← Chapters

ငါ နိုင်ငံကို ဖျက်ဆီးနိုင်မယ်လို့ထင်လား

Vol. 81-85 Ch. 1241

ငါ နိုင်ငံကို ဖျက်ဆီးနိုင်မယ်လို့ထင်လား

Vol. 81-85 Ch. 1241

“ဟင်”

ယဲ့ဖန် ပြောသောစကားကို နားမလည်သဖြင့် လုံခွေ နေရာမှာတင် မှင်တက်မိသွားသည်။ ယဲ့ဖန်သည်လည်း သူ အပြောမှားသွားသည်ကို သတိထားမိသွားသဖြင့် အလျင်အမြန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“သူ့နာမည်က ဘာလဲ”

“သူ့နာမည်က ပိုင်ရွှယ်၊ အင်ပါယာရဲ့ တတိယ မင်းသမီး၊ တော်ဝင်မျိုးနွယ်ရဲ့ ဝရုန်းသုန်းကား အခြေအနေကြောင့် သူ နန်းတော်ကနေ ထွက်ပြေးနေရတယ်၊ အဲ့ဒါကြောင့် ငါတို့ သူ့ကို လိုက်ရှာနေတာ”

လုံခွေ ဇဝေဇဝါ ဖြစ်နေသော်လည်း အမှန်အတိုင်း ပြောပြလိုက်သည်။

“ပိုင်ရွှယ်တဲ့လား”

ယဲ့ဖန် ပြုံးလိုက်မိသည်။ ယခင်ဘဝက ပိုင်ယီသည် ယခုဘဝ၌ ပိုင်ရွှယ် ဖြစ်နေပြီး နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများကဲ့သို့ သူမ၏ မှတ်ဉာဏ်ကို ပြန်ရနေမလား သူ မသိနိုင်ပေ။

သူ့အနားမှလူများ တစ်ယောက်ပြီး တစ်ယောက် ပြန်ပေါ်လာသဖြင့် ယဲ့ဖန်၏ ရင်ထဲမှ အစိုင်အခဲသည် တဖြည်းဖြည်း ပြိုကျလာလေသည်။

“မင်းပြောတဲ့ ဆရာဆိုတဲ့နေရာမှာ ငါ ဝင်လုပ်ဖို့ သဘောတူတယ်”

ယဲ့ဖန် ထိုသို့ ပြန်ပြောလိုက်သည်။ ပိုင်ယီနှင့် ပတ်သက်နေသည့်အတွက် သူ့စိတ်ကူးကို ဖယ်ရှား၍ ပေါင်လုံ အဖွဲ့အစည်းသို့ ဝင်ရန် ဆန္ဒရှိပါသည်။ ဤနည်းအားဖြင့် ပိုင်ယီ၏ လက်ရှိ အခြေအနေကို သူ ပို၍ လျင်မြန်စွာ နားလည်နိုင်ပေမည်။

“ဟမ်”

လုံခွေ မျက်လုံးပြူးသွားပြီး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားလေသည်။

*ခုနလေးတင် ငါတို့ကို ခနဲ့လိုက်တဲ့လူက အခု ဘယ်လိုလုပ် ဒီလောက် မြန်မြန် အတွေးပြောင်းသွားရတာလဲ*

ထို့နောက် သူမ တစ်စုံတစ်ရာကို သတိပြုမိသွားပြီး မျက်နှာမည်းမှောင်သွားသည်။

“ယဲ့ဖန် ငါ နင့်ကို သတိပေးလိုက်မယ်နော်၊ မင်းသမီး ပိုင်ရွှယ်က တော်ဝင်သွေး စီးဆင်းနေတဲ့ သန့်စင်နူးညံ့တဲ့ မင်းသမီး၊ ပြီးတော့ သူ့ကို ကျုံးကျိုး အင်ပါယာရဲ့ နောက်တက်မယ့် ဘုရင်မအဖြစ် လျာထားတာ၊ နင် မဟုတ်တရုတ် အတွေးတွေ မတွေးတာ ပိုကောင်းလိမ့်မယ်”

