← Chapters

လေဟာပြင်ပြိုကျခြင်း

Vol. 87 Ch. 1206

လေဟာပြင်ပြိုကျခြင်း

Vol. 87 Ch. 1206

“ထာဝရရှင်သန်သူနယ်မြေပွင့်တာ အချိန်ကြာမယ်ဆိုတာ သိထားတာ ကြာပြီမလား အဲဒါကို မှတ်မိကြလား” ရင်လင်း ပြောလိုက်သည်။

“မှတ်မိပါတယ် သခင်ကြီးရင်လင်း အဲတုန်းကအကြောင်းအရင်းကို မသိဘူးလို့ပြောခဲ့ပါသေတးယ် အခုရော အကြောင်းအရင်းကိုသိသွားပြီလား”

“အင်း” ရင်လင်း ပြောလိုက်သည် “သက်တမ်းကြာသွားရတဲ့ အကြောင်း အရင်းက အခုသင်တို့စိုးရိမ်နေကြတဲ့ အရာနဲ့သက်ဆိုင်တယ် ဒီအကြောင်း ကြောင့်ပဲ မင်းတို့မျိုးဆက်တွေ သေတဲ့အထိဖြစ်တယ်လို့ထင်တယ်”

“ဘာအကြောင်းအရင်းလဲ”

ရင်လင်းသည် အတန်ကြာအောင်ထိ တိတ်သွားပြီး လေးနက်သော အသံဖြင့်ပြောလေသည် “သင်တို့လည်း ကောင်းကောင်းသိကြမှာပါ ကျုပ်တို့ တိုင်းပြည်အပြင်ဘက်မှာ တခြားတိုင်းပြည်တွေအများကြီးရှိတယ်ဆိုတာ ကျုပ်တို့ထက် အားကောင်းတာတွေရှိသလို အားနည်းတဲ့သူတွေလည်းရှိ တယ်”

“ဒါက အပြင်လူတွေနဲ့သက်ဆိုင်လို့လား” သူတို့သည် တအံ့တသြမေး လေသည်။

တခြားသူများသည် အပြင်လူများအကြောင်းကို မသိချင်မသိမည်။ သို့သော် အတွင်းအင်အားစု အများစုမှာ ထိုကြောင်းကို သိထားကြသည်။

ရင်လင်း ခေါင်းညိတ်ပြီး ပြောလိုက်သည် “ကျုပ်က ဒီအတိုင်းပဲ ဟောလိုက်တာပါ အခု ထာဝရရှင်သန်သူနယ်မြေမှာ ဖြစ်တဲ့မတော်တဆမှု တွေဖြစ်ရတဲ့အကြောင်းအရင်းက တခြားနေရာကဝင်ပေါက်လည်း ပွင့်သွား လို့ပဲ”

“တခြားနေရာက ပွင့်သွားတယ်ဟုတ်လား ဘယ်နေရာလဲဆိုတာရော သိလား”

“မသိဘူး” ရင်လင်း ပြောလိုက်သည် “ကျုပ်သိတာက အဲနေရာကလူ တွေက အများကြီးသန်မာတယ် ထာဝရရှင်သန်သူနယ်မြေကို ဝင်လာတဲ့လူ တွေက အရင်ရောက်နှင့်နေတဲ့သူတွေနဲ့တွေ့တယ် သေချာတာတော့ သူတို့က ရတနာကိုလုယူချင်တာပဲ”

ဝင်လာသောလူများသည် ရှေးဟောင်းကမ္ဘာဦးနယ်မြေလူများဆီမှ လုယက်ခဲ့ကြသည်။ သေဆုံးမှုနှုန်းသည် အရင်ကထက် မြင့်လာသည်။

“ဒါကို ဖြေရှင်းဖို့နည်းလမ်းရှိလား” လူတစ်ယောက် မေးလိုက်သည်။

ရင်လင်း ပြန်တိတ်သွားပြန်သည်။ ခဏအကြာတွင် သူပြောလိုက်သည် “အဲနှစ်က ကလေးကိုမှတ်မိလား”

အဲနှစ်က ကလေး…

အားလုံး မှင်တက်သွားကြသည်။ ခဏကြာသည်အထိ သူ မည်သူ့ကို ရည်ညွှန်းသည်ကို စဉ်းစားမရကြပေ။

လူတစ်ယောက်သည် တခြားသူများထက် တုန့်ပြန်မှုမြန်ဆန်ကာ ပြော လိုက်သည် “ရှီမာလွီရွှမ်နဲ့ တစ္ဆေမျိုးနွယ်မင်းသမီးတို့ ချန်ခဲ့တဲ့ ကလေးကို ပြောတာလား”

“အမှန်ပဲ”

