ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို ပဉ္စမအဆင့်သို့ မြှင့်တင်ခြင်းနှင့် ဂဠုန်အမြန်နှုန်း နတ်စွမ်းအားကို ရရှိခြင်း
Vol. 23 Ch. 443
“အဲ့ဒီလိုလား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အတော်ကလေး အံ့အားသင့်သွားကြသည်။
အသေအချာပင် သူတို့သည် ကျန်းယွမ်ရှင်း ထိုကဲ့သို့ပြုမူနေသည့်အကြောင်းမှာ သူ့ဂိုဏ်း၏ကျင့်စဉ်နည်းစနစ်နှင့် ဆက်နွယ်နေမည်ဟု မမျှော်လင့်ခဲ့ကြပေ။
ထိုအချိန်တွင် ထန်ပိုင်ရှန်းကဆက်၍ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒေါသခိုးဓားရှည်ဂိုဏ်းက ကျင့်ကြံသူတွေက အခြေခံအားဖြင့်တော့ ဒီနှစ်မျိုးပဲ။ သူတို့က အရမ်းခေါင်းမာ၊ တစ်ကိုယ်ကောင်းဆန်၊ ပြီးတော့ပြောဖို့ဆိုဖို့ခက်ခဲရင်ခက်ခဲ မဟုတ်ရင်လည်း အရမ်းပြောရဆိုရလွယ်ပြီး အရမ်းနူးညံ့ညင်သာပြီးတော့ ယဉ်ကျေးကြတယ်။ ဒီလို အလွန်အမင်း စိတ်နေသဘောထားတွေမရှိတဲ့လူက သိပ်မရှိလှဘူး”
၎င်းကိုပြောပြီး ထန်ပိုင်ရှန်းကညင်သာစွာ သက်ပြင်းချလိုက်သည်။
“ငါသိသလောက်ဆိုရင် စီနီယာကျန်းလို အကျင့်စာရိတ္တမျိုးနဲ့သူတွေက ယေဘုယျအားဖြင့်တော့ တခြားဂိုဏ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ပေးခံရလေ့ရှိတယ်။ ထူထျန်းပါလို စရိုက်မျိုးနဲ့သူတွေကျတော့ သူတို့ကလူသားနဲ့ နတ်ဆိုးသားရဲတွေကြားက အမြုတေတိုက်ပွဲတွေမှာ ပါဝင်ဖို့ စီစဉ်ခံကြရလေ့ရှိတယ်။ ပြောကြတာတော့ နှစ်ရာချီအနည်းငယ်တုန်းက စံသခင်ရွှမ်းယန်က ဒီအကြောင်းကြောင့် သူ့ရဲ့ကံကောင်းမှုကို ကြိုးစားကြည့်နိုင်ဖို့ ထူထျန်းပါကို ကောင်းကင်လွင်ပြင်ကို လာခွင့်ပြုဖို့ သဘောတူခဲ့တာဖြစ်နိုင်တယ်။ ပြီးတော့ သူက သူ့ရဲ့အကျင့်စရိုက်ကို မပြင်နိုင်ဘူးဆိုရင် သူ့ရဲ့အနာဂတ်ကျင့်စဉ်က အထက်ဆင့်တစ်ခုကို ရောက်နေရင်တောင် ဒေါသခိုးဓားရှည်ဂိုဏ်းကို ကာကွယ်ရမယ့် တာဝန်ကို မထမ်းရွက်နိုင်ဘူး။
ဖြစ်နိုင်တာကတော့ သူလည်း သူ့ရဲ့တာအိုနောက်လိုက်တွေလိုပဲ တိုက်ပွဲတွေမှာ သေဆုံးသွားရနိုင်တယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤကဲ့သို့အကြောင်းရင်းမျိုးကို မမျှော်လင့်မိကြပေ။
၎င်းသည် သူတို့အား ဒေါသခိုးဓားရှည်ဂိုဏ်းကို ဆန့်ကျင်ပြီး အသားလွတ်မလိုမုန်းထားမှုကို လျော့ချပေးနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထန်ပိုင်ရှန်းပြောစကားအရ ဤဂိုဏ်းသည် သမာသမတ်ရှိမှုခေါင်းစဉ်အောက်တွင်တော့ သိပ်ပြဿနာရှိပုံမပေါ်ပေ။
ထို့ကြောင့် ခြုံငုံကြည့်ရလျှင်တော့ ထူထျန်းပါ၏ အပြုအမူသည် သည်းခံနိုင်ဖွယ်တော့ရှိသည်။
ခနကြာပြီးနောက်..