*သန့်စင်နူးညံ့တဲ့ မင်းသမီးလေးတဲ့လား*

ယဲ့ဖန် မသိမသာ အံ့ဩသွားသည်။

*ဒါဆို ငါကရော ချောမောတဲ့ မင်းသားလေး မဖြစ်နိုင်ဘူးလား*

ချက်ချင်းဆိုသလိုပင် သူ အဓိပ္ပာယ်ပါသော အပြုံးမျိုး ပြုံးလိုက်သည်။

“ငါ သူနဲ့တွေ့တဲ့အချိန်ကျရင် ဘယ်သူက အဲ့လိုအတွေး တွေးမှာလဲဆိုတာကို မင်း သိလာပါလိမ့်မယ်”

“လိုရင်းပြောရရင် နင့်ကို ပြဿနာ ပတ်ရှာဖို့ ခွင့်မပြုထားဘူး၊ ငါတို့ ပေါင်လုံ အဖွဲ့အစည်းရဲ့ တာဝန်က တော်ဝင်မျိုးနွယ်ကို ကာကွယ်ဖို့ပဲ၊ နင် စည်းကျော်လာရင်တော့ ဘယ်သူမှ နင့်ကို မကယ်နိုင်ဘူး”

ယဲ့ဖန် ဘာမှမပြောဘဲ ရယ်သာရယ်နေ၏။

“အား …”

ရုတ်တရက် နတ်ဆိုးနဂါး ဖုရှန် ထအော်လာပြီး သူ့ဗိုက်ထဲက တစ်စုံတစ်ရာက ထိုးထွက်လာချင်သကဲ့သို့ လူးလွန့်နေ၏။

“မသေသေးဘူးလား”

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ခန္ဓာကိုယ်တွင်းမှ ဘုံကိုးပါး ဧကရာဇ်၏ ယန်စွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး တောက်ပနေသော နေမင်းသဖွယ် လင်းလက်လာ၏။

“ဒါက …”

လုံခွေ ချက်ချင်း အမူအရာ ပျက်ယွင်းသွားပြီး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လာည်။ သူမဘဝ၌ တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းများကို သူမ ယနေ့ တော်တော်လေး မြင်လိုက်ရသည်။

သူ့ထံ၌ ယန်စွမ်းအင်များက မကုန်ခမ်းနိုင်လောက်အောင် ရှိနေပြီး နေမင်းထံမှ ယန်စွမ်းအင် အကုန်လုံးကို စုပ်ယူနိုင် နေပုံရသည်။

ဖိအားလှိုင်းလေး တစ်ခုကပင် လူအများအား သိမ်းသွင်း စည်းရုံးနိုင်သည်။ လက်ရှိတွင် သူမပင် ဒူးထောက်၍ အရိုအသေ ပေးချင်သော ခံစားချက်မျိုး ဖြစ်လာလေသည်။

ယဲ့ဖန်ကို ဝန်းရံနေသည့် နေလုံးလေးများက ကောင်းကင်ပြည့်မတက် ထွက်ပေါ်လာပြီး ပြိုင်တူ ထွန်းလင်း တောက်ပနေသဖြင့် နဂါးမြို့တော်တစ်ခုလုံး မီးလောင် ပြာကျလုနီးပါး ဖြစ်လာသည်။

နေဆယ်စင်း၊ အစင်းတစ်ရာ၊ အစင်းတစ်ထောင်၊ တစ်သောင်း။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူတိုင်း မှင်တက်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာကြသည်။ ကြောက်လန့်စိတ်ကြောင့် သူတို့အားလုံး တစ်ဒင်္ဂမျှ အသံ ပျောက်သွားသည်။

“ရှေးနတ်မင်း ပြန်ရှင်လာသလိုပဲ၊ ဒီလိုပုံစံက မိုးမြေကို အုပ်ချုပ်တဲ့သူရဲ့ ပုံစံလိုပါလား”