“ဒီကိစ္စကို ဖြေရှင်းမဲ့သူက… သူမလား”

“ဒီပြဿနာကိုဖြေရှင်းဖို့ အရည်အချင်းက သူမ လက်ထဲမှာပဲ ဒါပေမဲ့ သူမ ကြားဝင်စွက်ဖက်မှာလားဆိုတာကိုတော့ ကျုပ်ခန့်မှန်းနိုင်တဲ့အရာ မဟုတ်ဘူး” ရင်လင်း ပြောလိုက်သည်။

“သူမ ဝင်မစွက်ဖက်ချင်ဘူးဆိုရင်ရော”

“ရလဒ်က ပြောဖို့ခက်တယ်” ရင်လင်း ပြောလိုက်သည် “သင်တို့ လက်မခံနိုင်တဲ့ အရာတစ်ခုခုဖြစ်လိမ့်မယ်”

လက်မခံနိုင်တဲ့ အရာဟုတ်လား။ ဆိုလိုတာက သူတို့လူတွေအကုန်လုံး ကို ဆုံးရှုံးလိုက်ရမှာလား။

“သူမက အသက် ၃၀စွန်းစွန်းရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ သူမ မိဘ တွေက ဘယ်လောက်ပဲအရည်အချင်းရှိရှိ သူမက ဘယ်လိုလုပ် ကောင်းကင် ကိုဆန့်ကျင်မဲ့ သားရဲတစ်ကောင်ဖြစ်လာမှာလဲ သူမထက် အားအဆမတန် ကောင်းတဲ့သူတွေ အများကြီးပဲ ဘယ်လိုလုပ် သူမက ဒီပြဿနာကိုဖြေရှင်း နိုင်မှာလဲ”

“ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့က အသန်မာဆုံးဖြစ်ဖို့မလိုတဲ့ အချိန်တွေရှိတယ်” ရင်လင်း ပြောလိုက်သည်။

အားလုံးသည် တိတ်သွားကြပြန်သည်။

“သခင်ကြီးရင်လင်း အဲတုန်းက ကလေးကိုအသက်ရှင်ခွင့်ပေးဖို့ ကျွန်တော်တို့ကိုပြောခဲ့တယ် သူမကို လွှတ်ပေးရင် ငြိမ်းချမ်းရေးယူလာပေးမဲ့ နေ့ရောက်လာမယ်လို့ ပြောခဲ့တယ်”

“ဟုတ်တယ် ပြောခဲ့တယ် ဒါပေမဲ့ အဲဒါကို မရည်ညွှန်းသေးဘူး” ရင်လင်း ပြောလိုက်သည် “ဒီတစ်ခေါက် မတော်တဆမှာတော့ သူမက အဓိကလူပဲ”

အားလုံးသည် ထပ်မံနှုတ်ဆိတ်သွားကြပြန်သည်။ သို့သော် သည်တစ် ကြိမ်တွင် ရင်လင်းသည် နောက်ထပ်မေးခွန်းမေးရန် အခွင့်အရေးမပေးပေ။ သူ၏ လက်ထောက်ကလေးသည် သူ့ကိုထူပေးကာ သူ မတ်တတ်ရပ်ပြီး အပြင်ဘက်သို့ ဦးတည်သွားလေသည်။

“သခင်ကြီးရင်လင်း”

ရင်လင်း ဒီလောက်မြန်မြန်ထွက်သွားလိမ့်မည်ဟု ထင်မထားသဖြင့် သူတို့သည် အော်ခေါ်မိလေသည်။

ရင်လင်းသည် ရပ်ပြီး အားလုံးကိုလှည့်ကြည့်လိုက်သည်။ သူ မမြင်ရ သော်လည်း သူတို့ မည်သို့ခံစားနေရမည်ကို သူမြင်နိုင်သည်။

“ကျုပ်က ဖြစ်လာမဲ့အရာတွေအတွက် ခွန်အားမရှိတော့ပါဘူး ဒါပေမဲ့ ဒီနေရာမှာ မင်းတို့အတွက် အကြံတစ်ခုပေးလိုက်မယ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လို့မရတဲ့အရာတွေဆိုတာ ရှိစမြဲပဲ တစ်စုံတစ်ခု မရှိတော့ရင် အဲနောက်ကိုမလိုက်ပါနဲ့ မဟုတ်ရင် ဘေးဒုက္ခတွေပဲ ယူလာပေးပြီး ဆုံးရှုံးမှုကို လည်းပြန်ရမှာမဟုတ်ဘူး”

ပြောပြီးနောက်တွင် သူလှည့်ပြီး လျှောက်ထွက်သွားလေသည်။ တစ်ချိန် တည်းမှာပင် တံခါးမှူးနှစ်ယောက်ဝင်လာပြီး အားလုံးကို အရိုအသေပေးကာ ပြောလေသည် “အားလုံးပဲ ဒီလမ်းပါ”

