ့သည့် လူငယ်တစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး ပြုံးနေသည်။ “သူက ကျွန်မတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ်လေးလေ… နှစ်အနည်းငယ် ကြာသွားလို့ စမ်းသပ်မှုတွေ ပြီးသွားရင် ဂိုဏ်းသခင်ရာထူးကို ဆက်ခံမှာ… အင်း ဂိုဏ်းသခင်ဟောင်းက အသက်ရှင်နေသေးတာတော့ ဟုတ်တယ်… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ စည်းမျဉ်းအရ ဂိုဏ်းသခင်ငယ်အနေနဲ့ ရာထူးကို တရားဝင်မဆက်ခံခင် ဂိုဏ်းသခင်ဟောင်းကို သတ်ဖြတ်ရတယ်လေ… ၀မ်ယွမ်အတွက် အခွင့်အရေး မရှိလောက်ဘူး… ကျွန်မတို့ ဂိုဏ်းသခင်ဟောင်းက သိပ်အစွမ်းထက်တာဆိုတော့…”
၀မ်ယွမ်မှာ ကူကယ်ရာမဲ့စွာ ဝင်ပြောလိုက်ရသည်။ “အဲဒီ ဆိုးရွားလွန်းတဲ့ စည်းမျဉ်းတွေက သင်ကြားမှုတွေကို နားမလည်တဲ့ အတိတ်က ဂိုဏ်းသခင်ဟောင်းတွေကြောင့် ဖြစ်လာတာပါ… အခု အဲ့လိုစည်းမျဉ်း မရှိတော့ဘူး… မင်ဧကရာဇ်၊ ခင်ဗျားမှာ အခု ရုပ်ခန္ဓာမရှိဘူး… တစ္ဆေတစ်ကောင် ဖြစ်နေတာဆိုတော့ ဒီနေရာမှာ နေတာ အကောင်းဆုံးပဲ… ဂိုဏ်းသခင် နိုးလာလို့ ခင်ဗျားရဲ့ ရုပ်ခန္ဓာအပိုင်းအစတွေကို ရှာတွေ့ရင် ခင်ဗျားရဲ့ရုပ်ခန္ဓာကို ပြန်တည်ဆောက်ပြီး အသက်သွင်းပေးနိုင်လိမ့်မယ်”
သူတို့နှစ်ယောက်မှာ ချစ်စရာကောင်းလွန်းသဖြင့် မင်ဧကရာဇ်သည် နှလုံးသားထဲ၌ ချစ်ခင်ရင်းနှီးမှုကို ခံစားလိုက်ရသည်။ “အခုအချိန်မှာ ငါက ဘာပိုင်ဆိုင်မှုမှမရှိတဲ့ တစ္ဆေတစ်ကောင်ပဲ…. မင်းနဲ့ မင်းရဲ့ ညီမကို ငါ့အန္တိမသိုင်းကွက် သင်ပေးရင်ရော…”
ဟွာရှန်းရွှီနှင့် ၀မ်ယွမ်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ပြိုင်တူခေါင်းမော့ကြည့်လိုက်ကြသည်။ “အဲဒါက ပြိုင်ဘက်ကင်း ထာဝရနတ်ဘုရား ရုပ်ခန္ဓာအတတ်မလား”
မင်ဧကရာဇ်မှာ အနည်းငယ် ကြောင်အသွားပြီး ခေါင်းညိတ်လိုက်သည်။ သူ့မှာ ဇဝေဇဝါဖြစ်နေလေသည်။ “ကလေးတစ်ယောက်က ဘယ်လိုလုပ် ငါ့ရဲ့ ပြိုင်ဘက်ကင်း ထာဝရနတ်ဘုရား ရုပ်ခန္ဓာအတတ်ကို သိနေရတာလဲ… အခုက ဘယ်ခေတ် ရောက်နေပြီလဲ… လွှဲပြောင်းမပေးရသေးတဲ့ ငါ့ရဲ့လျှို့ဝှက်ကျင့်စဉ်က အရာမဝင်တော့ဘူးလား”
“ကျွန်တော်တို့အားလုံး ကျင့်ကြံခဲ့ပြီးပြီ”