ယဲ့ဖန် ယူဆောင်လာသည့် ထိတ်လန့်မှုက သူတို့အား အစွမ်းကုန် ထိတ်လန့်စေသော်လည်း သူတို့ထံ ထိတ်လန့်စရာများကို ထပ်ခါထပ်ခါ ယူဆောင်လာသဖြင့် သူတို့ မှင်တက်ထိတ်လန့်ကာ မယုံနိုင် ဖြစ်နေကြ၏။

“ဝင်”

ထိုစဉ် ယဲ့ဖန် ကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် နေလုံးများသည် နတ်ဆိုးနဂါး ဖုရှန်၏ ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားပြီး ဗိုက်အား ထိုးဖောက်ချင်နေသည့် တတိယဘိုးဘေးကို ဖိနှိပ်ကာ ထာဝရ ချုပ်နှောင်သွားလေသည်။

နတ်ဆိုးနဂါး ဖုရှန်၏ ဝမ်းဗိုက်သည် လှုပ်လှုပ်ရွရွ ဖြစ်နေရာမှ ငြိမ်ကျသွားသည်။ သို့သော် သူ စိတ်အေးသွားပြီး သက်ပြင်းချတော့မည့် အချိန်၌ ပျက်ရယ်ပြုသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒါက ဘုံကိုးပါး ယန်စွမ်းအင်ရဲ့ အစွမ်း မဟုတ်လား၊ ကောင်းတယ်၊ ယဲ့ဖန် ကျေးဇူးပဲ”

*ဘာ*

ယဲ့ဖန် မျက်နှာ ပျက်သွားပြီး ဤမြေခွေးအိုကြီး၏ လှည့်စားခြင်း ခံလိုက်ရကြောင်း သတိပြုလိုက်မိသည်။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါး ဖုရှန်၏ ဝမ်းဗိုက် ပေါက်ကွဲသွားပြီး သွေးနှင့် အသားများ လွင့်စဉ်လာသည်။ ထို့အတူ ဗိုက်ထဲမှ စိတ်ဝိညာဉ်တစ်ခုလည်း လွတ်မြောက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးကဲ့သို့ နီရဲ၍ အငွေ့အသက်ကလည်း ကြမ်းကြုတ်နေသည်။

“ယန်သွေးဝိညာဉ် ဝင်စားခြင်းလား”

လုံခွေ မျက်မှောင်ကြုတ်သွားသလို မျက်နှာတစ်ခုလုံး မည်းမှောင်လာ၏။ ၎င်းသည် မိစ္ဆာကျင့်စဉ် ဖြစ်ပြီး ယဇ်ပူဇော်ရန် မွေးကင်းစ ကလေး အယောက်တစ်သောင်း၏ သွေးများ လိုအပ်ပြီး ဤမိစ္ဆာကျင့်စဉ် အသက်ဝင်ရန် အသန့်စင်ဆုံးသော ယန်စွမ်းအင် ဖြည့်သွင်းရန် လိုအပ်ပေသည်။

ဤလူအိုကြီးက သူ့ကို နှိပ်စက်မည့်အစား သတ်ပေးရန် တောင်းပန်ရသည့် အကြောင်းရင်းကို ယဲ့ဖန် ချက်ချင်း နားလည်သွားသည်။ သူ့ကိုသာ ယဲ့ဖန် သတ်လိုက်ပါက အနည်းနှင့်အများဆိုသလို ဘုံကိုးပါး ယန်စွမ်းအင်များက သူ့ထံ ရောက်သွားမည် ဖြစ်ပြီး မိစ္ဆာကျင့်စဉ်ကို အသက်သွင်းမိကာ သူ့အား အသက်ပြန်ရှင်နိုင်အောင် လုပ်ပေး နိုင်သည်။

“ယန်သွေးဝိညာဉ် ဝင်စားခြင်းက တစ်ကြိမ် ဝင်စားတိုင်း ကျင့်ကြံခြင်းအဆင့်က ပိုမြင့်လာတယ်၊ ပြီးတော့ ပိုသန့်စင်တဲ့ ယန်စွမ်းအင်တွေ စီးဆင်းသွားလေ ကျင့်ကြံခြင်းအဆင့်က ပိုအစွမ်းထွက်လာလေပဲ”