ထိုလူများသည် မေးရန်မေးခွန်းများ တန်းဆီနေသော်လည်း သည်နေရာမှ စည်းမျဉ်းကိုသိသည်။ သူတို့အတွက် သတင်းထပ်မရနိုင်တော့ ကာ နေရန်ခေါင်းမာနေပြန်လျှင်လည်း ဂမ္ဘီရပညာရှင်များကို ပိုမကျေမနပ်ဖြစ် စေမည်ကို သူတို့သိထားသည်။ သည်လိုနှင့် သူတို့သည် ထကာ ထွက်သွား ရတော့သည်။

ရင်လင်းသည် သူ့အခန်းသူပြန်ပြီးနောက် သွေးအန်လေသည်။ မျက်နှာ မှာလည်း သုံးဆလောက် ပို၍ဖျော့တော့လာသည်။

လက်ထောက်လေးသည် အလျင်အမြန်ပင် ဆေးတစ်လုံးထုတ်ပြီး သူ့ကိုကျွေးကာ ပြောလိုက်သည် “ဆရာ အခြေအနေဒီလောက်မကောင်းတာ ကို ဘာလို့ ကျင့်ကြံချင်နေသေးတာလဲ”

ရင်လင်းသည် အဝတ်ထုတ်ကာ နှုတ်ခမ်းထောင့်မှသွေးများကို သုတ်ပြီး ပြောလိုက်သည် “လက်ထောက်လေး ငါ ထွက်ပြေးချင်ရင်တောင် ထွက်ပြေး လို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်”

“ဒါပေမဲ့ အဲလောက်ကြီး နက်နဲတဲ့ ဟောကိန်းထုတ်စရာမလိုဘူးလေ အပေါ်ယံလုပ်လိုက်ရင် ဒီလောက်ဒဏ်ရာရမှာမဟုတ်ဘူးလေ” လက်ထောက် လေးပြန်ဖြေလေသည်။

“မင်းဆရာက ဒီတစ်ခေါက်တော့ ဟောကိန်းမထုတ်လိုက်ရင် ဆုံးရှုံးသွားရလိမ့်မယ်” ရင်လင်းပြန်ဖြေလေသည် “လက်ထောက်လေး ဒါတွေ ကို မြင်ပြီးတာတောင် ဂမ္ဘီရပညာရှင်ဖြစ်ချင်တုန်းလား”

လက်ထောက်လေးသည် လက်ထဲမှ အဝတ်ကိုယူပြီး ပြန်ဖြေလေသည် “ဆရာ ဘာတွေပဲဖြစ်ဖြစ် တပည့်စိတ်ကိုမပြောင်းပါဘူး”

“ဟူး… ” ရင်လင်းသည် ရှည်လျားစွာသက်ပြင်းချပြီး ပြောလိုက်သည် “မင်း ဆင်းသွားလို့ရပြီ ငါခဏလောက် နားလိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ ဆရာ တပည့်အပြင်မှာရှိနေပါမယ် တစ်ခုခုလိုတာရှိရင် တပည့်ကိုခေါ်လိုက်ပါ” လက်ထောက်လေးသည် ပြောပြီးသည်နှင့် နောက် ဆုတ်ကာ တံခါးအပြင်တွင်သွားရပ်လေသည်။ သူသည် ခေါင်းငုံ့ထားရာ သူ ဘာစဉ်းစားနေသည်ကို မည်သူမှမသိနိုင်ပေ။

ရင်လင်းသည် နောက်တစ်ကြိမ်သက်ပြင်းချကာ သူလိုချင်သည့်အရာ ကို သူမယူဆောင်လာနိုင်မည်ကို မျှော်လင့်မိသည်။

လူတိုင်း၏ မျှော်လင့်ချက်ကို ယူဆောင်လာပေးမည့်သူသည် စိတ်ထဲ တွင်တော့ ကျိန်ဆဲကာ နာကျင်နေသည်။

သူမ ဘာလို့ကံမကောင်းရတာလဲ။ အကုန်လုံးထွက်သွားနေပြီကို သူမပဲ လေဟာပြင်ပြိုကွဲမည့်အချိန်မှပင် ထွက်သွားရန်ဟန်ပြင်တုန်းပင်။

ပြိုကွဲတယ်… ပြိုကွဲတယ်..