၀မ်ယွမ်က တခဏတွေးတောနေပြီးနောက် ရှင်းပြသည်။ “ဟုတ်သား … ဂိုဏ်းသခင်၊ အတိတ်တုန်းက ခင်ဗျားအကြောင်း ပြန်ပြောခဲ့တုန်းဖူးတယ်… ခင်ဗျားအသတ်ခံရတာ ခင်ဗျားရဲ့ ပြိုင်ဘက်ကင်း ထာဝရနတ်ဘုရား ရုပ်ခန္ဓာက မူလဝိညာဉ်အဆင့်အထိ မရောက်နိုင်ခဲ့လို့တဲ့.. မူလဝိညာဉ်ကို ခန္ဓာကိုယ်နဲ့အတူ ခေါင်းသုံးလုံး လက်ခြောက်ဖက်အဖြစ် ပြောင်းလဲခွင့် မရခဲ့ဘူးလို့ ပြောတယ်… ခင်ဗျားလည်း အခု ထွက်မသွားနိုင်ဘူးဆိုတော့ ချိဧကရာဇ်ရဲ့ မူလဝိညာဉ်သုံးသွယ်ကျင့်စဉ်ကို ခင်ဗျားဆီ လွှဲပြောင်းပေးမယ်လေ”
မင်ဧကရာဇ်မှာ မျက်လုံးများ ပြူးကျယ်သွားကာ ငေးကြောင်နေသည်။ သူသည် ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် အသိစိတ်ဝင်လာသဖြင့် မေးလိုက်သည်။ “တာအိုမိတ်ဆွေလေးတို့၊ အခုက ဘယ်ခေတ် ရောက်နေပြီလဲ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်” ဟာရွှမ်းရွှီနှင့် ၀မ်ယွမ်က ပြိုင်တူဖြေကြ၏။
လန်ယွီတျန်းက သူ မဟုတ်သော သူကို ကြည့်နေသည်။ ထိုသူကား ကောင်းကင်နတ်အရှင်ယွီပင်။ ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွီသည် လွန်ခဲ့သည့်နှစ်တစ်သန်းမှ သူ၏မှတ်ဉာဏ်များကို သယ်ဆောင်ထားသော ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်သည်။ သူ၏ ကျန်ရှိသည့် ဝိညာဉ်အပိုင်းအစနှင့် လိုက်လျောညီထွေ ဖြစ်သွားပြီး ကောင်းကင်နတ်အရှင်ယွီ ဖြစ်လာနိုင်၊ မဖြစ်လာနိုင်က လန်ယွီတျန်းအား တုံ့ဆိုင်းနေစေသည်။
ကောင်းကင်နတ်အရှင်ယွီကလည်း သူ့ကို ကြည့်နေသည်။ လူငယ်နှစ်ယောက်မှာ ချွတ်စွပ်တူ၏။ မှန်ပါသည်။ လန်ယွီတျန်းကတော့ ပို၀၏။ ယန်အာ ရှိနေသရွေ့ သူ ပိန်လာလိမ့်မည် မဟုတ်ပေ။
သူ၏မျက်နှာတွင် ကလေးဆန်သော အသွင်အပြင်တို့ ရှိနေသေးပြီး ကောင်းကင်နတ်အရှင်ယွီ၏ မျက်နှာကတော့ ပို၍ရင့်ကျက်နေသည်။ သို့သော် သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုသာ ဖြစ်၍ ရုပ်ခန္ဓာမရှိပေ။ ထိုမျှသာမက ဝိညာဥ်မှာလည်း ဆိုးရွားစွာ ထိခိုက်ထားသည်။
လန်ယွီတျန်းက သူ၏အတိတ်ကိုယ်ကို ဇဝေဇဝါ ကြည့်နေသည်။ သူ၏ဝိညာဉ်က ထိုခန္ဓာကိုယ်မှ မွေးဖွားလာသည့် အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားသော်လည်း သူသည် ကောင်းကင်နတ်အရှင်ယွီမဟုတ်သလို ခံစားနေရ၏။
ကောင်းကင်နတ်အရှင်ယွီက သူ၏တွေဝေနေမှုကို ထွင်းဖောက်မြင်နေရသည့်အလား ညင်သာစွာ ပြုံးပြသည်။ “ဒီနှစ်တွေအတွင်း မင်းရဲ့အတွေ့အကြုံတွေကို ပြောပြပေးလို့ရမလား”
လန်ယွီတျန်းက တခဏ တွန့်ဆုတ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။