တတိယဘိုးဘေးက ဟားတိုက် ရယ်မောလေသည်။

“ယဲ့ဖန် မင်းကျေးဇူးကြောင့် အခု ငါ့ခွန်အားက ဆယ်ဆ တိုးလာပြီ၊ ငါ ခန္ဓာကိုယ်အသစ် ရှာတွေ့မယ့်နေ့က မင်း သေမယ့်နေ့ပဲကွ”

သူ့ဝိညာဉ် ဘယ်နေရာမှာလဲ ဆိုသည်ကို တွက်ဆကြည့်၍ မရပေ။ ယဲ့ဖန် မျက်မှောင်ကြုတ်နေမိသည်။

*ဒီမြေခွေးအိုကြီးက တော်တော် ဉာဏ်များတာပဲ*

မူလ၌ တတိယဘိုးဘေး၏ အကြံမှာ ယဲ့ဖန်ကို သတ်ကာ၊ သူ့ဝိညာဉ်ကို ချုပ်နှောင်၍ သူ့ထံမှ ဘုံကိုးပါး ယန်စွမ်းအင်ကို ဆက်တိုက် စုပ်ယူရန် ဖြစ်သည်။

အခြေအနေက ထိန်းချုပ်၍ မရနိုင်သော အခြေအနေသို့ ရောက်သွားသောအခါ သူ ချက်ချင်း အကြံထုတ်ခဲ့သည်။ ယဲ့ဖန်အား သူ့ကို တမင်သက်သက် သတ်မိအောင် လုပ်၍ ဘုံကိုးပါး ယန်စွမ်းအင်ကို အသုံးချကာ သူ၏ ယန်သွေးဝိညာဉ် ဝင်စားခြင်းအား အသက်သွင်းခဲ့လေသည်။

ယခု သူ ပြန်ရှင်လာရုံသာမက ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်တက်သွားလေပြီ။ သူ ခန္ဓာကိုယ် အသစ်ကို ရှာတွေ့လျင် ယဲ့ဖန်အား ခွေးတစ်ကောင်ကို သတ်သလို သတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

တစ်ခဏကြာသော် သူ ရယ်မောနေရာမှ ပျောက်ကွယ်သွားသည်။ ဟောကိန်းက အမှန်တကယ် ဖြစ်လာခဲ့ပြီး ယဲ့မိသားစု ပျက်စီးခဲ့သည်။ သို့သော် သူ အသက်ရှင်နေဆဲ ဖြစ်သဖြင့် ယဲ့ဖန်ကို အိပ်မရအောင် လုပ်ပေတော့မည်။ ဤတိုက်ပွဲ၌ အကြီးမားဆုံး အနိုင်ရသူမှာ တတိယဘိုးဘေးဟု ဆိုရပေမည်။

“ငယဲ့လေး”

နတ်ဆိုးနဂါး ဖုရှန်က အပြစ်ရှိသလို ကြည့်လာသည်။ ယဲ့ဖန် လက်ကာပြလိုက်သည်။

“ငါ မင်းကို အပြစ်မတင်ဘူး၊ ငါ ဒီမြေခွေးအိုကြီးကို အထင်သေးခဲ့မိတာကိုး၊ မြန်မြန် ကုသလိုက်”

နတ်ဆိုးနဂါး ဖုရှန် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း လူ့အသွင်ပြောင်းကာ တင်ပျဉ်ခွေထိုင်၍ သူ့ကိုယ်သူ ပြန်ကုသ လိုက်သည်။

“ယဲ့ဖန် နင်က ပေါင်လုံအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဖြစ်လာပြီဆို‌တော့ လူတွေကို သတ်တဲ့လုပ်ရပ်က မသင့်တော်ဘူး၊ နင် အခြေအနေအားလုံးကို ခြုံကြည့်နိုင်မယ်လို့ ငါ မျှော်လင့်တယ်”

ယဲ့ဖန် ငြိမ်နေ၏။

“ယဲ့ဖန် နင် ဒီလိုလုပ်နေရင် တော်ဝင်မျိုးနွယ်က နင့်ကို အမြင်စောင်းလာလိမ့်မယ်၊ နင် ငါတို့မျက်နှာကိုလည်း ထောက်ဦးမှပေါ့”