ကျန်းချန်ရွှမ်သည် ထန်ပိုင်ရှန်းကို ကြည့်ကာ ပြုံးလိုက်သည်။
“တာအိုရောင်းရင်းထန် ခင်ဗျားဒီမှာရှိနေတာ အကြောင်းတစ်ခုခုတော့ရှိရမယ် ဟုတ်တယ်မလား?”
ထန်ပိုင်ရှန်းက ချက်ချင်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ငါမင်းတို့နှစ်ယောက်ကို လေးနှစ်အကြာမှာ ကောင်းကင်လွင်ပြင်ခရီးအတွက် အဖွဲ့ဖွဲ့ချင်လားဆိုတာ မေးဖို့လာတာ”
သိသိသာသာပင် ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့၏ စွမ်းအားကို မြင်ပြီးနောက် သူသည် သူတို့နှင့်ပူးပေါင်းကာ ဆောင်ရွက်ချင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။
“ကျွန်တော်တကယ်စိတ်မကောင်းပါဘူး တာအိုရောင်းရင်းထန်။ ခင်ဗျား လေးနှစ်အကြာကကောင်းကင်လွင်ပြင်ခရီးစဉ်ဆိုတာ ဘာကိုဆိုလိုမှန်း သိမယ်ထင်ပါတယ်။ အဲ့ဒီအချိန်ကျရက် ငါတို့တွေက ပြိုင်ဘက်တွေဖြစ်နိုင်တယ်။ ဒါကြောင့်မလို့ အဖွဲ့ဖွဲ့ဖို့ကိုတော့ မေ့ထားလိုက်ပါတော့
အဲ့ဒီအချိန်ကျရင် ငါတို့နှစ်ယောက်က ဘယ်သူနဲ့မှ အဖွဲ့ဖွဲ့မှာမဟုတ်ပါဘူး။ ခင်ဗျားကို ကျွန်တော်တို့ကတိပေးနိုင်တာတစ်ခုကတော့ အခြားသူတွေကိုရင်ဆိုင်ရရင်တော့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ခင်ဗျား မဟုတ်ရင် ကျွန်တော်တို့တွေ၊ မူလချီကို ယူဆောင်နိုင်မနိုင်အတွက်ကတော့ ဒါကကျွန်တော်တို့စွမ်းရည်အပေါ်မှာပဲမူတည်ပါတယ်။ ခင်ဗျားဘယ်လိုထင်လဲ?”
ကျန်းချန်ရွှမ်၏ စကားများကို စေ့စေ့စပ်စပ်နားထောင်ပြီးနောက် ထန်ပိုင်ရှန်းသည် သူမလာခင်ကတည်းကပင် ၎င်းကို ကြိုတင်မျှော်မှန်းပြီး ဖြစ်သည်။
ထို့ပြင် ၎င်းသည် တာအိုကိုအောင်မြင်နိုင်မည့် အခွင့်အရေးနှင့်လည်း သက်ဆိုင်နေပေသည်။
သေအတူရှင်မကွာနေနေကြသည့် လင်မယားနှစ်ယောက်အတွက်မူ သူစိမ်းတစ်ယောက်ကို ယုံကြည်ရန်မှာ အလွန်ပင်ခက်ခဲနိုင်ပေလိမ့်မည်။
သူသာ ကျန်းချန်ရွှမ်နေရာမှာဆိုရင်လည်း ကျန်းချန်ရွှမ်ကဲ့သို့ပင် တူညီသောရွေးချယ်မှုမျိုး ပြုလုပ်မိမည်ဖြစ်သည်။
သူ၎င်းကိုမေးရသည့်အကြောင်းရင်းမှာ သူ၏ကံကောင်းမှုကိုသာ စမ်းသပ်ကြည့်ချင်ရုံလေး ဖြစ်သည်။
ကျန်းချန်ရွှမ်၏ အေးဆေးသောတုံ့ပြန်မှုအောက်တွင် ထန်ပိုင်ရှန်းသည် အနည်းငယ်ရှက်ရွံ့မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူသည် ၎င်းကို မျက်နှာပေါ်တွင်မမြင်သာစေဘဲ ပြုံးလိုက်ကာ သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။
“မင်းပြောသလိုပဲလုပ်ကြတာပေါ့”
“ကောင်းပြီလေ”
ကျန်းချန်ရွှမ်က အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့သုံးယောက်သည် အခြားကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
အချိန်ကျလာသောအခါ ထန်ပိုင်ရှန်းက နှုတ်ခွန်းဆက်စကားကို ဦးစွာပြောဆိုခဲ့သည်။
ထန်ပိုင်ရှန်းပြန်သွားပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏ဘေးရှိ ရှန်းရူယန်ကို ပြုံးလျက်မေးလိုက်သည်။
“ရူယန် မင်းထန်ပိုင်ရှန်းကို ဘယ်လိုမြင်လဲ?”