ပြိုကွဲသည်နှင့် သူမသည် ဟာစွန်နှင့် အမည်းလေးကိုသိမ်းလိုက်သည်။ ထို့နောက်တွင် သူမသည်ကိုယ်ပိုင်နယ်မြေဖွင့်ကာ ကိုယ့်ကိုယ်ကို ဝန်းပတ် လိုက်သည်။ ထိုနယ်မြေကြောင့်သာမဟုတ်လျှင် သူမ ပေါက်ကွဲ သွားနိုင် သည်။

အရှေ့မှသွားလိုက်သောသူများသည် ထွက်သွားကြလေပြီ။ သို့သော် သူမရှိနေသော နေရာတွင် ပေါက်ကွဲလေသည်။ သူမသည် ဒေါနှင့်မောနှင့် ကျိန်ဆဲမိလေသည်။

သို့သော် သူမ ကိုယ်ပိုင်နယ်မြေရှိလျှင်တောင် အသုံးမဝင်ပေ။ သူမသည် ဗလာကျင်းသည့်နေရာတွင် ပိတ်မိပြီး သူမ၏အကာအကွယ်ကို သိမ်းလိုက်သည်နှင့် ထိုပျက်ပြယ်မှုကြောင့် အသက်ဆုံးရှုံးနိုင်သည်။

သို့သော် သူမ သည်နေရာတွင် တစ်သက်လုံး ပိတ်မိပါက ဘယ်တော့မှ ထွက်သွားနိုင်မည်မဟုတ်သလို ထိုကိုယ်ပိုင်နယ်မြေသည်လည်း ပျောက်ကွယ်သွားနိုင်သည်။

ဘာလုပ်ရမလဲ။

“ဘုန်း”

မည်သူများ တိုက်ခိုက်နေသည်ကို မသိသော်လည်း ထိုစွမ်းအားသည် ပျက်ပြယ်မှုထဲတွင်ရှိနေသော သူမကို လန့်သွားစေသည်။

“သေစမ်း ဘယ်သူတွေတိုက်နေတာလဲ ဒီလိုဖြစ်လာရင် ငါတကယ်ပဲ လေဟာပြင် ပျက်ပြယ်တဲ့အထဲရောက်သွားတော့မယ်” သူမသည် မတတ်သာ ဘဲ ကျိန်ဆဲလိုက်သည်။

သူမသည် ထွက်ပေါက်ဆီသို့ ဖြည်းညှင်းစွာလှည့်ကာ သူမ၏ ကိုယ်ပိုင်နယ်မြေကိုလှည့်လိုက်သည်။ သို့သော် မည်သို့ပင်ကြိုးစားစေကာမူ ထိုထွက်ပေါက်ကို ချဉ်းကပ်ရန် နည်းလမ်းမရှိပေ။

ထွက်ပေါက်မှာ သူမအရှေ့တွင် ရှိပါလျက်နှင့် မရောက်နိုင်ပေ။ သူမသည် ကျသွားတော့မည့်အတိုင်းပင်။

အထူးသဖြင့် သူမ၏ ကိုယ်ပိုင်နယ်မြေကို ပျက်ပြယ်မှုမှ ဖိနှိပ်ထားသည်။ ကိုယ်ပိုင်နယ်မြေသည် ပိုပိုပြီးသေးလာကာ တဖြည်းဖြည်းကွဲအက်သည့် လက္ခဏာပေါ်လာသည်။ ထို့အပြင် ထွက်ပေါက်နှင့်အကွာအဝေးသည် ပြောင်းလဲလာသည်။

“ခွပ်”

စူးရှသောအသံသည် သူမနားထဲသို့ သေမင်းတစ်ကောင်ကဲ့သို့ ရောက်လာသည်။

သူမ ရင်ထဲမှ နာကျင်စွာအော်လိုက်သည်။ သူမ တကယ်ပဲ သေတော့ မှာမဟုတ်ဘူးမလား။

“ခွပ် ခွပ်”

ကွဲအက်သည့်အသံများထွက်လာသည်မှာ အရင်ကထက်ပိုကျယ်လာ သည်။ သူမ ကိုယ်ပိုင်နယ်မြေထဲတွင် ကွာခြားချက်ပေါ်လာသည်ကို ခံစားမိ သည်။ သို့သော် သူမ အဖြေရှာမရခင်တွင် တစ်နေရာတစ်ခုလုံးသည် ပြိုကွဲ သွားလေသည်။

သူမ နှလုံးသားမှာလည်း အတူတူပင် လိုက်ကျိုးကွဲလေသည်။ သူမ ခန္ဓာကိုယ်လည်း လိုက်ပြိုကွဲတော့မှာလား။

“သေစမ်း ဒီတစ်ခေါက်တော့ ငါဆော့တာများသွားပြီ”

သူမသည် စိတ်ထဲတွင် အော်မိကာ ပြိုကွဲမှုထဲသို့ ဝင်သွားပြီး သတိမေ့မြောသွားလေတော့သည်….

***

All Chapters