လူတစ်ယောက်နှင့် ဝိညာဉ်အပိုင်းအစတစ်ခု တောင်စွန်းတစ်ခုတွင် ထိုင်နေကြသည်။ လန်ယွီတျန်းသည် ဤနှစ်များအတွင်း သူကြုံတွေ့ခဲ့ရသည့် အရာတို့အား လုံးစေ့ပတ်စေ့ ပြန်ပြောပြနေလေ၏။
သူ အသက်ပြန်ရှင်လာပြီး မှတ်ဉာဏ်များ ဆုံးရှုံးခဲ့ရသည့် အချိန်မှစ၍ ကောင်းကင်နတ်အရှင်ရုံ သူ့အား ယိုတုသို့ ခေါ်သွားခဲ့သည့်အချိန်၊ ထို့နောက် ယိုတုမှ ထွက်ခွာခိုင်း၍ ချင်မူ့လက်ထဲ အပ်ထားခဲ့သည့်အချိန်များနှင့် အခြေခံသင်္ကေတများအား သင်ယူရန် တက္ကသိုလ်များသို့ သူ့အား ချင်မူခေါ်သွားခဲ့သည့်အချိန်များကို ပြန်ပြောပြနေသည်။
ထို့နောက် ဒုက္ခိတဘိုးဘွားကျေးရွာရှိ အဘိုးအဘွားများဆီမှ ပညာသင်ယူရန် ချင်မူ ထားခဲ့သည့်အချိန်များ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဖြစ်ပွားသည့်အချိန် ၊ သူ ယိုတုသို့ ပြန်သွားခဲ့သည့်အချိန်နှင့် ကပ်ဘေးပြီးနောက် ထော့ကျိုး သူ့အား ယိုတုမှ ခိုးထုတ်လာခဲ့သည့်အချိန်များကို ပြောပြ၏။
ထိုအချိန်မှသာ ဤနှစ်များအတွင်း သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများသည် အရောင်အသွေး စုံလင်ပြီး ကွဲပြားနေမှန်း နားလည်သဘောပေါက်ခဲ့သည်။
လမ်းစဉ်ရှာဖွေရန် လျှောက်သွားခဲ့စဉ်က တပည့်များ၊ မိတ်ဆွေများ ရခဲ့သည့်အကြောင်းများလည်း ပြောပြနေမိသည်။ သူ့မှာ ထူးဆန်းသော ကောင်းကင်နတ်သိုင်းနှင့် အတွေးမျိုးစုံအား သူ၏ ဝိညာဉ်အပိုင်းအစကို ပြန်လည်ရှင်းပြရင်း ပြုံးနေမိသည်။
သူ၏တပည့်များနှင့် သူ၏မိတ်ဆွေများအကြား ဖြစ်ပွားခဲ့သောအရာများကိုလည်း ပြန်ပြောပြမိ၏။ ဥပမာအားဖြင့် ရှုကျွင်းသည် ဆေးဆရာ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ဆေးပေါင်းဖိုထဲတွင် အစမ်းသပ်ခံခဲ့ရခြင်းတို့ ပင်။
သူသည် မပြုံးတတ် မရယ်တတ်သော ရှုရှန်းဟွာနှင့် ဆင်တူသော်လည်း သူ၏နှလုံးသားထဲတွင် လောင်ကျွမ်းနေသည့်အရာ ရှိ၏။
လန်ယွီတျန်းကား ရင့်ကျက်၍ ပါးနပ်သော တာအိုသခင်လင်းရွှမ်၊ ကျောက်စိမ်းမြို့တော်၏ ခေါင်းမာသော နတ်ဝိဇ္ဇာဝမ့်မူရန်၊ သူတစ်ပါးအပေါ် ပြုစုပေးရသည်ကို နှစ်သက်သော တောင်၀င်ရိုးစွန်း၏ မင်းသမီးလေးယန်အာ၊ ဓားလမ်းစဉ်ကို စွဲမက်နေသော ခိုင်ဧကရာဇ်ချင်ယဲ့နှင့် ခေါင်းထဲတွင် ဘာစားရမည်လဲသာ သိသည့် ချင်ဖုန်းကျင့်တို့နှင့်လည်း တူပေသည်။
သူသည် စိတ်ဝင်စားဖွယ်ကောင်းသော ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံခဲ့ရသဖြင့် ပြန်ပြောပြရင်း ရယ်မောနေမိ၏။