လုံခွေ မသိမသာ အံကြိတ်လာသလို အမူအရာကလည်း အနည်းငယ် စိုးရိမ်စိတ်ဝင်ဟန် ပြလာသည်။ သို့သော် ယဲ့ဖန်က ငြိမ်မြဲငြိမ်နေ၏။

“ယဲ့ဖန်”

“ဟမ် … မင်း ခုနက ဘာပြောလိုက်တာလဲ”

ယဲ့ဖန်သည် ယခုမှ အိပ်ရာက နိုးလာသကဲ့သို့ သူမဘက် ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။

“နင့်လူတွေကို ရပ်လိုက်ဖို့ ပြောခိုင်းနေတာ”

လုံခွေ အံကြိတ်နေမိသည်။

*ဒီလူ တမင် မကြားချင်ယောင်ဆောင်နေတာလား မသိဘူး*

“ဘာလို့လဲ”

လုံခွေသည် သူမဒေါသကို အတင်း မျိုသိပ်၍ ထပ်ပြောလိုက်ရသည်။

“ဪ ဟုတ်သားပဲ”

ယဲ့ဖန် ခေါင်းညိတ်သော်လည်း တုပ်တုပ်မှ မလှုပ်ပေ။

“ဒါဆို နင် ဘာလို့ သူ့ကို မတားသေးတာလဲ”

ထိုအခါ ယဲ့ဖန် အသံထွက်လာ၏။

“သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ပြန်လာတော့”

ထိုအခါတွင်မှ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သွေးပင်လယ်ကို ရုတ်သိမ်း၍ ပြန်လာလေသည်။ သို့သော် အဆောက်အဦး တစ်ဝက်ကျော်လောက် ပြိုကျပျက်စီးနေသည်ကို လုံခွေ တွေ့လိုက်ရသည်။ နှစ်ထောင်သောင်းချီ ဂုဏ်ဝင့်ခဲ့သော မြို့ကြီးသည် ယခင်ကဲ့သို့ တင့်တယ် မနေတော့ချေ။

ဤသည်ကိုမြင်ပြီး လုံခွေ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။

*တမင်လုပ်တာ၊ ဒီသူတောင်းစား တမင်သက်သက် လုပ်ခဲ့တာပဲ*

ယဲ့ဖန်သာ မိနစ်ပိုင်းမျှ ခပ်စောစော တားလိုက်လျင် အနည်းဆုံး ထောင်သောင်းချီသော အသက်များနှင့် ထောင်ချီသော အဆောက်အဦးများကို ကယ်နိုင်လောက်သည်။

“သေနာကောင်”

လုံခွေ မှုန်ကုပ်ကုပ်နှင့် ယဲ့ဖန်ကို အေးစက်စက် ကြည့်ကာ ရှစ်ပိုင်းပိုင်းချင်စိတ် ပေါက်နေ၏။ တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူများလည်း နားဝေတိမ်တောင် ဖြစ်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

*ဆိုးလိုက်တဲ့လူ*

“ပိုင်ရွှယ် … မင်းသမီး ပိုင်ရွှယ်က အခု ထွက်ပြေးနေရတယ်လို့ မင်း ပြောခဲ့တာလာ”

ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ လုံခွေ ရှေ့တိုးလာပြီး ယဲ့ဖန်၏ နားနားကပ်၍ တီးတိုး ပြောပြသည်။

“လွန်ခဲ့တဲ့တစ်လက သူ့ရထားပျံကို ခေါင်းကွဲချောက်ကမ်းပါးမှ တွေ့လိုက်ရတယ်၊ ရထားပျံက ပျက်စီးပြီး ဓားရာတွေလည်း တွေ့တယ်၊ သူ ဓားပြတိုက်ခံရတာ ဖြစ်လိမ့်မယ်”

“ဘာ”

ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားပြီး သူ့ခြေထောက်အောက်မှနေ၍ တာအိုစွမ်းအင် အငွေ့အသက်များ ထွက်ပေါ် လာသည်။ လုံခွေ တုန်လှုပ်သွားပြီး ရေခဲကန်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရကာ စိတ်လေးလာသည်။

*ငါ ဒီမိစ္ဆာကောင်နဲ့ အရမ်း နီးနီးကပ်ကပ် မနေသင့်ဘူးလို့ သိနေရဲ့သားနဲ့*

“ဘယ်သူ လုပ်တာလဲ”

ယဲ့ဖန် အေးစက်စက် အသံနှင့် မေးလိုက်သည်။ သူ့စကား၌ လူသတ်ချင်စိတ်ကို ဖုံးဖိမရချေ။

“ငါ မသိဘူး၊ ပထမ မင်းသမီး ဒါမှမဟုတ် ဒုတိယ မင်းသား ဖြစ်နိုင်တယ်၊ နန်းလုချင်တဲ့ ဘယ်သူမဆို ဖြစ်နိုင်တယ်”

လုံခွေ သက်ပြင်းချလိုက်မိသည်။ သူမလည်း ပိုင်ရွှယ်အတွက် စိတ်ပူနေ၏။ ပထမ မင်းသမီး၏ အေးစက်သော စိတ်နေစိတ်ထားနှင့် ဒုတိယမင်းသား၏ ရက်စက်မှုတို့နှင့် ယှဉ်လျင် တတိယမင်းသမီး၏ စိတ်ကောင်း စေတနာ ရှိမှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကို သူမ ပိုနှစ်သက်သည်။

ကျုံးကျိုးအင်ပါယာတစ်ခုလုံး၌ တတိယမင်းသမီးက အလွန် အရေးပါပြီး လူတိုင်းက သူမကို နန်းမွေ ဆက်ဆံစေချင်ကြသည်။

သူမ အသက်ဆယ့်သုံးနှစ်သာ ရှိနေစဉ်က တော်ဝင်မျိုးနွယ်၏ အာဏာကို လျစ်လျူရှု၍ ပြည်သူလူထု၏ စားဝတ်နေရေးကို ဦးစားပေးသည့် မူဝါဒတစ်ခုကို အဆိုပြုခဲ့သည်။ ကျုံးကျိုး အင်ပါယာ၏ ပြည်သူများအား များစွာသော အကျိုးအမြတ်ကို ခံစားစေပြီး အင်ပါယာ၏ စီးပွားရေးအား မှန်မှန် တိုးတက်စေအောင် လုပ်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် သူမသည် ရာထူးကြီးတစ်ခုကို ရယူခဲ့ပြီး အရှေ့ဘက်မှ လူရိုင်းများကို သိမ်းသွင်းခဲ့ပြီး မြောက်ဘက်မှ မကောင်းဆိုးဝါးများကို တိုက်ခိုက်ခဲ့သည်။ ကပ်ဘေးများကို ထိန်းချုပ်၍ ကပ်ဘေးအလွန် ကာလကို မွမ်းမံအောင် ပြုလုပ်ခဲ့ပြီး နယ်မြေ ငြိမ်းချမ်းအောင် ပြုလုပ်နိုင်ခဲ့သောကြောင့် ဘုရင်၏ နှစ်သက်ခြင်း ခံရကာ နောင်တက်မည့် ဘုရင်မအဖြစ် လျာထားခြင်း ခံရလေသည်။

သို့သော် သူမ၏ တော်ဝင် ဩဇာအာဏာကို လျစ်လျူရှု၍ ပြည်သူလူထု၏ စားဝတ်နေရေးကို ဦးစားပေးသော မူဝါဒကြောင့် တော်ဝင် အရာရှိတော်တော်များများသည် သူတို့၏ မူလ လာဘ်စားစရာများ ဆုံးရှုံးသွားရပြီး အာဏာ နည်းပါးလာသည်။ ထို့ကြောင့် တော်ဝင်မျိုးနွယ်တွင်း၌ သူမကို သတ်ချင်သည့်သူ များလာ၏။