ရှန်းရူယန်သည် အသေအချာပင် သူမ၏ယောက်ျားက သူမကို ဤမေးခွန်းမျိုးမေးမယ်မှန်း သိနှင့်ပြီးသားဖြစ်ပြီး များစွာတွေးတေကာ ဖြေဆိုလိုက်သည်။
“ထန်းပိုင်ရှန်းကြည့်ရတာတော့ အဆင်ပြေမယ့် လူတစ်ယောက်ပါပဲ။ အရေးအကြီးဆုံးကတော့ သူ့မှာ ထူးခြားတဲ့အရည်အချင်းတွေနဲ့ သတင်းတွေကို စုစည်းရှာဖွေတဲ့နေရာမှာ အဆက်အသွယ်တွေရှိပုံပေါ်တယ်။ ကျွန်မတို့မသိသေးတဲ့အရာတွေအများကြီးဖြစ်တဲ့သူက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေ ကြားမှာ ရှားပါးတာမျိုးတွေကိုလည်း နားလည်နိုင်ပုံပေါ်တယ်”
“မင်းလည်း အဲ့ဒီလိုထင်တာလား?”
ကျန်းချန်ရွှမ်က ပြုံးလိုက်သည်။
“ဒါဆိုရင် မင်း သူက ကျန်းမျိုးမွယ်စုကို ဧည့်သည်အကြီးအကဲတစ်ယောက်အနေနဲ့ အနာဂတ်မှာ လာပူးပေါင်းလိမ့်မယ်လို့ထင်လား?”
“အိုး ရှင်က သူ့ကို ကျန်းမျိုးနွယ်စုရဲ့ ဧည့်သည်အကြီးအကဲ ဖြစ်စေချင်တာလား?”
ရှန်းရူယန်က သိသိသာသာပင် အံ့ဩသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် မြန်မြန်ဆန်ဆန်ပင် နားလည်လိုက်ပြီး မပြောဆိုမီ ခေတ္တမျှ တွေးလိုက်သည်။
“ဒါကတော့ ခက်ခဲနိုင်လောက်တယ်။ ပြီးတော့ သူက နှစ်ပေါင်းများစွာ လေလွင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရှိနေခဲ့တာ။ သူဂိုဏ်းတစ်ခုခုကို ဝင်ရောက်ချင်တယ်ဆိုရင် အရင်ကတည်းက လုပ်ပြီးနေလောက်ပြီပေါ့။ ခုချိန်အထိ စောင့်နေစရာမှမလိုတာ။
ပြီးတော့ ကျွန်မတို့သူ့အပေါ်နားလည်နိုင်စွမ်းက အကန့်အသတ်ရှိသေးတယ်။ သူ့ရဲ့အတွင်းပုံစံကို ကျွန်မတို့ သိပ်မသိသေးဘူး”
၎င်းကိုပြောနေရင်း ရှန်းရူယန်က ခနရပ်လိုက်သည်။
“ဒါပေမယ့် တစ်ခြားတစ်ဖက်ကကြည့်ရင်လည်း ကျွန်မတို့သူ့ကို တကယ်ပဲ ကျန်းမျိုးနွယ်စုထဲကိုခေါ်ဆောင်နိုင်ရင် ဒါက သေချာပေါက် သတင်းကောင်းပဲဖြစ်လိမ့်မယ်...”
***