အဘယ်ကြောင့် ပြောစရာစကားများစွာ ရှိနေမှန်းလည်း သူ မသိပေ။ ကောင်းကင်နတ်အရှင်ယွီသည် သူ၏ဝိညာဥ်အပိုင်းအစတစ်ခုသာ ဖြစ်သော်လည်း သူ၏အစ်ကိုကြီးတစ်ယောက်ပမာ ခံစားနေရသည်။
ကောင်းကင်နတ်အရှင်ယွီက ပြုံးလျက် နားထောင်နေသည်။ လန်ယွီတျန်းက နေဝင်သည်အထိ ပြောပြပြီးသည့်တိုင်အောင် မရပ်သေးပေ။ နေထွက်ခါနီးအချိန်အထိ ဆက်လက် ပြောပြနေသည်။
အရှေ့အရပ်မှ အလင်းရောင်များ ဖြာထွက်လာသည်။
ကောင်းကင်နတ်အရှင်ယွီက မေးသည်။ “မင်း ဘာအန္တရာယ်မှ မကြုံတွေ့ခဲ့ရဘူးလား”
“အစ်ကိုကြီးက ကျွန်တော့်အစား ခံပေးခဲ့တယ်လေ”
လန်ယွီတျန်းက အိပ်မက်မက်နေသည့် ချင်မူ့ဘက် လှမ်းကြည့်၏။ “ဘယ်လောက်ပဲ အန္တရာယ်တွေ ကြီးမားပါစေ အကုန်ခေါင်းခံပေးခဲ့တယ်… ကျွန်တော့်ကို လမ်းစဉ်နားလည်မှာကိုပဲ အာရုံစိုက်စေပြီးတော့ ဘာအနှောင့်အယှက်မှ အဖြစ်မခံခဲ့ဘူး…. အဲဒီအနှောင့်အယှက်တွေနဲ့လည်း ၀င်မပက်သက်စေချင်ခဲ့ဘူး… သူ ဘာလိုချင်သလဲ ကျွန်တော်သိ တယ်”
“မင်း သိတယ်လား..”
ကောင်းကင်နတ်အရှင်ယွီက အနောက်သို့ လက်ထောက်၍ မှီလိုက်သည်။ သူက အဖြူရောင်ကောင်းကင်ကြီးအား မော့ကြည့်၍ သူ့ဘေးရှိ သူ့ကိုယ်သူ ပြန်ကြည့်ကာ ပြုံးနေသည်။ “ငါအတွေ့အကြုံတွေကတော့ မင်းနဲ့ မတူဘူး… နဂါးဟန်ခေတ်မတိုင်ခင် လူသားမျိုးနွယ်ဟာ အခက်အခဲ ဒုက္ခတွေများစွာ ခံစားခဲ့ကြရတယ်… အသက်ရှင်ဖို့တောင် ခက်ခဲလွန်းခဲ့တာ… လူသားမျိုးနွယ်ရဲ့ အခက်အခဲတွေအားလုံးကို သူရဲကောင်းတစ်ယောက်ယောက်က သယ်ပိုးပေးနိုင်ဖို့ ငါ မျှော်လင့်ခဲ့မိတယ်… နောက်တော့ ဘယ်သူမှ သူရဲကောင်းဖြစ်လာမှာ မဟုတ်မှန်း သိခဲ့ရတယ်လေ… ဒါကြောင့် ငါ ထရပ်ခဲ့တယ်… ဘယ်သူမှ သူရဲကောင်း ဖြစ်မလာရင် ငါ သူရဲကောင်း ဖြစ်လာစေရမယ် ဆိုတဲ့ အတွေးနဲ့ပေါ့”
သူ၏မျက်လုံးများထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။ အခက်အခဲဒုက္ခများစွာ ခံစားခဲ့ရသော်လည်း သူသည် အေးဆေးတည်ငြိမ်စွာ ပြောပြနေ၏။ “ငါ ဦးနှောက် ပေါက်ထွက်တော့မတတ် ကြိုးစားခဲ့ရတယ်… ခွန်အားကို တိုးတက်အောင် လုပ်နေရင်း အဆုံးမရှိတဲ့ လမ်းတွေကနေ လူသားမျိုးနွယ် သန်မာလာပြီး ရှင်သန်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားခဲ့ရတယ်… အမြဲတမ်း စိတ်ရော ကိုယ်ပါ ပင်ပန်းနေခဲ့ရတာ… ဒီမျှော်လင့်ချက်အတွက် ငါ့ရဲ့ တာအိုရှာဖွေမယ့်လမ်းစဉ်ကို လက်လျှော့ခဲ့ရပြီး နောက်ထပ်လူသားသိုင်းပညာရှင်တွေ ထွက်ပေါ်လာတာကို စောင့်ခဲ့ရတယ်..”