သူမ သေသွားပြီးသည်နှင့် ထီးနန်းအား ပထမမင်းသမီး သို့မဟုတ် ဒုတိယမင်းသား  မည်သူ တက်မလဲက အရေးမကြီးတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်ထဲက မည်သူ နန်းတက်ပါစေ ထိုမူဝါဒ ဖျက်သိမ်းခံရမည် ဖြစ်ပြီး ယခင် တော်ဝင်မျိုးနွယ်၏ အာဏာစနစ် ပြန်အသက်ဝင်လာမည်ပင်။  ထို့ကြောင့် သူမကို သတ်မည့်သူက မရေတွက်နိုင်အောင် ရှိပေသည်။

ထို့အပြင် သူတို့အားလုံးက နောက်ခံကြီးမားပြီး ထိုနောက်ခံကလည်း ခိုင်မာတောင့်တင်းပေသည်။ သူတို့အားလုံး၏ နောက်ကွယ်၌ ကြိုးကိုင်နေသော ဒုတိယမင်းသားနှင့် ပထမမင်းသမီး ရှိနေသည်။

“တော်ဝင်မျိုးနွယ်ထဲက ဘယ်သူ့ကို မင်း သဘောကျလဲ”

ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။

“ငါတို့က အင်ပါယာကိုပဲ သစ္စာရှိတာ၊ ထီးနန်းကို ဘယ်သူတက်တက် ငါတို့က အင်ပါယာကိုပဲ သစ္စာရှိရမှာ”

လုံခွေ အလေးအနက် သတိပေးလိုက်သည်။ ယဲ့ဖန်အား မည်သို့သော မဟုတ်တရုတ် အတွေးများ မတွေးရန်နှင့် တော်ဝင် အာဏာလုပွဲ၌ ဝင်မနှောင့်ယှက်ရန် ပြောနေလေသည်။

ပေါင်လုံအဖွဲ့အစည်း၏ တည်ရှိမှုမှာ တော်ဝင်မျိုးနွယ်နှင့် အင်ပါယာကို သစ္စာရှိရန် ဖြစ်သည်။ ပထမမင်းသမီးနှင့် ဒုတိယမင်းသားကို သူတို့ မလိုလားလျင်တောင်မှ အခြေအနေ တည်ငြိမ်သွားသည်နှင့် သူတို့ ဘာမှမတတ်နိုင်ပါ။

ပေါင်လုံအဖွဲ့အစည်း၏ ဓားက ပိုင်ရွှယ်အပေါ် ရောက်မသွားရန်သာ သူမ မျှော်လင့်နေမိသည်။

“ဟဲဟဲ ကျုံးကျိုး အင်ပါယာရဲ့ ထီးနန်းက ပိုင်ရွှယ်အတွက်ပဲ ဖြစ်ရမယ်လို့ ငါ ပြောရင် သူ့ဟာပဲ ဖြစ်ကိုဖြစ်ရမယ်”

ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်သည်။ တော်ဝင် ဩဇာအာဏာနှင့် နိုင်ငံရေး ရန်သူတို့ကို သူ ဂရုမစိုက်ပါ။ သူ့အမျိုးသမီးကို ထိရဲလျင် အဆုံးသတ်က သေလမ်းသာ ရှိပေမည်။

“နင် အရမ်း မောက်မာလွန်းတယ်၊ နင် နိုင်ငံရေးကိုပါ ဝင်ပါချင်သေးတာလား”

လုံခွေ ပြင်းထန်စွာ ခြိမ်းခြောက်လာ၏။ ယဲ့ဖန်က သန်မာသော်လည်း  အချိန်မရွေး ထပေါက်နိုင်သော ချိန်ကိုက်ဗုံး လိုပင်။ သူမစကားကြောင့် ယဲ့ဖန်က သူ့ဘက်လှည့်ကာ ပြုံးလိုက်ပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ဒီနေ့ ငါ မြို့ကို တစ်ယောက်တည်း တိုက်ခဲ့တယ်”

“နောက်ပိုင်း ငါ တစ်ယောက်တည်းနဲ့ နိုင်ငံကို ဖျက်ဆီးနိုင်မယ်လို့ မင်း ထင်လား”

All Chapters