သူက ထရပ်လိုက်ပြီး ထွက်ပေါ်လာသည့် နေမင်းဆီသို့ မျက်နှာမူကား လက်နှစ်ဖက်အား ဆန့်တန်းလိုက်၏။ “မင်းက ငါ့ထက် ကံကောင်းတာပဲ… ဒီခေတ်မှာ ထရပ်ခဲ့ကြတဲ့သူတွေ ပိုများတယ်… သူတို့က သူရဲကောင်းတွေပဲ… မင်းအတွက် ဒုက္ခဝန်ပိုးတွေကို ထမ်းပေးထားကြတာ… တာအိုရှာဖွေသူ လန်ယွီတျန်း၊ မင်းက လန်ယွီတျန်းအစစ်ပဲ…”
သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြည်လင်ပြတ်သားလာပြီး မှတ်ဉာဏ်တို့က မီးခိုးငွေ့များအလား လွင့်မျောလာသည်။
သူက တောက်ပဖြူစင်သော အပြုံးတစ်ခုဖြင့် လန်ယွီတျန်းဘက်သို့ လှည့်ကြည့်လာ၏။
“ငါက လန်ယွီတျန်းအစစ် မဟုတ်ဘူး… ခေတ်ကြောင့် ဖိနှိပ်ချုပ်ချယ်ခံရပြီး ပြောင်းလဲခဲ့ရတဲ့ လန်ယွီတျန်းပဲ… ကောင်းကင်နတ်အရှင်ယွီဆိုတာလည်း အဆုံးသတ်မှာတော့ လန်ယွီတျန်းရဲ့ မှတ်ဉာဏ်တစ်ခုပါပဲကွာ”
သူက ဤခေတ်၏ သူ၊ လန်ယွီတျန်းအား လက်ပြနှုတ်ဆက်လိုက်သည်။
လန်ယွီတျန်းမှာ အလျင်အမြန် ထရပ်လိုက်သော်လည်း ကောင်းကင်နတ်အရှင်ယွီကား အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားကာ နူးညံ့ရိုးသားသည့် အသံတစ်သံသာ ကျန်ရစ်ခဲ့လေသည်။
“ဒီမှတ်ဉာဏ်တွေက မင်းရဲ့ ခရီးကို နှောင့်နှေးစေပြီး အတိတ်က ငါ ဖြစ်လာစေလိမ့်မယ်… အတိတ်က မှတ်ဉာဏ်တွေကိုလည်း သမိုင်းကြောင်းနဲ့အတူ ပျောက်ကွယ်သွားစေလိုက်ပါတော့…”
လန်ယွီတျန်းက လက်ဆန့်တန်းလိုက်သော်လည်း သူ့အား မကိုင်မိချေ။ ဝိညာဉ်၏ ကျန်ရှိသောအပိုင်းအစတချို့ကိုသာ ကိုင်လိုက်မိသည်။
ဝိညာဉ်အပိုင်းအစအမျှင်တချို့က သူ၏ဝိညာဉ်ကို အာရုံခံမိသွားပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ပေါင်းစည်းသွားကြ၏။
လန်ယွီတျန်းမှာ ထွက်ပေါ်လာနေသော နေမင်းကြီးအား ကြည့်ရင်း မျက်ရည်များ တားဆီးမရနိုင်စွာ စီးကျလာတော့သည်။
တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသည့်အလား ခံစားနေရသော်လည်း တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကို ရရှိလိုက်သလို ခံစားနေရ၏။
သူက နေမင်းဆီသို့ လျှောက်လှမ်းသွားပြီး နေရောင်မှာ တဖြည်းဖြည်း တောက်ပလာနေသည်။ လက်မြှောက်၍ နေရောင်ကို ကာလိုက်သည့်အခါတွင်တော့ မြေပြင်ပေါ်တွင် ထိုင်နေသော ချင်မူ့ကို တွေ့လိုက်ရ၏။ သူ့ဆီမှ အိပ်မက်အလွှာပေါင်းများစွာက တစ်ခုပြီးတစ်ခု ပြန့်ကားထွက်နေကြလေသည်။